News @ M-Media

Tag: unicef

  • ရခိုင်စစ်ဆင်ရေးများ အတွင်း ဖမ်းဆီးခံထားရသည့် ကလေးများကို လွှတ်ပေးရန် ယူနီဆက်တောင်းဆို

    ရခိုင်စစ်ဆင်ရေးများ အတွင်း ဖမ်းဆီးခံထားရသည့် ကလေးများကို လွှတ်ပေးရန် ယူနီဆက်တောင်းဆို

    စစ်ဆင်ရေးအပြီး မီးလောင်ပျက်ဆီးခဲ့ပြီးနောက် နေအိမ်များပြန်ဆောက်ရန်ပြင်ဆင်နေသည့် ဝပိတ်ကျေးရွာမြင်ကွင်း။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

    ရန်ကုန်၊ ဧပြီ ၁၀

    ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခံထားရသည့် ကလေးငယ်များအား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

    မငြိမ်မသက်ဖြစ်နေသည့် ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်တပ်ကဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ၆၀၀ ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရပြီးကတည်းက စစ်ဆင်ရေးများ စတင်ခဲ့ခြင်း ဖြစ်သည်။

    အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာ ၇၀,၀၀၀ ခန့်က ၎င်းတို့အား ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းနှင့် အကျဉ်းထောက်များအတွင်း အစာရေစာ ငတ်မွတ်သည့်အကြောင်းများကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးများထံ ပြန်ပြောင်းပြောကြားခဲ့ကြသည်။

    ဖမ်းဆီး ထိန်းသိမ်းခံထားရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်သည်။

    ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသည့် ကလေးသူငယ် ဒါဇင်ပေါင်းများစွာနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့သည်ဟု ယူနီဆက်၏ ဒုတိယအမှုဆောင်ဒါရိုက်တာ Justin Forsyth က ပြောကြားသည်။

    “အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ ကလေးငယ်အချို့ ရှိနေပါတယ်။ ကျွန်တော်တို့ ပြောနေတာလည်း ဒီကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး စနေနေ့ညနေပိုင်းတွင် ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။

    “ထိန်းသိမ်းခံနေရတဲ့ ကလေးတိုင်းက ကျွန်တော်တို့ကိစ္စပါပဲ” ဟု ၎င်းကပြောသည်။

    အဆိုပါကိစ္စမှာ ပြဿနာတစ်ခုဖြစ်သည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က အသိအမှတ်ပြုသော်လည်း ပြန်လွှတ်ပေးရေးနှင့် ပတ်သက်ပြီး သေချာစွာ ကတိကဝတ်ပြု ပြောကြားခြင်းမရှိဟု ၎င်းကပြောသည်။

    အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ အေက်ဖ်ပီက တနင်္ဂနွေနေ့တွင် ဆက်သွယ်ခဲ့သော်လည်း ၎င်းက တစုံတရာ ပြောကြားခြင်းမရှိပေ။

    ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ မစ္စယန်ဟီလီက ၎င်းသွားရောက်ခဲသည့် ဇန်နဝါရီလအတွင်းက ဘူးသီးတောင်အကျဉ်းထောင်တွင် လူ ၄၅၀ ခန့်ကို ထိန်းသိမ်းထားသည်ဟု ပြောကြားသည်။ အများစုမှာ ၎င်းတို့၏ ရှေ့နေများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိကြပေ။

    ရိုဟင်ဂျာကလေးငယ်များအား အခွင့်အရေးများ မရရှိအောင် တားဆီးထားခြင်းက စစ်သွေးကြွများ ဖြစ်လာစေမည်ဆိုသည့်အချက်ကို မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့နှင့် တပ်မတော်အတွင်းတွင် တဖြည်းဖြည်း အသိအမှတ်ပြုလာကြပြီဟု Forsyth ကပြောကြားသည်။

