News @ M-Media

Tag: UOhmeMaung

  • အမျိုးပျောက်မှာ စိုးကြောက်စရာ မလိုပါ

    အမျိုးပျောက်မှာ စိုးကြောက်စရာ မလိုပါ

    ဆောင်းပါးရှင်
    ဦးအုန်းမောင်(ရန်ကင်း)တရားလွှတ်တော်ရှေ့နေ

    Cartoon credit

    မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခြင်း၊မဖြစ်ခြင်းနှင့်စပ်လျဉ်း၍ အမုန်းစကားများ၊အာယာတများ၊ ဖိအားများဖြင့် အကြောင်းအမျိုးမျိုးပြပြီး ပိတ်ဆို့တားဆီးနေကြတာတွေ့ရပါသည်။ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ခြင်းမပြုဘဲ အဂတိတရားဖက်ကာ နိုင်ငံသားအခွင့်အရေးကို မျက်ကွယ်ပြုနေတာ တွေ ကြားသိရပါတယ်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် ဗုဒ္ဓဘာသာဝင် ၈၉.၈ ရာခိုင်နှုန်း ရှိကြောင်း ကြေညာထားပြီးဖြစ်ပါသည်။ ခရိယာန်ဘာသာဝင် ၆.၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင်က ၂.၃ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် ၀.၅ ရာခိုင်နှုန်း ကျန်တာက ၁.၁ ရာခိုင်နှုန်းဖြစ်ပါသည်။ လ.ဝ.က ဆောင်ပုဒ်ကို “မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှလူမျိုးပျောက်မည်” ဟုလွဲမှားစွာလှုံ့ဆော်ထားတာတွေ့ရပါသည်။ ဘယ်အချိန်က၊ဘယ်လူမျိုးက မျိုလို့ဗမာလူမျိုး၊ဗုဒ္ဓ ဘာသာပျောက်သွားတယ်ဆိုတာ သမိုင်းအထောက်အထာမရှိပါဘူး။ ဗုဒ္ဓဘာသာတိမ်ကော သွား တယ်ဆိုတာ အထောက်အထားမရှိပါဘူး။ ဘယ်လူမျိုးကတော့ ဗမာ၊ဗုဒ္ဓဘာသာဝင် မိန်းမတွေကို ဘယ်လိုယူပြီး ဘယ်လိုလုပ်နေတယ်ဆိုတဲ့ လှုံ့ဆော်မှုတွေဟာ မသိနားမလည်တဲ့ ရိုးသားတဲ့ပြည်သူ တွေကိုနိုင်ငံရေး အာဏာ လက်မလွှတ်ချင်လို့ လှည့်စားနေကြခြင်းသာဖြစ်ပါသည်။ သံကိုသံဖျက် သံချေးတက်ခြင်း သာဖြစ်ပါသည်။ ဝါးကိုဖျက်တာ ဝါးမျက်သာဖြစ်ပါသည်။

    မြန်မာနိုင်ငံသန်းခေါင်စာရင်းသမိုင်းအရ လေ့လာကြည့်လျှင် ကိုလိုနီခေတ်၌ ပထမဆုံးသန်း    ခေါင်စာရင်းကောက်ယူမှုကို ၁၈၇၂-ခုနှစ်ကပြုလုပ်ခဲ့ပြီး ၁၈၈၁-ခုနှစ်တွင်ဒုတိယအကြိမ်ဖြစ်ပါသည်။ နောက်ပိုင်း ၁၀-နှစ်တစ်ကြိမ်ကောက်ခဲ့ပြီး ၁၉၄၁ ခုနှစ်တွင်နောက်ဆုံးအကြိမ်ဖြစ်ပါသည်။  အစ္စလာမ်ဘာသာကိုးကွယ်သူမည်သူကိုမဆို မွတ်စလင်မ်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။၁၈၇၂-ခုနှစ်စာရင်းအရ  အစ္စလာမ်ဘာသာကိုးကွယ်သူမွတ်စလင်မ်လူမျိုးစု (၉၉၈၄၆)ဦးဟုလည်းကောင်း၊      ၁၈၈၁-ခုနှစ်စာရင်းအရ မွတ်စလင်မ်လူမျိုးစု (၁၆၈၈၈၁)ဦးဟုလည်းကောင်းလေ့လာသိရှိရပါသည်။  ၁၈၉၁ ခုနှစ်တွင် မွတ်စလင်မ်လူမျိုးစု (၂၅၃၆၄၀)ဦးဟု သိရှိရပါသည်။ ၁၉၀၁ခုနှစ်တွင်မွတ်စလင်မ်  မျိုးစု (၃၃၁၂၉၈)ဦးဖြစ်ပါသည်။၁၉၁၁-ခုနှစ်တွင် မွတ်စလင်မ်လူမျိုးစု (၄၂၀၇၇၇) ဦးဟု ဖော်ပြထားပါသည်။ (၁၀)နှစ်တစ်ကြိမ်အခြားလူမျိုးများနှင့်အတူ အချိုးကျပုံမှန်တိုးလာခြင်းသာတွေ့   ရပါသည်။

