News @ M-Media

Tag: UnionDay

  • နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အမှတ်တရ ဂုဏ်ပြု

    နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အမှတ်တရ ဂုဏ်ပြု

    ယနေ့ ၂၀၁၇ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်တဲ့ (၇၀) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် M-Media မှာ တင်ဆက်ခဲ့သည့် ပြည်ထောင်စုနေ့နှင့် ဆက်စပ်သည့် သတင်းဆောင်းပါး၊ စာအုပ်များကို စုစည်းတင်ဆက်လိုက်ပါတယ်။

    ၁) ပင်လုံ၏အဓိက ဇာတ်ဆောင် (ဝါ) ရာပြည့်အလွန် ဦးဖေခင်
    http://www.m-mediagroup.com/news/39486

    ၂) “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’
    http://www.m-mediagroup.com/news/24187

    ၃) ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်
    http://www.m-mediagroup.com/news/24791

    ၄) ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)
    http://www.m-mediagroup.com/news/10882

    ၅) ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
    http://www.m-mediagroup.com/news/20365

    ၆) သက်ရှိ ပင်လုံမှတ်တမ်း
    (ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်း)
    http://www.m-mediagroup.com/news/32147

    ၇)ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ
    http://www.m-mediagroup.com/news/40930

    ၈)ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )
    http://www.m-mediagroup.com/news/9470

    ၉) သခင် စိတ်လား၊ ကျွန် စိတ်လား
    http://www.m-mediagroup.com/news/52711

    ၁၀) Monitor News Journal မှာပါတဲ့ အငြိမ်းစား သံအမတ်ကြီး မဟာစည်သူ ဦးဖေခင် အကြောင်း
    http://www.m-mediagroup.com/news/2040

  • သခင် စိတ်လား၊ ကျွန် စိတ်လား

    သခင် စိတ်လား၊ ကျွန် စိတ်လား

    သိန်းမြင့်ညို (ချောက်)

    Messenger ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
    Bogyoke Aung San and U Pe Kin at Inlay Lake

     

    “ကိုဖေခင်…၊ ခင်ဗျားကို ကျွန်တော် ပြောစရာရှိတယ်။ တော်လှန်ရေးသမား ဆိုတာ သုံးမျိုး သုံးစား ရှိတယ်။ ခင်ဗျားသိလား။ “ပထမ တစ်မျိုးက လက်နက် ကိုင်ပြီး တိုက်ရဲတယ်။ သတ်ရဲ ဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက လက်နက် ကိုင်ပြီး မတိုက်ရဲ မခိုက်ရဲ၊ မသတ်ရဲ၊ မဖြတ်ရဲဘူး၊ အသေလည်း မခံရဲဘူး။ ဒါပေမဲ့ တစ်ရွာဝင် တစ်ရွာထွက် အပင်ပန်းခံ၊ အဆင်းရဲ ခံပြီး စည်းရုံးရေး လုပ်နိုင်တယ်။ စားစရာ ရရင်စား၊ မရရင် မစားဘဲ ဇွဲနပဲနဲ့ အငတ်ခံနိုင်တယ်။ တတိယ အမျိုးအစားက တိုက်လည်း မတိုက်ရဲ၊ အသေလည်း မခံရဲ၊ အပင်ပန်း အဆင်းရဲ အငတ်အပြတ်လည်း မခံနိုင်ဘူး။ ခပ်ကြော့ကြော့လေး ၀တ်စားပြီး၊ ဦးနှောက် သုံးပြီး တိုင်းပြည် အတွက် ဘာလုပ် ပေးရမလဲ၊ လုပ်ပေးနိုင်တယ် ဆိုတဲ့ လူစားမျိုး ဖြစ်တယ်”

    ဒီစကားကို ပြောခဲ့တဲ့ သူကတော့ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ပဲ ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ(၂၀) ရက်နေ့မှာ ကျင်းပတဲ့ ရွှေတိဂုံအလယ်ပစ္စယံ လူထုဟောပြောပွဲမှာ ရှမ်းပြည်နယ် အတွက် အဆို တင်သွင်း ခဲ့တဲ့ ဦးဖေခင်ကို ဗိုလ်ချုပ်အောင်ဆန်းက တွေ့ဆုံပြီး အထက်ပါ စကားကို ပြောခဲ့တာပါ။

    ဦးဖေခင် ဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ပွဲမှာ ပါဝင် ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။  မြန်မာ့ သမိုင်းကြောင်းကို ပြောရရင်၊ အထူးသဖြင့် ပင်လုံညီလာခံ အကြောင်း ပြောရမယ် ဆိုရင် ဦးဖေခင်တို့၊ ဦးတင်ဧတို့ကို ချန်လှပ်ပစ်ခဲ့လို့ မရပါဘူး။ တစ်နည်း ပြောရရင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာခဲ့ရတာ ကိုယ်နှိုက်က ဦးဖေခင်တို့၊ ဦးတင်ဧတို့ရဲ့ လုံ့လပယောဂတွေနဲ့ မကင်းခဲ့ပါဘူး။ သမိုင်းကြောင်းကို ပြန်ပြီး ကောက်ရမယ် ဆိုရင်တော့  အရှည်သားကလား။

    ဦးဖေခင်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရန်ကုန် တက္ကသိုလ်မှာ ကျောင်းအတူ နေခဲ့ဖူးပါတယ်။  ဦးဖေခင်က တက္ကသိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းထက်  တစ်နှစ် စောပြီး ရောက်ပါတယ်။ တက္ကသိုလ်မှာ အတူဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။

    ဒီနေရာမှာ တစ်ခု သတိထားမိတာ ရှိပါတယ်။ လွတ်လပ်ရေး အကြိုကာလတွေမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ထဲမှာ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေး ခွဲခြားမှု လုံးဝ မရှိခဲ့ပါဘူး။

    မြန်မာနိုင်ငံမှာ လူမျိုးပေါင်း(၁၃၅)မျိုး ရှိတယ်လို့ သတ်မှတ် ထားပေမယ့်လည်း တကယ့် မျိုးချစ်ပုဂ္ဂိုလ် စစ်စစ်တွေကတော့ ဒါကို တစ်မြေထဲနေ၊ တစ်ရေထဲသောက်၊ တစ်ခရီးထဲသွားတဲ့ သွေးချင်းသားချင်းတွေ လို့ပဲ မြင်တယ်။ လူမျိုးရေး အစွန်းရောက်တာမျိုး၊ ဘာသာရေး အစွန်းရောက်တာမျိုး လုံးဝ မရှိခဲ့ကြဘူး။

    ဦးဖေခင်ကိုပဲ ကြည့်လေ။ ဦးဖေခင်ဟာ မြန်မာမွတ်စလင် တစ်ဦးသာ ဖြစ်တယ်။ သူ့ကို မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာမှာ မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ (ခရစ်နှစ် ၁၉၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)နေ့မှာ အစ္စလာမ် ဘာသာဝင် အဖ ဦးဗဗခန်နဲ့ အမိ ဒေါ်တုတ်တို့က မွေးဖွား ခဲ့တယ်။ မြန်မာမွတ်စလင် တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ သူ့သွေးထဲမှာ ဘာသာရေး ခွဲခြားမှု လုံးဝ ကင်းရှင်းခဲ့တယ်။ ဘယ်နယ်ချဲ့ရဲ့ ပယောဂမှ ပူးဝင်မခံခဲ့ဘူး။ ဘယ်ဘာသာရေး ခေါင်းဆောင်တွေရဲ့ အယူအစွဲတွေမှ ပူးဝင် မခံခဲ့ဘူး။

    ဦးဖေခင် နားလည် ထားတာက ဗမာလည်း မြန်မာ၊ မွတ်စလင်လည်း မြန်မာလို့ပဲ ခံယူထားတယ်။ တိုင်းပြည် လွတ်လပ်ရေး အတွက်၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် ဘာသာရေးတွေ၊ လူမျိုးရေးတွေက အဓိက အခြေခံ မကျဘူး။ ဒီတိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က တစ်တပ် တစ်အား ပူးပေါင်းပါဝင် ကူညီမယ် ဆိုတဲ့ စိတ်ပဲ ထားခဲ့တယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်၊ ကျဉ်းမြောင်းတဲ့ ဘာသာရေး စိတ်ဓာတ်တွေ ကင်းရှင်းခဲ့တယ်။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို တိုင်းပြည်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက် စေခဲ့တယ်။

    ဦးဖေခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့၊ သခင် သန်းထွန်းတို့နဲ့  ကျောင်းသား ဘ၀ကတည်းက ခင်မင်သိကျွမ်း ရင်းနှီးခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်မ၀င်စားခဲ့ဘူး။ နိုင်ငံရေးသမား လုပ်ဖို့လည်း စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ အတူ ရှမ်းပြည်နယ်ရဲ့ အနာဂတ် အရေးကိုတော့ စိတ်ဝင်စားမိတယ်။ အဲဒါကြောင့်လည်း ရွှေတိဂုံအလယ်ပစ္စယံမှာ ရှမ်းပြည်နယ်နဲ့ ပတ်သက်ပြီး အဆို တင်သွင်းရာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ စည်းရုံးမှုကြောင့် နိုင်ငံရေး လောကထဲ ရောက်လာခဲ့ရတယ်။

    ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဦးဖေခင်ကို ဖ.ဆ.ပ.လ အဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦး အဖြစ် လည်းကောင်း၊ ဖ.ဆ.ပ.လ ဦးစီး အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဖ.ဆ.ပ.လ အဖွဲ့ချုပ်မှာ တောင်တန်းနယ် ဒေသ အတွင်းရေးမှူး အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရင်း ပင်လုံစာချုပ် အကောင်အထည် ဖော်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်ခဲ့ရတယ်။

    မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကာလတွေတုန်းက တောင်တန်း ဒေသတွေဟာ ဗမာပြည်မကြီးနဲ့ ကူးလူး ဆက်ဆံဖို့ အခွင့်အလမ်း မရှိခဲ့ကြဘူး။ တောင်တန်းဒေသတွေကို အင်္ဂလိပ်နယ်ချဲ့တွေက ထိန်းချုပ်ထားပြီး စော်ဘွားစော်ခံတွေနဲ့ အုပ်ချုပ်ထားတယ်။ စော်ဘွားကြီးတွေကိုလည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ပေးထားခဲ့တာမို့ တော်ရုံ လူငယ်တွေဟာ နိုင်ငံရေး အသိအမြင် တိုးတက်ဖို့ ခက်ခဲလွန်းတယ်။ တက်ကြွတဲ့ နိုင်ငံရေး အမြင်ရှိတဲ့ လူငယ်တွေကို ဖိနှိပ်ထားတယ်။ အထူးသဖြင့် ဘိန်းတွေ၊ သုံးဆယ့်ခြောက်ကောင် လောင်းကစားတွေနဲ့ ရှမ်းပြည်နယ် လူထုကို နိုင်ငံရေးနဲ့ ကင်းဝေးအောင် သွေးဆောင် ထားခဲ့ကြတယ်။ နိုင်ငံရေး အသိရှိတဲ့ လူငယ်တွေ ပေါ်လာရင်လည်း (Frontier crossing Act) လို့ခေါ်တဲ့ “နယ်ခြား ဒေသကျော်ဖြတ်မှု ချုပ်ကိုင်ရေးဥပဒေ” နဲ့ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရတယ်။ မလိုလားအပ်သူ ဆိုပြီး နယ်နှင်ဒဏ် ပေးလို့ရတယ်။ အဲဒါကြောင့် ရှမ်းလူငယ်တွေ ပြည်မနဲ့ ဆက်ဆံဖို့ဆိုတာ အလွန် အန္တရာယ်များလှတဲ့ စွန့်စားမှု တစ်ရပ် ဖြစ်ခဲ့တယ်။

    ဒါပေမဲ့ တိုးတက်သော ရှမ်းလူငယ်တွေ ဖြစ်ကြတဲ့ ဦးထွန်းမြင့်(လင်းခေး)၊ ဦးတင်ဧ(ရှမ်းပြည်)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးစံဖေ၊ ဦးခွန်ထီး၊ ဦးအုန်းဖေ၊ ဦးသန်းဖေ၊ ဦးဘတင်၊ ဦးသုတ၊ ဦးအေးကျော်တို့ဟာ ရွှေတိဂုံ အလယ်ပစ္စယံ လူထုဟောပြောပွဲကို လျှို့ဝှက်စွာ တက်ရောက်လာကြတယ်။ အဲဒီ ဟောပြောပွဲမှာ ရှမ်းပြည်နယ် အတွက် ဦးဖေခင် တင်သွင်းတဲ့ အဆိုကို တစ်ခဲနက် ထောက်ခံခဲ့ကြတယ်။ ဦးဖေခင် တင်သွင်းတဲ့ အဆိုကတော့ “ဗမာပြည်မကြီးကို လွတ်လပ်ရေး ပေးရင် တောင်တန်းဒေသတွေကိုလည်း ချန်လှပ် မထားရန်၊ တစ်ပါတည်း ပြည်နယ် ပြည်မ လွတ်လပ်ရေး ပေးရန်” တို့ပဲ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ခရီးကြမ်းကြီးဟာ “ဓားသွားပေါ်က ပျားရည်စက်”လိုပဲ။ လွတ်လပ်ရေး ဆိုတာ ချိုမြိန်တဲ့ အရသာ ရှိကောင်း ရှိပေမယ့် ဓားသွားလို အန္တရာယ်များတဲ့ အခက်အခဲ အတားအဆီးတွေကို ဖြတ်သန်း ခဲ့ကြရတယ်။

    ကြီးမားတဲ့ အတားအဆီးတွေ ထဲကမှ တစ်တိုင်းပြည်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ် နိုင်ခဲ့တယ်။ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ နယ်ချဲ့အင်္ဂလိပ်ကို စိန်ခေါ်ခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်က မြန်မာပြည်သူလူထုကို သွေးခွဲ ခဲ့တယ်။ ပြည်နယ်ပြည်မ ခွဲခြား ပစ်ဖို့  ကြိုးစားခဲ့တယ်။ တောင်တန်းဒေသတွေကို ဆက်လက် ထိန်းချုပ် ထားချင်သေးတယ်။ ဗမာပြည်မကြီးကို မတတ်သာလို့ လက်လွှတ်လိုက်ရတဲ့ တိုင်အောင် ပြည်နယ်တောင်တန်း ဒေသတွေကိုတော့ လက်လွှတ်ချင်ဟန် မတူဘူး။ အဲဒါ ကြောင့်လည်း ရှမ်းစော်ဘွားတွေကို စည်းရုံးခဲ့တယ်။

    ဗိုလ်ချုပ်တို့ လန်ဒန်မှာ လွတ်လပ်ရေး အတွက် ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာပေါ့။ ဗမာပြည်မကို လွတ်လပ်ရေး ပေးမယ်၊ တောင်တန်း ဒေသတွေကတော့ သူတို့ရဲ့ သဘောဆန္ဒ အလျှောက်ပဲ ဖြစ်ရစေမယ်လို့ ညှိနှိုင်း နေကြတယ်။ ဗိုလ်ချုပ်တို့ကလည်း ပြည်နယ်တောင်တန်း ဒေသတွေ မပါဘဲ လွတ်လပ်ရေး ရခဲ့မယ် ဆိုရင်တောင် အဲဒီလွတ်လပ်ရေးဟာ“အတောင်မပါတဲ့ငှက်”လိုဖြစ်မယ် ဆိုတာ သဘောပေါက်ထားတယ်။ အဲဒါကြောင့် ပြည်နယ်တောင်တန်း ဒေသတွေနဲ့ တစ်ပါတည်း လွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့တယ်။

