News @ M-Media

Tag: The Voice

  • အစ္စလာမ်အကြောင်း လွဲမှားစွာ  ရေးသားမှု The Voice အယ်ဒီတာချူပ် တာဝန်ယူ၊ တောင်းပန်စာနှင့် အမှားပြင်ဆင်ချက် ထည့်ပေးမည်ဟုပြော

    အစ္စလာမ်အကြောင်း လွဲမှားစွာ ရေးသားမှု The Voice အယ်ဒီတာချူပ် တာဝန်ယူ၊ တောင်းပန်စာနှင့် အမှားပြင်ဆင်ချက် ထည့်ပေးမည်ဟုပြော

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    မိုးစက်

    12347844_488314204674578_8274002353756379686_n
    ဘာသာပြန် အမှားများကို ပြင်ဆင်ပေးရန် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ပေးစာကို အယ်တီတာချူပ် ဦးကျော်မင်းဆွေ ထံသို့ ပေးအပ်ခဲ့ပုံ ဓါတ်ပုံ- Zaw Min Tun FB

    ရန်ကုန်။    ။ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် The Voice Daily တွင် အစ္စလာမ်ဘာသာနှင့် ပတ်သက်ပြီး လွဲမှားစွာဖော်ပြထားသည့် ဘာသာပြန် ဆောင်းပါးတွင် ပါရှိသည့် အချက်များကို ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အတွက် အစ္စလာမ်ဘာသာဝင်များက The Voice Daily မှ တာဝန်ရှိသူများအား တောင်းဆိုခဲ့ကြပါတယ်။

    The Voice Daily သည် အမေရိကန်နိုင်ငံထုတ် National Geographic မဂ္ဂဇင်းတွင် ပါရှိသည့် ဆောင်းပါးကို ဘာသာပြန်ဆိုရာတွင် အစ္စလာမ်ဘာသာရေး၏ ဝေါဟာရအသုံးအနှုန်းများကို လွဲမှားစွာ ဖော်ပြထားသည့် အပြင် တမန်တော်မိုဟမ္မဒ်(Peace be upon him) ၏ ပုံကိုဖော်ပြထားခြင်းမှာလည်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် အကြား ဝေဖန်ရှုံချမှုတွေ ဖြစ်ပွားခဲ့တယ်။

    Apolo
    ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ယင်းသတင်းစာတွင် ပါရှိသည့် အမှားများကို ထောက်ပြသည့် အိတ်ဖွင့်ပေးစာ  [Link ] တစောင် ရေးသားခဲ့သည့် ဆောင်းပါးရှင် ဂျူလိုင်ရဲရင့်မှ  The Voice Daily သတင်းစာ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေထံသို့ လူမှုကွန်ယက်မှ တစ်ဆင့်ပေးပို့ခဲ့ရာ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဦးကျော်မင်းဆွေက “ပုံမှန်အားဖြင့်တော့ ဘယ်ဘာသာရေး ဘယ်ဝါဒမှိုင်းမှ မပါအောင် အလယ်အလတ်လမ်းကသွားတဲ့ မီဒီယာဖြစ်အောင် ကျွန်တော် ကြိုးစားတည်ဆောက်နေပါတယ်။ အခုဟာက မမျှော်လင့်ပဲဖြစ်သွားတာပါ။  National Geographic ကထုတ်ဝေတဲ့ Essential Visual History of The World ထဲမှာပါတဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ ဘာသာပြန်အလွဲအချော်နဲ့ စာမျက်နှာ အပြင်အဆင်အရ နားလည်မှုလွဲသွားစေတဲ့ အထိ ဖြစ်သွားတာပါ။ အဲဒီ အတွက် မူရင်း အင်္ဂလိပ်လိုနဲ့ပါတွဲပြီး ပြင်ဆင်တောင်းပန်ချက် ထည့်ပေးသွားမှာပါဗျ။” ဆိုပြီး ပြန်လည်ဖြေကြားခဲ့သလို ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး အယ်ဒီတာချူပ်ဖြစ်သူ ၄င်းထံတွင်သာ တာဝန်အရှိဆုံးဖြစ်ကြောင်း၊ အဆိုပါ ကိစ္စ အတွက် လေးလေးစားစား တောင်းပန်ကြောင်း Facebook မှ တဆင့်ပြောကြားမှုကို  ကိုဂျူလိုင်ရဲရင့်ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

    ထိုသို့ အမှားများ၊ အလွဲများနှင့် ပတ်သတ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသာရေးအဖွဲ့ကြီးမှ The Voice Daily သတင်းစာ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေထံသို့ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် The Voice Daily တွင် သာသနာရေးနှင့် သမိုင်းဆိုင်ရာအမှားများ၊ ဘာသာရပ်ဆိုင်ရာ ဝေါဟာရအမှားများကို ပြန်လည်ပြင်ဆင်ဖော်ပြပေးရန်အတွက် စာ တစောင် ပေးပို့ထားကြောင်း သိရပါတယ်။

    “ကျွန်တော်တို့ပြောတော့ သူတို့အမှားကို သူတို့ဝန်ခံပါတယ်။ သူတို့ရဲ့ အမှားအတွက် သူတို့အပြည့်အဝ တာဝန်ယူပေးမယ်ဆိုတော့ ကျွန်တော်တို့က ကျေနပ်ပါတယ်။ အခြားမီဒီယာတွေလည်း ဒီဖြစ်ရပ်ကို အတုယူပြီးတော့ ဘာသာရေးနဲ့ပတ်သက်ပြီး မှားယွင်းဖော်ပြခဲ့မိရင် အမှားကိုသိပြီး အမှန်ပြင်ဖို့ အတုယူစေချင်ပါတယ်” အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဦးတင်မောင်သန်းက M-Media ကို ပြောခဲ့ပါတယ်။

    ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး The Voice Daily သတင်းစာ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေထံသို့ သွားရောက် ဆွေးနွေးခဲ့သူ ကိုဇော်မင်းထွန်းက “ကျွန်တော်တို့ ဒီလိုဖြစ်ရပ်တွေဆိုတာ အွန်လိုင်းမှာပဲ ရှင်းနေလို့မပြီးဘူး။ အဲတော့ မျက်နှာချင်းဆိုင်ရှင်းရအောင်လို့ ကျွန်တော်နဲ့ သုံးလေးယောက် ကိုကျော်မင်းဆွေနဲ့ သွားတွေ့ခဲ့တယ်။ သူတို့ဘက်ကလည်း သူတို့အမှားကို သူတို့ ဝန်ခံတယ်။ ဘာသာပြန်တဲ့ ကောင်လေးကိုလည်း တွေ့ပေးတယ်။ တမန်တော်မိုဟမ္မဒ်(Peace be upon him) ရဲ့ပုံကို သုံးတာနဲ့ပတ်သက်ပြီး မူရင်းစာအုပ်မှာက အခြားစာကိုဖော်ပြတဲ့ ပုံတစ်ပုံပါတယ်။ အဲဒါကို ဘာသာပြန်တဲ့လူက နားလည်မှုလွဲပြီး ဒီနေရာမှာ တမန်တော်ပုံထည့်ရမယ်ဆိုပြီး သူ Googling လုပ်လိုက်တယ်။ တွေ့တဲ့ပုံကိုကောက်ထည့်လိုက်တာ။ သူတို့ပြောတာကိုကြည့်ရတာတော့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာတော့ မတွေ့ရဘူး။ လွဲချော်မှုတွေကြောင့်ဆိုတာ သိသာပါတယ်” လို့ M-Media ကို ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည်ရှင်းပြခဲ့ပါတယ်။