    “အဖြစ်မှန်ကတော့ ခင်ဗျားအနေနဲ့ ဒီအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ပြဿနာတွေကို မပြောပဲနေမယ်ဆိုလို့ရှိရင် အဲဒါက ခင်ဗျားကို ပြန်လည်ခြောက်လှန့် လာပါလိမ့်မယ်။ ဖြစ်ပျက်ခဲ့တာမှာလည် ဒါကတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

    သတင်း-အေအက်ဖ်ပီ

    Frontier Myanmar မှ ကူးယူဖော်ပြပါသည်။

  • ကြိုတင် ကာကွယ်နိုင်သည့် ရောဂါများဖြင့် တောင်အာရှမှ ကလေး ၂ သန်း၅ နှစ် မပြည့်ခင် နှစ်စဉ် သေဆုံးလျက်ရှိ

    ကြိုတင် ကာကွယ်နိုင်သည့် ရောဂါများဖြင့် တောင်အာရှမှ ကလေး ၂ သန်း၅ နှစ် မပြည့်ခင် နှစ်စဉ် သေဆုံးလျက်ရှိ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    2014911234949399734_20
    – တောင်အာရှ နိုင်ငံများရှိ အမျိုးသမီးငယ်များ၏ ၄၆ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ် မတိုင်ခင် အိမ်ထောင်ပြုကြပြီး၊ တောင်အာရှရှိ ကလေးငယ်များမှာလည်း မမျှတမှုဒဏ်ကိုခံစားနေရသည်ဟု ယူနီဆက်ဖ်ကထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Improving Children’s Lives, Transforming the Future အမည်ဖြင့် အဆိုပါ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တောင်အာရှရှိ ကလေးများအား ထိခိုက်စေသည့် အဓိကပြဿနာများကို ၂၅ နှစ်ကြာ လေ့လာမှုမှ တွေ့ရှိခဲ့သည့် အချက်အလက်များကို ဖော်ပြထားသည်။

    တောင်အာရှမှ ကလေးငယ် ၂ သန်းမှာ ကာကွယ် တားဆီးနိုင်သည့် ရောဂါများကြောင့် အသက် ၅ နှစ်မပြည့်ခင် သေဆုံးကြပြီး၊ ဒေသအတွင်းကလေးများ၏ ၃၈ ရာခိုင်နှုန်းမှာ အာဟာရ ချို့တဲ့ခြင်းကို ကြာရှည်စွာ ခံစားနေရသည်ဟု ဖော်ပြထားသည်။

    “ကိုယ်ဝန်ဆောင်ဖို့နဲ့ ကလေးမွေးဖို့အတွက် တောင်အာရှဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး နေရာတစ်ခုပါ။ ကိုဝန်ဆောင် မိခင်တွေ သေဆုံးမှုဟာလည်း ကမ္ဘာတစ်ဝှမ်း ဒုတိယအများဆုံးပါပဲ” ဟု တောင်အာရှဒေသ ယူနီဆက်ဖ်ဒါရိုက်တာ ကရင် ဟူလ်ရှော့ဖ်က အစီရင်ခံစာ ထုတ်ပြန်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ကိုယ်ဝန်ဆောင် မိခင်များသေဆုံးမှုမှာ အာဖရိကတွင် အမြင့်ဆုံးဖြစ်ပြီး၊ တောင်အာရှ အမျိုးသမီးငယ်များ၏ ၁၈ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မတိုင်ခင် အိမ်ထောင်ပြုကြသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    ယူနီဆက်ဖ်၏ အစီရင်ခံစာအရ တောင်အာရှရှိ အချို့သောနိုင်ငံများတွင် ကလေးများ၏ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပူးပေါင်းပါဝင်မှု တရားဝင် အခွင့်အရေးများကို ဖော်ဆောင်ကာ ကောင်းမွန်သည့် ဥပဒေကို ပြဌာန်းထားသည်ဟု သိရသည်။