    ဒါပေမဲ့ အဲဒီ အချိန်မှာပဲ မထင်မှတ်တဲ့ အနှောင့်အယှက် တစ်ခု ၀င်လာတယ်။ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ သွေးထိုးမှုကို နားယောင်ခဲ့တဲ့ စော်ဘွားတွေက အင်္ဂလိပ် အစိုးရထံ ကြေးနန်းစာ ပို့လိုက်တယ်။ “အောင်ဆန်းက ငါတို့ ကိုယ်စားလှယ် မဟုတ်၊ ရှမ်းပြည်နယ် အတွက် ဘာမှ ပြောပိုင်ခွင့် မရှိ၊ ရှမ်းပြည်ကိစ္စ ဆွေးနွေးလိုလျှင် ငါတို့ကို ဖိတ်ပါ”ဆိုတဲ့ ကြေးနန်းစာပါပဲ။

    အင်္ဂလိပ်နန်းရင်းဝန် အက်တလီဟာ အဲဒီ ကြေးနန်းစာကို ဗိုလ်ချုပ်အောင်ဆန်းကို ပြလိုက်တယ်။ ဗိုလ်ချုပ် နားလည် လိုက်တယ်။ ရှမ်းပြည်နယ်ကို အင်္ဂလိပ်တွေ သွေးခွဲလိုက်ပြီ ဆိုတာကိုပေါ့။ ရှမ်းပြည်နယ်မှာ ရှိတဲ့ စော်ဘွားတွေလည်း နယ်ချဲ့အင်္ဂလိပ်ရဲ့ ပယောဂ ပူးဝင် ခံလိုက်ရတယ်။ “မစားရ ၀ခမန်း” မက်လုံးတွေနဲ့ ပြည်နယ်ပြည်မ သွေးစည်းမှုကို သွေးခွဲလိုက်တယ်။ သမိုင်းစဉ်ဆက် သွေးစည်းခဲ့တဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တွေ နှစ်ပေါင်းတစ်ရာ နီးပါး သွေးခွဲခဲ့သလို ယခုလည်း သွေးခွဲ လိုက်ကြပြန်တယ်။

    တိုးတက်တဲ့ ရှမ်းလူငယ်တွေဟာ နိုင်ငံရေး မျက်ခြည် ပြတ်မခံခဲ့ဘူး။ တောင်တန်း ဒေသတွေနဲ့ ဗမာတွေဟာ သွေးစည်းညီညွတ်မှု ရှိတယ် ဆိုတဲ့ အကြောင်း ချက်ချင်း တုံ့ပြန် လိုက်ကြတယ်။ ရှမ်းလူငယ် ကိုတင်ဧ(နောင်-အငြိမ်းစား နိုင်ငံတော်ကောင်စီဝင်)က ဦးဆောင်ပြီး တောင်ကြီးနဲ့ အနီးအနား ပတ်ဝန်းကျင် မြို့တွေမှာ လူထု ဆန္ဒပြပွဲတွေ ကျင်းပ လိုက်ကြတယ်။

    “ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ် အပါ အ၀င် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ ထောက်ခံသည်။ ဗမာပြည်မကို လွတ်လပ်ရေး ပေးလျှင် ရှမ်းပြည် အပါအ၀င် တောင်တန်း ဒေသကိုပါ တစ်ပြိုင်နက်တည်း လွတ်လပ်ရေးပေးပါ”ဆိုပြီး လန်ဒန် အစိုးရထံ ကြေးနန်း ပြန်ရိုက် လိုက်ကြတယ်။ ဒီတော့မှ အင်္ဂလိပ် အစိုးရလည်း ရှမ်းပြည်သူလူထုရဲ့ သဘောထား အမှန်ကို သိရှိ နားလည်သွား တယ်။ “ဒီလို ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်း ဒေသကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြပါ။ ရရှိလာတဲ့ သဘောတူညီချက်ကို ဗြိတိသျှအစိုးရ အနေနဲ့ လက်ခံပေးပါမယ်”ဆိုတဲ့ အဖြေကို ပေးခဲ့တယ်။ ဒါဟာ “အောင်ဆန်းအက်တလီ ” စာချုပ်ရဲ့ ရေသောက်မြစ်ပဲ ဖြစ်ပါတယ်။

    နယ်ချဲ့အင်္ဂလိပ်တွေရဲ့ အထင်ကတော့ ရှမ်းဗမာ သွေးစည်းရေး မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။  နယ်ချဲ့ အင်္ဂလိပ်က နှစ်ပေါင်း တစ်ရာ သွေးခွဲ အုပ်ချုပ်ထားတာမို့ ဘယ်နည်းနဲ့မှ ရှမ်းဗမာ သဘောတူညီမှု ရလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း တို့ကို နှစ်သိမ့်လွှတ်လိုက်ဟန် တူပါတယ်။ အက်တလီတို့ ထင်မယ် ဆိုရင်လည်း ထင်စရာပါ။ ရှမ်းပြည်နယ်မှာ စော်ဘွားတွေ၊ မြို့စားတွေ၊ ငွေခံမှူးတွေ ကို အခွင့်အရေး ပေးထားတယ်။ ဘိန်းနဲ့ လောင်းကစားဝိုင်းတွေ ဖွင့်ပြီး နိုင်ငံရေး နားမျက်စိတွေ ပိတ်ထားခဲ့ပြီကိုး။ ဒီတော့လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ တစ်တွေ ဘယ်လောက်ပဲ စည်းရုံးကြပါစေ အောင်မြင်လိမ့်မယ်လို့ လုံးဝ ထင်မှတ် မထားခဲ့ဘူး။ တကယ်တော့ နယ်ချဲ့ ဆိုတာ ဘယ်နယ်ချဲ့မှ သီလ မစောင့်ထိန်းကြပါဘူး။ မျက်မှောက်ခေတ် နယ်ချဲ့တွေလည်း ဒီပုတ်ထဲက ဒီပဲတွေ ဆိုတာ သမိုင်းသင်ခန်းစာ ယူထားကြဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။

    ရှမ်းပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုကြောင့် “အောင်ဆန်းအက်တလီ”စာချုပ်ကို (၂၇. ၁. ၁၉၄၇) နေ့မှာ အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်တန်းဒေသတွေနဲ့  ညှိနှိုင်း ဆွေးနွေး ရဦးမှာမို့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကို ချက်ချင်း ပြန်လာခဲ့ပါ တယ်။

    ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ ဗိုလ်ချုပ်တို့ ရန်ကုန်ကို ပြန်ရောက်လာကြပြီး ဖေဖော်ဝါရီလ(၈)ရက်နေ့မှာ ပင်လုံကို ထပ်ပြီး ခရီးဆက်ခဲ့ရတယ်။ ဗမာပြည် လွတ်လပ်ရေး အတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန်မဆိုင်းဘဲ (အနားမယူဘဲ) ရှမ်းပြည်နယ်ကို ခရီးထွက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်ပန်းနွမ်းနယ် နေရမယ့် အစား အနာဂတ် မြန်မာနိုင်ငံရဲ့ ကံကြမ္မာ အတွက် တက်ကြွ ရွှင်လန်းနေတယ်။ ဖေဖော်ဝါရီလ(၈)ရက်နေ့ ညနေမှာတော့  ရှမ်းစော်ဘွားကြီးတွေ၊ ကချင်ခေါင်းဆောင်ကြီးတွေကို ပျော်ရွှင်စွာ နှုတ်ခွန်းဆက်ပြီး လန်ဒန် အတွေ့အကြုံတွေကို ရှင်းလင်း ပြောပြခဲ့တယ်။ တက်ရောက် လာကြတဲ့  တောင်တန်းကိုယ်စားလှယ်တွေကလည်း ဗိုလ်ချုပ်ရဲ့ ရိုးသား ပွင့်လင်းမှုကို ကျေနပ် နှစ်သိမ့်နေကြတယ်။