    The Voice Daily သတင်းစာဘက်မှ တောင်းပန်စာနှင့်  အမှားပြင်ဆင်ချက်ကို ဒီဇင်ဘာလ (၉) ရက် (သို့မဟုတ်) ဒီဇင်ဘာလ (၁၀) ရက်ထက်နောက်မကျဘဲ ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရပါတယ်။

    ဆက်စပ် ဆောင်းပါးဖတ်ရန်
    ——————————-
    The Voice, The Hate Voice, or Non-Ethic Voice ? (The Voice မီဒီယာသို့ ပေးစာတစ်စောင်)
    http://www.m-mediagroup.com/news/49598
    12321467_508147339349232_256815317224902251_n

    12313818_508147482682551_327711604736328412_n

    12227026_508147536015879_4723640040175671466_n 11222397_508147612682538_3077847911240884602_n

  • The Voice, The Hate Voice, or Non-Ethic Voice ? (The Voice မီဒီယာသို့ ပေးစာတစ်စောင်)

    The Voice, The Hate Voice, or Non-Ethic Voice ? (The Voice မီဒီယာသို့ ပေးစာတစ်စောင်)

    1

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက် တနင်္ဂနွေနေ့ထုတ် The Voice Daily စာမျက်နှာ ၂၂ ပါ ကန့်ကွက်ရှုတ်ချဖွယ် ဘာသာပြန်ရေးသားချက် များနှင့် စပ်လျဉ်း၍ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားလိုက်ပါသည်။

    ပင်ကိုယ်ရေးသော်လည်းကောင်း၊ ဘာသာပြန်သော်လည်းကောင်း ဘာသာတရားတစ်ရပ်ရပ်နှင့်ပတ်သက်ပြီး ရေးသားဖော်ပြမည်ဆိုလျှင် သက်ဆိုင်ရာဘာသာတရား၏ အခြေခံအကြောင်းတရားများ၊ ဓလေ့ထုံးတမ်းများကို နည်းများမဟူ တီးမိခေါက်မိအောင် လေ့လာထား၊ ဖတ်ရှုထားသင့်ပါသည်။ သို့မဟုတ်ပါက မလိုလားအပ်သည့် ပြဿနာများ၊ အမုန်းတရားမီးပွားများ ထတောက်လာအောင် ဖန်တီးရာရောက်ပါသည်။

    အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် National Geographic မဂ္ဂဇင်းကြီး၏ရေးသားဖော်ပြချက်များမှာ မီဒီယာကျင့်ဝတ်နှင့်ညီညွတ်ခြင်း၊ အကြောင်းအရာခိုင်မာခြင်း၊ အရေးအသားပြေပြစ်ညက်ညောခြင်း၊ အမှားအယွင်းနည်းပါးခြင်း စသည်တို့ကြောင့် ကမ္ဘာတလွှားတွင် သန်းပေါင်းများစွာသော ပရိသတ်ရှိနေပါသည်။ မည်သည့်အခါမျှ လက်လွတ်စပယ် ရေးသားဖော်ပြခြင်း မရှိသလို အကြိမ်ကြိမ်အဖန်ဖန် တည်းဖြတ်ပြီးမှသာ ပရိသတ်၏လက်ဝယ်သို့ ပို့ကြောင်း သိရှိရပါသည်။ ယခု လူကြီးမင်းတို့၏ The Voice သတင်းစာ အတွင်း ဘာသာပြန်ရေးသားဖော်ပြချက်များ၌ သာမန်မှားယွင်းမျိုး အဆင့်ထက်ကျော်လွန်ပြီး အတော်အတန် မဖွယ်မရာသော အချက်အချို့ကို တွေ့လိုက်ရပါသည်။ ၎င်းတို့အနက် မတော်တဆ မဟုတ်ပဲ တမင်ကြံစည်ထားသလားဟု အထင်ရောက်သွားနိုင်စေသည်များလည်း ပါဝင်နေပါသည်။

    အစ္စလာမ်ဘာသာရေး၏ ဝေါဟာရအသုံးအနှုန်းအများစုသည် အရဗီဘာသာစကား Arabic Language ဖြစ်နေသဖြင့် အရဗီစာပေနှင့် မရင်းနှီးသူများအဖို့ ရေးသားဖော်ပြရာတွင် လွဲချော်လေ့ရှိပါသည်။ အနီးစပ်ဆုံးအသံထွက်ဖြစ်နေခဲ့လျှင် မည်သူမဆို နားလည်ပေးလို့ရပါသည်။ ဥပမာ – (တမန်တော်) မိုဟာမက်၏ အသံထွက်နှင့်ဝေါဟာရအမှန်သည်  “မုဟမ္မဒ်” ဖြစ်ပါသည်။ အစ္စလာမ်သာသနာ၌ ကိုးကွယ်ရာအရှင်ကို Allah “အလ္လာဟ်” ဟုရေးပါသည်၊ အလ္လာ/အလာ မဟုတ်ပါ။

    အဆိုပါဂျာနယ် စာမျက်နှာ ၂၂ မှ (၆၁၀-၆၆၁ ခေါင်းစဉ်တပ်) ပထမဆုံးစာပိုဒ် စာကြောင်းရေ ၆ ၌ “၎င်းသေဆုံးချိန်တွင်” ဟု ရေးထားသည်။ လက်ရှိမြန်မာနိုင်ငံ အတွင်း ဘာသာရေးအရ ထိလွယ်ရှလွယ်ဖြစ်နေဆဲအခြေအနေကြောင့် အပြန်အလှန် လေးစားမှုအရ “ကွယ်လွန်သည်” ဟု ရေးသင့်ပါသည်။ မြန်မာစာတတ်သည့် အစ္စလာမ်ဘာသာဝင်များသည်ပင်လျှင် ရှင်တော်ဂေါတမဗုဒ္ဓမြတ်စွာ ဘုရားအား ဗုဒ္ဓဘာသာဝင်တို့၏ လေးမြတ်သောအသုံးအနှုန်းအတိုင်း “ပရိနိဗ္ဗာန်စံတော်မူသည်” ဟုသာ သုံးနှုန်းဖော်ပြလေ့ရှိကြောင်း တွေ့နိုင်ပါသည်။ ၎င်းစာကြောင်းမှာပင် “အန်မာ(အသိုင်းအ၀န်း)” ဟု ရေးသားပါသည်။ အသံထွက်အမှန်မှာ အွမ္မဟ် Ummah ဖြစ်ပြီး အဓိပ္ပာယ်မှာ လူ့အဖွဲ့အစည်း/ပြည်သူလူထု ဖြစ်ပါသည်။ (တမန်တော် ကွယ်လွန်ချိန်က မဒီနဟ်မြို့ပြ၌ မှီတင်းနေထိုင်နေကြသူများသည် အစ္စလာမ် ဘာသာဝင်တစ်မျိုးတည်း မဟုတ်ပါ။ ခရစ်ယာန်၊ ဂျူး/ရေ၀တီ၊ ဘာသာမဲ့၊ ရိုးရာကိုးကွယ်သူများအားလုံး စုစည်းညီညွတ်သင့်မြတ်စွာ နေထိုင်လျက်ရှိခဲ့ပါသည်။ လူမျိုးနွယ်စုံ အယူဝါဒစုံ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ၎င်းကို အွမ္မဟ် ဟုသာ ရည်ညွှန်းပြောဆိုသုံးနှုန်းခဲ့ကြသည်)။  ဤစာပိုဒ်၏နောက်ဆုံး ပိုင်းတွင် ရေးသားတင်ပြထားချက်က အစ္စလာမ်သာသနာနှင့် အစ္စလာမ်ဘာသာဝင်များ အားလုံး အပေါ် စော်ကားရာ ရောက်သွားစေပါသည်။

