News @ M-Media
Tag: Steve Jobs
  • တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ ၃( နောက်ဆုံးအပိုင်း )
    မတ်လ၊ ၁၈ ၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ
     ဘဝဆိုတာ အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်တာမျိုးဆိုရင်
    သေခြင်းတရားဆိုတာ
    ကိုယ့်အိမ်ကို ပြန်တဲ့…..အပြန်လမ်းခရီးလိုပါပဲ…။။။
    အိပ်မက်မပြီးဆုံးခင်
    အကောင်းဆုံးလမ်းလျှောက်နည်းကိုသင်ယူမယ်လို့ တွေးတောနေစဉ်မှာပဲ….
    အိမ်ပြန်ခရီးအတွက်
    (တကယ့်ကို အဆင်မသင့်သေးပေမယ့်)
    ခြေလှမ်းပြင်ပြီးသားဖြစ်နေတတ်တယ်… ။။။
    ( အိမ်ဝေးသူ )
    ကမ္ဘာသမိုင်းမှာ အကြီးအကျယ် အခမ်းအနားဆုံး ပန်းသီးသုံးလုံး ရှိခဲ့ပါတယ်….တနည်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲ စေတဲ့ ပန်းသီး သုံးလုံး ဆိုလည်း မမှားပါဘူး…အဲဒီ ပန်းသီး သုံးလုံးကတော့…
    •     ကမ္ဘာဦး ဖခင်ကြီး အာဒမ်ရဲ့ ပန်းသီး… (ဘာသာရေး ရှူ့ ထောင့်မပါ)
    •     နယူတန်ရဲ့ ပန်းသီး…
    •     Steve Jobs ရဲ့ ပန်းသီးပါပဲ…
    Steve-Jobs-datesပန်းသီး သုံးလုံးထဲက နောက်ဆုံး တစ်လုံး ဖြစ်တဲ့ Steve Jobs အကြောင်းနဲ့ ဆက်စပ်တာတွေကို တင်ပြလိုပါတယ်… Apple Computer နဲ့ Pixar Animation Studios မှာ CEO အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံး ( တတိယမြောက် ပန်းသီး ) လူသားဖြစ်တဲ့ Steve Jobs က ၂၀၀၅ ဇွန်လ ၁၂ရက် နေ့ မှာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ဖြစ်တဲ့ Stanford University မှာ ပြောကြားခဲ့တဲ့ မိန့် ခွန်းပါ… သူက အဲဒီ မိန့် ခွန်းမှာ သူ့ ဘဝရဲ့  အဓိကကျတဲ့ အချိုးအကွေ့ သုံးခု အကြောင်းနဲ့ အဲဒီ အချိုးအကွေ့ တွေ အပေါ် သူ ဘယ်လို လက်ခံ ကျင့်သုံးခဲ့တဲ့ အကြောင်း ရှင်းပြသွားပါတယ်….အဲဒီ အချိုးအကွေ့ သုံးခုကတော့…
    (၁) ဆက်စပ်ပုံဖော်ခြင်း ( Connecting the Dots )
    (၂) ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss )
    (၃) သေခြင်းတရား ( Death )
    death2
    ဇာတ်လမ်း (၃) သေခြင်းတရား ( Death )
    ကျွန်တော့် အသက် ၁၇ နှစ်အရွယ်မှာ အရမ်းကို တန်ဖိုးရှိတဲ့ စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက် ဆိုရင်တော့
    “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်…”
    ဒီစာသားက ကျွန်တော့စိတ်ကို တော်တော်လေး လွှမ်းမိုးခဲ့ပါတယ်။ အဲဒီစကားစုကို ဖတ်ပြီးချိန်ကစပြီး ၃၃ နှစ်လုံး မနက် အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။
    ” ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မယ့်အလုပ်တွေကို ငါလုပ်ချင်ပါ့မလား…?”
    ကျွန်တော့်မေးခွန်းရဲ့ အဖြေကို ဘယ်လို ရမယ်ထင်ပါသလဲ…? တကယ့်ကိုပဲ မးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက်
    “မလုပ်ချင်ဘူး”
    “မလုပ်ချင်ဘူး”
    “မလုပ်ချင်ဘူး”
    ဆိုတာပဲ ထပ်တလဲလဲဖြစ်နေတယ်….အဲဒါနဲ့ ..မဖြစ်တော့ဘူး… အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါ တယ်။
    နောက်တစ်ခုကတော့….
    ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချရာမှာ အရေးအပါဆုံး အထောက်အပံ့ ကိရိယာအဖြစ် ကျွန်တော် တွေ့ရှိခဲ့တာကတော့
    သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်
    လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ… ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့ အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။
    မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ
    ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာ ဘဲလို့ သတိ ချပ်ခြင်းပါ
    မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။
    အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့်မှာ ကင်ဆာရောဂါရှိတယ်လို့ ဆရာဝန်ကြီးများက တွေ့ရှိခဲ့ပါတယ်။ မနက် ၇ နာရီ ခွဲမှာ ဆေးဓာတ်မှန် ရိုက်ပါတယ်။ ကျွန်တော့်ရဲ့ သရက်ရွက် (Pancreas) မှာ ရှိတဲ့ အကြိတ်ကြီးဟာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ တကယ်ဆို သရက်ရွက်ဆိုတာ ဘာလဲဆိုတာတောင်မှ ကျွန်တော် မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာ ဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃ လ ကနေ ၆ လ အထိဘဲ နေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်…ကျွန်တော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြဖို့ ကြံရွယ်ထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင် ပြောဖို့ ကြိုးစားပါဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကျန်ရစ်သူ မိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေ အားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ မိသားစုကို သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။
    တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့်အတွေးတွေကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့် လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကို ဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့်ရဲ့ သရက်ရွက်ကို အပ်နဲ့ စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကတော့ မေ့ဆေးအရှိန်နဲ့ မေ့မျောနေခဲ့ပါတယ်။
    ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့ တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီး အော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ကင်ဆာဟာ အင်မတန်မှ ရှားပါးပြီးတော့…ခွဲစိတ်ကုသလို့ရနိုင်တဲ့ သရက်ရွက် ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ် ကုသခံခဲ့ရပါတယ်။ အခုဆို ကျွန်တော် နေကောင်းပါပြီ။
    တကယ်တော့ ဒီလိုအဖြစ်မျိုးဟာ ကျွန်တော့်ဘဝမှာ. သေခြင်းတရားနဲ့ အနီးကပ်ဆုံး ရင်ဆိုင်ဖြစ်ခဲ့ခြင်းပါပဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီး နီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ်တို့ကို သေခြင်းတရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဉာဏ်သိနဲ့ ယှဉ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော် ပြောလို့ ရနေတာပါ။
    ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကို ရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံး ဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏ တရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲ ဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျို သစ်လွင်မှုတွေနဲ့ အစားထိုး ပေးနေပါတယ်။ ဒီနေ့ ဒီအချိန်အခါမှတော့ ဘွဲ့ရ မောင်မယ်တို့ဟာ နုပျို သစ်လွင်မှုတွေနဲ့ အပြည့်ပါ။
    သို့သော် မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့ အဖယ်ရှား ခံကြရမှာပါ။ စိတ်ထိခိုက်အောင် ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။ ဘွဲ့ရ မောင်မယ်တို့မှာ အချိန်တွေ အများကြီး မရှိတော့ပါဘူး။ ဒီတော့ တစ်ခြားသူတွေ နေသလိုပဲ နေပြီး အချိန်ကို မဖြုန်းပါနဲ့။
    သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ ဘဝကို
    တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။
    မိမိရဲ့ အတွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့
    ထင်မြင်ချက် အနှောင့်အယှက်သံတွေနဲ့  ဖုံးလွှမ်း မသွားပါစေနဲ့။
    ဒီထက်ပိုပြီး အရေးကြီးဆုံး အချက်ကတော့
    ကိုယ့်ရဲ့  နှလုံးသားနဲ့ ရင်တွင်း သိစိတ်တို့က ခေါ်ဆောင် ရာကို လိုက်ပါ
    သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေ အားလုံးက သာမညအချက်တွေပါ။ ကျွန်တော် ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ Catalogue စာအုပ် တစ်အုပ် ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာ အဲဒီတုန်းက ကျွန်တော်တို့တွေ အတွက်တော့ ကိုးကွယ်စရာ ကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီ စာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန် အလှတွေနဲ့ ချယ်မှုန်းပြီး ထုတ်ဝေခဲ့တာပါ။
    ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခု နှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ် တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေးနဲ့ ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရသလိုပါဘဲ။ ဒီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကိရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။
    Stewart နဲ့ သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့ အခါမှာတော့ သူတို့တစ်တွေ နောက်ဆုံး နှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရ မောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက် စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်က ကားလမ်းလေး တစ်ခုရဲ့ ဓာတ်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီး ခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာ စာတန်းလေးရေးထားပါတယ်။
    “ဆာလောင်မွတ်သိပ်ခြင်း….ရူးသွပ်ခြင်းများဖြင့် ဘဝကို ရှင်သန်နေထိုင်ပါ” တဲ့။
    ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်း တောင်းခဲ့ပါတယ်။ ဘွဲ့ရ မောင်မယ်တို့လည်း ဘဝအသစ်ကို စတင်လျှောက်လှမ်းကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ ကျွန်တော် လေးလေးနက်နက် တောင်းပေးချင်ပါတယ်။
     “ဆာလောင်မွတ်သိပ်ခြင်း….ရူးသွပ်ခြင်းများဖြင့် ဘဝကို ရှင်သန်နေထိုင်ပါ”
    အားလုံးကိုကျေးဇူးတင်ပါတယ်။
    Sources:
    http://news.stanford.edu/news/2005/june15/jobs-061505.html
    http://www.youtube.com/watch?feature=player_embedded&v=D1R-jKKp3NA
    http://www.productdesignfunda.com/chit-chat/624-three-apples-which-…
    http://www.bersin.com/blog/post/The-Real-Succession-Plan-For-Steve-…
    http://www.hebrew4christians.com/About_HFC/Death_Rate/death_rate.html
    ***————————————————————————————————————-***
    သေခြင်းတရား နှင့် အတွေး အပိုင်းအစ များ
    (၁)    ” မိမိရဲ့ အလိုရမက်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး သေပြီးနောက် သွားရမယ့်  ဋ္ဌာနအတွက် ကြိုတင်ပြင်ဆင်သူသာ အလိမ္မာ အပါးနပ်ဆုံးသောသူလို့ ”         နှစ်ဘဝ ကျေးဇူးရှင် တမန်တော်မြတ် (ဆွလ္လလ္လားဟု အလိုက်ဟိ ဝစလ္လာမ်) က မိန့် တော်မူခဲ့ပါတယ်….
    (၂)    ဘဝမှာ အသေချာဆုံးနဲ့ အတိကျဆုံးအမှန်တရားတစ်ခုကို လက်ညှိုးထိုးပြပါလို့ ဆိုရင်…သေခြင်းတရားက နံပါတ် တစ် နေရာကို ယူမှာ အသေအချာပါပဲ….ဒါပေမယ့် ” သေဖို့ အဆင့်သင့် ဖြစ်ပြီလား…သေရဲပြီလား” လို့ တစ်စုံတစ်ယောက်က မေးလာရင် အကြောင်းအမျိုးမျိုးကြောင့် ” အဆင်သင့် မဖြစ်သေးပါဘူးခင်ဗျာ” လို့ ပြောမယ့် လူဦးရေ အရေအတွက်က ပိုများပါလိမ့်မယ် (ကျွန်တော်အပါအဝင်)….
    (၃)    ကျွန်တော်တို့ ငယ်သေးတယ်..စောသေးတယ်လို့ ထင်ရင် ကမ္ဘာ့လူသေနှုန်းကို ကြည့်လိုက်ပါ…အချိန်မရွေး  အဲဒီ စာရင်းထဲမှာ ကျွန်တော်လည်း အပါအဝင် ဖြစ်သွားနိုင်ပါတယ်….
    တစ်မိနစ်မှာ သေတဲ့ လူဦးရေ…၁၀၇ ယောက်
           တစ်နာရီမှာ သေတဲ့ လူဦးရေ…၆,၃၉၀ ယောက်
           တစ်ရက်မှာ သေတဲ့ လူဦးရေ…၁၅၃,၀၀၀ ယောက်
           တစ်နှစ်မှာ သေတဲ့ လူဦးရေ…၅၆ မီလီယံ ယောက်       ဒီမှာ ကြည့်လိုက်ပါ
    (၄)   “အိမ်ဝေးသူ… မင်းပြောခဲ့တုန်းကတော့ လူ့ ဘဝမှာ ဘယ်လို ကြိုးစားရုန်းကန်ပါဆိုတဲ့ သဘောတရားတွေကို အဓိကထားချပြခဲ့ပြီးတော့ အခုမှ မင်္ဂလာမရှိတဲ့ သေခြင်းတရားနဲ့  သေနှုန်းကို အဓိကထားပြီး ပြောနေတယ်” လို့  စောဒက တက်လာရင်လည်း..”ရုန်းကန်ရှင်သန်မှုတွေ..အောင်မြင်မှုတွေနဲ့ အတူ သေခြင်းတရားကိုပါ        တွဲပြီးမှတ်သား၊သတိထားနိုင်ရင်တော့..လူဖြစ်ရကျိုးပိုနပ်ပါလိမ့်မယ်”လို့ …ရိုးရိုးလေးပဲ ဖြေပါရစေ။
    (၅)   မေ့လျော့ခြင်းကို အဖော်ပြုပြီး ကျွန်တော်တို့ တတွေ ရှင်သန်နေလိုက်တာများ ဒီနေ့ ဟာ ကျွန်တော်တို့ တတွေရဲ့ နောက်ဆုံး နေ့ ..နောက်ဆုံး ထမင်းတစ်လုတ်…နောက်ဆုံး အောင်မြင်မှု..  နောက်ဆုံး ခရီးတစ်ခု ဆိုတာကိုတောင် သတိမမူမိကြတော့ဘဲ ဖြစ်နေတတ်ပါတယ်…Steve Jobs လို  သေခြင်းတရားကို အနီးကပ်ဆုံး ရင်ဆိုင်ရတာမျိုးတော့ လူတိုင်းမကြုံနိုင်ပါဘူး.