    ၁၉၂၁-ခုနှစ် သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံလူဦးရေစုစုပေါင်း (၁၃၁၆၈၀၉၉)ဦး၊ ၁၃သန်း       ကျော်ဖြစ်ပြီး မွတ်စလင်မ်လူမျိုးစုဦးရေက (၅၀၀၅၉၂)ဦးရှိသည်ဟုဆိုခြင်းကြောင့် မွတ်စလင်မ်လူမျိး  စုလူဦးရေသည် စုစုပေါင်း လူဦးရေ၏ ၃.၈ ရာခိုင်နှုန်းဖြစ်ကြောင်းသိရှိရပါသည်။ ကိုလိုနီခေတ်တွင်  သတ္တမနှင့်နောက်ဆုံးအကြိမ် အပြည့်စုံဆုံး သန်းခေါင်စာရင်းကို ၁၉၃၁-ခုနှစ်တွင်ကောက်ယူခဲ့ပြီး နိုင်ငံအတွင်း စုစုပေါင်းလူဦးရေ (၁၄၆၄၇၄၉၇) ဦး၊ ၁၄သန်းခွဲကျော်ဖြစ်ကာ မွတ်စလင်မ်လူမျိုးစုက (၅၈၄၈၃၉)ဦးဟုဆိုခြင်းကြောင့် လူဦးရေစုစုပေါင်း၏ ၄ ရာခိုင်နှုန်းခန့်သာရှိကြောင်းလေ့လာသိရှိရပါ သည်။ ၁၀နှစ်တစ်ကြိမ် သန်းခေါင်စာရင်းအရ လူဦးရေတိုးနှုန်းမှာ ၄ရာခိုင်နှုန်းဝန်းကျင်ကိန်းသေဖြစ် ခြင်းကြောင့် မွတ်စလင်မ်လူမျိုးစုများ တိုးလာခြင်းမရှိကြောင်း သိရှိနိုင်ပါသည်။ အချို့စွပ်စွဲနေကြသ   ကဲ့သို့ သားဖောက်နှုန်းမြန်အစ္စလာမ်မဟုတ်ကြောင်း သံသယကင်းရှင်းစွာ သိရှိနိုင်လောက် ပါသည်။   အစ္စလာမ်သာသနာက ဗုဒ္ဓဘာသာကိုဝါးမျိုသွားစရာအကြောင်းလုံးဝမရှိသလို မွတ်စလင်မ်ကဗမာ လူမျိုးကို မျိုသွားစရာ အကြောင်းလည်း လုံးဝမရှိကြောင်းသိနိုင်လောက်ကြပြီ ထင်ပါသည်။ ယုတ္တိမရှိ သော စွပ်စွဲချက်၊ အထောက်အထားမဲ့သော စွပ်စွဲချက်များကိုနားမယောင်ကြဖို့လိုပါသည်။ လွန်ခဲ့  သောနှစ်ပေါင်း ၁၄၀ ကျော်ကာလအတွင်းလူဦးရေတိုးနှုန်းအချိုးမှာ သိသာစွာပြောင်းလဲသွားခြင်းမ ရှိဘဲ ပုံမှန်သာဖြစ်ကြောင်းသုံးသပ်တွေ့ရှိနိုင်ပါသည်။