    “အနည်းစု (ရှီးယား)က အလ္လာ၏၀မ်းကွဲညီအစ်ကို အလီကို တရားဝင်ဆက်ခံသူအဖြစ် အသိအမှတ်ပြုသည်” ဟု ရေးသားထားသည် ကို တွေ့ရသည်။ အမှန်တကယ် ရေးသားရမည်မှာ “တမန်တော်၏၀မ်းကွဲညီအစ်ကို အလီ” ဟူ၍ ဖြစ်ရပါမည်။ အလီသည် တမန်တော် မုဟမ္မဒ်၏ ညီဝမ်းကွဲ ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတစ်ပါးတည်း သန့်စင်စွာ တည်နေရှိသော ဖန်ဆင်းရှင်၊ ကိုးကွယ်အပ်ရာ အရှင်သခင်အဖြစ် အစ္စလာမ်ခေါင်းစဉ်အောက်မှ အုပ်စုတိုင်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး အပြင်းစားယုံကြည်ထားကြပါသည်။ အစ္စလာမ်သာသနာ၏ကျမ်းဂန် ကုရ်အာန်၌လည်း အောက်ပါကဲ့သို့ အတိအလင်း ဖော်ပြထားပါသည်။

    (အို – နဘီတမန်တော်) အသင်သည် ဤသို့ပြောကြားပါလေ။ (ထို) အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတစ်ပါးတည်း ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းမှ အကြွင်းမဲ့ကင်းရှင်းတော်မူသော – အရာအားလုံး၏ မှီခိုအားထားရာဖြစ်သော နိစ္စထာဝရအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည် မဟုတ်ပေ။ ထိုမှတပါး ထိုအရှင်မြတ်နှင့် ဂုဏ်ရည်တူသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပါလေ။ ကုရ်အာန်(၁၁၂း၁-၄)

    ဤမျှအထိ ရိုးစင်းရှင်းလင်းစွာဖော်ပြထားချက်ကို ထောက်ချင့်ပြီး ဂျာနယ်ပါရေးသားချက်မှာ အစ္စလာမ်သာသနာဝင် အပေါင်း၏ ကိုးကွယ်ရာ အရှင့်ဂုဏ်ရည်အပေါ် လုံးလုံးလျားလျား ထိပါးစော်ကားရာရောက်နေကြောင်း သိမြင်ပါလိမ့်မည်။   စာစီစာရိုက်အမှား၊ ဘာသာပြန်စာလုံးကျန်ရစ်မှု စသည်တို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါသည်။ ဤသည်ကို လျစ်လျူရှုလိုက်ပါလျှင် တည်ဆဲဥပဒေများအရ နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား၊ ဘာသာတရားဆိုင်ရာ ယုံကြည်ချက်များကို ထိခိုက်စေခြင်း၊ ဘာသာသာသနာ၏ဂုဏ်အင်သိက္ခာကို ညှိုးနွမ်းစေခြင်းတို့အား ကျူးလွန်လုပ်ဆောင်ရာရောက်သွားမည်ဖြစ်ပါသည်။ အကယ်၍ တမင်ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ ရိုးသားသော မှားယွတ်ချွတ်ချော်မှုဖြစ်ပါက လူကြီးမင်းတို့အနေဖြင့် လာမည့်ရက်တင် ထုတ်မည့် သတင်းစာတွင်  “အမှားအယွင်းပြင်ဆင်မှု” ကို အများမြင်သာအောင် တခုတ်တရ ဖော်ပြပေးရန် တာဝန်ရှိပါသည်။

    b

    တစ်ခါ ယင်းစာပိုဒ်၏အောက်တည့်တည့်ဓာတ်ပုံကိုလည်း “မိုဟာမိတ်၏ မွေးရပ်မြေ မက္ကာ” ဟု caption စာတန်းထိုးထားပြန်ပါသည်။ ဘာသာတရားတစ်ရပ်မှ ဦးသျှောင်လူသား၏အမည်နာမကို ဤမျှအထိ အရိုအသေတန်စွာ မရေးသားသင့်ပါ။ ထို့ပြင် ၎င်းပုံသည် မက္ကဟ်မြို့၏၀တ်ကျောင်းတော်ကြီးဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိထားကြပါသည်။ အမှန်တကယ်ဖော်ပြသင့်သည်မှာ  “မိုဟာမက်၏ မွေးရပ်မြေ မက္ကာရှိ ဗလီဝတ်ကျောင်းတော်” ဖြစ်ရပါမည်။ ဗလီ သို့မဟုတ် ၀တ်ကျောင်းတော် ဟူသော စာသားကို တမင်ချန်ရစ်ထားသလားဟူသည်ကို ကာယကံရှင်များသာ အသိဆုံးဖြစ်ပါမည်။

    တဖန် (အစ္စလာမ် သမိုင်း) ခေါင်းစဉ်တပ်စာပိုဒ်ရှိ သက္ကရာဇ်စဉ် ဒုတိယစာကြောင်းတွင်လည်း “၆၃၂ မိုဟာမိတ် သေဆုံး” ဟုလည်းကောင်း၊ (အချိန်ပြမျဉ်း) ခေါင်းစဉ်တပ်စာပိုဒ် သက္ကရာဇ်စဉ် ပဉ္စမစာကြောင်းတွင်လည်း “၆၃၁ ဇွန် မဒီနာတွင် မိုဟာမက် သေဆုံး” ဟုလည်းကောင်း နောက်ထပ်နှစ်ကြိမ်တိုင်တိုင် မဖွယ်ရာလွန်းစွာ သုံးနှုန်းထားကြောင်း တွေ့ရပြန်ပါသည်။
    c
    သို့သာမကသေး ဤစာပိုဒ်နှင့်ဘေးချင်းယှဉ်လျက် တမန်တော် မုဟမ္မဒ်၏ ပုံကို ဖော်ပြလိုက်ခြင်းအပေါ် အလွန် အကျည်းတန်သော လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အစ္စလာမ်ဘာသာဝင်မှ တမန်တော်မုဟမ္မဒ်အား ပုံတူရေးဆွဲသရုပ်ဖော်ခြင်းအမှုကို လက်သင့်မခံ၍ဖြစ်ပါသည်။ တမန်တော်ကိုယ်တိုင် သက်ရှိထင်ရှားရှိစဉ်က ယင်းသို့ဖြစ်မလာစေရန် အတွက် သက်ရှိရုပ်ပုံကားချပ်များရေးဆွဲခြင်းကို တားမြစ်တော်မူခဲ့ပါသည်။ ထပ်ဆင့်ဆိုရလျှင် သမိုင်းမှတ်တမ်းလာ တမန်တော်မုဟမ္မဒ် (ငြိမ်းချမ်းစေသား)၏ ရုပ်ရည်သွင်ပြင်လက္ခဏာများမှာ လက်ရှိကာလ၌ တွေ့နေရသည့် မှန်းဆပုံဖော်ချက်ပန်းချီရုပ်ပုံများနှင့် တက်တက်စင်အောင် မှားယွင်းလွဲချော်လျက်ရှိကြောင်း ဖြည့်စွက်အသိပေးလိုပါသည်။