    (၆)    Steve Jobs မေးခဲ့သလို ” ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် “ လို့ များ
    ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ် ဆန်းစစ်ခဲ့ရင်….
    အခုအချိန်က စပြီး ငါ…အကောင်းဆုံးလုပ်မယ်…..
    အခုအချိန်က စပြီး ငါ…အရက်မသောက်တော့ဘူး…
    အခုအချိန်က စပြီး ငါ့ မိဘတွေကို စိတ်ချမ်းသာအောင် ထားမယ်…..
    အခုအချိန်က စပြီး ငါ့ ဇနီး..ငါ့ ခင်ပွန်းကို ပိုပြီး ကြင်ကြင်နာနာ ဆက်ဆံမယ်….
    အခုအချိန်က စပြီး ငါ့ကြောင့် သူတစ်ပါးကို မထိခိုက် မနာကျင်အောင် ဂရုစိုက်မယ်…..
    အခုအချိန်က စပြီး……(အကောင်းဆုံးတွေကိုပဲ ကျွန်တော်တို့ လုပ်မိမှာ..သေချာပါတယ်)
    (၇)    အသက်ရှင်နေထိုင်စဉ်ကာလမှာ မိမိဘဝအလှ နဲ့ မိမိကိုယ်တိုင် ရဲ့ အတွေးအမြင်နဲ့ သာ ဘဝကို ရပ်တည်သင့်တယ်လို့          Steve Jobs က မီးမောင်းထိုးပြထားပါတယ်…ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက
           မိမိရဲ့ အရည်အချင်းကို သူတစ်ပါးရဲ့ အရည်အချင်းနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲ မခံပါနဲ့ …
           အရာရာတိုင်းမှာ သူ့ အလှတရားနဲ့ သူ ရှိပါတယ်
    တရုတ်ပြည်က တရုတ်တွေ တရုတ်စကားပြောတတ်တာကို အိန္ဒိယက ဟိန္ဒူလူမျိုးတွေက သူတို့ လည်း တရုတ်စကား  မပြောတတ်လို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေလို့ ဘာထူးမှာလဲ? ကိုယ်လုပ်နိုင်တဲ့ လုပ်ရပ်နဲ့  ကျွမ်းကျင်မှုက သေးမွှားပါစေ..ပုံမှန်လုပ်ပြီး…ကိုယ့်မိသားစု..ကိုယ့်ဆွေမျိုးသားချင်း…ကိုယ့်ရပ်ကွက်..မြို့ နယ်…  တိုင်းပြည်..ကမ္ဘာအထိ တဆင့်ဆင့် အကျိုးပြုနိုင်ရင်လုံလောက်ပါတယ်…
    (၈)    ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ထိုင်ခုံ အနေအထားကို မူတည်ပြီးတော့ ကျွန်တော်တို့ တတွေ ယူရတဲ့ တာဝန်လည်း ကွာခြားပါတယ်…Steve Jobs အနေနဲ့ ဆိုရင် သူမသေခင်ကတည်းက သေဖို့ ပြင်ဆင်ခဲ့တဲ့ လူတစ်ယောက်လို့  ပြောလို့ ရပြီး မသေခင် 2008 ခုနှစ်မှာ Apple University (တစ်နည်း) Solution To Apple After Steve Jobs ကို ထူထောင်ခဲ့ပါတယ်…ရည်ရွယ်ချက်ကတော့ သူဟာ တကယ့်ကို အရည်အချင်း ရှိတဲ့ ပညာရှင် တစ်ယောက်ဖြစ်ပြီးခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် သူမရှိတော့တဲ့ နောက်ပိုင်းမှာ တက်လာမယ့် အနာဂတ် Apple ခေါင်းဆောင်တွေကို သူဘယ်လို တွေးတော လုပ်ကိုင် ဆောင်ရွက် ခဲ့သလဲ…ပြသနာတွေကို ဘယ်လို        ချဉ်းကပ် ဖြေရှင်းခဲ့သလဲ ဆိုတာတွေကို အသေးစိတ် သင်ပေးချင်တဲ့ ဆန္ဒနဲ့ ပါ….ကျွန်တော်တို့ တတွေရော         အဲလို ပြင်ဆင်ချိန်ရနိုင်ပါ့မလား ?
    (၉)    သေခြင်းတရားဆိုတာ တစ်ခဏတာ ရှင်သန်ရုန်းကန်ရတဲ့ ဘဝနဲ့ ဆန့် ကျင်ဘက် အရာတစ်ခုမဟုတ်ပါဘူး..  ထာဝရ ရှင်သန်ပျော်ရွှင်ခြင်း ဆိုတဲ့ ပန်းတိုင်အတွက် ဆန်းစစ်အဖြေထုတ်ပေးမယ့် စာမေးပွဲတစ်ခုသာ ဖြစ်ပါတယ်… စာမေးပွဲမှာ မေးမယ့် မေးခွန်းတွေလည်းကို အားလုံးသိပြီးသား ဖြစ်ပါတယ်…စာမေးပွဲမှာ      အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ အတွက်တော့ ကြက်တူရွေး စာအံနည်း သုံးလို့ တော့ မဖြစ်နိုင်ပါဘူး…     ( သေခြင်းတရား စာမေးပွဲအောင်ဖို့ အတွက် ဘဝမှာ ဘယ်လိုပုံစံမျိုးနဲ့  ရှင်သန်နေထိုင်ခဲ့သလဲ )ဆိုတဲ့ မှတ်ကျောက်  အတင်ခံနိုင်မယ်ဆိုရင်တော့ (အောင်မြင်သူ) အဖြစ် လက်ခမောင်းခတ်လို့ ရနိုင်ပါတယ်…  ဒီအချက်တွေကတော့  သေခြင်းတရား ( Death ) နဲ့ ဆက်စပ်လို့ ကျွန်တော် ဆင့်ပွား တွေးမိသလောက်ကို  မျှဝေပေးခြင်းပါ…မည်သူမဆို လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်၊ ယူဆပိုင်ခွင့် ရှိပါတယ်….အပိုင်း (၃) ပိုင်းစလုံးကို         စကားပြေမဟုတ်ဘဲ စကားပြောဟန်ကို အဓိက ထားပြီး သုံးသွားတာကို နားလည်ပေးစေချင်ပါတယ်….အပိုင်း (၃)  အနေနဲ့ ကတော့ ဒီလောက်ပါပဲ..
