News @ M-Media

Tag: TaungGyi

  • ကျောင်းသားသပိတ် ထောက်ခံဆန္ဒ ထုတ်ဖော်မှု တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့

    ကျောင်းသားသပိတ် ထောက်ခံဆန္ဒ ထုတ်ဖော်မှု တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့

    မတ် ၁၁ ၊ ၂၀၁၅
    M-Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    a87b224e34463cc7236806e564f5f92754d1f02604ec7e4722fa12a5761776e4
    ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်ခိုင်ဖြိုးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ရှမ်းပြည်တောင်ပိုင်း ကျောင်းသားများသမဂ္ဂနှင့် ၈၈ မျိုးဆက်များမှ ဦးဆောင်၍ လူထုကိုယ်စားပြုအဖွဲ့ အချို့နှင့်အတူ ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ယမန့် နေ့ နံနက် ၁၀ နာရီတွင်  ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

    သပိတ်ထောက်ခံခြင်းနှင့် ကြေငြာချက်စာတန်းများ ကိုင်ဆောင်လျက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အောက်တွင် စီတန်းရပ်ပြီး နိုင်ငံတော်သီချင်းနှင့် ကျောင်းသားသီချင်းများကို သံပြိုင်သီဆိုခဲ့ကြပြီး ကျောင်းသားများရေးစပ်ထားသည့် “အမေ” နှင့် “ကျောင်းသားဟူသော” ကဗျာတို့အား ဖတ်ကြားရွတ်ဆို၍ နေ့လည် ၁၂ နာရီတွင် လူစုခွဲခဲ့ကြကြောင်း သိရှိရပါတယ်။

    5828aa1d64b935038d01a564dc0c69579eb4e61f3a55e90f9722a8706aea321c

  • တောင်ကြီးမြို့တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ”  ပြုလုပ်

    တောင်ကြီးမြို့တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ” ပြုလုပ်

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    M – Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    10967722_843374872393307_180178763_n
    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ်  တောင်ကြီးမြို့ရှိ ပန်းချီအနုပညာရှင်များမှ ဦးစီးသော တတိယကြိမ်မြောက် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ”  တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

    အဆိုပါပြပွဲ ဖွင့်ပွဲကို  တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း မြစပယ်မင်္ဂလာခန်းမတွင် ပြုလုပ်ရာ တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ် အဖွဲ့မှ ဖဲကြိုးဖြတ်၍ မီးပုံပျံများလွှတ်တင်ခြင်း၊ ရှမ်းရိုးရာအကအတီးအမှုတ်နှင့်တစ်ကွ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

    ယင်းပြပွဲ၌ ဗိုလ်ချုပ်၏ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်အကြောင်းရုပ်ရှင်ကားများ၊ ဗိုလ်ချုပ်အသုံးပြုခဲ့သည့် ပစ္စည်းပစ္စယများအပြင် မူလတန်း၊ အလယ်တန်းကျောင်းသားတို့၏ ပန်းချီလက်ရာများကိုလည်း စုပေါင်းပြသတင်ဆက်ထားပါတယ်။

    ပြပွဲကို ၁၀.၂.၂၀၁၅ ရက်အထိ ပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိပါတယ်။

  • ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး တောင်ကြီးမြို့ဘာသာပေါင်းစုံ လူငယ်များကွန်ရက်မှ ပြုလုပ်

    ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး တောင်ကြီးမြို့ဘာသာပေါင်းစုံ လူငယ်များကွန်ရက်မှ ပြုလုပ်

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    M – Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    22a816da14db5ad5c85017af314536a5141bdddbbcb8eb10371dadc6f31112e4
    တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ်များကွန်ရက် Interfaith Network of Youth (Taunggyi) မှဦးစီးကာ ကိုယ်ထူကိုယ်ထ ရပ်ရွာ သန့်ရှင်းရေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။

    တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ထားမှုကြောင့် ရေမြောင်းပိတ်ဆို့ခြင်း၊ ရေ၀ပ်ခြင်း၊ အသွားအလာ ခက်ခဲလာခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာ မတူကွဲပြား ဘာသာဝင်များ သဟဇာတရှိမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အများပြည်သူမှ စိတ်ဝင်စားပြီး ပူးပေါင်းပါဝင်လာစေလိုမှု၊ မြို့တွင်းသန့်ရှင်းမှုတို့ကို ရည်ရွယ်၍ တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ်များကွန်ရက် Interfaith Network of Youth (Taunggyi) မှဦးစီးကာ “မွှေး အမှိုက်သိမ်းဆည်းရေး ကုမ္ပဏီ” နှင့် ပူးပေါင်းလျက် တူညီဝတ်စုံများဖြင့် အမှိုက်များကို ကုန်စင်သည်အထိ ရှင်းလင်းကြတာဖြစ်ပါတယ်။

    လုပ်အားပေးလူငယ်များအား အများပြည်သူတို့မှလည်း သောက်ရေ၊ အအေးများ လာရောက်လှူဒါန်းအားပေးခဲ့ကြပါတယ်။

    လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင်လည်း ဘာသာပေါင်းစုံလူငယ်များက “ပုံပြောသူများအဖွဲ့” ဖွဲ့စည်းပြီး မိဘမဲ့ကလေးကျောင်းများသို့ သွား၍ စိတ်ဓာတ်မြှင့်တင်ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်သွားမည်ဟု သတင်းရရှိပါတယ်။

    63355f02e07ffab32d576dcca4178a617e0fa0372f50a799b6198e04f2d79eb4

    7cc7343f7ad69bad39635741402ea0ee4aa0d8cb3d976a820cc5bb36a4d60910

  • တောင်ကြီးမှ ဘာသာပေါင်းစုံ ကျီးဖြူကန် သုဿာန်များအား ဥပဒေမဲ့ ဖျက်ဆီး၊ သင်္ဂြိုလ်မှုပြုရန် အခက်ကြုံနေ

    တောင်ကြီးမှ ဘာသာပေါင်းစုံ ကျီးဖြူကန် သုဿာန်များအား ဥပဒေမဲ့ ဖျက်ဆီး၊ သင်္ဂြိုလ်မှုပြုရန် အခက်ကြုံနေ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media
    သတင်း/ဓာတ်ပုံ – ထွန်းသူအောင်

    အေးသာယာမြို့ရှိ တိုင်းရင်းသားနှင့် ဘာသာပေါင်းစုံ(ကျီးဖြူကန်)သုဿာန်များအား မင်းကျန်စစ် ဆောက်လုပ်ရေး ကုမ္ပဏီမှ ဥပဒေမဲ့ ရှောင်တခင် ကျုးကျော်ဖျက်ဆီးခဲ့၍ သဂြိုလ်မှုပြုရန် အခက်ခဲကြုံတွေ့နေရ

    10945584_841566462574148_5433376869428539943_n

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ အေးယာယာမြို့နှင့် ထုံးဖိုကျေးရွာ အုပ်စုရှိ ဘာသာ အသီးသီးမှ သင်္ဂြိုလ်မှုပြုလုပ်လျက် ရှိသော အေးသာယာမြို့ တိုင်းရင်းသားပေါင်းစုံ(ကျီးဖြူကန်)သုဿာန်များအား  ဇန်န၀ါရီလကုန်ရက်ပိုင်း ညဥ့်အချိန်များအတွင်း မင်းကျန်စစ် ဆောက်လုပ်ရေး ကုမ္ပဏီမှ စီမံကိန်းလုပ်ငန်းခွင်အတွက်ဟု အကြောင်းပြကာ စက်ယန္တရားများဖြင့် ဥပဒေမဲ့ကျူးကျော် ၀င်ရောက်ဖျက်ဆီးမှုဖြစ်ပွား ခဲ့ကြောင်း အေးသာယာမြို့ရှိ ပရဟိတအသင်းများ၊ နာမှုကူညီရေးအသင်းဝင်များနှင့် ဘာသာရေး အဖွဲ့အစည်း တာဝန်ရှိသူများထံမှ သိရှိရပါသည်။

