News @ M-Media

Tag: Unity for Peace Networks

  • The Daily Eleven သတင်းစာ၏ လုပ်ကြံ ရေးသားခြင်းခံရသော မွတ်စ်လင်မ်ပညာရှင်များ ၏ သတင်းစာ ရှင်းလင်းပွဲသတင်း

    ဇွန်လ ၁၃၊ ၂၀၁၃
    M-Media
    KK

    The Daily Eleven သတင်းစာ၏  လုပ်ကြံ ရေးသားခြင်းခံရသော မွတ်စ်လင်မ်ပညာရှင်များ နှင့် Unity for Peace Networks ၏ သတင်းစာ ရှင်းလင်းပွဲသတင်း

    ရန်ကုန် ။          ။  ယမန်နေ့က ပြုလုပ်ခဲ့သော မွတ်စ်လင်မ် ပညာရှင်များ နှင့် Unity for Peace Networks ၏ သတင်းစာရှင်းလင်းပွဲသတင်းအား The Daily Eleven သတင်းစာမှ မဟုတ်မမှန် လုပ်ကြံသတင်း ရေးသားခဲ့ကြောင်း သိရသည်။

    11
    အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ အစ္စလာမ်နှင့် မွတ်စလင်မ်များပေါ် အထင်အမြင်လွဲမှားမှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်ပြီး အစ္စလာမ်အပေါ် အဓိက အထင်အမြင် လွဲမှားနေသော အချက်များကို ရှင်းလင်းချက် စာတမ်းများအား တက်ရောက်လာသူများအား ပေးအပ်ခဲ့ပါသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော မီဒီယာများ မေးမြန်းချက်များကိုလည်း ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့ခြင်းပါသည်။

    ရှင်းလင်းချက် စာတမ်းအပြည့်အစုံ ဤနေရာတွင် ဖတ်နိုင်ပါသည်။

    မီဒီယာများမှ မေးသော မေးခွန်းများကို အစ္စလာမ် ဘာသာမှ ဆရာများက ရှင်းလင်းအောင် ဖြေကြားပေးခဲ့သော်လည်း ယနေ့ထုတ် The Daily Eleven သတင်းစာတွင် ‘၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို လက်မခံကြောင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ကွန်ရက်ပေါင်းစု ပြောကြား’ဆိုသည့် သတင်းခေါင်းစဉ်ကို သုံးပြီး အစ္စလာမ်ဘာသာဝင်များအနေဖြင့်  နိုင်ငံတော်သီချင်းဆိုရန် ငြင်းဆိုခဲ့သည်ဟု လိုရာဆွဲပြီး ထည့်သွင်းရေးခဲ့သည်။ ဤကဲ့သို့ ရေးသားမှုသည် အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်ကို အခြားသူများမှ အထင်အမြင်လွဲမှားပြီး အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် ပိုမို အထင်လွဲစေရန် ရေးသား လှုံ့ဆော်မှု တစ်ရပ်ဖြစ်သည်ဟုလည်း သုံးသပ်မိသည်။

    ထပ်မံ၍ သိရသည်မှာ Eleven Media မှ သတင်းထောက်များအနေဖြင့်  ယင်းသတင်းစာရှင်းလင်းပွဲအား အချိန်မီ လာရောက်နားထောင်မေးမြန်းခြင်းမရှိဘဲ ရှင်းလင်းပွဲပြီးဆုံးချိန် ၁၂-နာရီမတိုင်မီ ၁၁-နာရီ ၁၅-မိနစ်ကျော်မှ ရောက်ရှိလာပြီး မိမိတို့ လှုံ့ဆော်လိုရာကို ရေးသားသွားခြင်းသာဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။