    ၁၉၅၁-ခုနှစ်၊ ယူနက်စကိုထုတ်ပြန်ချက်အရ မွတ်စလင်မ်လူမျိုးစုကစုစုပေါင်းလူဦးရေ၏ ၄.၅ ရာခိုင်နှုန်းဖြစ်သည်ဟုဆိုပါသည်။ အကယ်၍ အစ္စလာမ်ဘာသာကိုးကွယ်သည့် မွတ်စလင်မ်လူမျိုးစု က အဆမတန်တိုးလာသည်ဟုဆိုလျှင် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း ကြေညာချက်မမှန်ဟုသာဆို ကြပါတော့ဟုပြောလိုပါသည်။ ၂၀၁၄-ခုနှစ်သန်းခေါင် စာရင်းကြေညာချက်အရ ၂.၃ ရာခိုင်နှုန်းမှန် သည်ဆိုလျှင် မွတ်စလင်မ်လူမျိုးစု တိုးလာကြောင်းစွပ်စွဲသူများအပေါ်တွင် သက်သေပြရန်တာဝန်ကျ ရောက်မည်ဖြစ်ပါသည်။

    ယခု ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် ဗုဒ္ဓဘာသာဝင်လူဦးရေက ၈၉.၈    ရာခိုင်နှုန်း(ရာခိုင်နှုန်း၉၀ ခန့်)ရှိပြီး အစ္စလာမ်ဘာသာ ကိုးကွယ်သူ မွတ်စလင်မ်လူမျိုးစုများက ၂.၃ ရာခိုင်နှုန်းဟု ထုတ်ပြန်ကြေညာထားသဖြင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်လူမျိုးစုများ အမျိုခံ  လိုက်ရလေသလားဟု စဉ်းစားစရာဖြစ်နေပါသည်။ လူဦးရေ (၅၁၂၇၉၉၀၀)ယောက်ရှိရာမှ ဗုဒ္ဓဘာ သာဝင်က (၄၅၁၈၅၄၄၉)ယောက်ဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်လူမျိုးစုက     (၁၁၄၇၄၉၅) ယောက်ဟုဆိုခြင်းကြောင့် ၄၅း၁ ဖြစ်ကြောင်းတွေ့ရှိနိုင်ပါသည်။ စာရင်းမကောက်နိုင်သည့်လူဦးရေ ကို လူများစုသည်အစ္စလာမ်ဘာသာဖြစ်သည်ဟု ယူဆချက်ဖြင့်တွက်ချက်လျှင်ဗုဒ္ဓဘာသာကိုးကွယ် သူလူမျိုးများက ၈၇.၉ ရာခိုင်နှုန်း၊ခရိယာန်ဘာသာဝင်က ၆.၂ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင်မွတ် စလင်မ်လူမျိုးစုများက ၄.၃ရာခိုင်နှုန်းဟုဖော်ပြထားရာ ဒုတိယအများဆုံးလူမျိုးစုမှာခရိယာန်ဘာ  သာ ကိုးကွယ်သူများဖြစ်ကြောင်းသုံးသပ်တွေ့ရှိနိုင်ပါသည်။ သို့ရာတွင်ခရိယာန်ဘာသာကိုးကွယ်သူ အစ္စလာမ်ဘာသာကိုးကွယ်သူဟုဆိုရာ၌ ထိုအထဲတွင်တိုင်းရင်းသားဟုသတ်မှတ်ထားသော လူမျိုး စုကြီး(၈)မျိုးမှလူမျိုးများလည်းပါဝင်နေသည်ကိုလည်း သတိချပ်သင့်ပါသည်။ တိုင်းရင်းသားအဖြစ်မ  သတ်မှတ်နိုင်သေးသောနိုင်ငံသားများလည်းပါဝင်နေပါသည်။