    သို့သော်လည်း ဆင်းရဲမွဲတေမှု များပြားနေခြင်းနှင့် ကွာဟချက်များက တောင်အာရှရှိ ကလေးသန်းပေါင်းများစွာအား ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်၊ ၎င်းတို့အတွက် အလားလာများ ဖြစ်ပေါ်စေရန်နှင့် ၎င်းတို့၏ အနာဂတ်ကို ရွေးချယ်နိုင်ရေးတို့အတွက် အတားအဆီးဖြစ်နေသည်ဟု ဆိုသည်။ ထို့ပြင် အသက် ၁ နှစ်အောက် ကလေး ၈ သန်းနီးပါးမှာ ကာကွယ်ဆေးထိုးခြင်း မခံရဟုလည်း အဆိုပါအစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

    ref_ Al Jazeera and agencies

  • “ရိုဟင်ဂျာ” လို့ ခေါ်ခဲ့၍ တောင်းပန်ခဲ့သည့် သတင်း ယူနီဆက်ဖ်ငြင်းဆို

    ဇွန်လ ၁၃ ရက်၊ ၂၀၁၄
    M-Media
    Source: Myanmar Time English

    Tomorrow_-_UNICEF_
    – ရခိုင်ပြည်နယ်ရှိ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သည့် ဖိုရမ်တွင် “ရိုဟင်ဂျာ” ဟု သုံးစွဲခဲ့သည့်အတွက် ပြန်လည်တောင်းပန်ခဲ့သည်ဟူသော သတင်းများအား ယူနီဆက်ဖ်က ငြင်းဆိုလိုက်သည်။

    ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ ဖိုရမ်တွင် လုပ်ငန်းစဉ်များကို ရှင်းလင်းရာ၌ ယူနီဆက်ဖ်က “ရိုဟင်ဂျာ” ဟု သုံးနှုန်းခဲ့ခြင်းအတွက် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ဗိုလ်မှူးကြီး ထိန်လင်း၏ အရှေ့တွင် တောင်းပန်ခဲ့သည်ဟု အာရကန်လူမှုကွန်ရက်(စစ်တွေ)က သတင်းလွှင့်ခဲ့ပြီးနောက် ယူနီဆက်ဖ်က ယခုကဲ့သို့ ငြင်းဆန်ခြင်းဖြစ်သည်။

    အာရကန် လူမှုကွန်ရက် ထုတ်ပြန်ရာတွင် ဇွန်လ ၅ ရက်နေ့နံနက် ၀န်ကြီးရုံး၌ တွေ့ဆုံမှုအတွင်း ယူနီဆက်ဖ် မြန်မာနိုင်ငံကိုစားလှယ် ဘာထရန် ဘိန်ဗဲလ်က “ယူနီဆက်ဖ်အနေဖြင့် အဆိုပါ တရားမ၀င် စကားလုံးကို ထပ်မံ၍ အသုံးမပြုဟု ကတိပြုခဲ့ကြောင်း” ဖော်ပြခဲ့ခြင်းဖြစ်သည်။

    ယူနီဆက်ဖ်ကမူ ထိုတွေ့ဆုံမှု သတင်းအား ငြင်းပယ်ခဲ့ခြင်းမရှိချေ။ သို့သော်လည်း ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် တောင်းပန်သည်ဆိုသော သတင်းအား “မီဒီယာများ၏ မှားယွင်းဖော်ပြမှု” ဟု ရေးသားခဲ့ပြီး  ဗိုလ်မှူးကြီး ထိန်လင်းက တောင်းပန်ရန်

    ပြောကြားခဲ့သော်လည်း မိမိတို့အနေဖြင့် မတောင်းပန်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