    ==================================================================
    ကျွန်တော် တင်ပြခဲ့တဲ့ အပိုင်း (၃) ပိုင်းစလုံးက အဓိက အချက်တွေကို ဆွဲထုတ်လိုက်ရင်…အကျဉ်းချုပ်အားဖြင့်
    ၁။         မိမိလုပ်ချင်တဲ့ အလုပ်…ကိုယ့်ဝါသနာအစစ်အမှန်ကို သိအောင် ကြိုးစားပါ….
    ၂။         မိမိလုပ်မယ့် အလုပ်ကို အောင်မြင်ရမယ်လို့ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားပါ….
    ၃။         မည်သည့် အလုပ်ပင်ဖြစ်စေ စိတ်နှစ်ပြီး ရူးသွပ်စွာ..ပျော်ရွှင်စွာ လုပ်ဆောင်ပါ….
    ၄။         ပြောင်းလဲခြင်းများကို ရှာဖွေလုပ်ဆောင်ပါ။ အသစ် အသစ်များကို ဖန်တီးဖို့ နောက်မတွန့်ပါနဲ့ …
    ၅။         နေ့ တိုင်းကို မိမိရဲ့ နောက်ဆုံးနေ့ အဖြစ်သတ်မှတ်ပြီး အကောင်းဆုံး ကြိုးစားအားထုတ်ပါ….
    ၆။         မိမိ တစ်နေ့သေမယ်ဆိုတာကို မမေ့ဘဲ အကောင်းဆုံးပြင်ဆင်ထားပါ…
    ( အိမ်ဝေးသူ )
    တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၁ ဖတ်ရန်
    တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၂ ဖတ်ရန်
  • တတိယမြောက် ပန်းသီး တစ်လုံး၏ ဘဝအချိုး အကွေ့ များ-၂ (M-Media Blog ကဏ္ဍ)
    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
    အိမ်ဝေးသူ
    ” ဆာလောင် မွတ်သိပ်ခြင်း…..ရူးသွပ်ခြင်း များဖြင့် ဘဝကို ရှင်သန်နေထိုင်ပါ “
    ( Steve Jobs)
    lllllllllllllove
    ဇာတ်လမ်း (၂) ချစ်ခြင်း နှင့် ဆုံးရှုံးမှု ( Love & Loss )
    ကျွန်တော့်ဘဝရဲ့ ဒုတိယမြောက် ဇာတ်လမ်းကို ဆက်လက်ပြီးပြောပြပါ့မယ်…
    ကျွန်တော် အသက်ငယ်ငယ် ရွယ်ရွယ် အချိန်မှာပဲ မေးခွန်းတစ်ခုက ကျွန်တော့် ဦးနှောက်ကို အလုပ်လုပ်စေခဲ့ပါတယ်.. အဲဒါကတော့…
    “ ငါ တကယ် ဝါသနာ ပါပြီးတော့ စွဲစွဲလန်းလန်း ချစ်ခင်တွယ်တာနိုင်တဲ့ အလုပ်မျိုးက ဘယ်လို အလုပ်မျိုးလဲ ???”
    ဆိုတာပါပဲ…. ကျွန်တော် တကယ် ဝါသနာပါပြီး စွဲစွဲလန်းလန်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲဆိုတာ အသက်ငယ်ငယ်မှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ အတွက် တကယ့်ကိုပဲ ကျွန်တော် ကံကောင်းခဲ့ပါတယ်။
    ကျွန်တော့် မိဘတွေရဲ့ ကားဂိုဒေါင်ထဲမှာ Apple ကို Woz နဲ့အတူ စပြီး တည်ထွင်တဲ့ အချိန်မှာ  ကျွန်တော့်အသက်ဟာ ၂၀ ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ၂ ယောက် တကယ့်ကို အလုပ်ကြိုးစားခဲ့ကြတာပါ။ ကားဂိုဒေါင်ထဲမှာ ကျွန်တော်တို့  နှစ်ယောက်တည်းနဲ့ စခဲ့တဲ့ Apple ဟာ ၁၀ နှစ်တာ အတွင်းမှာ ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တစ်နှစ်လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။
    အဲဒီမှာ– ပြသနာတစ်ခုက ကျွန်တော့်ကို စမ်းသပ်ခဲ့ပါတယ်…
    ကျွန်တော် အလုပ်က အထုတ်ခံလိုက်ရတာပါပဲ…
    ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လို လုပ်ပြီး အထုတ်ခံ ရနိုင်ပါ့မလဲလို့ မေးစရာတော့ ရှိပါတယ်..ဖြစ်ပုံက ဒီလိုပါ..
    Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ် ခန့်ခဲ့ကြပါတယ်။ ပထမ တစ်နှစ်လောက်ကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ အနာဂါတ် အလား အလာတွေကို အမြင် မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကျယ် အငြင်းပွားရတဲ့ အထိပါပဲ။
    အဲဒီ ပြသနာမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က တစ်ဖက်သတ် ရပ်တည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့  အသက် ၃၀ မှာ ကျွန်တော်… အလုပ်လက်မဲ့ ဖြစ်သွားတော့တာပေါ့ဗျာ…တကယ့်ကိုပဲ ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။
    ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။
    ဒါဟာ ကျွန်တော့်အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။
    လပေါင်းတော်တော်ကြာတဲ့အထိ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများ အပေါ်မှာ ကျွန်တော် တာဝန် မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်း ပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်း ပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျ ခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန်ခဲ့ပါတယ်။
    ကျွန်တော့် ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေးထွက်ပြေးသွားဖို့အထိတောင် ကျွန်တော် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေးနဲ့ သတိ ပြုမိလာပါတယ်။ အဲဒါကတော့  ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။
    Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ ကျွန်တော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။
    ကျွန်တော့်ကို ကန်ထုတ်တာ ခံခဲ့ရပေမယ့် ကျွန်တော်ကတော့ ချစ်ခင် စွဲလမ်းနေဆဲပါ။
    ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
    Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့် ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး အဖြစ်ပါ။
    အဲဒီ အချိန်ကတော့ ဒီလို မတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာမှုတွေ ချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့်ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။
    နောက် ၅ နှစ် အကြာမှာတော့ NeXT နဲ့  Pixar ဆိုတဲ့ ကုမ္ပဏီတွေကို ကျွန်တော် တည်ထောင်ပါတယ်။
    ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှပြီး ကျွန်တော် အိမ်ထောင်ပြုခဲ့ပါတယ်။
    Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီး ထုတ်လုပ်ခဲ့တာပါ။
    ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံး (Animation) ကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။
    ပြောစမှတ်ပြုစရာ အလှည့်အပြောင်းမှာ Apple က ကျွန်တော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်လိုက်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ ချစ်ဇနီးဖြစ်တဲ့ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။
    ကျွန်တော်သာ Apple က အလုပ်ထုတ်တာ မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာတောင် မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်… အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကို ကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံပါဘဲ။ တစ်ခါတစ်လေတော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိ ယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။
    ကျွန်တော့်ရဲ့ ဘဝ တစ်လျှောတ် လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့်အလုပ်ကို ကျွန်တော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘွဲ့ရ မောင်မယ်တို့လည်း ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ်တို့ရဲ့ ချစ်သူရည်းစား ရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်….