    ထို့ကြောင့်မြန်မာနိုင်ငံ၏ သန်းခေါင်စာ ရင်း သမိုင်းမှတ်တမ်းများ အရ နှစ်ပေါင်း၁၀၀ကျော်အတွင်းအစ္စလာမ်ဘာသာဝင် မွတ်စလင်မ်လူမျိုး စုများ၏ အရေအတွက်မှာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်းတွင်သာရှိကြောင်း လေ့လာဆန်းစစ် တွေ့ရှိနိုင်ပါသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာကိုးကွယ်သူ အရေအတွက်နှင့် အစ္စလာမ်ဘာသာကိုးကွယ် သူအရေအတွက် အချိုးချကြည့်လျှင် ၄၀း၁ခန့်သာဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗုဒ္ဓ ဘာသာဝင် ၄၀ဦး တွင် အစ္စလာမ်ဘာသာဝင် ၁ဦးဖြစ်ပါသည်။ ခရိယာန်ဘာသာဝင်က (၃၁၇၂၄၇၉) ယောက်ဖြစ်ခြင်း ကြောင့် ဗုဒ္ဓဘာသာနှင့်ခရိယာန်က ၁၅း၁ ဖြစ်ကြောင်းသိနိုင်ပါသည်။၁၈၉၁-ခုနှစ်ခန့်မှန်းချက်စာရင်း  အရ မြန်မာနိုင်ငံတွင်နေထိုင်သူ-၁၀၀၀၀တွင် မွတ်စလင်မ် ၃၄၇ဦးခန့်ရှိသည်ဟုဆိုခြင်းကြောင့် မွတ်စလင်မ်က ၃.၄၇ ရာခိုင်နှုန်းဖြစ်ကြောင်းလေ့လာသိရှိနိုင်ပါသည်။ထို့ကြောင့် ၁၈၉၁-ခုနှစ်မှ၂၀၁၄ နှစ်အထိနှစ်ပေါင်း ၁၂၀ကျော်အတွင်း မွတ်စလင်မ်လူမျိုးစု လူဦးရေသည် ၃.၅ ရာခိုင်နှုန်းမှ  ၄.၃ရာခိုင်နှုန်းခန့်အတွင်းသာရှိကြောင်းသုံးသပ်တွေ့ရှိနိုင်ပါသည်။မွတ်စလင်မ်လူဦးရေ  အဆမတန် တိုးပွားလာသည်ဆိုခြင်းမှာ မမှန်ကန်ကြောင်း သိနိုင်လောက်ပြီ ဖြစ်ပါသည်။  ကြောက်စရာ မလိုပါ။     ခြောက်လှန့်နေခြင်း သာဖြစ်ပါသည်။ သွေးထိုးပေးနေခြင်းသာဖြစ်ပါသည်။ အထင် လွဲမှားအောင်   ပြုလုပ်နေခြင်းသာဖြစ်ပါသည်။