    “လုပ်ငန်းစဉ်တွေကို ရှင်းလင်းတဲ့ နေရာမှာ ဒီစကားလုံးသုံးခဲ့တာဖြစ်ပြီး ဒါဟာ အမှတ်တမဲ့ သုံးစွဲခြင်းသာဖြစ်တယ်လို့ ယူနီဆက်ဖ်က ရှင်းပြခဲ့ပါတယ်။ အဲဒီဖိုရမ်မှာ တိုင်းရင်းသားအရေးလို ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ လူနည်းစုအတွက် နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်ခွင့်တွေကိုရည်ညွှန်းတဲ့အခါ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးအပါအ၀င် ကုလရဲ့ အစီရင်ခံစာ တော်တော်များများမှာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူအဖွဲ့အစည်းတစ်ခုကို ရည်ညွှန်းပြီး “ရိုဟင်ဂျာ” လို့ သုံးခဲ့ပါတယ်” ဟု အဆိုပါ  ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါဖိုရမ်ကို ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ကလေးများ၏ ရေရှည်လိုအပ်ချက်များကို ဖြေရှင်းရန် ၂ နှစ်တာကြာမြင့်မည် အစီအစဉ်တစ်ခုကို သတ်မှတ်ခဲ့သည်။

    ဓါတ်ပုံ အညွှန်း =>ယူနီဆက်ဖ်မှ ရိုဟင်ဂျာခေါ်မိ၍ တောင်းပန်သည့် သတင်း အား ဖော်ပြထားသော မီဒီယာတခု https://www.facebook.com/tomorrow.com.mm/posts/719268681445851

  • ကချင်ဒေသစစ်ပွဲများကြောင့် ကလေးငယ်များ အန္တရာယ်များ ပိုလာသည်ဟု ယူနီဆက်ဖ်ဆို

    ဧပြီ ၂၄ ၊ ၂၀၁၄
    M-Media

    – မကြာသေးခင်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင်တို့အကြား တိုက်ပွဲများက စစ်တပ်မှ လူသစ်စုဆောင်မှုများ၊ အခြေခံလိုအပ်ချက် ကန့်သတ်ခံရမှုများနှင့် မြေမြှုပ်မိုင်း အန္တရာယ်များအပါအ၀င် လူငယ်များ ရင်ဆိုင်ရမည့် အန္တရာယ်များကို တိုးစေသည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    04-22-2014KachinState

    ကချင်ပြည်နယ်တောင်ပိုင်း ဒေသများတွင် ကချင်လွတ်မြောက်ရေးတပ်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကလေးငယ်အရေအတွက်မှာ ၁၀၀ နီးပါးရှိသည်ဟု ယူနီဆက်ဖ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “တိုက်ခိုက်မှုတွေနဲ့ မိသားစုလိုက် ထွက်ပြေးရတာတွေက ကလေးတွေအတွက် ကျန်းမာရေး အန္တရာယ်တွေကို တိုးစေပါတယ်။ လုံခြုံမှုနည်းတယ်၊ စိတ်ချရတဲ့သောက်သုံးရေနဲ့ ကျန်းမာရေးအတွက် သန့်ရှင်းမှု မရတာပါတွေပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ဖ် ကိုယ်စားလှယ် ဘာထရန် ဘိန်ဗဲလ်က ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများမှာ မြေမြှုပ်မိုင်း အများဆုံးရှိရာ ဒေသများစာရင်းတွင်ပါဝင်သည်။ ထိုကဲ့သို့ မြေမြှုပ်မိုင်းများ ကျန်ခဲ့ခြင်း၊ တမင်ရည်ရွယ်၍ မြှုပ်နှံခြင်းတို့မှာ ကလေးငယ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ခြေလျင်သွားရောက် ပေးအပ်နေရသူများ အပါအ၀င် ပြည်သူများအတွက် အန္တရာယ်များ ဆက်လက်ဖြစ်ပွားစေသည်ဟု ယူနီဆက်ဖ်က ဖော်ပြထားသည်။

    “ကလေးငယ်တွေ ရင်ဆိုင်ရမယ့် အန္တရာယ်ဟာ တိုက်ခိုက်မှုတွေ ရပ်သွားရင်တောင်မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ပုံမှန်လိုသုံးနေကြတဲ့ မြေမြှုပ်မိုင်းတွေ တက်နင်းမိနိုင်တဲ့ အန္တရာယ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်း သွတ်သွင်းခံရနိုင်တဲ့ အန္တရာယ်တွေက တိုးလာတာကြောင့်ပါ” ဟု မစ္စတာ ဘိန်ဗဲလ်က ပြောကြားခဲ့သည်။