    နောက်တစ်နေ့ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အနာဂတ် မြန်မာပြည်ရဲ့ အခြေအနေကို ရှင်းရှင်း နဲ့ ဘွင်းဘွင်းပဲ ပြောပြခဲ့တယ်။ ကိုယ့်ပြည်တွင်းက ပြဿနာကို ကိုယ့်အချင်းချင်း နားလည် ခွင့်လွှတ်မှုတွေ နဲ့သာ ဖြေရှင်းရမှာ ဖြစ်တဲ့ အကြောင်း၊ အမေကျော် ဒွေးတော် လွမ်းနေလို့ မဖြစ်ကြောင်း၊ ဘယ်ပြည်ပကမှ သူတို့ အကျိုးစီးပွား အတွက် အကျိုးအမြတ် မရှိဘဲ ကူညီမှာ မဟုတ်တဲ့ အကြောင်း၊ နောက်ဆုံး သူတို့ အကျိုး အတွက် အသုံးချသွားကြမှာ ဖြစ်တဲ့ အကြောင်း။ အဲဒါကြောင့် ကိုယ့်အချင်းချင်း စည်းလုံး ညီညွတ်စွာ လက်တွဲပြီး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လိုကြောင်း ပြောကြား သွားတယ်။

    ဒါပေမဲ့လည်း “ဘယ်လောက်ပဲ စေတနာမှန်မှန်၊ ဘယ်လောက်ပဲ ရိုးသားမှု ရှိနေပါစေ၊ အဖျက်အမှောင့်တွေကတော့ ပေါ်လာစမြဲပါပဲ။ ပင်လုံညီလာခံကြီးဟာ အစကောင်း သလောက်၊ အနှောင်း မသေချာတော့မယ့် အခြေအနေ အထိ ရောက်လာခဲ့တယ်။

    ပင်လုံညီလာခံမှာ ဦးဆောင် ဆွေးနွေးကြတဲ့ ရှမ်းနဲ့ ကချင်ခေါင်းဆောင်တွေက “တောင်တန်းသားများ ညီညွတ်ရေးကောင်စီ ”အမည်နဲ့ တောင်းဆိုချက်တွေ တောင်းဆိုလာကြတယ်။

    (၁)မြန်မာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ ဒီမိုကရေစီကျကျ ခံစားခွင့်  ရှိရမည်။

    (၂)  အမှုဆောင်ကောင်စီတွင် ပါဝင် ဆောင်ရွက် ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ် တို့သည် မိမိတို့လူမျိုး အသီးသီး၏ ပြည်တွင်းရေးရာ အားလုံး အတွက် တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား အကောက်တော် အစရှိသော အားလုံးနှင့်ဆိုင်သော ကိစ္စရပ်များ အတွက် အားလုံး စုပေါင်းကာ တာဝန်ယူ ဆောင်ရွက်ကြရမည်။

    (၃)  ကချင်တို့က သီးခြား ကချင်ပြည်နယ် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။

    (၄) မြန်မာကိုယ်စားလှယ်တော်များနှင့် ဘုရင်ဧကရာဇ် အစိုးရ၏ သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် မပတ်သက်စေရ။

    (၅) လွတ်လပ်ရေး ရပြီးသည့်နောက်  မြန်မာပြည်ထောင်စုမှ ကျွန်ုပ်တို့ ခွဲထွက်လိုလျှင် ကျွန်ုပ်တို့ သဘောကျသည့် အချိန်တွင် ခွဲထွက် နိုင်ခွင့် ရှိစေရမည်။

    အဲဒီ တောင်းဆိုချက်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ တော်တော် စိတ်ပျက် သွားခဲ့တယ်။ စည်းလုံး ညီညွတ်တဲ့ နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့ အတွက် မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့တယ်။ လွတ်လပ်ရေး အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲ ၀င်ကြရမယ့် အစား တောင်းဆိုချက်တွေနဲ့ အကျပ် ကိုင်ခဲ့ကြတယ်။

    ဗိုလ်ချုပ်အောင်ဆန်း စိတ်ပျက်မယ် ဆိုလည်း စိတ်ပျက်စရာပါ။ “မုန့်ဆီကျော်က ဘယ်ဆီနေမှန်း မသိသေးဘူး။ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား”ဆိုသလို ဖြစ်နေပြီ။ တိုင်းပြည်က လွတ်လပ်ရေးတောင် မရသေးဘူး။  ခွဲထွက်ဖို့က အရင်ဆုံး စိတ်ကူးနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ အတော် စိတ်ကုန်သွားခဲ့ဟန် တူပါတယ်။ အဲဒါကြောင့် “ခင်ဗျားတို့က ပြည်ထောင်စု ဖွဲ့ဖို့ မူအရတောင်မှ သဘောမတူရသေးခင် ခွဲထွက်ရေး စကားပြောတာတော့ မကောင်းပါဘူးဗျာ”လို့ ပြောခဲ့ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းဟာ ကချင်ခေါင်းဆောင်နဲ့ ရှမ်းစော်ဘွားကြီးတို့ရဲ့ သဘောထား တင်းမာမှုတွေကြောင့် ပင်လုံစာချုပ် ပျက်ပြယ်လုနီးပါး ဖြစ်သွားရတာကို စိတ်မကောင်း ဖြစ်နေဟန်တူပါတယ်။ ရန်ကုန်ပြန်ဖို့ လေယာဉ်ပျံ မှာယူခိုင်းတဲ့ အထိ အဖြစ်အပျက်တွေက မြန်ဆန်လွန်း နေပါတယ်။

    ရှမ်းပြည်လူထုလည်း စိုးရိမ်စိတ်တွေ ၀င်နေကြပြီ။ ရှမ်းလူငယ်တွေ ဖြစ်ကြတဲ့ ဦးဖေခင်တို့၊ ဦးတင်ဧတို့ တစ်တွေလည်း ပျာယာခတ်ကုန်ကြပြီ။ ဒီပင်လုံညီလာခံကြီးသာ ပျက်သွားခဲ့မယ် ဆိုရင် ဗမာနိုင်ငံကတော့ လွတ်လပ်ရေး ရသွားမှာ ဖြစ်ပေမယ့် တောင်တန်းဒေသတွေဟာ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ရာထောင် ကြာတဲ့ အထိ အဖိနှိပ် ခံနေရလိမ့်ဦးမယ်လို့ တွေးခဲ့ကြတယ်။ အဲဒါကြောင့် ဒီပင်လုံညီလာခံကြီးကို အပျက် မခံနိုင်ဘူး။ ပြန်လည် အသက်ဝင်လာအောင် ကြိုးစားခဲ့တယ်။ အခြေအနေကို စောင့်ကြည့်နေကြတဲ့ ကျောင်းသားတွေ၊ အဖွဲ့အစည်းပေါင်းစုံက ရှမ်းပြည်သူလူထုတွေ ဟာ “လွတ်လပ်ရေး ချက်ချင်းပေး”၊ “ရှမ်းဗမာ ပူးပေါင်းပါ”၊ “နယ်ချဲ့အလိုမရှိ”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မြို့ထဲမှာ လှည့်လည် ဆန္ဒပြခဲ့ကြတယ်။

    ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့ရတဲ့ ပင်လုံညီလာခံကြီးဟာ တိုးတက်တဲ့ ရှမ်းလူငယ် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုရဲ့ စွမ်းအားကြောင့် ပြန်လည် လူးလွန့်လာခဲ့တယ်။ ကိုယ်စားလှယ်တွေ အားလုံး ပြန်လည် ညှိနှိုင်းခဲ့ကြတယ်။  တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး အလျော့အတင်းတွေနဲ့ သည်းခံ နိုင်ခဲ့ကြလို့ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ကြတယ်။

    တကယ်လို့သာ တောင်တန်းဒေသတွေကလည်း သူတို့ရဲ့ တောင်းဆိုချက်တွေကို လုံးဝ မစွန့်လွှတ်သလို ဗိုလ်ချုပ်အောင်ဆန်းတို့ ပြည်မအဖွဲ့ကလည်း အလျော့ မပေးကြဘူး ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အလှည့်အပြောင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွား နိုင်စရာရှိပါတယ်။