    မင်းကျန်စစ်ကုမ္ပဏီသည် အေးသာယာမြို့ နယ်နိမိတ် အတွင်း ကျီးဖြူကန်ပတ်ဝန်းကျင်၌ တန်ဖိုးနည်း ၀န်ထမ်းအိမ်ယာ စီမံကိန်း ဆောက်လုပ်ဆောင်ရွက်ခွင့် ရရှိထားခဲ့ပြီး ယခုအခါတွင် ဆောက်လုပ်ရေးလုပ်ငန်း အတွက် စက်ယန္တရားများ အသုံးပြုကာ မြေတူးခြင်း၊ မြေညှိခြင်းများပြုလုပ်လျက်ရှိကြောင်း၊ သို့သော် နောက်ဆုံးရ အချက်အလက်များအရ ၀န်ထမ်းများ သက်သက်အတွက် မဟုတ်ဘဲ ပြင်ပသူများ၏လျှောက်လွှာတင်မှုကိုလည်း လက်ခံနေကြောင်း၊ ဇန်န၀ါရီလနှောင်းပိုင်းတွင် အေးသာယာမြို့နှင့် ထုံးဖိုမြို့နယ်ရှိ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ သင်္ဂြိုလ်မှုပြုလုပ်ရာ တိုင်းရင်းသားပေါင်းစုံ(ကျီးဖြူကန်)သုဿာန်များအား တစ်စုံတစ်ရာ တင်ကြိုအသိပေး အကြောင်းကြားခြင်းမရှိဘဲ ညဥ့်အချိန်တွင် ကျုးကျော်ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း၊ ယင်းမြေနေရာများမှာ စီမံကိန်း၏ သတ်မှတ် ဧရိယာ၌ မပါဝင်ကြောင်း၊ ထိုဖြစ်စဉ်သည် မတရားမြေသိမ်းမှု တစ်ရပ်သာဖြစ်ကြောင်း ဒေသခံများက ဆိုပါသည်။

    “ သုဿာန်ထဲက အုတ်ဂူတွေ၊ အဆောက်အဦတွေ၊ အကာအရံခြံစည်းရိုးတွေကို မင်းကျန်စစ်ဆောက်လုပ်ရေး ကုမ္ပဏီအတွက် ဥပဒေမဲ့ကျုးကျော်ဖျက်ဆီးသွားပြီးတဲ့ အခါကျမှ ကျနော်တို့ အဖွဲ့တွေ သိလိုက်ရတယ်။ ရက်ပိုင်းမျှသာရှိသေးတဲ့ မြုပ်နှံပြီးစ ရုပ်ကလာပ်တွေလည်း မြေကြီးပေါ် ပြန်ရောက်လာလို့ အဆင်ပြေတဲ့တစ်နေရာမှာ အမြန်ရွှေ့ပြီး စုပေါင်းမြုပ်နှံ ခဲ့ရတယ်။ဒီမြေနေရာတွေ က ဘာသာ အသီးသီး တိုင်းရင်းသားပေါင်းစုံ အတွက် သုဿာန်မြေအဖြစ် နိုင်ငံတော်က တရားဝင်သတ်မှတ် ချမှတ်ပေးထားပြီး လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)ကျော်ကတည်းက စတင်အသုံးပြုလာခဲ့တာပါ။ ဒီသုဿာန်မြေနေရာနဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနများက တစ်စုံတစ်ရာ ညွှန်ကြားထားချက်တွေ၊ တရားဝင်ရွှေ့ပြောင်းခိုင်းမှုတွေ၊ အတည်တကျ သုဿန်မြေနေရာသစ်တစ်ခု ထပ်မံလျာထား သတ်မှတ်ပေးမှုတွေလည်း မရှိခဲ့ပါဘူး။  စီမံကိန်းဧရိယာထဲ မပါဝင်ဘဲနဲ့ မင်းကျန်စစ် ကုမ္ပဏီက မြေတူးစက်သုံးပြီး သုဿာန်တွေကို အခုလိုဝင်ရောက် ကျူးကျော်ဖျက်ဆီးခြင်းကတော့ တရားဥပဒေမဲ့လွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု အေးသာယာမြို့ နာမှုကူညီရေး အဖွဲ့ဝင်တစ်ဦးမှပြောကြားပါသည်။