    ခုချိန်ထိ မတွေ့သေးဘူး ဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာကြပါ။ ရတာလေးနဲ့  မကျေနပ်ကြပါနဲ့။
    နှလုံးသားရေးရာ ကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေ ပိုပြီးခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ထိုင်နေလို့ တော့ ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး ။
    Sources:
    http://news.stanford.edu/news/2005/june15/jobs-061505.html
    -http://www.youtube.com/watch?feature=player_embedded&v=D1R-jKKp3NA
    http://www.productdesignfunda.com/chit-chat/624-three-apples-which-…
    ***————————————————————————————————————-***
    ချစ်ခြင်း၊ဆုံးရှုံးခြင်းများနှင့် အတွေး အပိုင်းအစ များ
    (၁)   ဒီနေရာမှာ ပြောချင်တဲ့ ချစ်ခြင်းဆိုတာက လူတစ်ဦးတစ်ယောက်ချင်း ချစ်ကြတဲ့ ချစ်ခြင်းမေတ္တာမျိုးအပြင် အလုပ်အပေါ် စွဲလန်း ချစ်ခင်တာကိုပါ ကိုယ်စားပြုပါတယ်..ပြီးတော့ ဆုံးရှုံးမှုဆိုရာမှာလည်း လူသားတစ်ယောက်ရဲ့  ချစ်ခြင်းမေတ္တာကို ဆုံးရှုံးရခြင်းမှ မိမိရဲ့ အလုပ်အကိုင်နဲ့ ရာထူးဋ္ဌာနကို ဆုံးရှုံးရခြင်းအထိ အကျုံးဝင်ပါတယ်….
    (၂)   Steve အနေနဲ့ လုပ်ငန်းခွင်မှာ အဆုံးအရှုံး ရှိခဲ့ပေမယ့် နှလုံးသားရေးရာမှာတော့ ကံကောင်းခဲ့ပါတယ်… ချစ်ဇနီးသည်က သူဆုံးရှုံးမှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဂရုတစိုက် နွေးထွေးကြင်နာမှုကို ပေးနိုင် စွမ်းခဲ့ပါတယ်…သူ အောင်မြင်စွာ ခရီးဆက်နိုင်ခဲ့တာ ဇနီးသည်ရဲ့ ဖေးမမှုတွေကြောင့်လည်း ပါတယ်လို့ ပြောလို့ ရပါတယ်..ကျွန်တော်တို့ လည်း သူ့ လို ရှုံးနိမ့်နေချိန်မှာ လက်တွဲမဖြုတ်တမ်း၊ မငြီးငြူတမ်း အားပေးတတ်တဲ့ အိမ်ထောင်ဖက် မျိုးနဲ့ တွေ့ ပါစေလို့ ရည်စူးမိပါတယ်…
    (၃)   ကျွန်တော် တွေးမိသလောက်တော့ (Mastering) နယ်ပယ် တစ်စုံတစ်ခုမှာ ထူးချွန်အောင်မြင်ဖို့ အတွက်  နယ်ပယ် တော်တော်များများကို မဖြစ်မနေ သိဖို့ မလိုအပ်ပါဘူး…နယ်ပယ် တစ်ခုတည်းကိုပဲ တစ်သီးတသန့်  အချိန်ပေး လိုက်စားမှုရှိမှသာ ကျွမ်းကျင်သူလို့ ပြောလို့ ရပါတယ်…ဟိုစပ်စပ် ဒီစပ်စပ် နည်းနည်းစီ သိတဲ့ လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာ ထူးချွန်ဖို့ မလွယ်နိုင်တော့ဘူး…..
    (ဥပမာအားဖြင့်) ကျွန်တော် ကိုယ်တိုင်အနေနဲ့ ဆိုရင်…စီးပွားရေး နဲ့ ပက်သက်တဲ့ ပညာရပ်ကို လည်း ဟိုနည်းနည်း ဒီနည်းနည်း သိတယ်…ကွန်ပျူတာ အကြောင်းလည်း ဟိုစပ်စပ် ဒီစပ်စပ် တတ်ပြန်တယ်…
    စာလေး ကဗျာလေးတွေလည်း  ဝါသနာ အရ အနည်းအကျဉ်း ရေးတတ်ပြန်ရော..ဒါပေမယ့် တစ်စုံတစ်ယောက်က  ကျွန်တော့် ကို “ မင်း ဘယ်လို ကိစ္စမျိုးမှာ အထူးချွန်ဆုံး (Master) ဆရာတစ်ဆူ လဲ လို့ မေးလာရင် ဝမ်းနည်းစွာပဲ ကျွန်တော့်မှာ ပေးစရာ အဖြေမရှိပါဘူး…တတ်ယောင်ကား တနည်းအားဖြင့် ယောင်ခြောက်ဆယ် တို့ ထုံးစံ အတိုင်း ကျွန်တော်.. ဒါလေးလဲ နည်းနည်းတော့ သိတယ်..ဟိုဟာလည်း မဆိုစလောက်လေး သိတယ် ဆိုတာလောက်နဲ့ ပဲ ဘဝရဲ့ ဒုတိယ အရွယ်တောင်ဖြတ်သန်းနေရပါပြီ….
    (၄)  ဒီနေ့ အသက်အရွယ် အသီးသီးကို ရောက်နေတဲ့ သူများအနေနဲ့ ကိုယ့်ရဲ့ ထူးခြားတဲ့ အရည်အချင်း ( Talent ) က ဘာလဲ??? လို့ ဆန်းစစ်စေချင်ပါတယ်..ပြီးတော့ အဲဒီ အရည်အသွေးကို ဘယ်လို ပြုစု ပျိုးထောင်မလဲဆိုတာကို ပုံကြမ်းဆွဲပြီး မျက်ခြေမပျက် စောင့်ကြည့်သင့်ပါတယ်…ကျွန်တော်အာမ,ခံနိုင်တာက..အခုလက်ရှိမှာ ကိုယ်တကယ် ရူးရူးသွပ်သွပ် စွဲလန်းပြီး ထမင်းမေ့ ဟင်းမေ့ လုပ်တတ်တဲ့ အလုပ်မျိုးကို လုပ်နေရသလား ?