    ယင်းကဲ့သို့ (၁၁း၁၅)နာရီမှသာ ရောက်ရှိလာပြီး သတင်းအား တ၀က်တပျက်မှ ရောက်လာခြင်း၊ မီဒီယာများမှ သတင်းအား အမှန်အတိုင်းရေးသားရန် ဆရာဦးဝင်းငြိမ်း၏ အမှာစကားတွင် ထည့်သွင်းပြောကြား မေတ္တာရပ်ခံခြင်းတို့အား နားမထောင်လိုက်ခြင်း၊ ထို့နောက် ဤကဲ့သို့ လိုရာဆွဲ လှုံ့ဆော်မှုသတင်းရေးသားတင်ဆက်ပုံတို့မှာ မီဒီယာတစ်ခုအနေနှင့် မဖြစ်သင့်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ၏ အသံဖိုင်နှင့် ရုပ်သံဖိုင်များအား ပြန်လည်နားထောင်ပြီး ပြန်လည်ရှင်းလင်းချက် ထည့်ပေးစေလိုကြောင်းနှင့် တစ်စုံတစ်ရာ ပြန်လည် ရှင်းလင်းချက်ထည့်ပေးရန်ကို အကြီးတန်းအယ်ဒီတာ ဦးအေးမင်းသက်အား ဆက်သွယ်ပြောပြရာ အယ်ဒီတာချုပ်အား တင်ပြ၍ ပြန်လည်အကြောင်းပြန်ပါမည်ဟု အကြီးတန်းအယ်ဒီတာဦးအေးမင်းသက်မှ ပြန်လည်ဖြေကြားခဲ့ကြောင်းကို Unity for Peace Networks ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
    ပူးတွဲဗီဒီယိုမှာ နိုင်ငံတော်သီချင်းကိစ္စ အမေးအဖြေလုပ်ထားသည့် အပိုင်းဖြစ်ပါသည်။

    The Daily Eleven သတင်းစာ၏ လုပ်ကြံ ရေးသားခြင်းခံရသော မွတ်စလင်မ် ပညာရှင် ပြောကြားသည့် ၈၂ ဥပဒေအကြောင်း မူရင်း ရုပ်သံ

  • အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲမှ အမေး- အဖြေများ

    အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲမှ အမေး- အဖြေများ

    ဇွန်-၁၂၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး- အဖြေများ

    P6120124
    အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီဂျအ်ဖရ် (ခ) ဦးတင်မြင့် ဖြေကြားပေးနေစဉ်

    မေး ။ ။ မော်နီတာသတင်း ဂျာနယ်မှ မကောင်းမှုများပြုလုပ်ခြင်း၊ ပြုလုပ်ရန်ကူညီပံ့ပိုးခြင်း၊ အက်ဆစ်နှင့် လက်နက်များသို လှောင်ထားသည်ဟူသော ကိစ္စမျုားနှင့် ကောလဟလများကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။

    ဖြေ၊ အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီဂျအ်ဖရ် (ခ) ဦးတင်မြင့်က ဗလီဝတ်ကျောင်းတော်များသည် သန့်ရှင်းမြင့်မြတ်သောနေရာများဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာဝင်များသည် နေ့စဉ်ပုံမှန်ငါးကြိမ် ၀တ်ပြုရန် မဖြစ်မနေတာဝန်ရှိကြောင်း၊ ယခုလို ကောလဟလများကြားရချိန်တွင် Media များကိုခေါ်ပြခဲ့ကြောင်း၊ လက်နက်များသိုလှောင်ထားသည်ဟူ၍ကြားရပြီး ၀င်ကြည့်ပါက ဓားတိုလေးတစ်ချောင်းပင်တွေ့ရမည်မဟုတ်ဘဲ စွပ်စွဲမှုများသာဖြစ်ပါကြောင်း၊ ဗလီဝတ်ကျောင်းတော်များသည် သန့်ရှင်းသူသာဝင်ရပြီး မသန့်သူမ၀င်ရကြောင်း၊ စည်းကမ်း သတ်မှတ်ချက်ဖြစ်၍ ဘာသာခြားများမလာခဲ့ကြကြောင်း၊ မွတ်စ်လင်မ်များပင် မသန့်ရှင်းသူမ၀င်ရသဖြင့် ဘာသာခြားများဝင်ပါက စိတ်တွင်တစ်မျိုးတစ်မည်ဖြစ်တတ်ကြောင်း၊ ယခုဖြစ်ပျက်နေမှုများနှင့် စွပ်စွဲနေကြခြင်းကြောင့် ဗလီဝတ်ကျောင်းတော်များအားလုံး တံခါးဖွင့်ထားပြီဖြစ်ကြောင်း၊ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ပါကြောင်း၊ ဗလီဝတ်ကျောင်းတော်များဟာ အလ္လာဟ်အရှင်ကို ခ၀ပ်ကိုးကွယ်ရာ နေရာသာဖြစ်ပြီး ကျန်တာ ဘာမှမရှိပါကြောင်း၊ စိတ်ရောကိုယ်ပါ သန့်ရှင်းရာနေရာဖြစ်ပါကြောင်း၊ ၀တ်ပြုသူများ ကိုယ်လက်သန့်စင်ရန် ရေကန်ကလွဲ၍ ဘာမှမရှိကြောင်း၊ အန္တရာယ်ဖြစ်စေနိုင်သော မည်သည့်ပစ္စည်းကိုမှ သိုလှောင်ထားခြင်းမှာ ယခင်က မရှိခဲ့သလို ယခုလည်းမရှိကာ နောင်လည်း ဘယ်သောအခါမှ ရှိလာမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    P6120200
    ဆရာဦးအေးလွင် ဖြေကြားပေးနေစဉ်