    ဗမာနိုင်ငံကတော့ တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိမှာ ဖြစ်ပေမယ့် တောင်တန်းဒေသတွေရဲ့ လွတ်လပ်ရေးကတော့ “ရွှေပြည်တော် မျှော်တိုင်းဝေး”ဆိုသလို  အင်္ဂလိပ်နယ်ချဲ့တွေ သနားမှ ချမ်းသာရမယ့် အခြေအနေမျိုး အထိ ရောက်သွားနိုင်ပါတယ်။ ဗမာနိုင်ငံ အနေနဲ့ကလည်း ပြည်နယ်တောင်တန်းဒေသတွေ မပါဘဲ လွတ်လပ်ရေးရမယ် ဆိုရင်တောင် ပထ၀ီအနေအထားအရ လုံခြုံရေးဟာ အမြဲတမ်း ခြိမ်းခြောက် ခံရနိုင်ပါတယ်။

    ဘာပဲပြောပြော ကျွန်တော်တို့ အားလုံး ကံကောင်း ခဲ့ကြပါတယ်။ အမြော်အမြင် ကြီးမားတဲ့ ခေါင်းဆောင်တွေ၊ အပေးအယူ မျှတတဲ့ ခေါင်းဆောင်တွေ၊ စိတ်လိုက် မာန်ပါ မလုပ်တတ်တဲ့ ခေါင်းဆောင်တွေကြောင့် ကျွန်တော်တို့ အားလုံး နယ်ချဲ့အင်္ဂလိပ် လက်အောက်က လွတ်မြောက် ခဲ့ရပါတယ်။

    နောက်ထပ် ကျွန်တော်တို့ အားလုံး ဘယ်နယ်ချဲ့ရဲ့ လက်အောက်မှာမှ အရောက် မခံလိုကြတော့ပါဘူး။  မြန်မာနိုင်ငံဟာ ၀ံပုလွေတွေရဲ့ အလယ်မှာ ရောက်နေတဲ့ သိုးငယ်ပမာ ဒီကနေ့ ပထ၀ီအနေအထား အရ ရောက်ရှိ နေပါတယ်။ အင်အားကြီး နိုင်ငံကြီးတွေရဲ့ အလယ်မှာ “နိုင်ငံရေး ကျားကွက်”အရွှေ့ခံရ နိုင်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိခဲ့တဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဘ၀ကနေပြီး နောက်ထပ် အမှောင်တွင်းကို ကျရောက် မသွားဖို့ ဆိုရင်တော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး “ပင်လုံစိတ်ဓာတ်”ခိုင်မြဲဖို့ လိုအပ်လှကြောင်းပါ ခင်ဗျာ။

    မူရင်းလင့်ခ်=>http://www.messengernewsjournal.com/news/Article/detail.php?id=50830

  • “အားလုံးဟာ နိုင်ငံရဲ့ အစိတ်အပိုင်း အဖြစ်ခံယူမှ ပြည်ထောင်စုဖြစ်မယ် ငြိမ်းချမ်းရေးရမယ်”

    “အားလုံးဟာ နိုင်ငံရဲ့ အစိတ်အပိုင်း အဖြစ်ခံယူမှ ပြည်ထောင်စုဖြစ်မယ် ငြိမ်းချမ်းရေးရမယ်”

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media
    သတင်း/ဓါတ်ပုံ- သူရိန်

    1455292488214
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ(ဘာသာရေး) အဖွဲ့ မမလ ဌာနချုပ်မှာ စာပေဟောပြောပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

    ဟောပြောပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘလောဂါ နေဘုန်းလတ် မှ ပြည်ထောင်စုအဖြစ် တည်ဆောက် လိုလျှင် အားလုံးဟာ part of the nation (တနည်းအားဖြင့် နိုင်ငံရဲ့ အစိတ်အပိုင်း) အဖြစ် ခံယူထားသင့်ကြောင်း ဆော်သြလိုက်ပါတယ်။

်”ပြည်ထောင်စု အနေနဲ့သွားမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးလိုချင်တယ် ဆိုရင် ဒီထဲမှာ ရှိနေတဲ့ သူတွေအားလုံး ဘာသာတွေရော လူမျိုးတွေရော ယုံကြည်မှုတွေရော အဲ့ဒါတွေကို ခဏဖယ်ထားပြီး အားလုံးဟာ part of the nation ဖြစ်တယ်ဆိုတဲ့ သဘောတရားမျိုး ရင်ထဲမှာ ကိန်းအောင်းနိုင်မှ ပြည်ထောင်စု ဖြစ်မယ် ၊ ငြိမ်းချမ်းရေးရမယ်” ဟု ကိုနေဘုန်းလတ်က ပြောပါတယ်။

    ဆက်လက်၍ ၎င်းက “ငါတို့က အိမ်ရှင် သူတို့ကတော့ ဧည့်သည်ဆိုတဲ့ အမြင်မျိုးရှိနေတဲ့ သူတွေများနေတယ်ဆိုရင်တော့ တိုင်းပြည်က ပြည်ထောင်စုလည်း ဖြစ်မှာမဟုတ်ဘူး။ ငြိမ်းချမ်းမှာလည်း မဟုတ်ဘူး” လို့ သုံးသပ်ပြောကြားပါတယ်။

    1455292691716

    အလားတူ နိုင်ငံရေး အကျဉ်းသားများအကြောင်း အထူးပြုရေးသားနေသော စာရေးဆရာမ နှင်းပန်းအိမ်မှလည်း သူမကြုံတွေ့ခဲ့ရသော နိုင်ငံရေး အကျဉ်းသားများရဲ့ ဘဝများ၊ နိုင်ငံအတွက် လူမျိုးဘာသာပေါင်းစုံတို့ရဲ့ ကြိုးပမ်းချက်များကို ဟောပြောတင်ပြပါတယ်။

    ” ဒီကနေ ကျွန်မတို့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းလာတယ်လို့ ဆိုခဲ့ရင် အဲ့ဒီမှာ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ နိုင်ငံရေးနိုးကြားမှု အများကြီးပါပါတယ်။ ဒီနေရာမှာ သာဓကအနေနဲ့ပြောရင် ဗိုလ်မှူးဘရှင်၊ ပင်လုံဦးဖေခင် တစ်ဦးချင်း တစ်ယောက်ချင်းဆီရဲ့ ကြိုးစားအားထုတ်မှုဟာ မြန်မာနိုင်ငံရေးထဲမှာ အလုံးစုံပါဝင်ပါတယ်” ဟု ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာ မှုကို ဆက်စပ်ပြောကြားရင်း အစ္စလာမ်ဘာသာဝင်များရဲ့ တိုင်းပြည်အတွက် အားထုတ်ကြိုးပမ်းမှုများကို မီးမှောင်းထိုးပြောကြားခဲ့ပါတယ်။

    1455292522041

    အဆိုပါ ပြည်ထောင်စုနေ့ ဟောပြောပွဲ မစတင်မီ တက်ရောက်လာသူများ စုပေါင်းကာ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုကြပါတယ်။ ဟောပြောပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဘလောဂါနေဘုန်းလတ် နှင့် စာရေးဆရာမ နှင်းပန်းအိမ်တို့အပြင် ကဗျာဆရာ ကိုအင်းဝနှင့် မောင်ရင်ဆုတို့က ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သော ငြိမ်းချမ်းရေး ကဗျာများကို ရွတ်ဆိုခဲ့ပါတယ်။

    မမလ ဌာနချုပ်သည် အခါအားလျော်စွာ ဟောပြောပွဲများကို ကျင်းပပြီး ယခုနှစ် ၆၉နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    1455292469032

  • ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ ဂုဏ်ပြု

    ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ ဂုဏ်ပြု

    ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၆

    M-Media

    PL

    ယနေ့ ၂၀၁၆ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်တဲ့ (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် M-Media မှာ တင်ဆက်ခဲ့သည့် ပြည်ထောင်စုနေ့နှင့် ဆက်စပ်သည့် သတင်းဆောင်းပါး၊ စာအုပ်များကို စုစည်းတင်ဆက်လိုက်ပါတယ်။