    အဲဒီ အလုပ်လုပ်ရတာကို ကိုယ်ရော စိတ်ပါ နှစ်သက် ပျော်ရွှင် ကျေနပ်မှု ရှိတယ်ဆို ရင်တော့ ကျေနပ်စရာကောင်းတဲ့  အခြေအနေ တစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ပြောလို့ ရတယ်…      အဲဒီလိုမှ မဟုတ်ဘဲ ကိုယ်လုပ် နေရတဲ့ အလုပ်မှာ ဝတ္တရားကျေရုံလောက်သာ အာရုံစိုက်နိုင်တယ်…
    ညနေ အလုပ်ဆင်းချိန် လောက်ကိုသာ စောင့်ဆိုင်းနေရတာမျိုးဆိုရင်တော့ တစ်ခုခုတော့ ပြုပြင်ပြောင်းလဲ ဖို့  လိုနေပြီလို့ ပြောလို့ ရပါတယ်….
    အကယ်၍ တစ်စုံတစ်ယောက်ကများ ကျွန်တော်က အသက် (၄၀)တောင် ဖြစ်နေပြီလို့ ပြောလာရင်.. “ နောက်ကျတယ်ဆိုတာ…ဘာမှ မဖြစ်တာနဲ့ ယှဉ်လိုက်ရင်တော အဆများစွာ သာလွန်ပါတယ်”  လို့ ပဲ ပြောပါရစေ…
    (၅)   တစ်ခါတလေကျရင် ရေတို ဆုံးရှုံးမှုဆိုတာလည်း ရေရှည် အောင်မြင်မှုမျိုး အနေနဲ့ အသွင်ပြောင်းသွားတတ်တယ် ဆိုတာကို ကျွန်တော်တို့ လက်ခံဖို့ လိုပါတယ်…(ဥပမာ-Apple မှာ လုပ်ကိုင်စဉ်မှာ Steve ဟာ ကြီးကျယ်တဲ့  အောင်မြင် မှုနဲ့ ကြုံဆုံခဲ့ပြီး..စိတ်ဖိစီးမှုတွေ တရစပ် ရှိနေခဲ့ပါတယ်… Apple ကနေ အလုပ်ဖြုတ်ခံလိုက်ရခြင်းဟာ Steve Jobs အတွက် အလှည့်အပြောင်းတစ်ခုနဲ့ စိတ်သက်သာ အပန်းဖြေစေဖို့ အတွက် တစ်ခဏတာ အနားရသလို ဖြစ်စေခဲ့ပါတယ်…ပေါ့ပါး လန်းဆန်းတဲ့ စိတ်သစ်နဲ ၅ နှစ်တာ အတွင်းမှာ NeXT နဲ့ Pixar ကုမ္ပဏီတို့ ကို တည်ထောင်နိုင်စွမ်းရှိခဲ့တယ်…အဲဒီ အပြောင်းအလဲအတွက် သူဘယ်တုန်းကမှ နောင်တမရခဲ့ဘူး..ကျေနပ်စွာ အပြောင်းအလဲကို လက်ခံခဲ့တယ်…
    (၆)   ကမ္ဘာနဲ့ ချီပြီးအောင်မြင်ကျော်ကြားနေတဲ့ လူတွေကို ကြည့်ရင် အသက် ၃၀ မပြည့်တစ်ပြည့် အရွယ်တွေ အများကြီးရှိကြောင်း သိနိုင်ပါတယ်…သူတို့ အောင်မြင်ရခြင်းက ငယ်ငယ်ရွယ်ရွယ် အချိန်ကတည်းက ဝါသနာပါရာကို ရူးရူးသွပ်သွပ်နဲ့  စွဲစွဲလန်းလန်း လုပ်ဆောင်ကြလို့ ပါပဲ…
    ဥပမာ..ဘောလုံး ဝါသနာပါတဲ့ လူငယ်တစ်ယောက်ဟာ သူဝါသနာပါရာကို (၁၀) နှစ် တိတိ အရိုးကြေကြေ အရေခမ်းခမ်း စိတ်ဓာတ်၊ စွဲလန်းစိတ်တွေနဲ့  ကြိုးစားအားထုတ်ရင် ကျွမ်းကျင်တဲ့အဆင့်(Master) ကိုမရောက်နိုင်ဘူးလား???..ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ ပျမ်းမျှ အသက်ကို တွက်ကြည့်ရင် သိနိုင်ပါတယ်….
    (၇)   Globalization ခေတ်မှာ ကိုယ့်အတွက် ထိုင်ခုံတစ်လုံး ရဖို့ ..နေရာတစ်ခု ရဖို့ အတွက် ခဲယဉ်းလှပါတယ်…  ကိုယ့်နေရာကို ဝင်ပြီး နေရာယူဖို့ စောင့်နေတဲ့ လူတန်းက အရှည်ကြီးပါ..
    အဲဒီတော့ မေးခွန်းတစ်ခုက ကျွန်တော်တို့ ပိုင်ဆိုင်နေတဲ့ ဘဝ ဆိုတာနဲ့ ရရှိထားတဲ့ အချိန်တိုတစ်ခု အတွင်းမှာ ရေခဲရေ..ရောင်းမလား….?
    ဒါမှမဟုတ်    ကမ္ဘာကြီးကို ပြောင်းလဲဖို့ အခွင့်အရေးကို ပိုင်ဆိုင်ဖို့ ကြိုးစားမလား ?
