News @ M-Media
Tag: UK
  • ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်
    ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်
    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media
    – မွေးထားတဲ့ ကလေးငယ်ကို နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာရဲ့အမည်ပေးခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးကို ဗြိတိန်က စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ချမှတ်လိုက်ပါတယ်။
    အသက် ၂၂ နှစ်အရွယ် အဒမ်သောမတ်စ်နဲ့ သူရဲ့ဇနီး အသက် ၃၈ နှစ်အရွယ် ကလော်ဒီယာ ပါတာတက်စ်တို့ဖြစ်ပြီး ဘာမင်ဂမ်ခရောင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်ခွဲနဲ့ ၅ နှစ် အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ မှာ ဗြိတိန်က ပိတ်ပင်ခဲ့တဲ့ နာဇီလက်သစ်အဖွဲ့ National Action ရဲ့ အဖွဲ့ဝင်ဖြစ်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
    ဒီဇနီးမောင်နှံနဲ့အတူ အခြား ၄ လူဦးကိုလည်း တရားရုံးက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်မှုအတွက် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ယောက်ဟာ သောမတ်စ်နဲ့ ကလော်ဒီယာတို့ရဲ့ သူငယ်ချင်း ဒါရန် ဖလက်ချာ ဆိုသူဖြစ်ပြီး သူ့ရဲ့သမီးကို နာဇီအလေးပြုနည်း သင်ပေးခဲ့သူပါ။
    ဇနီးမောင်နှံ ၂ ယောက်ဟာ သူတို့ကလေးရဲ့အမည်မှာ ‘အဒေါ့ဖ်’ လို့ ထည့်သွင်းမှည့်ခေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သောမတ်စ်ဟာ လူဖြူအစွန်းရောက်အဖွဲ့ KKK ၀တ်စုံဝတ်ကာ ကလေးငယ်ကို ချော့သိပ်နေတဲ့ ဓာတ်ပုံကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။
    ကလော်ဒီဟာဟာ ‘ဂျူးတွေအားလုံးကို သတ်ပစ်ရမယ်’ လို့ National Action က အဖွဲ့ဝင်တစ်ဦးကို ပြောကြားခဲ့ကြောင်းလည်း တရားရင်ဆိုင်မှုမှာ ပေါ်ထွက်ခဲ့ပါတယ်။
    Ref: CNN
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အယုံအကြည်မရှိအဆိုကို ကျော်ဖြတ်နိုင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ
    အယုံအကြည်မရှိအဆိုကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ကျော်ဖြတ်နိုင်
    =================
    ကနေဒါသံတမန်ဟောင်းကို ဖမ်းဆီးထားသည့် တရုတ်က နောက်ထပ် ကနေဒါတစ်ဦးကို စစ်ဆေးမေးမြန်းနေ
    ===================
    ကနေဒါသံတမန်ဟောင်း မီခေးလ် ကိုဗရစ်ကို ဖမ်းဆီးထားတဲ့ တရုတ်အစိုးရဟာ နောက်ထပ် ကနေဒါနိုင်ငံသားတစ်ယောက်ကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီးလန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲတာဝန် ထမ်းဆောင်နေတဲ့ မန်ဝမ်ကျိုးကို ကနေဒါက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာပြီး အခုတစ်ပတ် အစောပိုင်းမှာ ကိုဗရစ်ကို တရုတ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရက နောက်ထပ် စစ်ဆေးမေးမြန်းနေသူဟာ ဘယ်သူလဲ ဆိုတာကိုတော့ ဖရီးလန်းက မပြောခဲ့ဘဲ လက်ရှိ အဲဒီသူဟာ ဘယ်ရောက်နေလဲဆိုတာကို မသိရသေးကြောင်း၊ တရုတ်အာဏာပိုင်တွေကို ဒီကိစ္စအတွက် ပြောဆိုထားကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မလေးရှားရှိ မီးပန်းဆိုင်တစ်ခု မီးလောင်မှုကြောင့် ၆ ဦးသေဆုံး
    ===================
    မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း အီပိုးမြို့က မီးပန်းဆိုင်တစ်ဆိုင်မှာ မီးပန်းတွေ ပေါက်ကွဲ မီးလောင်မှုကြောင့် ဆိုင်ရှင်အပါအ၀င် လူ ၆ ဦး မီးလောင် သေဆုံးခဲ့ပါတယ်။ မီးပန်းဆိုင်တည်ရှိရာ ၂ ထပ်အဆောက်အဦးတစ်ခုလုံး မီးလောင်ကျွမ်းပျက်ဆီးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ၅ ဦးက အချိန်ပိုင်းအလုပ် လာလုပ်ကြတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသွားတဲ့ အသက် ၄၀ အရွယ် ပိုင်ရှင်ဟာ လိုင်စင်မရှိဘဲ ဒီလုပ်ငန်းကို
    လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • အာဏာရလျှင် ပါလက်စတိုင်းကို အသိအမှတ်ပြုမည်ဟု ဗြိတိန် လေဘာပါတီ ပြော
    အာဏာရလျှင် ပါလက်စတိုင်းကို အသိအမှတ်ပြုမည်ဟု ဗြိတိန် လေဘာပါတီ ပြော
    စက်တင်ဘာ ၂၆၊ ၂၀၁၈
    M-Media
    – မိမိတို့ပါတီ အာဏာရပြီး အစိုးရဖွဲ့နိုင်တဲ့အချိန်မှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားမယ်လို့ ဗြိတိန်က အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်က ပြောကြားလိုက်ပါတယ်။
    လီဗာပူးလ်မြို့မှာ ဒီကနေ့ကျင်းပတဲ့ ပါတီညီလာခံမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကုလက အဆိုပြုထားတဲ့ နှစ်နိုင်ငံတည်ရှိရေး လမ်းကြောင်းကို အကောင်အထည်ဖော်သွားမယ်လို့လည်း ကော်ရ်ဘန်က ဆိုပါတယ်။
    “အော်စလိုသဘောတူညီချက်ရတာ နှစ်အစိတ် ရှိလာခဲ့ပေမယ့် တရားမျှတမှု၊ ငြိမ်းချမ်းမှုရဖို့ မနီးစပ်သေးဘဲ ပါလက်စတိုင်းတွေရဲ့ အဖြစ်ဆိုးကလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။ ကမ္ဘာကြီးကလည်း ရပ်ကြည့်နေပါတယ်။ မနှစ်က ကွယ်လွန်သွားတဲ့ ကျွန်တော်ရဲ့ အရင်းနှီးဆုံး အစ္စရေးမိတ်ဆွေက ‘ငြိမ်းချမ်းရေးအတွက် အခြားနည်းလမ်းမရှိတော့ဘူးလား။ လူ့အဖွဲ့အစည်းနှစ်ခုစလုံးက ခံစားနေရတာ’ လို့ ပြောဖူးပါတယ်။ နှစ်နိုင်ငံတည်ရှိရေးဆိုတဲ့ အဖြေတစ်ခုအတွက် အကူအညီဖြစ်စေဖို့ ကျွန်တော်တို့ဟာ အာဏာရတာနဲ့ ပါလက်စတိုင်းကို အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်”
    ဂါဇာမှာ မတ်လ ၃၀ ရက်နေ့ကနေ စတင်တဲ့ အပတ်စဉ်ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးစစ်တပ်က သတ်ဖြတ်မှုနဲ့ပတ်သက်လို့လည်း ကော်ရ်ဘန်က ရှုတ်ချခဲ့ပါတယ်။
    “အစ္စရေးတပ်ဖွဲ့က ရာနဲ့ချီတဲ့ ဂါဇာက ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံတဲ့ ဂျူးအမျိုးသားနိုင်ငံ ဥပဒေ ပြဌာန်းမှုတွေအတွက် ကျွန်တော်တို့ပါတီက ပြတ်ပြတ်သားသား ရှုတ်ချပါတယ်”
    အခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိတ်အမှတ်ပြုပြီး နောက်ပိုင်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။
    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အမေရိကန်ရဲ့ ဒီလို အသိအမှတ်ပြုမှုကို မိမိတို့က လက်မခံဘဲ ဗြိတိန်သံရုံးကိုလည်း ဂျေရုစလင်ကို ပြောင်းရွှေ့သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    ကုလက အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ဆုံးဖြတ်ခဲ့ပြီး ဗြိတိန်အပါအ၀င် နိုင်ငံပါင်း ၁၂၈ နိုင်ငံက ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပါတယ်။
    Ref: RT
  • သူလျှိဟောင်းကို လုပ်ကြံသူများမှာ ရုရှားထောက်လှမ်းရေးမှလူများဟု ဗြိတိန်ထုတ်ပြန်
    သူလျှိဟောင်းကို လုပ်ကြံသူများမှာ ရုရှားထောက်လှမ်းရေးမှလူများဟု ဗြိတိန်ထုတ်ပြန်
    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media
    ဗြိတိန်က ထုတ်ပြန်ခဲ့သည့် သံသယရှိသူနှစ်ဦး
    – ဗြိတိန်သူလျှိုဟောင်း ဆာဂျီ စကရီပဲလ်နဲ့ သူ့ရဲ့ သမီးဖြစ်သူ ယူလီယာတို့ကို အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ သံသယရှိသူနှစ်ဦးရဲ့ အမည်နဲ့ ဓာတ်ပုံတွေကို ဗြိတိန်က ထုတ်ပြန်လိုက်ပါတယ်။
    အလက်ဇန်းဒါး ပီထရော့ဗ်နဲ့ ရုစ်လန် ဘိုရှီရော့ဗ်ဆိုတဲ့ အမည်တွေကို သုံးစွဲတဲ့ ရုရှားနိုင်ငံသားတွေဖြစ်ပြီး တရားစွဲဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ စကော့တလန်ယာ့ဒ်အဖွဲ့နဲ့ CPS အဖွဲ့တို့က ပြောကြားခဲ့ပါတယ်။
    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဒီနှစ်ဦးဟာ ရုရှားစစ်ဖက်ထောက်လှမ်းရေး အရာရှိတွေဖြစ်တယ်လို့ ယူဆရကြောင်း၊ တိုက်ခိုက်မှုကို ရုရှားအစိုးရရဲ့ အကြီးတန်းပုဂ္ဂိုလ်က အတည်ပြုခဲ့တာ သေချာကြောင်း ပြောကြားခဲ့ပါတယ်။