    အလင်းတန်းဂျာနယ် သတင်းထောက်မှ မေးမြန်းရာတွင် ” အာရဗီကျောင်းတွေမှာရော အစ္စလာမ်ဘာသာဝင်လူငယ်တွေသိအောင် အာရဗီဘာသာနဲ့ တွဲဖက်ပြီးတော့ ဆရာကြီး ဦးရာဇတ်၊ ဦးဖေခင်၊ ဦးရာရှစ် တို့လို မြန်မာပြည်တိုးတက်အောင်၊ မြန်မာပြည်ကောင်းအောင် အသက်ပေး လုပ်ဆောင်သွားကြတဲ့ အကြောင်းကိုလည်း သိအောင် မြန်မာစာနှင့် တွဲဖက်ပြီးတော့ရော ပြဌါန်းဖို့ရော ရှိပါသလား ” ဟုမေးမြန်းခဲ့သည်။

    ဆရာဦးအေးလွင်မှ ” ကျွန်တော်တို့ အာရဗီကျောင်းတွေမှာ ဒီလို အစ္စလာမ် သမိုင်းတို့၊ မြန်မာမွတ်စလင် သမိုင်းတို့ သင်သလားဆိုတော့ ကျွန်တော်တို့ ကျောင်းတော်တော်များများမှာ သင်ပါတယ်။ အဲဒါတင် မကပါဘူး။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆိုတဲ့နေရာမှာ အခြား ဘာသာ သာသနာ အသီးသီးများပေါ်မှာ ဘယ်လို သဘောထားရမလဲဆိုတာတွေ၊ ဓမ္မအကြောင်း အရ၊ မြန်မာ့ သမိုင်းကြောင်း အရ ဘာသာခြားတွေ အပေါ်မှာ ဘယ်လိုဆက်ဆံခဲ့လဲ ဆိုတာကို စနစ်တကျ သင်ရိုးညွှန်းတမ်းများ ပြုစုပြီးတော့ လူငယ်လေးများ အသိမှန်ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ် ” ဟု ထည့်သွင်းဖြေကြား ခဲ့ကြောင်း သိရသည်။

    မေး။    ။News Watcch ဂျာနယ် သတင်းထောက် ကိုမင်းဗညားမှ  မြန်မာပြည်မှာဆိုရင် အစ္စလာမ် ဘာသာဝင် တော်တော်များများ အကြမ်းဖက်ခံနေရတယ်၊ မလေးရှားမှာ အခု ဆိုရင် မြန်မာလူမျိုး တော်တော်များများဟာ မွတ်စလင်တွေရဲ့အကြမ်းဖက်မှုကို ခံနေရတယ်။ ဒီကိစ္စနဲ့ ပတ်သပ်ပြီး ဒီအဖွဲ့က ဘာများပြောချင် ပါသေးသလဲ ခင်ဗျာ။ ဘယ်လို ခံစားမိလဲ ခင်ဗျာ့ ” ဟု မေးမြန်ခဲ့သည်။