    ဒီအချက်တွေကတော့  ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss ) နဲ့ ဆက်စပ်လို့ ကျွန်တော် ဆင့်ပွား တွေးမိသလောက်ကို မျှဝေပေးခြင်းပါ…မည်သူမဆို လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်၊ ယူဆပိုင်ခွင့် ရှိပါတယ်….(၃) သေခြင်းတရား ( Death )  ဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးချင်ပါတယ်…
    ( အိမ်ဝေးသူ )
    တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၁ ဖတ်ရန်
  • တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၁ (M-Media Blog ကဏ္ဍ)
    ဇန်နဝါရီ ၂၉၊ ၂၀၁၃
    M-Media- Blog ကဏ္ဍ
    အိမ်ဝေးသူ
    ” သင်..သေပြီး ပုပ်ဆွေးသွားတာနဲ့ သင့်ကို အများက မေ့လျော့ သွားတာမျိုး  ဖြစ်စေချင်ရင် ဖတ်သင့်ဖတ်ထိုက်တာ.. .ရေးသင့်ရေးထိုက်တာ… လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့ပါ ” ( Benjamin Franklin )
    ကမ္ဘာသမိုင်းမှာ အကြီးအကျယ် အခမ်းအနားဆုံး ပန်းသီးသုံးလုံး ရှိခဲ့ပါတယ်….တနည်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲ စေတဲ့ ပန်းသီး သုံးလုံး ဆိုလည်း မမှားပါဘူး…အဲဒီ ပန်းသီး သုံးလုံးကတော့…
    •     ကမ္ဘာဦး ဖခင်ကြီး အာဒမ်ရဲ့ ပန်းသီး… (ဘာသာရေး ရှူ့ ထောင့်မပါ)
    •     နယူတန်ရဲ့ ပန်းသီး…
    •     Steve Jobs ရဲ့ ပန်းသီးပါပဲ…
    ပန်းသီး သုံးလုံးထဲက နောက်ဆုံး တစ်လုံး ဖြစ်တဲ့ Steve Jobs အကြောင်းနဲ့ ဆက်စပ်တာတွေကို တင်ပြလိုပါတယ်… Apple Computer နဲ့ Pixar Animation Studios မှာ CEO အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံး ( တတိယမြောက် ပန်းသီး ) လူသားဖြစ်တဲ့ Steve Jobs က ၂၀၀၅ ဇွန်လ ၁၂ရက် နေ့ မှာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ဖြစ်တဲ့ Stanford University မှာ ပြောကြားခဲ့တဲ့ မိန့် ခွန်းပါ… သူက အဲဒီ မိန့် ခွန်းမှာ သူ့ ဘဝရဲ့  အဓိကကျတဲ့ အချိုးအကွေ့ သုံးခု အကြောင်းနဲ့ အဲဒီ အချိုးအကွေ့ တွေ အပေါ် သူ ဘယ်လို လက်ခံ ကျင့်သုံးခဲ့တဲ့ အကြောင်း ရှင်းပြသွားပါတယ်….အဲဒီ အချိုးအကွေ့ သုံးခုကတော့…
    (၁) ဆက်စပ်ပုံဖော်ခြင်း ( Connecting the Dots )
    (၂) ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss )
    (၃) သေခြင်းတရား ( Death )
    Steve-Jobs-dates
    မိန့် ခွန်း
    ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ကျွန်တော် ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်တဲ့အပြင် ဒီနေ့ လို ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒါ ပထမဆုံး တက်ဖူးခြင်းပါ။ ဒီနေ့ အခမ်းအနားမှာ ကျွန်တော့်ဘဝ မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ သုံးခုကို ပြောပြချင်ပါတယ်… မိန့်ခွန်း အရှည်ကြီးလည်း မဟုတ်ပါဘူး. ကြီးကျယ်တဲ့ အကြောင်းတွေလည်း မဟုတ်ရပါဘူး…
    ရိုးရိုးရှင်းရှင်း ဇာတ်လမ်းသုံးပုဒ် ထဲပါ။
    ဇာတ်လမ်း (၁) ဆက်စပ်ပုံဖော်ခြင်း (Connecting the Dots )
    တကယ်တော့ Reed ကောလိပ် မှာ ကျွန်တော် ကျောင်းတက်ခဲ့တာ ခြောက်လထဲပါ…ပြီးတော့ ကျောင်းထွက်ခဲ့ပါတယ်.. ဒါပေမဲ့ ကျောင်းကမခွါနိုင်သေးပဲ နောက်တစ်နှစ်ခွဲလောက် အတန်းတွေဆက်တက်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ???
    ဒီ အကြောင်းကိုပြောရရင် ကျွန်တော်မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျွန်တော့်ကို ကိုယ်ဝန် ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်ကို မွေးစားမယ့် မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ကို “အူဝဲ”ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီး သန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာရင်းထဲက ကျွန်တော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။
    “ဒီမှာ မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။
    အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့်ရဲ့ အမေဟာ ဘွဲ့ရပညာတတ်မဟုတ်တာ၊ ကျွန်တော့်ရဲ့ အဖေဟာလဲ အထက်တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့် မွေးမိခင်က သိသွားတာပါ။  မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့်ရဲ့ မိဘတွေက
    ကျွန်တော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
    နောင် ၁၇ နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အဆင်အခြင် ကင်းမဲ့စွာနဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တတ္ကသိုလ် ပညာရေးအတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေ အားလုံးကို ကျွန်တော် သုံးမိရက်သား ဖြစ်သွားပါတယ်။  နောက်ခြောက်လ အကြာမှာတော့ ဒီပညာ ရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျွန်တော် မထင်တော့ပါဘူး။
    အဲဒီအချိန်က ကျွန်တော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့်ရဲ့ ဘဝ ရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့ မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေကို တက္ကသိုလ်မှာလာပြီး ဖြုန်းနေတာပါပဲ။
    ဒါနဲ့ ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့  ဆုံးဖြတ်လိုက်တယ်… အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။  အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။
    ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသား လုပ်ခဲ့ပါတယ်။
    steve6ဒီဇာတ်လမ်းမှာ ကဗျာဆန်တာတွေရော ကဗျာမဆန်တာ တွေရော ပါပါတယ်။ ကျွန်တော့်မှာ နေစရာ အခန်းမရှိတော့ပါဘူး။ ဒီတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ ဆင့်ဆိုတဲ့ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။
    စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတစ်ခု အနေနဲ့ ပြောပြရရင်တော့….
    အဲဒီ အချိန်က Reed ကောလိပ် မှာရှိတဲ့ စာလုံးအလှရေးနည်း သင်တန်းဟာ တစ်နိုင်ငံလုံးမှာ အကောင်းဆုံး သင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ခြယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ စာလုံးအလှ ရေးနည်း သင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ ဘယ်လို အနီး အဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။
    စာလုံးရေးနည်း ပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့ မရတဲ့ ပညာပါ။ဒီပညာရပ်က ကျွန်တော့်ကို ညှို့ယူ ဖမ်းစားခဲ့ပါတယ်။ ဒါတွေကို ကျွန်တော့်ဘဝမှာ ဘယ်လို လက်တွေ့ အသုံးဝင်မလဲဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။
    ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေ သုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော် မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန် သေသပ်ပြီး အစိပ်အကျဲ အချိုးကျ လှပတဲ့ စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်း ပြောနိုင်ပါလိမ့်မယ်။
    ကျွန်တော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာ မဟုတ်ပါ။ ဒီသင်တန်းကို ကျွန်တော် မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှ ရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုး အကြောင်းတွေကို ဆက်စပ် ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။
    နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေ ဘယ်လို ဆက်စပ်ပုံပေါ်လာမယ်ဆိုတာကို ကျွန်တော်တို့ မမြင်နိုင်ပါ။ နောက်ပြန် ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရ မောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေ ဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည် ထားရပါလိမ့်မယ်။ ဘွဲ့ရ မောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံ တယ်ဆိုတာ ယုံပါ။ ကံ၏ အကျိုးဆိုတာ ယုံပါ။ ( ဒီနေရာမှာ ကံဆိုတာ အလုပ် ကို ကိုယ်စားပြုပါတယ် )
    တစ်ခုခုကိုတော့ ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော် ချောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ပါ။ ကျွန်တော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည်ချက်ကြောင့်ပါပဲ။
    Sources:
    http://news.stanford.edu/news/2005/june15/jobs-061505.html
    http://www.productdesignfunda.com/chit-chat/624-three-apples-which-changed-the-world-adam-eve-newton-steve-jobs
    ————————————————————————————————————————-
    ဆက်စပ်ပုံဖော်ခြင်း နှင့် အတွေး အပိုင်းအစ များ
    (၂)  ၁၇ နှစ်အရွယ်မှာ တက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့ပေမယ့် ရွေးချယ်စရာ လမ်းကြောင်း ပျောက်နေခဲ့တယ်….ဝါသနာ မပါတာကိုတော့ အတင်း ဇွတ်မလုပ်နေခဲ့ဘူး… ပြီးတော့ အလေမလွင့်ခဲ့ဘူး..အပေအတေ မလုပ်ခဲ့ဘူး… အနည်းဆုံး သူဝါသနာပါရာတွေတော့ လုပ်နေခဲ့တယ်…အဲဒီလို ဝါသနာ ပါရာကို သင်ကြားခဲ့ခြင်း သူ့ ဘဝကိုသာ မက လူ့ သမိုင်းကိုပါ အကြီးအကျယ် ပြောင်းလဲစေခဲ့တယ်….