    အသက် ၆၆ နှစ်အရွယ် စကရီပဲလ်နဲ့ သမီးဖြစ်သူ ၃၃ နှစ်အရွယ် ယူလီယာတို့ဟာ မတ်လက ဆေလ်းစ်ဘူရီမြို့မှာ အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံခံခဲ့ရပြီး ဒါဟာ ရုရှားထောက်လှမ်းရေးလက်ချက်ဖြစ်တယ်လို့ ဗြိတိန်က စွပ်စွဲခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း သူတို့ သားအဖနှစ်ယောက်စလုံး အသက်ဘေးက လွတ်ခဲ့ပါတယ်။
    ရုရှားဖက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
    ဇွန်လ ၃၀ ရက်နေ့က ဆေးလ်စ်ဘူရီနဲ့ သိပ်မဝေးတဲ့ အေမက်စ်ဘူရီမြို့မှာ နောက်ထပ် လူ နှစ်ဦး အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရပြီး အဲဒီထဲကတစ်ဦး သေဆုံးခဲ့ပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့က ဒါဟာ ဆေးလ်စ်ဘူရီက တိုက်ခိုက်မှုနဲ့ ဆယ်နွယ်တယ်လို့ ယူဆခဲ့ပါတယ်။
    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်ကနေ ထုတ်ပြန်တဲ့ အမည်တွေ၊ ဓာတ်ပုံတွေဟာ ရုရှားနဲ့ ဘာမှမဆိုင်ကြောင်း၊ စကရီပဲလ်တို့ တိုက်ခိုက်ခံရမှုမှာ ရုရှားက ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    Ref: BBC,RT
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၉၊ ၂၀၁၈
    M-Media
    အင်ဒိုငလျင်တွင် သေဆုံးသူ ၁၆၀ ကျော်ပြီ
    ================
    တနင်္ဂနွေနေ့ညနေပိုင်က အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း လွမ်ဘွတ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၆၄ ဦးရှိလာခဲ့တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူအရေအတွက်ကတော့ အနည်းဆုံး ၁၄၀၀ လောက်ရှိနေပြီး၊ ၁၅၆၀၀၀ ဟာ နေအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်နောက်ဆက်တွဲအဖြစ် ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားခဲ့ရနေသလို၊ အစာရေစာပြတ်လတ်မှုကိုလည်း စတင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
    ဂျပန် ကားလုပ်ငန်တစ်ချို့ အချက်အလက်များကို လိမ်လည်ဖော်ပြ
    ==============
    ဂျပန်နိုင်ငံက ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြတဲ့ Suzuki Motor၊ Mazda နဲ့ Yamaha တို့ဟာ တစ်ချို့ကားတွေမှာ ကာဘွန်ထုတ်လွှတ်မှု အချက်အလက်တွေကို လိမ်လည်ဖော်ပြခဲ့တယ်လို့ ဂျပန် ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ Nissan နဲ့ Subaru တို့ဟာ ဆီစားမှုနဲ့ ကာဘွန်ထုတ်လွှတ်မှု အချက်အလက်တွေကို လိမ်လည်ဖော်ပြခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ၀န်ကြီးဌာနဟာ ပြီးခဲ့တဲ့လမှာ ကားနဲ့ ဆိုင်ကယ်ထုတ်လုပ်ရေး လုပ်ငန်း ၂၃ ခုကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ တစ်ချို့မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆက်လက်စစ်ဆေးနေပြီး စည်းကမ်းဖောက်ဖျက်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့လည်း ၀န်ကြီးဌာနက ပြောပါတယ်။
    ယူကေသူလျှိုကိစ္စအတွက် အမေရိကန်က ရုရှားကို ပိတ်ဆို့မှု လုပ်မည်
    ===============
    ရုရှားသူလျှိုဟောင်း ဆာဂျီစကရီပဲလ်နဲ့ သူ့ရဲ့သမီး ယူလီယာ စကရီပဲလ်တို့ကို ယူကေမှာ အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံခံရတာဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။ အဲဒီအမိန့်ဟာ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟီသာနျူအာ့တ်က ပြောကြားခဲ့ပေမယ့် ဘယ်လို ပိတ်ဆို့မှုမျိုးလည်းဆိုတာကိုတော့ မပြောခဲ့ပါဘူး။ အဲဒီ သူလျှိုကိစ္စအတွက် အမေရိကန်ပါအ၀င် နိုင်ငံတော်တော်များများဟာ ယူကေဘက်က ရပ်တည်ကာ ရုရှားသံတမန်တွေကို နှင်ထုတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
    Ref : CNA, Aljazeera