    ဖြေ။    ။ ခလီဖွာ ဆရာဦးအေးလွင်မှ ”  သတင်းတစ်ခု မှန်ကန်တိကျဖို့ သိပ်အရေးကြီးတယ်။ သတင်းမှာ လွဲမှားသော သတင်းဆိုတာ ရှိတယ်။ လုပ်ကြံတဲ့ သတင်းဆိုတာ ရှိတယ်။ အဲဒီ့ အထဲမှာ လုပ်ကြံတဲ့ သတင်းက ဘယ်လောက် အန္တရာယ် ရှိရှိ အမှန်တရားကို တပိုင်းတစကို ကိုယ်လိုချင်တဲ့ဘက်ဆွဲသွားတာဟာ အင်မတန် စိုးရိမ်ဖို့ကောင်းတယ်။ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာတွေက ဒီအပေါ်မှာ အင်မတန် တာဝန်သိသိနဲ့ လုပ်မယ်ဆိုရင် ငြိမ်းချမ်းမှုအတွက် အကောင်အထည်ဖော်မယ်။ ဘာပြောချင်တာလည်း ဆိုရင် မှန်ကန်သော သတင်းအချက်အလက်များ သားခုနက ပြောသွားတဲ့ မွတ်စလင်တွေက အကြမ်းဖက်တယ်။ မြန်မာနိုင်ငံတော် အစိုးရ ကလည်း မလေးရှားမှာ မွတ်စလင် အကြမ်းဖက်တယ်လို့ မပြောဘူး။ မလေးရှားက သက်ဆိုင်ရာ ပုဂ္ဂိုလ်ကလည်း မွတ်စလင် အကြမ်းဖက်တယ်လို့ မပြောဘူး။ ဘယ်သူတွေ ဘာတွေ ဖြစ်နေမှန်း မသိဘူး။

    သေဆုံးမှုတွေ ရှိနေတယ်။ ရာဇ၀တ်မှုတွေ ရှိနေတယ်။ အဲဒီ့ သေဆုံးမှုတွေ၊ ရာဇ၀တ်မှုတွေဟာ လုံးဝ မလိုလားအပ်တဲ့ ကိစ္စဖြစ်တဲ့ အတွက် အဲဒီ့ သေဆုံးမှု ရာဇ၀တ်မှု၊ အကြမ်းဖက်မှု အားလုံးကို ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်သူကပဲ လုပ်လုပ်၊ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုံချပါတယ်။ အဲဒီမှာ ခုနက ပြောသလို နာမည်တွေ တပ်ကြတော့မယ်ဆိုရင် သိပ်သတိထားဖို့ လိုတယ်။ အဲဒါသည် မီဒီယာများ အပါ် လေးလေးစားစား မေတ္တာရပ်ခံချင်တာက ဘယ်သူ ဘယ်ဝါ သည် ဘယ်ဘာသာဝင် ဆိုတာထက် ဘာကြောင့် ဖြစ်ရတယ်၊ နောက်ကြောင်းလေးက တကယ်ရာဇ၀တ်မှုကြောင်းအရ စုံစမ်းလိုက်ရင် အဖြေက ပေါ်လာပါလိမ့်မယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းလေးတွေ ရှိမှာပါ။ မြန်မာပြည်မှာ ဖြစ်သလိုပေါ့ သာမာန်ရာဇ၀တ်မှုကို ဘာသာရေး အသွင်သဏ္ဍန်လုပ်သလို၊ ဟိုဘက်မှာလည်း ဒီအတိုင်းပဲ သာမာန်ရာဇ၀တ်မှုကို၊ ခိုက်ရန်ဖြစ်ပွားမှုကို ဘာသာရေးအရောင်ဆိုးဖို့ ကြိုးစားနေတာ ဖြစ်ချင်ဖြစ်မယ်။ အတိအကျ မသိဘူး။ သတင်းသမားတစ်ခုကို လွဲမှားသွားအောင်၊ တိမ်းချော်သွားအောင်၊ လမ်းချော်သွားအောင် ပြုလုပ်ခြင်းအားဖြင့် အကျိုးနဲ့ အဆိုးတွေက ဖြစ်နိုင်ပါတယ်။ မည်သူပဲလုပ်လုပ်၊ မည်သည့်နေရာမှာပဲ ဖြစ်ဖြစ်၊ မည်သည့်ရာဇ၀တ်မှု မဆို ဘာသာရေးနာမည် မတပ်ဘဲနဲ့ တစ်ဦးချင်းရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟုဖြေကြားခဲ့သည်။

  • အထင်အမြင်လွှဲမှားမှုများအပေါ် မွတ်စ်လင်မ်ပညာရှင်များနှင့် Unity for Peace ၏ ရှင်းလင်းထုတ်ပြန်ချက်

    ဇွန်လ ၁၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    အစ္စလာမ်နှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင်လွဲမှားနေမှုများနှင့်ပတ်သက်၍ Unity for Peace Networks မှ ဦးစီးပြီး မွတ်စလင် ပညာရှင်များမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ဇွန်လ ၁၂-ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ Y.M.C.A ခန်းမမှာ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