    တမန်တော်၏ပုံတူ(ရုပ်ပုံ)ကို မှန်းဆရေးဆွဲမှုမှသည် ရုပ်ပြောင်အဆင့်အထိ စော်ကားရေးဆွဲခဲ့သဖြင့် ကမ္ဘာ့နေရာအများအပြားရှိ အစ္စလာမ် ဘာသာဝင်များ မည်သို့ တုန့်ပြန်ခဲ့ကြပုံကို ခေတ်နှင့် မျက်ခြေမပြတ်သော မီဒီယာသမား လူကြီးမင်းတို့အနေဖြင့် သိရှိထားကြပြီးဖြစ်ပါသည်။ ယုတ်စွအဆုံး လူကြီးမင်းတို့ ကိုးကားဘာသာပြန်သည့် စာအုပ်/စာစောင်များတွင် ဖော်ပြထားနေလင့်ကစား လူကြီးမင်းတို့အနေဖြင့် မီဒီယာသတိ၊ ဘာသာတရားဆိုင်ရာ ဗဟုသုတများ၊ နိုင်ငံရေး အကူးအပြောင်း အသိတရားများကို အခြေပြု၍ မဖော်ပြအပ်ပါကြောင်း အသိပေးပါသည်။

    အဆိုပါစာမျက်နှာ၏ထိပ်စည်းတွင်လည်း “အပတ်စဉ် တနင်္ဂနွေနေ့ တစ်ပတ်ခြား ပုံမှန်ဖော်ပြသွားမည်ဖြစ်သည်” ဟု အသိပေးကြေငြာ ထားပါသည်။ ဗွေဆော်ဦး ဘာသာပြန်ရေးသားဖော်ပြချက်မှာပင်လျှင် မဖွယ်ရာမှုများ ပါဝင်နေခြင်း၊ လူထုလက်သို့မပို့မီ အသေအချာ တည်းဖြတ်မှု မပြုခြင်းတို့ကို ထင်ထင်ရှားရှားတွေ့မြင်နေရပါသည်။ ဤအတိုင်းသာ ဆက်၍လွှတ်ထားပါလျှင် ရှေ့ဆက်စာစောင်များ၌ ဤသည်ထက် ဆိုးဝါးသော ပရမ်းပတာရေးသားဖော်ပြချက်များ ပါဝင်လာတော့မည်ဖြစ်ကြောင်း လူအများမှ ရိပ်စားနားလည်နိုင်ပါသည်။

    အကယ်၍များ လူကြီးမင်းတို့မှ သဘောရိုးဖြင့် message ပေး ရေးသားဖော်ပြလိုခြင်း မှန်ပါက အစ္စလာမ်သာသနာအကြောင်း အလျဉ်းမသိရှိသူ၊ မလေ့လာထားသူ၊ အပြန်အလှန်လေးစားတန်ဖိုးထားမှုကို ဂရုမစိုက်သူ၊ (အစ္စလာမ်သာသနာအပေါ် တစ်ဖက်သတ်အမြင်လွဲကြောက်မုန်းရောဂါ) Islamophobia ဝေဒနာသည်များဖြင့် စာတစ်ပုဒ်ဖြစ်ပြီးရော ရေးသားစေသည်ထက် (လူကြီးမင်းတို့ထံ၌ ယင်းသို့အရည်အသွေးပိုင်ရှင် မရှိပါကလည်း) ရေးပြီးစာမူများကို အစ္စလာမ့်ရေးရာနားလည်တတ်ကျွမ်းသူများထံ ဦးစွာပြသတိုင်ပင်ခြင်း၊ အသေအချာစိစစ်တည်းဖြတ်ခြင်းပြီးမှသာ ဖော်ပြသင့်ပါသည်။

    သတိမမူ ဂူမမြင်ခြင်းသာ ဖြစ်ပါစေဟု နှလုံးသွင်း၍ အသိပေးရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ ခိုင်မာတည်ကြည်သော မီဒီယာကျင့်ဝတ်ကို စောင့်ထိန်းနိုင်ကြပါစေ။ ဘာသာတရားအချင်းချင်း၊ ဘာသာဝင်များအချင်းချင်း အပြန်အလှန် လေးစား နားလည်တတ်ကြပါစေ။ အမှန်တကယ် ပြောင်းလဲချိန်တန်ပြီ ဟု အမြင်ထားတတ်ကြပါစေ။

    ဂျူလိုင်ရဲရင့်
    ၇.၁၂.၂၀၁၅၊ တနင်္လာနေ့

  • The Voice: လူအုပ်စုကြီး၏ နောက်ကွယ်ကို ရှာဖွေခြင်း

    The Voice: လူအုပ်စုကြီး၏ နောက်ကွယ်ကို ရှာဖွေခြင်း

    ဇူလိုင် ၁၃ ၊ ၂၀၁၄

    The Voice မှ ကူးယူဖော်ပြပါသည်။

    လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ ထိုသေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။

    ထိုအဖြေကို ရခိုင်၊ နတ်တလင်း၊ ဥက္ကံ၊ လားရှိုး၊ မိတ္ထီလာတို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအသုံးချ အဓိကရုဏ်းများ ပြီးကတည်းက သိလိုနေကြသည်။ မန္တလေး ပဋိပက္ခ ဖြစ်စဉ်အပြီးတွင် ပြည်သူများ သိလိုစိတ် ပိုပြင်းပြလာသော အကြောင်းခြင်းရာ တစ်ခုလည်း ဖြစ်သည်။

    “ဒီအကွက်ကြီးက ရိုးနေတဲ့ အကွက်ကြီးပဲ။ ဒါဖန်တီးမှု၊ လုပ်ကြံမှု၊ ဘာသာရေးကို ခုတုံးလုပ် အရောင်ပြပြီး နိုင်ငံရေးလုပ်ကြံမှု” ဟု မိန့်ဆိုလာသူက အမရပူရမြို့ ဂန္ဓာရုံကျောင်းတိုက် ဘဝအလင်း ဆရာတော် ဦးသောဘိတ ဖြစ်သည်။

    အဖြစ်အပျက်အစဉ်

    မည်သို့ပင်ဆိုစေ ထိုလက်ရဲဇက်ရဲ လူတစ်စုကတော့ မြို့ပေါင်းများစွာကို ခရီးဆက်ခဲ့သည်။ ထပ်မံ ခရီးဆက်ရန်လည်း ပြင်နေလောက်ပြီ။ တပ်မတော် တပ်ရင်းပေါင်း ဆယ်ချီ ဝန်းရံနေသည့် တပ်မြို့တော် မိတ္ထီလာ။ ထိုမှတစ်ဖန် သမိုင်းအစဉ်အလာကြီးသည့် ကမ္ဘာသိ ယဉ်ကျေးမှုမြို့တော် မန္တလေး။ အဆိုပါ မြေပြန့်ဒေသများအပြင် လားရှိုးနှင့် ရခိုင်နယ်ကဲ့သို့ တောင်ပေါ်ဒေသများထိပါ အလိုကျ ခြေဆန့်နိုင်ခဲ့ကြသည်။

