News @ M-Media

Tag: Umrah 2019

  • ဟဂ်ျနှင့် အွမ္မရာဟ်ဗီဇာကို သံရုံးသွားရန်မလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်

    ဟဂ်ျနှင့် အွမ္မရာဟ်ဗီဇာကို သံရုံးသွားရန်မလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်

    မတ် ၁၂၊ ၂၀၁၉
    M-Media

    Maqam Portal ၏ Home Page

    – ဆော်ဒီနိုင်ငံပြင်ပကနေ ဟဂ်ျနဲ့ အွမ္မရာဟ် ဘုရားဖူးခရီး လာရောက်ကြမယ့်သူတွေအနေနဲ့ အွန်လိုင်းကနေတစ်ဆင့် မိနစ်ပိုင်းအတွင်း ဗီဇာလျှောက်ထားနိုင်မယ့်စနစ်ကို စတင်တော့မယ်လို့ ဆော်ဒီအာရေဗျ ဟဂ်ျနဲ့ အွမ္မရာဟ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

    “တိုင်းပြည်ပြင်ပက လာရောက်ကြသူတွေအနေနဲ့ ဗီဇာရဖို့အတွက် ကုမ္ပဏီတွေ၊ အေးဂျင့်တွေနဲ့ ဆက်သွယ် ဆောင်ရွက်ရပါတယ်။ အဲဒီနိုင်ငံတွေက ဟဂ်ျနဲ့ အွမ္မရာဟ် ၀န်ဆောင်ခွင့်ရသူတွေကို အွန်လိုင်းကနေ ဗီဇာထုတ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဟဂ်ျနှင့် အွမ္မရာ အီလက်ထရောနစ်စနစ်ဆိုင်ရာ အကြီးအကဲ အဘ်ဒူရဟ်မန် ရှမ်က ပြောပါတယ်။

    ဟဂ်ျနဲ့ အွမ္မရာ သွားရောက်ရာမှာ ခရီးသွားအစီအစဉ်နဲ့ တည်းခိုနေထိုင်ရာနေရာတွေကို ကြိုတင်သိရှိ ဘိုကင်လုပ်နိုင်မယ့် ၀ဘ်ဆိုက်တစ်ခုကို ဆော်ဒီက ပြီးခဲ့တဲ့နှစ်မှာ စတင်စမ်းသပ် အသုံးပြုခဲ့ပြီး Maqam Portal လို့ ခေါ်ဆိုပါတယ်။

    အခုဆောင်ရွက်မယ့် အီလက်ထရောနစ်ဗီဇာစနစ်မှာ နိုင်ငံခြားသားတွေဟာ Portal ကို ၀င်ရောက်ပြီး ခရီးစဉ်အတွက် ၀န်ဆောင်မှု Package တွေကို ရွေးချယ်ကာ ဗီဇာပါ တစ်ပါတည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    “အီလက်ထရောနစ်ဗီဇာ ထုတ်ပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနတွေနဲ့ အနီးကပ် ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ ဖောင်ဖြည့်တာတွေကို မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ကိုင်ကာ သံရုံးသွားရတာတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး” လို့ ရှမ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အခုလို အီလက်ထရောနစ်ဗီဇာ ထုတ်ပေးမယ့်စနစ်ကြောင့် ဟဂ်ျနဲ့ အွမ္မရာဟ် ဘုရားဖူးလာရောက်သူအရေအတွက် မြင့်တက်လာမယ်လို့ ဆော်ဒီက မျှော်လင့်ထားပါတယ်။ အခုနှစ်အတွက် အွမ္မရာဟ်ဘုရားဖူးဗီဇာ ၄.၃၃ သန်းကို ဆော်ဒီက ထုတ်ပေးထားပြီး ဖြစ်ပါတယ်။

    အခုလို အီလက်ထရောနစ်ဗီဇာစနစ်ကြောင့် ဘုရားဖူးခရီးစဉ်ကို ပိုမိုချောမွေ့စေပြီး၊ ပြင်ဆင်ရတဲ့အချိန်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဆော်ဒီရဲ့ Vision 2030 စီမံကိန်းအရ အွမ္မရာဟ်ဘုရားဖူးသူ သန်း ၃၀ ကျော်လောက်ကို စွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

    Maqam Portal ကို ဇန်န၀ါရီမှာ ထပ်မံ အဆင့်မြှင့်တင်ခဲ့ပြီး စတင်စမ်းသပ်တဲ့ ကာလအတွင်းမှာ လူ ၁.၁ သန်းလောက် အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာ မက္ကာ၊ မဒီနာ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ၃၀ ကျော်အတွက် ၀န်ဆောင်မှုတွေကို Portal မှာ ကြည့်ရှု ရယူနိုင်ပါတယ်။

    ဟဂ်ျနဲ့ အွမ္မရာဟ် ခရီးစဉ်အတွက် အသေးစိတ်နဲ့ ဗီဇာလျှောက်ထားမှုကို https://eservices.haj.gov.sa/eservices3/pages/home.xhtml?dswid=5134 လင့်မှာ ကြည့်ရှု လုပ်ဆောင်နိုင်ပါတယ်။

    Ref: Arab News