    2 001 2 002 2 003 2 004

    2 005

  • အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲပြုလုပ်

    ဇွန်လ ၁၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ရန်ကုန် ။         ။        ညီညွှတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ကွန်ရက်ပေါင်းစု (Unity For Peace Networks) မှ စီစဉ် ကျင်းပသော အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီထိ ရန်ကုန်မြို့ YMCA ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    P6120200

    သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ Unity For Peace Networks Organizer မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော  ဦးကျော်ဝင်းက ” နှစ်ပေါင်းများစွာ ယုံကြည်သူ လူမျိုးပေါင်းများစွာ ဆည်းကပ်ကိုးကွယ်ခြင်းခံရသည့် အစ္စလာမ်ဘာသာနှင့် ဘာသာဝင်မွတ်စ်လင်မ်တွေအပေါ် အထင်အမြင် လွဲမှားမှုများနှင့် စွပ်စွဲချက်များ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြုံစဖူး၊ နိုင်ငံနဲ့ အ၀ှမ်း ပြန့်ပွားနေရုံမက အစ္စလာမ်ဘာသာရဲ့ သာသနိက အဆောက်အအုံတွေဟာ နိုင်ငံနှင့် အ၀ှမ်း အကြမ်းဖက်တိုက်ခိုက် ခံနေရပါတယ်။ ဘယ်ရှူ့ထောင့်က ကြည့်ကြည့် အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ တိုင်းကျိုးပြည်ပြုလုပ်ရပ်တွေ မဟုတ်ပါ။ တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု လုပ်ရပ်တွေဟာ အထင်မှား၊ အမြင်မှားမှုတွေ၊ အမုန်းတရားတွေကနေ မြစ်ဖျားခံလားခြင်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ အထင်အမြင် လွဲမှားမှုတွေကို အစ္စလာမ် သာသနာ့ပညာရှင် အသီးသီးက မိမိတို့ တတ်စွမ်းသရွေ့ တစ်ဦးချင်း ဖြေရှင်းခဲ့၊ ဖြေရှင်းနေဆဲပါ။ တစ်ဦး တစ်ယောက်ချင်း ဖြေရှင်းနေတာထက်စာရင် အဓိကကျတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ပတ်သပ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ အစ္စလာမ်ဘာသာဝင် ပညာရှင်တွေက တညီတညွှတ်တည်း၊ တစ်နေရာတည်း၊ တစ်ချိန်တည်း မီဒီယာတွေရှေ့မှာ ရှင်းလင်းထုတ်ပြန်ပြီး မီဒီယာတွေ အနေနဲ့လည်း ရှင်းလင်းထုတ်ပြန်ချက်ကို အများပြည်သူထံ အရောက် ပို့ပေးနိုင်ရင်ဖြင့် အကြမ်းဖက်မှု ပပျောက်ရေး၊နိုင်ငံသာယာတိုးတက်ရေးအတွက် ပိုအကျိုးရှိနိုင်မယ်လို့ ကျွန်တော်တို့ လူမှုကွန်ရက်တွေက ယုံကြည်တဲ့ အတွက် ဒီသတင်းစာ ရှင်းလင်းပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    P6120100

    ယင်းနောက် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား မွတ်စ်လင်မ် ပညာရှင်များဖြစ်သော အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် မွဖ်သီ နူးရ် မုဟမ္မဒ် ဦးကိုလေး၊ အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီဂျအ်ဖရ် ဦးတင်မြင့်၊ ဟွတ်ဂ်ျတွလ်အစ္စလာမ် အလ်ဟာဂ်ျ မော်လာနာ အင်နာယသ်ဟူစိန် ဦးခင်မောင်ဦး၊  အလ်ဟာဂ်ျ ခလီဖွှာ ဦးအေးလွင် (M.Sc.,F(1)၊  အလ်ဟာဂ်ျ မွဖ်သီဒေါက်တာမြင့်သိန်း(စာရေးဆရာ ငြိမ်းချမ်းလုလင်)၊  မွဖ်သီအဗွလ်ဟစန် ဦးတင်မြင့်၊ အလ်ဟာဂ်ျ မော်လာနာ အိုမရ်မြင့်နိုင်၊  မွဖ်သီ ကာရီ ဂျလားလ်အဟ်မဒ် ဦးအောင်စိုး (B.A) တို့နှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

    အစ္စလာမ် ဘာသာနှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စ်စလင်မ် ပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစုမှ ရှင်းလင်းကြေညာချက်အား UPN မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုရဲလှမှ ဖတ်ကြားတင်ပြခဲ့သည်။