    မြန်မာနိုင်ငံ၏ လူမျိုးများစာရင်းကို ဆန်းစစ်လျှင်ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌာန်းဖြင့် နေထိုင်စဉ်ပထမမြန်မာနိုင်ငံတော် ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံခေတ်လယ် ကာလ ကိုလိုနီလက်အောက်မကျရောက်မီ ၁၈၂၃ခုနှစ်အထိ လူမျိုးအရေအတွက်မည်မျှ  မည်သည့်လူမျိုး မည်မျှရှိသည်၊ မည်သည့်ဘာသာဝင် မည်မျှရှိသည်ကိုစာရင်းမတွေ့ရပါ။     ကိုလိုနီလက် အောက်ရောက်ပြီးမှ လူမျိုး၁၀၁- ပါးဆိုတာကြားဘူးပါသည်။ ၁၀၁ပါးတွင် “ကုလား   ခြောက်ဆယ်    ရှမ်းသုံးဆယ် မြန်မာသတ္တ မွန်လေးဝ” ဟုဆိုပါသည်။အံ့သြဖို့ကောင်းပါသည်။ ကုလားလူမျိုး ၆၀ တောင်ရှိပါသည်။ အခုတော့ အမျိုခံလိုက်ရပြီထင်ပါသည်။ ရှိတဲ့ဘင်္ဂါလီတောင်မျိုးပြုတ်တော့မလားအောက်မေ့ရပါသည်။ ရှမ်းအနွယ်ဝင် လူမျိုး-၃၀၊မြန်မာအနွယ်ဝင်လူမျိုး-၇မျိုး၊မွန်အနွယ်ဝင်လူမျိုး-၄မျိုးပါဝင်ကြောင်းသိရှိရပါသည်။ လူမျိုး၁၀၁ပါးနှင့်  စပ်လျဉ်း ၍စကားမပြောသောသက်သေ သမိုင်းဝင်ရှေးနံရံပန်းချီများ အရတွေ့ရသော အမည်အချို့မှာ ကရင်၊ ခြင်၊မာလိန်၊ဗြဟ္မာ၊ တလိုင်း၊ကသဉ်(ကသည်း)ယိုဂ်တရား(ယိုးဒယား)၊ရှန်(ရှမ်း)၊သထုံန်၊တလုတ်၊ရွန်၊တင်ပျဉ်၊ဆရော၊တပသိ၊သူလှီ၊ရခိုင်၊ကြေး၊လင်းစင်၊စဘား၊တရိ၊တနင်သာရီ၊အင်ဂျယ်စသည် တို့ဖြစ် ကြောင်းလေ့လာသိရှိရပါသည်။ ဘယ်သူဘာပြောချင်ပါသလဲ။အဲဒီလူမျိုးတွေအများစု ၁၃၅ မျိုးထဲ ဘာ့ကြောင့်မပါသလဲ ဆန်းစစ်ဖို့လိုပါသည်။ အဲဒီထဲမှာ ၁၃၅ မျိုးထဲက ဘယ်လောက်ပါသလဲ ဆန်းစစ်ဖို့လိုပါသည်။

    ၁၃၅ မျိုးထဲက လူမျိုးတွေ၊ဘယ်တုံးက၊ ဘယ်လိုရောက်လာသလဲဆိုတာ သမိုင်းအမှန်ဖော်ထုတ်ဖို့လိုပါသည်။ လွတ်လပ်ရေးရပြီး(၁၀)နှစ်ကြာတော့ ၁၉၅၈-ခုနှစ်မှာအာဏာ လွှဲပြောင်းယူခဲ့ရာမှအရသာတွေ့ပြီး တိုင်းပြည်ပြိုကွဲမည့်ဘေးကို လက်တစ်လုံးအလိုမှာကယ်တင် လိုက်ရတဲ့အကြောင်းပြချက်ဖြင့်၁၉၆၂-ခုနှစ်မှာအပြီးအပိုင်မျိုလိုက်ပါတော့သည်။ မရှိတဲ့ပန်းတိုင်ကို စိတ်ကူးယဉ်လမ်းစဉ်ဖြင့်ချီတက်ရာမှ ၁၉၇၃-ခုနှစ်သန်းခေါင်စာရင်း ကောက်ရာ၁၉၇၃-ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ပြည်ထောင်စုတိုင်းရင်းသား လူမျိုး ၁၄၄ မျိုးရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာကိုးကွယ်သောတိုင်းရင်းသားလူမျိုးများ အပြင်  ရခိုင်-စစ်တကောင်း၊ မြန်မာ-မွတ်စလင်မ်၊ရခိုင်-ကမန်၊မြေဒူး၊မြန်မာ-အိန္ဒိယ၊မြန်မာ-တရုတ် (ပန်းသေး)ဆိုသည့် တိုင်းရင်းသားလူမျိုး ၆မျိုးပါရှိခဲ့ပါသည်။ ၁၉၈၃-ခုနှစ်မှာတော့တိုင်းရင်းသား  ၁၃၅မျိုးဖြစ်သွားပြန်ပါသည်။ တိုင်းရင်းသားလူမျိုး ၉မျိုးပျောက်သွားပါသည်။ မရှိလို့ပျောက်သွားတာမဟုတ်ပါဘူး။