    (၃)  စာလုံးအလှရေးနည်းသင်တန်းမှာ သင်ခဲ့တဲ့   စာလုံးအလှတွေကို Mac မှာ အံဝင်ခွင်ကျ ဆက်စပ်ပြီး သုံးနိုင်တာကို ကြည့်ခြင်းအားဖြင့် သူ့ ရဲ့ ဆက်စပ်ချတတ်မှုက ချီးကျူးစရာလို့ ပြောလို့ ရပါတယ်…
    (၄)  သူက သူဘာလုပ်ရမလဲ ဆိုတာကို သိနေခဲ့တယ်…ပြီးတော့ သူလုပ်မယ့် အလုပ် အောင်မြင်ရမယ်လို့ ယုံကြည်မှု ရှိတယ် အခြေအနေနဲ့ လိုက်ပြီး ပြောင်းလဲတယ်…ပြောင်းလဲဖို့ အတွက် ကြောက်ရွံ့  မနေခဲ့ဘူး…တွန့် ဆုတ်မနေခဲ့ဘူး…. ယုံကြည်ချက် ပြင်းပြင်းပြပြ ဆိုတာမျိုးကို အသက် ၂၀ မတိုင်ခင်ကတည်းက တိတိကျကျ ရှိနေခဲ့ပြီးသား ဖြစ်တယ်…
    (၅)  အသက်၂၀ မပြည့်ခင် အရွယ်မှာ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ပေမယ့် အသက် ၂၃ နှစ်မှာ ဒေါ်လာ ၁ သန်းတန်တဲ့ လူ…  အသက် ၂၄ နှစ်မှာ ဒေါ်လာ ၁၀ သန်းကျော်တန်တဲ့ လူဖြစ်ခဲ့ပြီး…အသက် ၂၅ နှစ်မှာတော့ ဒေါ်လာ သန်း ၁၀၀ တန်တဲ့ လူ အဖြစ်.. ကိုယ့်ကိုယ်ကို သတ်မှတ်နိုင်ခဲ့ပါတယ်…. ကျွန်တော်တို့ ရော…ကိုယ့်လက်ရှိ ရောက်နေတဲ့ အသက်အရွယ်မှာ ကိုယ့်ကိုယ်ကို ဘယ်လောက်တန်ပြီလဲ လို့ သတ်သတ်မှတ်မှတ် ပြောနိုင်ပြီလား…???
    (၆)  တကယ်တော့ ဆက်စပ်ပုံဖော်ခြင်းဆိုတာ အတိတ်က အခြေအနေ တစ်ခုနဲ့ လက်ရှိ ပစ္စုပ္ပန် အခြေအနေတို့ကို ခြားနားလိုက်ခြင်းတစ်မျိုးလို့ ပဲကျွန်တော် နားလည်မိတယ်… အဲဒီနှစ်ခုကို ခြားနား လိုက်တာနဲ့ အနာဂတ်ဆိုတာကို အနည်းဆုံးတော့ ရေးရေးလေးမဆို ပုံဖော်နိုင်မယ်လို့ ယူဆလို ပါတယ်… ခြားနား သုံးသပ်ပြီးသွားလို့ ကိုယ့်အခြေအနေကို ကိုယ်တိတိကျကျ သိရလို့ အတိတ်မှာ ကောင်းတဲ့ လုပ်ဆောင်မှုမျိုး ရှိခဲ့ရင်..ကောင်းတာကို ဆက်လက် ထိန်းသိမ်းပြီး.. ပြုပြင်သင့်တာမျိုး ဆိုရင်..အချိန်မဆိုင်းဘဲ ပြုပြင်သင့်ပါတယ်..အဲဒီမှာ တစ်ချို့ က… စဉ်းစားတွေးခေါ် သုံးသပ်ခြင်းမရှိဘဲ လုပ်ကိုင်ကြတယ်… တစ်ချို့ ကတော့….  အတွေးနဲ့ တင်အချိန်ကုန်သွားတယ်…အတွေးရဲ့ နောက်က အလုပ်(Action) ဆိုတာ လုံးဝ ပါ..မလာဘူး…
    (၇)  နောက်ဆုံးတစ်ချက်ကတော့ Steve အနေနဲ့  မတူညီတဲ့ အခြေအနေတိုင်းမှာ ပိုင်ဆိုင်နေရတဲ့ ဘဝပေး ဆိုတာကို ကျေကျေနပ်နပ် လက်ခံတတ်တယ်.. ဆိုလိုချင်တာက တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့   မရပ်တည်ခဲ့ရလို့ ဝမ်းနည်းမနေဘူး..အသိတရားနဲ့ အရှိတရား ကို ရင်ဝယ်ပိုက်ပြီး လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်တယ်.. လက်ရှိအခြေအနေဆိုတာကို လက်မခံတတ်ရင် ( မိအေးနှစ်ခါ နာ ) ဆိုသလို နှစ်ခါ ရှုံးတတ်တယ်ဆိုတာကို သဘောပေါက်ပြီးသားဖြစ်တယ်…
    ကျွန်တော်တို့ ရော လက်ရှိ အခြေအနေ ဆိုတာကြီးကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်သလား..?
    ကျေနပ်နိုင်သလား..?
    ဒါမှ မဟုတ်ပိုမို ကောင်းမွန်တဲ့ အခြေအနေ တစ်ခုဆီကို ဦးတည် ကြိုးစားနေသလား…?
    ဒီအချက်တွေကတော့ ကျွန်တော် ဆင့်ပွား တွေးမိသလောက်ကို မျှဝေပေးခြင်းပါ…မည်သူမဆို လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်.. ယူဆပိုင်ခွင့် ရှိပါတယ်….
    (၂) ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss ) နဲ့ 
    (၃) သေခြင်းတရား ( Death ) ဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးချင်ပါတယ်…
    ( အိမ်ဝေးသူ )