    ယူနီဆက်ဖ်မှာ မြန်မာနိုင်ငံရှိ စစ်ဘေးသင့်မိသားစုများနှင့် ကလေးငယ်များအား ကူညီရန် အခြားသော အန်ဂျီအိုအဖွဲ့များနှင့် လုပ်ဆောင်နေသည်။ ထိုဒေသများတွင် အကူအညီများကို ရွှေ့ပြောင်းလုပ်ဆောင်နေရပြီး စစ်ဘေးဒဏ်ခံနေရသည့် လူများ အထူးသဖြင့် ကလေးငယ်များအတွက် အကူအညီများ တိုးမြှင့်ပေးရန် လိုအပ်နေကြောင်း ယူနီဆက်ဖ်က ဆိုသည်။

    မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်များအကြား လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် နောက်ဆုံးတိုက်ခိုက်မှုများတွင်လည်း လူအများအပြား ထွက်ပြေးခဲ့ရသည်။

    “ကလေးတွေရဲ့ အကျိုးအတွက် ပါတီတွေအားလုံးဟာ ဒီတိုက်ခိုက်မှုတွေအဆုံးသတ်ဖို့ လုပ်နိုင်တာအားလုံး ချက်ခြင်း လုပ်ရပါမယ်။ ကလေးတွေကို မြေမြှုပ်မိုင်းအန္တရာယ်က ကာကွယ်နိုင်ဖို့၊ လက်နက်ကိုင် တပ်တွေကို အတင်းအဓ္ဓမ သွတ်သွင်းခံရခြင်းကနေ လွတ်ဖို့နဲ့ ငြိမ်းချမ်းဖို့အတွက်ပါပဲ” ဟု ဘိန်ဗဲလ်က အဆုံးသတ်ပြော ကြားခဲ့သည်။

    Ref: UN

    Photo: OCHA/Eva Modvig
    ဓါတ်ပုံအညွှန်း – ကချင်ဒေသ စစ်ဘေးရှောင် IDP စခန်းများမှ ကလေးငယ် ၂ ဦး

  • အနာဂတ်ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဘာသာပေါင်းစုံ နိုင်ငံအဆင့် စုံညီဆွေးနွေး

    အနာဂတ်ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဘာသာပေါင်းစုံ နိုင်ငံအဆင့် စုံညီဆွေးနွေး

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC00546

    ရန်ကုန်။ ။ မြန်မာနိုင်ငံရှိ ကလေးငယ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်၊ ဘေးကင်းလုံခြုံသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် အတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်သည့်သည် နိုင်ငံတော် အဆင့်စုံညီဆွေးနွေးပွဲ တစ်ရပ်ကို  ရတနာ့မေတ္တာ ဦးဆောင်ပြီး Unicef ၏ ပူးပေါင်းမှု၍ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည်။

    “ကျွန်တော်တို့ အရင်တွေကလည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ကြပါတယ်။ အရင်တုန်းက စာရွက်တွေမှာပဲ ကျွန်တော်တို့အလုပ် လုပ်နေတာပါ။ အခုတော့ ဒီစာတမ်းမှာ လတ်မှတ်ထိုးပြီးတာနဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သွားဖို့ကြိုးစား သွားမှာပါ။ လုပ်ဆောင်မှုတွေကသာ အရေးကြီး ပါတယ်။ ကလေးတွေအတွက် ထိရောက်ပြီး အကာအကွယ်ပေးနိုင်တဲ့ အလုပ်တွေပဲ လုပ်သွားမှာပါ။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးရေးလုပ်လို့ရမှာဖြစ်တယ် မဖွံ့ဖြိုးရင် အနာဂတ် ကလေးတွေ အတွက် စိုးရိမ်စရာပါပဲ” ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေး နှင့် ရတနာမေတ္တာ အဖွဲ့တို့၏ ဥက္ကဌ ဦးမြင့်ဆွေ ကပြောခဲ့သည်။