    မိတ္ထီလာ၊ မန္တလေး ဖြစ်ရပ်များမှအစ လားရှိုး၊ ရခိုင် ကိစ္စများအဆုံး မြန်မာပြည် တစ်နံတစ်လျား၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခတိုင်း၏ အစပျိုးမီးမွှေးမှု၊ ဆက်လက်ဖြစ်ပွားမှု၊ အဆုံးသတ်သွားပုံများမှာ ခပ်ဆင်ဆင် ဖြစ်နေသည်။

    မိတ္ထီလာပုံစံ

    မိတ္ထီလာတွင် ရွှေဆိုင်ကိစ္စ စကားများရာမှ စနစ်တကျ လေ့ကျင့်ထားဟန် ရှိသော လူအုပ်တစ်အုပ် ရောက်လာပြီး ဆိုင်များကို ဖျက်ဆီးသည်။ ညပိုင်းတွင် ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးပြီး ပြဿနာကို အစပျိုး မီးထိုးနိုင်သော လောင်စာအဖြစ် လူများကို သတ်ဖြတ်သည်။

    “လက်ပံတောင်းတောင် ကိစ္စ၊ မဟာသန္တိသုခ ဖြစ်စဉ်တွေမှာ (ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန်) လုပ်ခဲ့တာနဲ့ မိတ္ထီလာ၊ မန္တလေး ပဋိပက္ခတွေမှာတော့ လျော့တိလျော့ရဲ ကိုင်တွယ်တာတွေကို နှိုင်းယှဉ် အကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီဘာသာရေး ပဋိပက္ခ ကိစ္စတွေမှာ ဘယ်သူဘယ်ဝါက ကြိုးကိုင်တယ်လို့ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် ဖြစ်ရပ်တွေကို သေချာလေ့လာပြီး စဉ်းစားဆင်ခြင်ကြည့်ရင် နောက်ကွယ်မှာ တစ်စုံတစ်ရာ ရှိနေတယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုလာသူက ကမ္ဘာသိ ပဋိပက္ခကြီး ဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့မှ ဒေသခံ ဆရာဝန်တစ်ဦး ဖြစ်သည်။

    မန္တလေးပုံစံ

    ထိုလူတစ်စုသည် ဥပဒေကိုပင် မျက်ကွယ်ပြုနိုင်သော အခွင့်ရ လက်ရဲဇက်ရဲ သတ်ရဲဖြတ်ရဲ အကြောက်အလန့် ကင်းသူများ ဖြစ်သည်ကိုမူ ပဋိပက္ခ ဖြစ်ပွားရာ ဒေသခံများ သတိထားမိခဲ့ကြသည်။ ထိုသို့ သတိထားမိသူများအနက် မန္တလေးမြို့ ရွှေကြေးစည် လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုထွေး (ခ) ဦးသိန်းနိုင်ဦး အပါအဝင် ဖြစ်သည်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းခန့်က ဦးသိန်းနိုင်ဦး တစ်ယောက် သူငယ်ချင်းဖြစ်သူ ဦးထွန်းထွန်းနှင့်အတူ ပဋိပက္ခ ဖြစ်ပွားရာနေရာ ၈၄ လမ်းသို့ ရောက်ရန် ၃၄ လမ်းမှတစ်ဆင့် ဆင်းသွားခဲ့ရာ ၈၃ လမ်းထောင့် အရောက်တွင် ဓားကိုင် ရမ်းကားနေသည့် လူအုပ်စုနှင့် ပက်ပင်းတိုးခဲ့ရသည်။

    ပါလာသည့် ဖုန်းနှင့် ငွေများ ပေးခဲ့ရသည့်တိုင် မကျေနပ်နိုင်သော ထိုလူတစ်စုက ဓားများဖြင့် ဝိုင်း၍ ခုတ်ခဲ့ရာ ဦးသိန်းနိုင်ဦးမှာ ပြန်လည်ခုခံ လွတ်မြောက်ခဲ့သော်လည်း ဦးထွန်းထွန်းမှာမူ ထိုနေရာမှ လွတ်မြောက်လာနိုင်ခြင်း မရှိခဲ့ပေ။ ဓားကိုင် လူရမ်းကားတစ်စု၏ လက်ချက်ဖြင့် မန္တလေးမြို့တော်ကြီးကို ထာဝရ နှုတ်ဆက်သွားခဲ့ရသည်။

    သို့သော် ထိုလူတစ်စုက လွတ်မြောက်နေဆဲ။


    “ဆိုင်ကယ်တွေနဲ့၊ တုတ်တွေ ဓားတွေနဲ့ မြို့ကို ပတ်နေတာ၊ ကျုံးကိုပတ်နေတာ။ တကယ်လို့သာ အဲဒီလူတွေကသာ တို့အရေးလို့ အော်ကြည့်ပါလား။ နှစ်ပြတောင် မလိုပါဘူး။ ဖမ်းမိပါတယ်။ ဘာလို့ မဖမ်းသလဲ။ ဘာဖြစ်လို့ အဲဒီလောက် ခွင့်ပေးရတာလဲ၊ ရှင်းရှင်းလေးပါ သူတို့လူမို့ပါ” ဟု မချင့်မရဲ မိန့်ကြားလာသူက ဘဝအလင်းဆရာတော် ဦးသောဘိတ ဖြစ်သည်။

    ယင်းပစ္စည်းယူ လူသတ်မှု ဖြစ်ပွားခဲ့ရာ ၈၃ လမ်းထောင့်သည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တစ်ပြကျော် (ပေ ၁၅၀-၂၀၀ ခန့်) အကွာတွင် ရှိနေသည်ဟု ဦးသိန်းနိုင်ဦးက ဆိုသည်။ ဦးသိန်းနိုင်ဦး၏ စိတ်တွင်တော့ ထိုအဖြစ်ဆိုးကြီးကို ထုတ်၍ မရသေး။ မြင်ကွင်းများ ပြက်ပြက်ထင်ထင် ရှိနေဆဲ။

    ရခိုင်ပုံစံ

    ဘာသာရေး အသုံးချ ပဋိပက္ခများ စတင်ဖြစ်ပွားရာ ရခိုင်ပြဿနာ၏ အစကား မသီတာထွေး အမှု။

    “သီတာထွေး ကိစ္စဆိုရင် ကျေးရွာလေး တစ်ရွာမှာ ဖြစ်တဲ့ကိစ္စက အင်တာနက်ပေါ် ဟိုးလေးတကြော်ကြော် ဖြစ်သွားစရာ မရှိဘူး။ နယ်တွေ (ကျေးရွာ) ကိုပါ အမြန်ရောက်လာစရာ အကြောင်းမရှိဘူး။ လူတစ်စုက စနစ်တကျ ဆောင်ရွက်တဲ့ ပုံစံမျိုး။ အဲဒီအချိန်က အင်တာနက် သုံးတာဆိုလို့ စစ်တွေမြို့မှာ အနည်းစုပဲ ရှိသေးတယ်။ သီတာထွေး ပုံပါတဲ့ စာရွက်တွေက ကျေးရွာတွေကို ရောက်တယ်။ ဝံသာနုရက္ခိတ အဖွဲ့ဆိုပြီး ဖြန့်တာ” ဟု ဖွင့်ထုတ်လာသူက ရခိုင်ပဋိပက္ခကို အခြေခံသည့် “သွေးနဲ့ရေးသည့်မြေ” စာအုပ် ရေးသားသူ လူငယ်စာရေးဆရာ ဝေဟင်အောင် ဖြစ်သည်။