    ထို့နောက် ဆရာဦးဝင်းငြိမ်းမှ အမှာ စကားပြောကြားရာတွင် ” ဒီကနေ့ ကျင်းပတဲ့ UPN Networks မှ ရှင်းလင်းတင်ပြတဲ့ အစီအစဉ်မှာ ကျွန်တော်က အစ္စလာမ်ဘာသာဝင်တစ်ယောက်၊ စာနယ်ဇင်းတစ်မား တစ်ယောက် အနေနဲ့ ဧည့်သည်အဖြစ် တက်ရောက်လာရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ကြုံရတဲ့ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်တဲ့ နိုင်ငံမှာ မတည်ငြိမ်မှု၊ အေးချမ်းမှု မရှိတဲ့ အခြေအနေကို ကျွန်တော်တို့ ရခိုင်က စပြီး တစတစ မိတ္ထီလာ၊ လာရှိုး၊ ရန်ကုန်တိုင်းမှာ ဆိုရင် အနီးဆုံးနေရာတွေ အထိ ရောက်လာပါပြီ။ ရန်ကုန်မြို့ပေါ်မှာလည်း မကြာခဏဆိုသလို ဟိုနားက အော်သွား၊ ဒီနားက အော်သွားနဲ့ ကျီးလန့်စာစား အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ အတွက် ကျီးလန့်စာစား ဖြစ်ရတာပါ။ ဘာကြောင့်လည်း ဆိုတော့ ဒီနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်များက လူနည်းစုတွေ ဖြစ်ပြီးတော့ ဗုဒ္ဓဘာသာဝင်များက လူများစု ဖြစ်ပါတယ်။ မိတ္ထီလာမှာ ဖြစ်တဲ့ ညက ဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင် တော်တော်များများ တစ်ညလုံး မအိပ်နိုင်ကြပဲနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေနဲ့ သက်ဆိုင်ရာများကို တဆင့် အကြောင်းကြားပေးကြပါတယ်။ တတ်နိုင်သလောက် နှုတ်၏ စောင်မခြင်းနဲ့ လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့က နှုတ်၏ စောင်မခြင်းနဲ့ပဲ တတ်နိုင်ပါတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာကို အတိအကျ ပြောနိုင်ပေမယ့်လို့ လက်၏ စောင်မခြင်းနဲ့ မလုပ်နိုင်ခဲ့ကြပါဘူး။ အင်မတန် ၀မ်းနည်း ကြေကွဲရပါတယ်။ မိဘမဲ့ ကလေးကျောင်းကို မီးတင်ရှို့နေပြီဆိုတာ သိတဲ့အချိန်မှာ ဆရာဦးအေးလွင်ဆီကို ကျွန်တော်အင်မတန် စိတ်ထိခိုက်စွာနဲ့ အကြောင်းကြားခဲ့ပါတယ်။ ဆရာကလည်း ဆက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေးပါတယ်။ စိတ်မပူပါနဲ့ ၊ တပ်က ထိန်းသိမ်းထားပါတယ် ဟု အဲလိုပဲ အကြောင်းပြန်ပါတယ်။ တကယ်တကယ့် ကြတော့ မိဘမဲ့ကျောင်းမှာ ရှိတဲ့ ကလေးတွေဟာ အများကြီး သေကြေပျက်ဆီးကြပြီးတော့ အချို့လည်း အခုထက်ထိ ပျောက်ဆုံးနေဆဲပါ။ အင်မတန် ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်တွေပါ။ အခုလည်း ဒုက္ခသည် စခန်းတွေမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ အများကြီး ရှိနေပါသေးတယ်။ အိမ်ပြန်ခွင့် မရပါဘူး။ တည်ငြိမ်မှုကို အကြောင်းပြပြီးတော့ ထိန်းသိမ်းထားသလို ရှိနေပါတယ်။
    P6120194