    အေးသာယာမြို့ တိုင်းရင်းသားပေါင်းစုံ(ကျီးဖြူကန်) သုဿာန်မြေနေရာသည် မင်းကျန်စစ်ကုမ္ပဏီ၏ ဆောက်လုပ်ခွင့်ရ စီမံကိန်းဧရိယာနှင့် ကိုက်(၅၀)ကျော်အကွာအဝေးတွင် လွတ်ကင်းစွာ တည်ရှိနေပါသည်။  သုဿာန်မြေနေရာပြောင်းရွှေ့ပေးရန် နိုင်ငံတော်မှ တရားဝင်ညွှန်ကြားစေခိုင်း ခဲ့ခြင်းနှင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ယနေ့ထိတိုင် မရှိကြောင်း၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရာရှိအချို့နှင့် မင်းကျန်စစ်ကုမ္ပဏီမှ တာဝန်ရှိသူတို့၏ လျှို့ဝှက် လက်ဝါးရိုက်နားလည်မှုဖြင့်  ပူးပေါင်းပြုလုပ်သော ဥပဒေမဲ့လုပ်ရပ် တစ်ခုဖြစ်ဖွယ် ရှိကြောင်း၊ ယခုအခါ သုဿာန်မြေနေရာများ ပျက်စီးပျောက်ပျက်သွားပြီဖြစ်သဖြင့် နာရေးကိစ္စ ရှောင်တခင်ဖြစ်ပေါ်လာလျှင် သဂြိုင်္လ်မှုပြုရန် ဒေသခံဘာသာဝင် အသီးသီးထံ အခက်အခဲများကြုံတွေ့နေရကြောင်းကို အေးသာယာမြို့ ပရဟိတအသင်းဝင်တစ်ဦးမှ  M-Media သို့ အောက်ပါအတိုင်း ရင်ဖွင့်ပြောပါသည်။

    “ အခုက သုဿာန်မြေနေရာ အကုန်လုံးကို စက်နဲ့မြေထိုးမြေညှိလိုက်တော့ သဂြိုင်္လ်ဖို့ အရမ်းခက်ခဲသွားတယ်။ သဂြိုင်္လ်ဖို့နေရာ မရှိတော့သလောက် ဖြစ်သွားတာဆိုတော့ ရုတ်တရက် တစ်ဦးတစ်ယောက် သေဆုံးရင် ဘယ်မှာသွား သဂြိုင်္လ်ရမလဲ မသိတော့ဘူး။ သက်ဆိုင်ရာကလည်း အခုထိ ဘာမှမလုပ်ပေးဘူး။ ပြောင်းရွှေ့သဂြိုလ်ဖို့အတွက် အတည်တကျ သုဿန်မြေနေရာသစ် ထပ်ပေးမယ် မပေးဘူးဆိုတာလည်း သေချာမသိရဘူး၊ နိုင်ငံတော်က ဒီသုဿာန်တွေကို တရားဝင် ဖျက်ခိုင်းတာလားဆိုတာလည်း ဘာမှမသိရတဲ့အပြင် ဘာညွှန်ကြားချက်၊ ဘာအမိန့်မှလည်း မရှိထားပြန်ဘူး။ နောက်ထပ်သတ်မှတ်လျာထားတဲ့နေရာသစ်မရှိဘဲ ဒီလိုဖျက်ဆီးခံရတာကို သက်ဆိုင်ရာက တကယ်မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလားတော့ မပြောတတ်ဘူး။ အခုတော့ ဒီအေးသာယာသုဿာန်က ဘာသာအသီးသီးရဲ့ သုဿန်မြေတွေ၊ အုတ်ဂူတွေ၊ အဆောက်အဦနဲ့ ခြံစည်းရိုးတွေကို မင်းကျန်စစ်ဆောက်လုပ်ရေး ကုမ္ပဏီက မတရားကျုးကျော် ဖျက်ချင်တိုင်း ဖျက်ဆီးနေတာ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရတယ်။ ဒီစီမံကိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် မတရားကျူးကျော် ၀င်ရောက် ဖျက်ဆီးခံခဲ့ရပြီး သုဿန်မြေနေရာပျက်ဆီးပျောက်ဆုံးသွားမှု၊ သဂြိုင်္လ်ရေးအခက်ခဲ ကြုံတွေ့နေရမှုတွေနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေး၊ စည်ပင်နဲ့ ပြည်နယ်အစိုးရအဖွဲ့မှာလည်း တာဝန်ရှိမယ်လို့ ထင်မြင်ပါတယ်” ။