    ၁) ပင်လုံ၏အဓိက ဇာတ်ဆောင် (ဝါ) ရာပြည့်အလွန် ဦးဖေခင်
    http://www.m-mediagroup.com/news/39486

    ၂) “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’
    http://www.m-mediagroup.com/news/24187

    ၃) ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်
    http://www.m-mediagroup.com/news/24791

    ၄) ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)
    http://www.m-mediagroup.com/news/10882

    ၅) ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
    http://www.m-mediagroup.com/news/20365

    ၆) သက်ရှိ ပင်လုံမှတ်တမ်း
    (ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်း)
    http://www.m-mediagroup.com/news/32147

    ၇)ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ
    http://www.m-mediagroup.com/news/40930

    ၈)ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )
    http://www.m-mediagroup.com/news/9470

  • ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

    ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

    ကျော်စွာမိုး
    ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၉ မှ ကူးယူဖော်ပြသည်။

    U Khan

    အသက်တစ်ရာရှိပြီဖြစ်တဲ့ ဦးခန်းဟာ ပြည်ထောင်စုနေ့ဖြစ်လာမည့် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သူလုပ်ပေးခဲ့တဲ့ကိစ္စ ယနေ့တိုင် ဂုဏ်ယူနေဆဲပါ။

    နှစ်ပေါင်း ၇၀ ကြာခဲ့ပြီဖြစ်ပေမယ့် ဦးခန်းဟာ ၆၄မိုင်ခန့် ရှည်လျားတဲ့ တောင်တက်တောင်ဆင်းလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်း၊ ကချင်နဲ့ ချင်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးဖို့ တောင်ကြီးမြို့ကနေ ပင်လုံအထိ ကားမောင်းပို့ခဲ့ရတာ အမြဲအမှတ်ရနေပါတယ်။

    ဒီပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေကတော့ အခုအချိန်မှာ အကုန် ကွယ်လွန်ကုန် ကြပါပြီ။ ဗိုလ်ချုပ်က အရင်ဆုံး ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ၆ လအလို ၁၉၄၇ ခုနှစ် ဇူလိုင်လမှာ လုပ်ကြံခံခဲ့ ရတာဖြစ်ပါတယ်။

        ဗိုလ်ချုပ်နဲ့ တစ်နှစ်တည်း ၁၉၁၅ ခုနှစ်မှာမွေးတဲ့ ဦးခန်းဟာ ကျန်းမာရေးကောင်းမွန်ဆဲဖြစ်ပြီး တစ်ခါတစ်ရံဆို  တောင်ကြီးမြို့ လမ်းတွေပေါ် ကိုယ်တိုင် ကားမောင်းသွားလာနေတာကို ယနေ့တိုင် မြင်နိုင်ပါတယ်။ သူဟာ တောင်ကြီး ဇာတိဖြစ်ပြီး အဖေကတော့ မြန်မာနိုင်ငံမှာလာရောက်အခြေကျတဲ့ မူဆလင်တစ်ယောက်ဖြစ်ပြီး အမေကတော့ ရှမ်းလူမျိုး ဖြစ်ပါတယ်။ ဦးခန်းဟာ သူ့ကိုယ်သူ အစ္စလာမ်ဘာသာဝင်တစ်ယောက်လို့ ခံယူထားပါတယ်။

    ဦးခန်းဟာ အတိတ်ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲဖြစ်ပြီး သူ့ဆီ လာလည်တဲ့ ဧည့်သည်တွေကို သူ့အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ သမိုင်းဝင် ဓာတ်ပုံတွေကို ဝမ်းသာအားရနဲ့ လိုက်ပြလေ့ရှိပါတယ်။
    be034e9fb7591a9f2681b37d3d59dc73f634b70c75cc5ae9d17027fcb8dfdef4
    ဗိုလ်ချုပ်က တောင်ကြီးမြို့မှာ ဒေသခံအမျိုးသမီးငယ်တစ်ဦးဆီက ပန်းစည်းလက်ခံရယူနေတဲ့ဓါတ်ပုံကို ထိုးပြပြီး  သူက “ အဒီနေ့မှာ ကျနော် သူ့ကိုပင်လုံကိုမောင်းပို့ခဲ့တာပေါ့ ” လို့ပြောပါတယ်။ ပုံထဲက ကားမောင်းသူထိုင်ခုံမှာ ထိုင်နေ
    တဲ့သူက ဦးခန်းပါ။ ပင်လုံမှာ ဗိုလ်ချုပ်က တိုင်းရင်းသားခေါင်းဆောင်တွေကိုပြောခဲ့တဲ့ စကားတွေကိုလည်း ဦီးခန်းက မှတ် မိနေပါတယ်။

    “ ဒီသဘောတူညီချက်ကို မကျေနပ်ရင် နောက် ၁ဝ နှစ်နေရင် ခင်ဗျားတို့ပြည်နယ်တွေ ဗမာပြည်ကခွဲထွက်ရင် ခွဲ ထွက်နိုင်တယ် လို့ ဗိုလ်ချုပ်ကပြောတာ ” ဟု ဦးခန်းက ပြန်ပြောပြပါတယ်။

    “ အဲဒီတော့ ပထမဆုံး သမ္မတဖြစ်လာတဲ့ ညောင်ရွှေစော်ဘွား အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပြည်ထောင်စုအတွက် လက်မှတ်ထိုးမဲ့အချိန်မှာ ခွဲထွက်ဖို့ကိစ္စ မပြောဖို့ဗိုလ်ချုပ်ကို ပြန်ပြောခဲ့ကြတယ်” လို့ ဦးခန်းက ဆက်ပြောပါတယ်။

    28612990820a9baa1d1f870c76315bc3937da9939e9c343e3f8ecc80373e3bc0

    ဒါပေမယ့်လည်း ထိုသမိုင်းဝင် ပင်လုံစာချုပ်ထဲမှာပါတဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကတော့ ဒီနေ့အထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ထိုကိုယ်ပိုင်အုပ်ချုပ်
    ရေး ရဖို့အတွက် ယနေ့တိုင် ကြိုးစားဆဲ ဖြစ်ပါတယ်။

    တူညီတဲ့ ရပ်တည်မှု
    —————————–
    နိုင်ငံရေးနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် နှစ်ယောက်စလုံးက ရပ်တည်မှုတူတဲ့အတွက် ယခင်ကတည်းက ဦးခန်း နဲ့ ဗိုလ်ချုပ်ဟာ အသိအကျွမ်းတွေ ဖြစ်ကြပါတယ်။

    d512c4ea993beb28cf1283abd2293ef2ef0b96e2030f3c41a91dd05a855130e2

    “ ဗိုလ်ချုပ်က နိုင်ငံတစ်ဝန်း လွတ်လပ်ရေး ကြိုးပမ်းမှုတွေ လုပ်နေချိန်မှာ ကျနော်က ရှမ်းပြည်နယ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လုပ်နေခဲ့တာ ” လို့ ဦးခန်းက ပြောပါတယ်။ “ ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှာ ဦးတင်ဧနဲ့ အတူ ကျနော်အလုပ် လုပ်ခဲ့ပါတယ် ” ။

    ဦးခန်းထက် တစ်နှစ်ငယ်ပြီး အခုကွယ်လွန်သွားပြီဖြစ်တဲ့ ဦးတင်ဧဟာ ဗိုလ်ချုပ်ရဲ့ ပင်လုံ အစီအစဉ်ကို ရှမ်းလူမျိုးအများအပြားက ယုံကြည်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ရှမ်းခေါင်းဆောင်အနည်းငယ်ထဲက တစ်ယောက် ဖြစ်ပါတယ်။