    လားရှိုးနည်း

    လားရှိုး အဖြစ်သည်လည်း ဤနည်းနှင်နှင်။

    “ကောင်မလေးက လမ်းဘေးထိုင်နေတာ။ အဲဒီလူ (နေဝင်း) က အကြောင်းမဲ့ လမ်းဘေးချရောင်းတဲ့ ဓာတ်ဆီပုလင်း ယူပြီး မီးရှို့လိုက်တာ။ သူတို့နှစ်ယောက်က ဘယ်တုန်းကမှ မသိကြဘူး။ ဘာရန်ငြိုး ရန်စမှ မရှိဘူး။ ဒေသခံလည်း မဟုတ်ဘူး။ ဧည့်သည်တစ်ယောက်က လာရှိုးမြို့လာပြီး အကျိုးမဲ့ အကြောင်းမဲ့ လုပ်တာဟာ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ရည်ရွယ်လုပ်တယ်လို့ မြင်တယ်” ဟု ဆိုလာသူက မီးရှို့ခံရသည့် အေးအေးဝင်း မိသားစုနှင့် ရင်းနှီးသည့် အထက်တန်းလွှတ်တော် ရှေ့နေ ဦးသောင်းလွင် ဖြစ်သည်။

    နည်းနာ

    သေချာနေသည်မှာ ပဋိပက္ခများ၊ အဓိကရုဏ်းများကို လူအုပ်စုတစ်ခု သို့မဟုတ် လူအုပ်စုများက လိုက်လံ ဖန်တီးနေပြီး သူတို့ သုံးလေ့သုံးထ ရှိသော နည်းနာများကို ဆန်းစစ်ကြည့်ကြပါစို့။

    အခြားဒေသမှ ပဋိပက္ခများကဲ့သို့ပင် မန္တလေး ပဋိပက္ခ ဖြစ်စဉ်တွင် စွမ်းအားရှင်ဟု ခေါ်သည့် လူတစ်စု ပါဝင်နေသည်ဟု “ဘာလဲဟဲ့ စွမ်းအားရှင်” စာအုပ် ရေးသားခဲ့သူ မိုးဇေညိမ်းကလည်း ထောက်ပြလာသည်။

    အဆိုပါ စွမ်းအားရှင် အဖွဲ့ဝင်များသည် စနစ်ကျသည့် ပို့ဆောင်ဆက်သွယ်ရေး၊ မလိုအပ်ချိန်တွင် ချက်ချင်း တပ်ဖျောက်၍ လိုအပ်ချိန်၌ ရုတ်ခြည်း ရောက်လာနိုင်လောက်သည့် နည်းစနစ်များကို နားလည် တတ်ကျွမ်းထားသူများလည်း ဖြစ်သည်ဟု ၂၀၀၇ အရေးအခင်းမှသည် အရေးအခင်းများ၊ ပဋိပက္ခများ ဖန်တီးရာတွင် အသုံးပြုလေ့ရှိသော လက်ကိုင်တုတ် လူအုပ်စုအကြောင်း ဖော်ထုတ်ရေးသားခဲ့သူ ၎င်းကဆိုသည်။

    မိုးဇေညိမ်း ဖော်ထုတ်ပြောဆိုသည့် နည်းတူ မိတ္ထီလာ ပဋိပက္ခတွင် ပါဝင်ခဲ့သည့် လူတစ်စုသည်လည်း မီးရှို့နည်းတွင်ပင် စနစ်ကျသူများ ဖြစ်သည်ဟု ထောက်ပြလာသူက ချမ်းအေးသာယာ ရပ်ကွက်လုံးကျွတ် မီးရှို့ခံရသည့် မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ ခံစားခဲ့ရသည့် အဆိုပါ ရပ်ကွက်နေ မီးဘေးသင့် ဒုက္ခသည်တစ်ဦး ဖြစ်သည်။


    ဆယ်အိမ်မှူး၊ ရာအိမ်မှူးမှ စ၍ ဆင့်ကဲအုပ်ချုပ်မှုပုံစံ စီမံထားသည့်ကြားမှ စစ်ဗျူဟာများနှင့် အကျွမ်းတဝင် ရှိလှသည့် စွမ်းအားရှင်ခေါ် အဖျက်အမှောက် လူတစ်စု လှုပ်ရှားရှင်သန်ခွင့် ရနေခြင်းက အံ့သြဖွယ်ရာ။ သူတို့သည် မည်သူ့ သြဇာအောက်တွင် ရှိသနည်း။ မည်သူတို့ အကာအကွယ် ပေးနေသနည်း။ အဘယ့်ကြောင့်နည်း။

    ယင်းကဲ့သို့သော လုပ်ရပ်များမှာ သမားရိုးကျ နည်းလမ်းများ မဟုတ်ဘဲ ထောက်လှမ်းရေး တပ်ဖွဲ့များ တန်ပြန်သုံးသည့် နည်းနာများ ဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်း တစ်ဦးဖြစ်သူ မိုးဇေညိမ်းက သုံးသပ်သည်။
    “တန်ပြန်အဖျက်၊ တန်ပြန် အမှောင့်လုပ်ငန်းဆိုတာ ထောက်လှမ်းရေးတွေ သုံးလေ့ရှိတဲ့ နည်းဗျူဟာမျိုးပေါ့။ စနစ်ကျတဲ့ စီမံချက်၊ စနစ်ကျတဲ့ ဦးဆောင်မှု၊ ဆက်သွယ်မှုတွေ ရှိလို့ပေါ့ဗျာ။ တပ်ဖျောက်သွားတာပေါ့” ဟု သူက ပြောသည်။
    တန်ပြန်ထောက်လှမ်းရေး၏ အဓိက လုပ်ငန်းသုံးခုမှာ ထိန်းသိမ်းခြင်း (Safe Guarding Measure)၊ စုံစမ်းစစ်ဆေးခြင်း (Detective Measure) နှင့် လှည့်စားခြင်း (Deception) တို့ဖြစ်ကြောင်း မိုးဇေညိမ်းက ဆိုသည်။
    “စစ်မြေပြင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ်တွေမှာ တန်ပြန်သူလျှို၊ တန်ပြန်အဖျက် အမှောင့်လုပ်ငန်းတွေ၊ တန်ပြန်သတင်းမှား ထုတ်လွှင့်မှုတွေ၊ လှည့်စား ပရိယာယ်ဆင်မှု လုပ်ငန်းတွေ၊ ပြည်သူတွေကို အာရုံလွှဲမှု လုပ်ငန်းတွေကို ဆောင်ရွက်ပြီး ရန်သူရဲ့ လုပ်ငန်းတွေကို စုံစမ်း ဖော်ထုတ်ပါတယ်” ဟု သူကဆိုသည်။

    နောက်ကွယ်က မည်သူနည်း

    လူအုပ်စုကြီးက အဓိကရုဏ်းများကို စနစ်တကျ ဖန်တီးနေသည်။ လှုံ့ဆော်နေသည်။ ဘာကြောင့် ထိုသို့ လုပ်နေသနည်း။ နောက်ကွယ်မှ လက်တစ်စုံ သို့တည်းမဟုတ် လက်အစုံများက မည်သို့သောသူများ ဖြစ်နိုင်သနည်း။