    ထိုအရေးနှင့်စပ်လျဉ်း၍ ယနေ့ (၃.၂.၂၀၁၅)ရက် နံနက်ပိုင်းတွင် အေးသာယာမြို့ သုဿာန်မြေနေရာ အတည်တကျရရှိရေး အတွက် ရပ်မိရပ်ဖများ၊ ပရဟိတအသင်းများ၊ နာမှုကူညီရေးအဖွဲ့များနှင့် ဘာသာရေးအသင်းဖွဲ့များ စုပေါင်းကာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပရန် စီစဉ်ဖိတ်ကြားခဲ့သော်လည်း ထိုအခမ်းအနား မပြုလုပ်ဖြစ်ခဲ့ ကြောင်း သိရှိရပါသည်။

    “ ဒီနေ့မနက်ပိုင်းမှာ ဒီသုဿာန်မြေ ကျုးကျော်ဖျက်ဆီးခံရတဲ့ ကိစ္စအတွက် အများပြည်သူနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အစိုးရဌာနများ သိရှိနိုင်အောင် အေးသာယာမြို့၊ မြို့လယ်သာသနာ့ဗိမ္မာန်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ သာဓုပရဟိတ(အေးသာယာ)အဖွဲ့က စီစဉ်ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် မင်းကျန်စစ်ကုမ္ပဏီတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုပြီး လာရောက်ပြောဆိုသွားလို့ သတင်းစာရှင်းလင်းပွဲကတော့ ဒီမနက် မလုပ်ဖြစ်ခဲ့ပါဘူး” ဟု အေးသာယာမြို့ခံတစ်ဦးမှ ရှင်းပြပါသည်။

    သက်ဆိုင်ရာအစိုးရဌာနများသို့ မေးမြန်းစုံစမ်းကြည့်ရာတွင်လည်း တိကျရေရာသေချာစွာ မသိရှိ၊ မပြောဆိုနိုင်ကြကြောင်း သိရသည်။ သုဿာန်နေရာအရေး ရတက် မအေးကြသူများအနေဖြင့် ပြည်နယ်အဆင့်ထိ ဆက်လက်တင်ပြ အရေးဆိုသွားမည်ဖြစ်သည်ဟု သတင်းရရှိသည်။

  • မွတ်စလင် အကျဉ်းသား ၂၀ ထောင်ပြောင်း

    မွတ်စလင် အကျဉ်းသား ၂၀ ထောင်ပြောင်း

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၅
    DVB (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    SONY DSC