    လွတ်လပ်ရေးရပြီး လေးနှစ်အကြာ ၁၉၅၂ ခုနှစ်မှာ ဦးခန်းဟာ ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ ပထမဆုံးမြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ နောက်လေးနှစ်အကြာမှာလည်း မြို့တော်ဝန် ဒုတိယ
    သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဌအဖြစ်လည်း ခန့်အပ်ခြင်းခံရပါတယ်။
    2c2da8605e36db88ee413b4c9eeabd8a4c14aaa600872627419f65b90a058b91
    အဲဒီကာလတွေမှာ မြို့တော်ဝန်တစ်ယောက်အနေနဲ့ ဦးခန်းဟာ ပြည်တွင်း ပြည်ပ နိုင်ငံ့ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ သူ့အိမ်နံရံပေါ်က ဓာတ်ပုံတွေမှာတော့ သူနဲ့ မြန်မာပြည်ရဲ့ဒုတိယမြောက် သမ္မတကြီး ဦးဘဦး၊ နောက်ပြီး သူနဲ့ တရုတ် သမ္မတ လျိုရှောက်ချီတို့ရဲ့ ဓာတ်ပုံတွေကိုတွေ့ရပြီး သူတို့တွေ တောင်ကြီးကို လာရောက်လည်ပတ်စဉ်မှာ ရိုက်ထားတဲ့ပုံတွေ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ် ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နဲ့လည်း သူက သိကျွမ်းပါတယ်။ မြို့တော်ဝန်အဖြစ် ဆောင်ရွက်နေတဲ့ အချိန်တည်းမှာပဲ ဦးခန်းဟာ အောင်မြင်တဲ့ စီးပွားရေးသမားလည်း ဖြစ်ခဲ့ပါတယ်။ တောင်ကြီးနဲ့ တခြား ရှမ်းပြည်တောင်ပိုင်းမြို့တွေမှာ ရုပ်ရှင်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

    ဒါပေမဲ့ သူ့အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ရောက်လာခဲ့ပါတယ်။ အဲဒီနေ့ကတော့ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာ သိမ်းလိုက်ချိန်မှာတော့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ဖြစ်ပါတယ်။ တကယ်တော့ အဲဒီသောကြာနေ့ဟာ ဦးခန်း အတွက်သာမက တစ်နိုင်ငံလုံး အတွက်လည်း ကံဆိုးမိုးမှောင်ကျတဲ့နေ့ ဖြစ်ပါတယ်။

    မတ်လ ၁ ရက်နေ့ ညသန်းခေါင်ကျော်ကတည်းက ဗိုလ်ချုပ်နေဝင်းရဲ့ တပ်တွေဟာ အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရဲ့ အိမ်ကိုစ ဝိုင်းပါတယ်။ တိုင်းရင်းသားခေါင်းဆောင် အများစုကတော့ ရန်ကုန်နဲ့ ရှမ်းပြည်နယ် တနံ
    တလျားမှာရှိနေတဲ့ စော်ဘွားတွေဖြစ် ပါတယ်။ (ကရင်လူမျိုး) သမ္မတကြီး မန်းဝင်းမောင်နဲ့ ဝန်ကြီးချုပ် ဦးနုအပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးကို ဖမ်းဆီး ခဲ့ပါတယ်။ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမတ်တွေဖြစ်တဲ့ ရှမ်းစော်ဘွား ၂၅ ယောက်လုံးနီး
    ပါးနဲ့ ပြည်သူ့လွှတ်တော်အမတ် ၂၅ ယောက်အပြင် နိုင်ငံရေးသမားတွေလည်း အဖမ်းခံခဲ့ရပါတယ်။

    မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့ပြီး အဲဒီအချိန်က လူမျိုးစုလွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ဟာလည်း ရန်ကုန်က သူ့နေအိမ်မှာ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးနေစဉ်အတွင်း သူ့ရဲ့ ၁၇ နှစ်အရွယ် သားတစ်ယောက် အသတ်ခံခဲ့ရပါတယ်။ ဦးနေဝင်းရဲ့အာဏာသိမ်း အစိုးရကတော့ စပ်ရွှေသိုက်ရဲ့အိမ်တော်စောင့်တွေနဲ့ စစ်သားတွေ အပြန်အလှန် ပစ်ခတ်ကြရာက သူ့ရဲ့သား သေဆုံးသွားတာလို့ဆိုပါတယ်။ ဒီသေဆုံးမှုတစ်ခုကလွဲရင်သွေးမြေမကျတဲ့ အာဏာ သိမ်းမှုလို့ ပြောကြပါတယ်။

    ဦးနေဝင်းရဲ့အာဏာသိမ်းမှုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံမှာ တည်ဆောက် ခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဗမာအများစုကြီးစိုးထားတဲ့ စစ်အစိုးရဟာ နိုင်ငံရဲ့ လူအများစုနဲ့လူနည်းစု တိုင်းရင်းသား အများအပြားကြား အယုံအကြည် ကင်းမဲ့မှုကို နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒါဟာ အဲဒီအချိန်မှာ ဆယ်စုနှစ် ၂ ခုမြောက်ကို ဝင်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပြီးဆုံးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေအတွက်ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့တယ်ဆိုတာကတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။

    “ ခဏလောက်လိုက်ခဲ့ပါ ”

    အဖမ်းခံရတဲ့အထဲမှာ ဦးခန်းလည်း အပါအဝင်ပါ။

    “ ကျနော်ကို အင်းစိန်တိုးချဲ့ အကျဉ်းထောင်ကို ပို့လိုက်ကြပါတယ် ” လို့ ဦးခန်းကပြောပါတယ်။ သူပြောတဲ့ တိုးချဲ့အကျဉ်းထောင်ဆိုတာ စပ်ရွှေသိုက်နဲ့အခြား နိုင်ငံရေးအကျဉ်းသားတွေ ကိုထားခဲ့တဲ့ အင်းစိန်အကျဉ်းထောင်ဝင်းထဲက ထောင်တစ်ခုပါ။ ဦးခန်းက ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ နံနက်ခင်းတစ်ခုကို သူမမေ့နိုင်သေးဘူးလို့ ပြောပါတယ်။

    “ နံနက် ၇ နာရီလောက်မှာ စပ်ရွှေသိုက်က ဝင်းထဲမှာ လမ်းလျှောက်နေရင်း ကျနော်တို့ကို “ နေကောင်းလား ” လို့လှမ်းအော်သွားပါတယ်။ မနက် ၁၁ နာရီလောက်မှာတော့ သူသေသွားပါရော။ ဘာကြောင့်မှန်း ကျနော်တို့ မသိဘူး ”လို့ ဦးခန်းကပြောပါတယ်။

    ကျနော်တို့ဘေးမှာ ထိုင်နေတဲ့မိတ်ဆွေ တစ်ယောက်က “ အဆိပ်ခတ်ခံခဲ့ရတာ ” လို့ ဝင်ပြောပါတယ်။ ဦးခန်းက  “ သိတာပေါ့ အဲဒါ ပြောလို့မကောင်းဘူး ” လို့ပြန်ပြောပါတယ်။

    စပ်ရွှေသိုက်ဟာ အချုပ်ခံနေရစဉ်အတွင်း အသတ်ခံရတယ်လို့ အများစု ယုံကြည်ကြပါတယ်။

    ဦးခန်းဟာ တရားစွဲဆိုခြင်းမခံရဘဲ ထောင်ထဲမှာ ၆ နှစ်ကြာနေခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အမှန်တကယ် လုံးဝ လွတ်လပ်သွားတာတော့ မဟုတ်ပါဘူး။

    သူ့လှုပ်ရှားမှုတွေကို ပိုပြီးစောင့်ကြည့်နိုင်ဖို့အတွက် အာဏာပိုင်တွေက သူ့ကို တောင်ကြီးပြန်ခွင့်မပေးဘဲ ရန်ကုန် မှာပဲနေဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီ “ မြို့အကျယ်ချုပ် ” မှာ သူ ၄ နှစ်ကျခံခဲ့ရပါတယ်။

    “ သူတို့( အာဏာပိုင် )က သူတို့နဲ့ ခဏလောက်လိုက်ခဲ့ဖို့ ပြောတယ်။ အဲဒီ ခဏလေးက အချုပ်ခံလိုက်ရတာ ၁၀ နှစ် ကြာ သွားတယ် ” လို့ ဦးခန်းကပြောပါတယ်။

    ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရက “ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတစ်ဝန်း စီးပွားရေးတွေကို ပြည်သူပိုင်သိမ်းရာမှာ ဦးခန်းရဲ့ ရုပ်ရှင်ရုံ ၂ ရုံ အပါအဝင် စီးပွားရေးလုပ်ငန်းအချို့လည်း ပြည်သူပိုင် အသိမ်းခံလိုက်ရပါတယ်။

    “ အဲဒီ ရုပ်ရှင်ရုံနေရာ တစ်နေရာမှာ အခု အင်းဝဘဏ် ဖွင့်ထားတယ်လေ ” လို့ သူက ပြောပါတယ်။ အင်းဝဘဏ်ဆိုတာ စစ်တပ်ကပိုင်တဲ့ စီးပွားရေးအုပ်စုဖြစ်တဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းက တည်ထောင်ထားတဲ့ ဘဏ်ပါ။ ဦးခန်းအတွက်တော့ လူအဖမ်းခံ၊ ပစ္စည်း အသိမ်းခံရလို့ ၂ ခါနာဖြစ်ရုံတင်မက မြင်တိုင်းနာကျင်နေရတဲ့အဖြစ်ပါ။

    သူဆုံးရှုံးခဲ့ရတဲ့ လုပ်ငန်းတွေအတွက် ဘာလျော်ကြေးမျိုးကိုမှ ဦးခန်းမရခဲ့ပါဘူး။ သူ ထောင်က လွတ်ပြီးနောက် တောင်ကြီး မှာ ဆောက်လုပ်ရေးလုပ်ငန်းကို ပြန်လုပ်ခဲ့ပါတယ်။

    “ ငါ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေတော့တယ် ” လို့ သူက ပြောပါတယ်။

    အာဏာရှင်စနစ်ကြောင့် ဒဏ်ရာတွေရခဲ့တဲ့ ဦးခန်းဟာ အာဏာရှင် ဦးနေဝင်းနဲ့ သူ့နေရာကိုဆက်ခံခဲ့တဲ့ သူတွေရဲ့လောင်းရိပ်အောက်မှာ မိနေဆဲဖြစ်ပါတယ်။

    “ ငါ ဒီလောက်အများကြီး မပြောသင့်ဘူး ” လို့ ကျနော်တို့ စကားပြောတာ ပြီးလုပြီးခင်မှာ သူကပြောပါတယ်။

    “ အများကြီးပြောရင် ထောင်ထဲပြန်ခေါ်ခံနေရဦးမယ် ” တဲ့။

    အခု အစိုးရ အဲဒီလောက်တောင်ဆိုးမယ်လို့ထင်လားလို့ မေးတဲ့ အခါမှာတော့ သူက ချက်ချင်းပြန်ပြောပါတယ်။“ အစိုးရ ဆိုးတယ်လို့ ငါမပြောပါဘူး။ အစိုးရက ကောင်းပါတယ်။ ”

    အစိုးရမကောင်းကြောင်း ဘာမှမရေးနဲ့နော်။ အစိုးရ မကောင်းကြောင်း ငါမပြောဘူး။ အစိုးရက တကယ်ကောင်းတယ် ” လို့ သူကဆက်ပြောပါတယ်။

    “ အားလုံးကောင်းပါတယ်။ ကောင်းတယ်။ အစိုးရကို ဆန့်ကျင်တာ ဘာမှမရေးနဲ့။ အားလုံးကောင်းတယ်လို့ပြော။

    အခုအစိုးရလည်း အရမ်းကောင်းတယ် ”။

    ဦးခန်းက ဒီလိုပြောတဲ့နောက်မှာတော့ သူ့သားက “ သူ မပြောရဲတော့ဘူး ” လို့ ဝင်ပြောပါတယ်။

    ဦးခန်းရဲ့သားက အဲလိုဖြစ်သွားရတဲ့ အကြောင်းရင်းတစ်ခုကို ရှင်းပြပါတယ်။ ဦးခန်းက နိုင်ငံရေးနဲ့လုံးဝ ကင်းရှင်းအောင် နေခဲ့ပေမယ့်လို့ ၁၉၈၈ ခုနှစ်နိုင်ငံတစ်ဝန်း ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ ရက်အတန်ကြာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

    အဖမ်းခံခဲ့ရတာ နှစ်ပေါင်း ၅၀ ကျော်ကြာပြီဖြစ်တဲ့ အခုအချိန်မှာတော့ အသက် ၁၀၀ ရှိပြီတဲ့ ဦးခန်းဟာ အကြောက်တရားတွေနဲ့ ရှင်သန်နေရဆဲလို့ ကျနော် ခံစားမိပါတယ်။

    ဦးခန်း အနေနဲ့ နိုင်ငံရေးမှာ မပတ်သက်ချင်တော့ပေမယ့် နိုင်ငံရေးမှာစိတ်ဝင်စားမှုကတော့ လျော့မသွားခဲ့ပါဘူး။ ဒီလိုပဲ အတိုက်အခံနဲ့ နိုင်ငံရေးအရ နှီးနွှယ်မှုကို ဖော်ထုတ်ပြသဖို့ကိုလည်း သူ့အနေနဲ့ ဝန်မလေးခဲ့ပါဘူး။

    ec10606a7991a6b858c79e23cfaaa7905caa659dad34a6a5515dda8f88ce29bc

    သူ့ဧည့်ခန်းထဲက မီးလင်းဖိုမှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ ဦးခန်းနဲ့ NLD ကိုဖွဲ့စည်းတည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးကို တွေ့ရပါတယ်။

    “ သူ( ဦးတင်ဦး )က လွန်ခဲ့တဲ့ လအနည်းငယ်က ငါ့အိမ်ကိုလာလည်တယ်။ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည် )က အရမ်းကောင်းပြီး တော်တယ်။ ငါက နိုင်ငံရေးသမားတော့ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးတော့စိတ်ဝင်စားတယ် ” လို့
    ဦးခန်းက ပြောပါတယ်။ “ မြန်မာနိုင်ငံကို ကောင်းစေချင်တယ်။ တိုးတက်စေချင်တယ် ”။

    အတိတ်မှာ ဘာဖြစ်ခဲ့ ဖြစ်ခဲ့ အခုလို ကြီးရင့်တဲ့အသက်အရွယ်မှာတော့ ဘဝက အေးချမ်းပြီး ပျော်ပျော်ရွှင်ရွှင် ရှိပုံရပါတယ်။ စီးပွားရေးလုပ်ငန်းဆောင်တာတွေကို ဆက်လက်မခန့်ခွဲတော့ပေမယ့် ဦးခန်းဟာ နေ့တိုင်းနီးပါး နံနက်ပိုင်း ဝတ်ပြု
    ဆုတောင်းပြီးနောက်မှာ မိတ်ဆွေတွေနဲ့ ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးပြောဖို့ ရုံးကို သွားနေဆဲပါ။

    “ တစ်ခါတစ်လေတော့ ငါ ကားမောင်းသေးတယ်။ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တော့ မရှိဘူး ” လို့ ဦးခန်းကပြောပါတယ်။ လိုင်စင်ဌာနက သူ့ကိုကားမောင်းဖို့အတွက် အသက်ကြီးလွန်းနေပြီလို့ယူဆတဲ့နောက်မှာ လိုင်စင်ထုတ်မပေးတော့ဘူးလို့ သူ့သားက ပြောပါတယ်။

    “ ဒါပေမယ့် ကျနော် မောင်းရင် သူက စိတ်မရှည်ဘူးဗျ ” လို့ သူ့သားက ရယ်ရင်း ပြောပါတယ်။ အဲဒါကို ကြားရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဒီလို ကားမြန်မြန်မောင်းတတ်တဲ့ ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်နဲ့ အတူတူ ခက်ခဲကြမ်းတမ်းတဲ့လမ်း
    ကို ဘယ်လိုများ အတူသွားခဲ့သလဲ ဆိုတာ ကျနော် စဉ်းစား တွေးနေမိပါတော့တယ်။