    (က) အာဏာပိုင်များနှင့် နီးစပ်သူလော

    အဓိကရုဏ်းများတွင် ထူးခြားစွာ တူညီသည့် အချက်တစ်ခု ရှိသည်။ ယင်းမှာ သန္တိသုခ၊ လက်ပံတောင်းကဲ့သို့သော ကိစ္စရပ်များကို ပြတ်သားပြင်းထန်စွာ အရေးယူ ဆောင်ရွက်ခဲ့သလောက် အဆက်ဆက် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို မြန်မြန်ဖြတ်ဖြတ် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် နှောင့်နှေးနေခြင်း ဖြစ်သည်။

    “လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတိုင်းမှာ အထက်က အမိန့်နဲ့ ညွှန်ကြားချက်က အရေးအကြီးဆုံးပါပဲ။ အမိန့်ညွှန်ကြားချက် တစ်ခု မရှိဘဲနဲ့ လက်အောက် အရာရှိငယ်တွေက မဆုံးဖြတ်ရဲ၊ မလုပ်ရဲဘူး။ ပဋိပက္ခတွေမှာ တုံ့ပြန်မှု နှောင့်နှေးရတာဟာ အထက်က ဘာမှမပြောလို့ပါပဲ” ဟု မိုးဇေညိမ်းက ပြောသည်။
    “ဥပဒေစိုးမိုးမှု ရဖို့အတွက် ညွှန်ကြားဖို့ နှောင့်နှေးခဲ့တဲ့ အထက်အာဏာပိုင်တွေကိုပဲ သံသယ ဝင်မိတယ်” ဟု မိုးဇေညိမ်းက ဆက်ပြောသည်။

    လူအုပ်စု၏ လက်ရဲဇက်ရဲနိုင်ခြင်း၊ အဝင်အထွက်၊ အဆုတ်အတက်လမ်းများ သိခြင်း၊ သေချာဃနစွာ လေ့ကျင့်ထားဟန် ရှိခြင်း၊ အချိန်ကိုက် လုပ်ဆောင်နိုင်ခြင်းတို့က ထိုအုပ်စု၏ နောက်ကွယ်တွင် ယင်းနည်းစနစ်ကို ကျွမ်းကျင်ပြီး အချိန်ကိုက် အမိန့်ပေးနိုင်သူများ ရှိနိုင်ကြောင်း ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာသည်။

    “ဒီကိစ္စတွေ ဖန်းတီးခဲ့တဲ့ ရွှေသမင် ဘယ်က ထွက်သလဲ။ မင်းကြီးနဲ့ ရွှေသမင်နဲ့က တိုင်ပင်ထားလေသလားလို့တောင် ပြောရမလို ဖြစ်နေတယ်။ ကြိုးကိုင်သူကို စုံစမ်းရမယ်။ ကြိုးကိုင်သူဟာ နတ်ပြည်မှာလည်း မရှိဘူး။ တခြားကမ္ဘာမှာလည်း မရှိဘူး။ ဗမာပြည်ထဲမှာ ရှိတယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးလှမြင့်က ထောက်ပြသည်။

    အထက်ပါ မှတ်ချက်များအပြင် မိုးဇေညိမ်း၏ အောက်ပါမှတ်ချက်က လူအုပ်စု၏ နောက်ကွယ်မှ မှိုင်းတိုက်စေ ခိုင်းနေသူများသည် အာဏာပိုင်များနှင့် နီးစပ်နေသလောဟု ပိုမိုစောကြောဖွယ်ရာ ဖြစ်လာသည်။
    “နောက်ပြီး လူအယောက် သုံးဆယ် လေးဆယ်လောက်ကို နယ်မြေခံ အာဏာပိုင်တွေ မသိဘဲနဲ့ လျှို့ဝှက် ထရိန်နင် ပေးဖို့ဆိုတာ မလွယ်ကူပါဘူး”

    (ခ) နိုင်ငံအပြောင်းအလဲကြောင့် ကိုယ်ကျိုးစီးပွား ထိခိုက်မည် စိုးသော ပြည်တွင်းမှ ပုဂ္ဂိုလ်များလော

    အနှစ်နှစ်အလလက ယစ်မူးလာခဲ့သော အခွင့်အာဏာများကို ထိပါးလာမည့် အရေးသည်လည်း ပဋိပက္ခ ဖန်တီးသူများ မလိုလားသည့် အချက်များတွင် တစ်ချက်အပါအဝင် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ ယင်းအခြေအနေတွင် အာဏာတည်မြဲနေသည့် ၎င်းတို့၏ အသက်ရှူပေါက် တစ်ခုဖြစ်လာသည်။

    “လောလောဆယ် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မှာကို သူတို့က မလိုလားဘူး။ အပြောင်းအလဲတစ်ခု ဖြစ်လာရင် အရင်တုန်းက သူတို့ တရားလက်လွတ် လုပ်ထားတဲ့ ကိစ္စတွေ ပြန်ပေါ်လာမှာ စိုးရိမ်တယ်။ ဥပမာ- လယ်ယာမြေတွေကို တပ်ပိုင်မြေသိမ်းပြီး ဗိုလ်ချုပ်တွေက သူတို့ မိသားစုနာမည်နဲ့ ပြောင်းလိုက်တာမျိုးတွေပေါ့” ဟု မိုးဇေညိမ်းက ထောက်ပြသည်။
    အပြောင်းအလဲ လိုလားသူများ လုပ်ပိုင်ခွင့်နှင့် အာဏာရလာသည့် တိုင်အောင် အကန့်အသတ် ပြုလုပ်နိုင်သည့် အနေအထားမျိုးကို ယင်းလူတစ်စုက အလိုရှိနေသည်ဟု ၎င်းကဆိုသည်။

    ယင်းသို့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များကို ဟန့်တားထားနိုင်ရေးသည်လည်း ထိုလူတစ်စုအတွက် အသက်တမျှ အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသည်ကို မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဝင်းအောင်သည်လည်း သိရှိ လက်ခံထားပြီး ဖြစ်သည်။

    “ကျွန်တော့်အနေနဲ့ ရှင်းရှင်းပြောရရင် ၄၃၆ ရပ်အောင်လုပ်ပြီး ကျွန်တော်တို့ မွတ်ဆလင်တွေကို ထိုးကျွေးလိုက်တာပါပဲ။ ကျွန်တော်ကတော့ ဒဲ့ပြောတော့မယ်” ဟု ဆိုလာသူက မန္တလေးတိုင်း ဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် အစ္စလာမ် သာသနာ ပရမတ္ထ မိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သူ ဦးသိန်းဝင်းအောင် ဖြစ်ပါသည်။

    ပဋိပက္ခဖြစ်စဉ်များ၏ နောက်တွင် ကိုယ်ကျိုးစီးပွားအလို့ငှာ နိုင်ငံရေး လှည့်ကွက်များ ကပ်ပါလာလေ့ ရှိသည်ကို ဦးသိန်းဝင်းအောင် အပါအဝင် ပြည်သူများက ကျယ်ပြန့်စွာ စတင် ရိပ်စားမိလာပြီ ဖြစ်သည်။ ထိုလူတစ်စုသည် လူမျိုးရေးနှင့် ဘာသာရေးကို နိုင်ငံရေးအသွင် ဖန်တီး၍ လက်နက်သဖွယ် ဖန်တီးနေခြင်းက အဘယ်ကို အလိုရှိ၍နည်း။