    ဂျာနယ်အချို့နဲ့ သတင်းစာ အပါအ၀င် မီဒီယာတွေက အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သပ်ပြီး အင်မတန် လွဲမှားတဲ့ အယူအဆတွေနဲ့ တိုက်ခိုက်နေတာကို အများကြီး ကြုံရပါတယ်။ အဲဒီတော့ ဒီနေ့မှာ ကျွန်တော် မီဒီယာ သမား တစ်ယောက်အနေနဲ့ တက်ရောက်လာတဲ့ မီဒီယာက ပုဂ္ဂိုလ် များကို အထူးမေတ္တာရပ်ခံချင်တာကတော့ ဒီသတင်းစာ ရှင်းလင်းပွဲဟာ သာမာန်သတင်းစာ ရှင်းလင်းပွဲနဲ့ မတူပါဘူး။ တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးကို အများကြီး အထောက်အကူ ပြုမယ့် ရှင်းလင်းပွဲ တစ်ရပ်ဖြစ်ပါတယ်။ ရှင်းလင်းပွဲတွေနဲ့ ပတ်သက်ပြီး ရှေ့က ပုဂ္ဂိုလ်က တစ်ချက်ခြင်း ရှင်းလင်းတင်ပြခဲ့တဲ့ (၁၀)ချက်ကို ပြန်ပြီးတော့ ကိုယ်ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာမှာ ပြန်ပြီးတော့ တင်ပြတဲ့ အခါမှာ တိတိကျကျလေးတင်ပြပေးပါလို့ UNP ကိုယ်စား၊ မီဒီယာ သမား တစ်ယောက်ကိုယ်စား၊ အစ္စလာမ် ဘာသာဝင်တစ်ယောက် ကိုယ်စား ကျွန်တော် မေတ္တာရပ်ခံပါတယ်။ တိတိကျကျ မရေးလို့ ကိုယ်လိုချင်တာကို ဖြတ်တောက်ပြီးတော့ ထည့်လိုက်မယ် ဆိုလို့ရှိရင် ဒီနေ့ တည်ငြိမ်အေးချမ်းစေချင်လို့ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ မတည်ငြိမ်အောင် ဖန်တီးသလို ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အထူးမေတ္တာရပ်ခံပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် မီဒီယာများမှ မေးမြန်းချက်များကို အထက်ပါ ဆရာများမှ ပြန်လည် ဖြေကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
    News Watch သတင်းဂျာနယ်မှ သတင်းထောက် ကိုမင်းဗညားက ” ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှာ မွတ်စ်လင်မ်များက ထိပ်တိုက်တွေ့၍ ဖြစ်ရကြောင်း၊ မွတ်စ်လင်မ်များကစ၍ ဗုဒ္ဓဘာသာများက ပြန်ခုခံခြင်းဖြစ်ကြောင်း၊ အစ္စလာမ် ခေါင်းဆောင်များ အနေဖြင့် အောက်ခြေအထိ ဆင်း၍ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် စည်းရုံးသိမ်းသွင်းရန် အစီအစဉ်ရှိလား မေးခွန်းကို အလ်ဟာဂ်ျခလီဖွှာ ဦးအေးလွင်က ယခုကဲ့သို့ ဖြေကြားခဲ့သည်။
    ” အစ္စလာမ်ဘာသာဝင်များ အားလုံး ကိုယ်စား ဖြေကြားခြင်းဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွင် လူဟူသည်ရှိနေသရွေ့လူမှု ဆက်ဆံရေးအရ အမှားအယွင်းရှိကြောင်း၊ လူမှုပြဿနာကို ဘာသာရေး ခေါင်းစဉ်တပ်၍ မရကြောင်း၊ လောကရှိ လူများတွင် ကောင်းသူရှိသလို ဆိုးသူလည်းရှိကြောင်း၊ ဘာသာတရား အသီးသီးကလည်း အကောင်းကိုသာ ညွှန်ပြထားကြောင်း၊ ဘာသာတရား မည်မျှပင် ကောင်းစေကာမူ မပြုကျင့်သူများရှိကြောင်း၊ မကောင်းမှု ပြုသူသည် ဘာသာတရားကို ကိုယ်စားမပြုကြောင်း၊ မကောင်းမှု ကျူးလွန်သူ မည်သူ့ကို မဆို ရှုံ့ချပြီး ဥပဒေအရ အရေးယူရမည် ဖြစ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာကို ခေါင်းစဉ်တပ်၍ ပြောခြင်းသည် ရိုးသားမှု မရှိကြောင်း၊ အပြစ်ကျူးလွန်သူကိုသာ ပြောသင့်ကြောင်း” ဟူ၍ ဖြေကြားခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ မီဒီယာ (၄၂)ခုမှ  လူဦးရေ (၆၀)ယောက်ခန့်၊ ဧည်သည့်တော် (၁၆၅)ယောက် စုစုပေါင်း ၂၂၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    ဓါတ်ပုံများကြည့်ရန်။