    နှစ်ရက်တာဆွေးနွေးပွဲ အပြီးတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ကြေငြာ စာတမ်း ဟူသောကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ၎င်းကြေငြာချက် စာတမ်းတွင် ကလေးသူငယ်များ၏ ပညာရေးမြှင့်တင်ပေးခြင်း၊ တန်းတူညီမျှမှု ရရှိခြင်း၊ ပဋိပက္ခများအတွင်း ကလေးများ ရင်ဆိုင်နေရသော အကြမ်းဖက်ခံရခြင်း၊ လျစ်လျူရှုခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း တို့မှ အကာအကွယ်ပေး သွားနိုင်ရန်၊ ဘေးကင်းလုံခြုံ ပြီး ချစ်ခြင်းမေတ္တာပြည့်ဝခြင်းဖြင့်စောင့်ရှောက်ပေးနိုင်ရန်၊ ဘာသာရေး အသိုင်းအ၀န်းနှင့်ခေါင်းဆောင်များမှ စိတ်ဓာတ်ရေးရာနှင့် လူမှု စွမ်းရည်များမြှင့် တင်ပေးရန် စသည့်ကလေးများ အတွက် အကာအကွယ်ပေးနိုင်သည့် အချက်အလက်များ ပါဝင်သည်။ ၎င်းကြေငြာချက် စာတမ်းတွင် ဘာသာရေးခေါင်းဆောင် အသီးသီးမှ လက်မှတ်ရေးထိုးခဲ့ကြပြီး ရှေ့ဆက် လုပ်ဆောင်သွားရန် ကတိများပြုခဲ့ကြသည်။

    “ကလေးသူငယ်တွေ ကာကွယ်စောင့်ရှောက်ရေးကို ဘာသာရေးခေါင်းဆောင်တွေက အဓိကထားပြီးဆွေးနွေးတာပါ ကလေးတွေကို အကျိုးရှိမဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်သွားမှာပါ အခုလို လုပ်ခြင်းအားဖြင့် ကလေးတွေ ငယ်နေသေးတဲ့ အရွယ်မှာ ဘာသာပေါင်းစုံ တစ်ယောက် အကြောင်း တစ်ယောက် သိသွားတော့ အနာဂတ်မှာ လွယ်ကူသွားမှာပါ၊ ကလေး ဆိုတာဖြူစင်ပါတယ်၊ သူတို့ကို ဒီအရွယ်မှာ ကတည်းက သိနားလည် အောင်လုပ်ပေးရမှာ လူကြီးတွေတာဝန်ပါ” ဟု အစ္စလာမ်ဘာသာ ခေါင်းဆောင်တစ်ဦးဖြစ်သူ အလ်ဟာဂ်ျ ဦးအေးလွင်က ပြောကြား ခဲ့သည်။

    အဆိုပါဆွေးနွေးပွဲကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေနှင့် မြန်မာနိုင်ငံ ကလေးများ ရန်ပုံငွေနှင့် မြန်မာနိုင်ငံ ကလေးသူငယ်ဆိုင်ရာ လူမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရတနာမေတ္တာ အဖွဲ့တို့မှတို့မှ ပူးပေါင်းပြုလုပ်ပြီး “National Conference on Faith for Children” ဟူသောခေါင်းစဉ်ဖြင့် မြန်ာနိုင်ငံ အတွင်းရှိ ကလေးများဘက်စုံ ဖွံ့ဖြိုးရေးစီမံချက် ကိုဘာသာကြီးလေးခုမှ ခေါင်းဆောင်များဖြစ်ကြသော ဒေါက်တာ အရှင်ညာဏိသရ သီတဂူဆရာတော်၊ ဖာသာ ဂျိုးဇက်ဖ်မောင်ဝင်း၊ မွဖ်သီ ဦးကိုလေး၊ ပဏ္ဏီတ မိုဟန်ရာဇာဥပါဒယာ ၊ရတနာ့မေတ္တာမှ ဥက္ကဌ ဦးမြင့်ဆွေ အစရှိသည့် ဘာသာရေးခေါင်းဆောင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။