စက်တင်ဘာ ၉၊ ၂၀၁၆
M-Media
– အမေရိကန်သိပ္ပံပညာရှင်တွေဟာ လက်သည်းခွံလောက်သာ အရွယ်အစားရှိတဲ့ ရေသန့်ကိရိယာလေးတစ်ခုကို တီထွင်လိုက်ပြီး ရေထဲက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို နေရောင်ခြည်အသုံးပြုကာ အထိရောက်ဆုံး သတ်နိုင်တယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Stanford တက္ကသိုလ်က တီထွင်ခဲ့တာဖြစ်ပြီး ၁ စင်တီမီတာနဲ့ ၂ စင်တီမီတာ အရွယ်အစားရှိတဲ့ အဲဒီ ရေသန့်ကိရိယာလေးဟာ မိနစ် ၂၀ အတွင်းမှာ ရေထဲက ဘက်တီးရီးယား ၉၉.၉ ရာခိုင်နှုန်းကို သေစေနိုင်တယ်လို့ ဓာတ်ခွဲခန်း စမ်းသပ်မှုရလဒ်ကို Nature Nanotechnology စာစောင်မှာ ပြီးခဲ့တဲ့ လက ဖော်ပြခဲ့ပါတယ်။
“ရေကို သန့်စဉ်တဲ့နေရာမှာ နေရောင်ခြည်ကို အသုံးချနိုင်ရေး ပိုကောင်းတဲ့နည်းလမ်းတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့် အခုသုံးနေတဲ့ ‘ဖိုတိုကတ်တလစ်’ (နေရောင်ခြည်စွမ်းရည်သုံးကာ ဓာတုဗေဒဓာတ်ပြုမှု ဖြစ်ပေါ်သည့် ပစ္စည်း) တွေကတော့ များသောအားဖြင့် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုတာ ဖြစ်ပါတယ်” လို့ သုတေသနအဖွဲ့ခေါင်းဆာင် ချုံလျူက ပြောကြားခဲ့ပါတယ်။
အဲဒီအဖွဲ့က အခုတီထွင်လိုက်တဲ့ ကိရိယာကတော့ ခရမ်းလွန်ရောင်ခြည်တင်မကဘဲ လူတွေမြင်နိုင်တဲ့ သာမန်အလင်းရောင်တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်တီးရီးယား သတ်နိုင်စွမ်းကတော့ မယုံနိုင်လောက်အောင် မြင့်မားပါတယ်။ လျူ ကတော့ စမ်းသပ်မှုရလဒ်တွေအရ အင်မတန် အားရစရာကောင်းတယ်လို့လည်း ဆိုပါတယ်။
“အားအသာဆုံးတစ်ချက်က ဒီကိရိယာလေးဟာ နေရောင်ခြည်စွမ်းအင်ကို ၅၀ ရာခိုင်နှုန်းလောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ရေသန့်စင်တဲ့နှုန်းကို တော်တော်လေး လျင်မြန်စေပါတယ်။ နောက်ထပ် အပိုထပ်ဆောင်းပြီး စွမ်းအင်အသုံးပြု ရတာမျိုး မရှိတော့ပါဘူး”
အခုအသုံးပြုနေတဲ့ သာမန် ရေသန့်ကိရိယာတွေဟာ ခရမ်းလွန်ရောက်ခြည်တွေကို အသုံးပြုတာဖြစ်ပြီး ရေသန့်စဉ်ဖို့အတွက် အနည်းဆုံး ၂ ရက်လောက် ကြာမြင့်ပါတယ်။
ဒီကိရိယာအသစ်ကိုတော့ မိုလီဘ်ဒီနမ် ဒိုင်ဆာလ်ဖိုက်လို့ခေါ်တဲ့ အင်အော်ဂဲနစ် ဒြပ်ပေါင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး နေရောင်ခြည်က ဒီဒြပ်ပေါင်းထဲမှာရှိတဲ့ အီလက်ထရွန်လေးတွေကို လှုံ့ဆော်ပေးရာကနေ ရေ၊ အောက်ဆီဂျင်တို့နဲ့ ဓာတ်ပြုကာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာ ဖြစ်ပါတယ်။
လျူကတော့ ဒီကိရိယာလေးဟာ စွမ်းအင်နဲ့ ရေရှားပါးတဲ့ နိုင်ငံတွေက ပြည်သူလူထုကို အကူအညီပေးနိုင်မယ့် အခြေအနေမျိုး ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၆၆၀ ကျော်လောက်ဟာ ကောင်းမွန်တဲ့ ရေအရင်းအမြစ်ကို မရရှိဘဲ အနည်းဆုံး ၁.၈ ဘီလီယံလောက်ကလည်း ညစ်ညမ်းတဲ့ရေတွေကို သန့်စင်ပြီး ပို့လွှတ်တဲ့ ရေတွေကို အသုံးပြုနေရတယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Ref: Aljazeera