    ရှမ်းပြည်နယ် တောင်ကြီးခရိုင်တရားရုံးမှာ ပြစ်ဒဏ်အသီးသီးစီရင်ခဲ့တဲ့ သတို့သား သတို့သမီး နဲ့ ကလေးငယ်တဦး အပါအ၀င် မွတ်စလင် အယောက် ၂၀ ကို သက်ဆိုင်ရာက မကြာသေး ခင်ရက်ပိုင်းအတွင်း နယ်အသီးသီးက ထောင်တွေကို ဖြန့်ခွဲပို့ဆောင်ခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၅ လခန့်က ရှမ်းပြည်နယ် ကွန်ဟိန်းမြို့မှာ မင်္ဂလာဆောင်တဲ့ သတို့သမီးနဲ့ သတို့သား၊ နှစ်ဘက် မိဘဆွေမျိုးအပါအ၀င်၊ အချက်အပြုတ်သမား၊ ကားမောင်းသူနဲ့ မင်္ဂလာပွဲလာသူ မွတ်စလင်တွေဖြစ်ကြပြီး သူတို့ကို လက်နက်တစုံတရာနဲ့ တိုင်းပြည်ဆူအောင်လုပ်ဆောင်မှု ပုဒ်မ ၅ (ဋ္ဌ) နဲ့ ပြည်ထောင်စု ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅(ည) နဲ့ တောင်ကြီးခရိုင်တရားရုံးမှာ ပြစ်ဒဏ်စီရင်ခဲ့တာပါ။

    ဒီလ ၁၂ ရက်နေ့က ပြစ်ဒဏ်စီရင်ရာမှာ ၁၇ နှစ်အရွယ်ကလေးကို ၇ နှစ်၊ သတို့သမီးတွေ၊ သတို့သားတွေနဲ့ အမျိုးသမီးတွေ အပါအ၀င် ကျန်သူတွေက ၁၄ နှစ်စီ၊ တဦးကတော့ တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုနဲ့ပါ ထောင်ဒဏ် စုစုပေါင်း ၁၉ နှစ်ချမှတ်ခဲ့ပါတယ်။ သယ်ဆောင်တဲ့ light truck တစီးနဲ့ ပရိုဘောက်စ်ကားတစီး၊ သတို့သမီးဆင်ယင်တဲ့ ရွှေထည် ပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

    တရားခံရှေ့နေ ဒေါ်ခင်မိုးမိုးက “ဒီလ ၂၅ ရက်နေ့က ဒီလူတွေကို ထောင်တွေ အသီးသီးခွဲပို့လိုက်ပြီ။ မြောင်းမြထောင်မှာ ၆ ယောက်၊ အဲဒီမှာ ကျမလူ ၅ ယောက်ပါတယ်၊ ပုသိမ်ထောင်မှာ ခြောက်ယောက်က လက်ပံကျေးရွာက သတို့သားရဲ့မိဘတွေ တဆွေမျိုးလုံး၊ သာယာဝတီထောင်မှာ ၄ ယောက်၊ တောင်ကြီးထောင်မှာက ၃ ယောက်ကျန်ခဲ့တယ်။ မန္တလေးထောင်က လူငယ်တယောက်၊ အားလုံးပေါင်း ထောင် ၅ ထောင်ဖြစ်သွားတာပေါ့ လူ ၂၀ က” လို့ ပြောပါတယ်။

    လွန်ခဲ့တဲ့ရက်ပိုင်းက တရားခံ ၃ ဦးအတွက်တာဝန်ယူတဲ့ ရှေ့နေ ဦးသိန်းရွှေက ပြည်နယ်တရား လွှတ်တော်မှာ အယူခံတက်ခဲ့ပြီး ကျန် ၁၇ ဦးအတွက်လည်း အယူခံတက်ကြမှာဖြစ်ပါတယ်။

    ခရိုင်တရားရုံးက မနှစ်အောက်တိုဘာလမှာ စွဲချက်စတင် ကတည်းက ဒေါ်ခင်မိုးမိုးက သူ့အမှုသည် ၇ ဦးအတွက် ပြည်နယ်တရား လွှတ်တော်မှာ အယူခံတက်ရာမှာ နေ့ချင်း အယူခံ ပယ်ခံရတာကြောင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဆက်တက်ခဲ့ပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် က လက်ခံခဲ့ပါတယ်။