    “ပြောရရင် ဒီလို နေဝင်ရီတရော အချိန်မျိုးပေါ့။ လင်းသလိုလို မလင်းသလိုလို အချိန်မျိုးက သူတို့လိုချင်တဲ့ အခြေအနေပဲ။ ဒီထက် လင်းလာမှာ မလိုချင်ဘူး” ဟု မိုးဇေညိမ်းက ဆိုသည်။

    “ပိုလန်က ခေါင်းဆောင်တစ်ယောက် ပြောသလိုပဲ။ မရင့်ကျက်သေးတဲ့ ဒီမိုကရေစီစနစ်ရဲ့ အန္တရာယ်ဟာ အမျိုးသားရေး ဝါဒပဲတဲ့။ ဒီမိုကရေစီစနစ် ရေချိန်တွေနဲ့ မရင်းနှီးသေးတဲ့ ပြည်သူတွေကို လူတွေရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့ အမျိုးသားရေးဝါဒ နာမည်ခံပြီး စည်းရုံးလို့ လွယ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီဆိုတာ ဘာလဲလို့ ရေရေရာရာ သိချင်မှ သိမယ်။ ဒါပေမဲ့ နိုင်ငံချစ်ရမယ်၊ ဘာသာချစ်ရမယ် ဆိုတာတော့ ပြည်သူတိုင်း သိနားလည်ကြတယ်။ ပဋိပက္ခကို ဖန်တီးသူတွေက ဒီအချက်ကို ကောင်းကောင်းသိတယ်။ ပြောရရင် ခုမှထပြီး ကောက်ရိုးမီးတောက်နေတဲ့ ဘာသာရေး ပဋိပက္ခဆိုတာ လူထုကို အာရုံလွှဲတာလို့လည်း ပြောနိုင်ပါတယ်။ ဒီမိုကရေစီ အရေးမကြီးဘူး၊ လူ့အခွင့်အရေး ဘာမှမဟုတ်ဘူး။ အမျိုးချစ်ဖို့က အဓိကဆိုပြီး အာရုံလွှဲလိုက်တာပေါ့”

    မိုးဇေညိမ်း (ဘာလဲဟဲ့စွမ်းအားရှင် စာအုပ်ရေးသားသူ)

    (ဂ) အကျိုးစီးပွား ထိခိုက်မည်စိုး၍ ခေတ္တအာရုံ လွှဲလိုသူများလော

    ပဋိပက္ခ ဖြစ်စဉ်များ နောက်တွင် ပြည်ပ၏ ရင်းနှီးမြှုပ်နှံမည့် အကျိုးစီးပွား ကိစ္စများ၊ နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်များနှင့်လည်း ဆက်နွှယ်နေကြောင်း ကျွမ်းကျင်သူများနှင့် The Voice Weekly တွေ့ဆုံ မေးမြန်းချက်များအရ ကောက်ချက်ချနိုင်သည်။

    ရခိုင်ပဋိပက္ခများ မဖြစ်ပွားမီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ တရုတ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီး တစ်ခုဖြစ်သည့် ကျောက်ဖြူ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ရခိုင်ဒေသ၌ အစပျိုး ဖြစ်ပွားနေခဲ့သည်။

    “ကျောက်ဖြူဒေသခံတွေ အနေနဲ့တော့ ပဋိပက္ခကြောင့် ဒီစီမံကိန်းတွေ အပေါ်မှာ လှုပ်ရှားမှု ရပ်သွားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ဒီစီမံကိန်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းမှု လုပ်နေတဲ့ ကာလတစ်လျှောက်လုံးမှာတော့ ပဋိပက္ခဖြစ်ရင်းနဲ့ပဲ စီမံကိန်းက ပြီးသွားတယ်” ဟု ကျောက်ဖြူ လူမှုကွန်ရက် ညှိနှိုင်းရေးမှူး ဦးထွန်းလွင်က ဆိုသည်။

    ယင်းအခြေအနေများနှင့် ဆက်စပ်၍ ရခိုင်အရေးသည် တရုတ်အကျိုးစီးပွားနှင့် ချိတ်ဆက်နေသည်ဟု ရခိုင်ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူအချို့က တထစ်ချ ယုံကြည်နေကြသည်။

    “တကယ်လို့ ပဋိပက္ခဖြစ်တာ နည်းနေလို့ရှိရင် ဒေသခံတွေဟာ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပိုပြီး လှုပ်ရှားနိုင်မယ်။ ပဋိပက္ခ ဝင်လာတဲ့အတွက် အတိုင်းအတာ တစ်ခုအထိ အားနည်းသွားတယ်” ဟု ဦးထွန်းလွင်က ဖြည့်စွက်ပြောဆိုသည်။

    ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကဲ့သို့ပင် တရုတ်တို့အတွက် အရေးပါသည့် စီမံကိန်း အသစ်တစ်ခုက ကျန်ရှိနေသေးသည်။ ယင်းစီမံကိန်းက အခြားမဟုတ် ယင်းဓာတ်ငွေ့ ပိုက်လိုင်းနှင့်အပြိုင် ဖောက်လုပ်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း ဖြစ်သည်။

    တိုက်ဆိုင်မှု ဆိုရမည်လော။ မန္တလေး ပဋိပက္ခမဖြစ်မီ ရက်ပိုင်းအလိုတွင် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့သည်။ ယင်းခရီးစဉ်တွင် တရုတ်-မြန်မာ-အိန္ဒိယ နိုင်ငံသုံးနိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

    မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသို့ သွားနေချိန် စီးပွားရေးအပြင် နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားလည်း ရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    “ပြောရရင် ခုမှထပြီး ကောက်ရိုးမီး တောက်နေတဲ့ ဘာသာရေး ပဋိပက္ခဆိုတာ လူထုကို အာရုံလွှဲတာလို့လည်း ပြောနိုင်ပါတယ်။ ဒီမိုကရေစီ အရေးမကြီးဘူး။ လူ့အခွင့်အရေး ဘာမှမဟုတ်ဘူး။ အမျိုးချစ်ဖို့က အဓိကဆိုပြီး အာရုံလွှဲလိုက်တာပေါ့” ဟု မိုးဇေညိမ်းက သုံးသပ်သည်။


    ယခုအထိတော့ နောက်ကွယ်မှ ကြိုးကိုင်သူများ အပါအဝင် လူအုပ်စုမှ အဓိကခေါင်းဆောင်များ အစိုးရ အပါအဝင် မည်သူကမျှ ရဲရဲဝံ့ဝံ့ဖော်ထုတ်၊ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ အပြောများဖြင့်သာ မျောနေဆဲ ဖြစ်သည်။ ယခုအထိတော့ အချိန်ကိုက် ဒေါသထွက်နေတတ်သော လူအုပ်စုကြီးကား လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ သေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။

    လူတော်တော်များများကမူ နောက်ကွယ်မှ ခေတ်အဆက်ဆက် ကြိုးကိုင်သူကြီးကို အမြဲတစေ လက်ညှိုးထိုးလေ့ ရှိသည်။ သို့သော် မိုးဇေညိမ်းကမူ ထိုမျှမကပါဟု အောက်ပါအတိုင်း ဆိုလေသည်။

    “သူတစ်ယောက်တည်းလို့ ပြောမရနိုင်ပါဘူး။ သူ့တပည့်တွေထဲမှာ သဘောတင်းမာတဲ့ အမာခံတွေ ရှိတယ်”

    The Voice သတင်းအဖွဲ