News @ M-Media

Tag: UNPD

  • ရခိုင်မှ ဒုက္ခသည်များ အကူအညီ ပိုလိုအပ်ဟု ကွင်းဆင်း ကြည့်ခဲ့သည့် ကုလ အကြီးအကဲ ၂ ဦးပြော

    ရခိုင်မှ ဒုက္ခသည်များ အကူအညီ ပိုလိုအပ်ဟု ကွင်းဆင်း ကြည့်ခဲ့သည့် ကုလ အကြီးအကဲ ၂ ဦးပြော

    စက်တင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    cq5dam.web.540.390
    ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဗိုလ်ချူပ်မောင်မောင်အုန်းနှင့် ကုလ အကြီးအကဲ နှစ်ယောက် ရခိုင်မှ ဒုက္ခသည်စခန်းတခုတွင် ဆွေးနွေးနေကြစဉ်

    – လူအုပ်စုနှစ်စုအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ အခြေအနေမှာ ယမန်နှစ်ကထက်စာလျှင် တိုးတက်လာသော်လည်း အဓိကကျသည့် ဆောင်ရွက်မှုအများအပြား လိုအပ်နေသည်ဟု ကုလသမဂ္ဂ အကြီးအကဲနှစ်ဦးက ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ၏ အာရှပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ ဟိုလီယန်ဇူနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုရုံး OCHA မှ လုပ်ငန်းပိုင်းဆိုင်ရာ ဒါရိုက်တာ ဂျွန်ဂင်းတို့ ရခိုင်ပြည်နယ်သို့ နှစ်ရက်တာ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ်ရှိ မတူညီသော လူမျိုးစုများအကြား ဆက်ဆံရေးတိုးတက်လာရန်အတွက် ဆောင်ရွက်မှု ပိုလိုအပ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူများအတွက် ရေရှည် အကျိုးသက်ရောက်မှုရှိသည့် အဖြေများကို ရှာဖွေရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့သည်။

    “ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းအားလုံးရဲ့လိုအပ်ချက်တွေ ပြည့်မီမှသာ တည်ငြိမ်မှုနဲ့ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိမှာပါ။ ဒုက္ခသည်တွေရဲ့ လက်ငင်းလိုအပ်ချက်ကို ဖြေရှင်းဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သောက်သုံးရေရရှိရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဖန်တီးပေးရေးနဲ့ အခြေခံ အဆောက်အဦးတွေ ဆောက်လုပ်ပေးခြင်းပါအ၀င် အခြေခံလိုအပ်ချက်တွေကို အရည်အသွေး ပြည့်ဝဖို့ ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်ရပါမယ်” ဟု မစ္စတာ ဇူက ပြောကြားခဲ့သည်။

    မစ္စတာဇူနှင့် မစ္စတာ ဂင်းတို့မှာ စစ်တွေနှင့် ပေါက်တောမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး၊ မင်းပြားနှင့် စစ်တွေမြို့တွင် UNDP မှ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြည့်ရှုခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရနှင့် UNDP တို့ ပူးတွဲဆောက်လုပ်နေပြီး ကျေးရွာလေးခုကို ဆက်သွယ်ပေးနိုင်မည့် တံတားဆောက်လုပ်ရေးလုပ်ငန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

    မစ္စတာဂင်းကမူ ပြီးခဲ့သည့်နှစ် မိမိလာရောက်စဉ်ကထက်စာလျှင် တိုးတက်မှုများကို တွေ့ရပြီး အကူအညီပေးရေးအဖွဲ့အစည်းများ၏ ကြိုးပမ်းမှုဖြင့် အခြေအနေများ တည်ငြိမ်လာသည့်အတွက် ကျေးဇူးတင်ကြောင်း၊ သို့သော်လည်း  လူအများအပြားအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ လက်မခံနိုင်စရာဖြစ်ပြီး မိမိတို့၏ ဆောင်ရွက်ချက်များကို နှစ်ဆတိုး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ref_UNDP Myanmar