    ဒေါ်ခင်မိုးမိုးက “စွဲချက်တင်ခံရတဲ့ပုဒ်မတွေနဲ့ ညိစွန်းခြင်းမရှိဘဲနဲ့ စွဲချက်တင်ခံရတဲ့ အ တွက်ကြောင့် ကျမတက်တာ။ အမျိုးသမီးလေး ၃ ယောက်ရယ်၊ ၁၇ နှစ်သားလေး ၁ ယောက်ရယ်၊ ကျန်တာက ကားအငှားလိုက်မောင်းပေးတဲ့ ကလေး ၁ ယောက်၊ တကယ့်ကို လုံးဝညိစွန်းခြင်းမရှိတဲ့ ၇ ယောက်ကို ရွေးတက်တာပါ။ အဲဒါတော့ လက်ခံရေး ရထားတယ်။ အပြီးသတ်ပြောပြီးရင်တော့ ဘယ်လိုဖြစ်မလဲမသိဘူး” လို့ ပြောပါတယ်။

    သူတို့တတွေကို စတင်ဖမ်းဆီးစဉ်က တရားမ၀င်အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အမှုဖွင့်ရာက နောက်ပိုင်းမှာ အမှုပြောင်းလဲ တရားစွဲဆိုပြီး ထောင်ဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း- ဇန်နဝါရီလ ၁၁ ရက်နေ့က စွပ်စွဲခံရသူများကို အမိန့်ချမှတ်ရန် တရားရုံးသို့ ခေါ်ဆောင်လာစဉ် (Photo Credit- 7Day)

    http://burmese.dvb.no/archives/79386

    ဖြည့်စွက်ဖော်ပြချက်
    =============
    စွပ်စွဲ ထောင်ချခံရသည့် မွတ်စလင် ၂၀ ဦး စာရင်း
    —————————————————–
    ၁။ ဦးကောင်းရှင် ၆၇ နှစ် (ဘ- ဦးဘရှင်) လက်ပံကျေးရွာ ၊ ကျောက်ဆည်
    ၂။ ဦးမင်းနိုင် ၃၇ နှစ် (ဘ- ဦးကောင်းရှင်) လက်ပံကျေးရွာ ၊ ကျောက်ဆည်
    ၃။ အောင်ဆန်းဝင်း (၁၇)နှစ် (ဘ-ဦးခင်မောင်ဌေး) လက်ပံကျေးရွာ ၊ ကျောက်ဆည်
    ၄။ မျိုးမင်းထွန်း (၂၄)နှစ် (ဘ-ဦးမြင့်ဟန်) လက်ပံကျေးရွာ ၊ ကျောက်ဆည်
    ၅။ ဒေါ်ခင်သန်းမြင့် (၆၅)နှစ် (ဘ-ဦးမိုးဇင်) လက်ပံကျေးရွာ ၊ ကျောက်ဆည်
    ၆။ မဖြူဖြူခိုင် (၂၆)နှစ် (ဘ-ဦးကောင်းရှင်) လက်ပံကျေးရွာ ၊ ကျောက်ဆည်
    ၇။ မအေးအေးဆန်း (၂၂)နှစ် (ဘ-ဦးသာထွန်း) ၃ ၇ပ်ကွက်၊ ကွန်ဟိန်းမြို့၊
    ၈၊ ဦးပိုက်ကမ်း(ခ) ဘုန်းရှင် (၅၅)နှစ် (ဘ-ဦးဘရှင်) သမ္မတရုံးဝန်း၊ နေပြည်တော်
    ၉။ သန့်ဇင်ထွေး (၂၅)နှစ် (ဘ-ဦးခင်မောင်လေး) မ/၂၀ ပြည်တော်အေးလမ်း နယ်မြေ(၁၁) မြို့မရပ် တောင်ကြီးမြို့၊
    ၁၀။ ဦးခင်မောင်ဦး (၅၂) နှစ် (ဘ-ဦးအဇစ်) ရုံးကြီးလမ်း၊ ရွှေနဒီ လက်ဖက်ရည်ဆိုင် သစ်တောရပ်၊ တောင်ကြီးမြို့၊
    ၁၁။ ဒေါ်ခိုင်ခိုင် (၅၄)နှစ် (ဘ-ဦးအဇစ်) ရုံးကြီးလမ်း၊ ရွှေနဒီ လက်ဖက်ရည်ဆိုင် သစ်တောရပ်၊ တောင်ကြီးမြို့၊
    ၁၂။ မြတ်သူ (၃၉)နှစ် (ဘ-ဦးဘချို) နယ်မြေ(၇)၊ ရွှေရည်ဝင်းလမ်းကြား၊ စိန်ပန်းရပ်၊ တောင်ကြီးမြို့၊
    ၁၃၊ ဘိုဘိုအောင် (၃၆)နှစ် (ဘ-ဦးတင်အောင်) လ/၁၂၈ နယ်မြေ(၇) တက်ခေတ်လမ်း၊ လမ်းမတော်ရပ်၊ တောင်ကြီးမြို့
    ၁၄။ စည်သူဟိန်း (၁၉) နှစ် ၊ (ဘ-ဦးဘမောင်) မ-၂ ဂျိုးဖြူလမ်း၊ကံသာရပ်၊ တောင်ကြီးမြို့၊
    ၁၅၊ သန်းခိုင် (၃၂)နှစ် (ဘ-ဦးဘိုငွေ) မ-၅၇၊ အုတ်ဖိုလမ်း၊ နယ်မြေ(၁၀) မြို့မရပ်၊ တောင်ကြီးမြို့
    ၁၆၊ နောင်နောင် (၂၆)နှစ် (ဘ-ဦးစိုးမြင့်) မ-၈၈ နယ်မြေ(၁၀) ဂျိုးဖြူလမ်း ၊ ကံသာရပ်၊ တောင်ကြီးမြို့၊
    ၁၇။ အောင်ထူးသက် (၄၇) နှစ်၊ (ဘ-ဦးခင်မောင်လတ်) မ-၃၀၈ ရေမဲလမ်း၊ မြို့မရပ်၊ တောင်ကြီးမြို့၊
    ၁၈။ ဌေးဝင်း (၄၄) နှစ် ၊ (ဘ-ဦးမြ) မ-၃၉ နယ်မြေ(၁၀)၊ ဂျိုးဖြူလမ်း၊ ကံသာရပ်၊ တောင်ကြီးမြို့၊
    ၁၉။ မျိုးမင်းနိုင် ၊ (၃၂)နှစ် (ဘ-ဦးကောင်းရှင်) မြို့မရပ်၊ တောင်ဗလီဆရာ၊ တောင်ကြီးမြို့၊
    ၂၀၊ သိန်းဇော်(ခ) ခံဖ (၅၃)နှစ် (ဘ-ဦးမောင်မောင်) မ-၅၆၁ ဒေါနလမ်း၊ စိန်ပန်းရပ်၊ တောင်ကြီးမြို့၊

    ဆက်စပ်သတင်းများ ဖတ်ရန်
    ===================
    အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်
    http://www.m-mediagroup.com/news/36320

    တောင်ကြီးမှာ ဖမ်းခံထားရတဲ့ မွတ်စလင်၂၀ဦး အကြောင်း ၄င်းတို့ ရှေ့နေနှင့်တွေ့ဆုံခန်း
    http://www.m-mediagroup.com/news/32824

    မွတ်ဆလင်တွေဘက်ကလိုက်သည့် အမှုလိုက်ရှေ့နေ ခြိမ်းခြောက်ခံရ
    http://www.m-mediagroup.com/news/35186

    တောင်ကြီးမြို့ အစ္စလမ်ဘာသာဝင်များ အမှု ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ ဆက်လက် တင်ပြမည်
    http://www.m-mediagroup.com/news/34148

    မွတ်စလင် ၂၀ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်
    http://burmese.dvb.no/archives/76870