    အာဏာရှင်တွေမျိုလို့လူမျိုးပျောက်တာပါဆိုတဲ့သမိုင်းအထောက်အထားဖြစ် ပါသည်။ ဘာ့ကြောင့်လဲဆိုတာ စဉ်းစားကြည့်ကြပါ။ သယံဇာတပေါကြွယ်ဝတဲ့မြန်မာနိုင်ငံကြီးမှာမြန်မာနိုင်ငံ သား အားလုံးပိုင်တဲ့အမွေအနှစ်တွေ ဘယ်သူတွေ လက်ထဲရောက် သွားသလဲ၊ရောက်နေဆဲဆိုတာ ပြည်သူအားလုံးသိပါသည်။မျိုရတဲ့အကြောင်းရင်းကမျိုထားတာတွေဖုံးဖိဖို့နဲ့နောက်ထပ်မျို ဖို့ဖြစ်ပါသည်။ မျိုထားတာတွေပြန်မအန်ရဖို့ဖြစ်ပါသည်။

    ထူးခြားချက်ကတော့၂၃-၂-၁၉၇၃ ရက်ထုတ်ဗိုလ်တထောင်သတင်းစာပါတိုင်းရင်းသား လူမျိုး၁၄၄မျိုးလူမျိုးအမည်များ အနက်လူမျိုး ၆၀ အမည်မှာ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းပါ လူမျိုးအ မည်  ၁၃၅ မျိုးတွင်ပါဝင်လာခြင်းမရှိဘဲ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းလူမျိုးအမည် သတ်မှတ်ချက် ၁၃၅ မျိုးတွင်လည်း ၁၉၇၃ ခုနှစ် လူမျိုး ၁၄၄ မျိုးအမည်နှင့်မတူသောလူမျိုးအမည် ၅၃ မျိုးအသစ်ဖြစ်ပေါ်လာခြင်း ပင်ဖြစ်ပါသည်။ ၉ မျိုးပျောက်သွားခြင်း ဖြစ်ပါသည်။ ချင်းလူမျိုးများက ချင်း ၅၃ မျိုးမဟုတ်ဟုဆိုပါသည်။ ၅ မျိုးမှ ၇ မျိုးခန့်သာဖြစ်နိုင်သည်ဟု ဆိုပါသည်။ ချင်းအမျိုးသား တစ်မျိုးတည်းဟုဆိုပါသည်။ ဗဟုသုတ အဖြစ်လေ့လာမိသမျှ တင်ပြခြင်းဖြစ်ပါသည်။

    မြန်မာနိုင်ငံသန်းခေါင်စာရင်းသမိုင်းမှတ်တမ်းများအရ လူမျိုလို့ ပျောက်သွားတဲ့လူမျိုးက အစ္စလာမ်ဘာသာကိုးကွယ်သော မွတ်စလင်မ်လူမျိုးစုများ သာဖြစ်ပါသည်။ဗုဒ္ဗ္ဗ္ဗ္ဗ္ဗဘာသာကိုးကွယ် သောမြန်မာလူမျိုးစုမဟုတ်ပါ။ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ၁၃၅ မျိုးပျောက်သွားခြင်းမရှိဟု သိရပါသည်။ ထို့ကြောင့်ဗုဒ္ဓဘာသာကိုးကွယ်သော မြန်မာလူမျိုးစုများက အစ္စလာမ်ဘာသာ ကိုးကွယ်သောမွတ်စလင်မ်လူမျိုးစုများမျို၍ လူမျိုးပျောက်သွားမှာ စိုးကြောက်စရာမလိုဘူးဆိုတာ မြင်သာပါသည်။ တကယ်တော့ခြံ မလုံတာကအရှေ့-မြောက် တံခါးပေါက်ပါ။ ၁၉၇၃ ခုနှစ်စာရင်းတွင် ၁၄၄ မျိုး စာရင်း၌မပါသော ကိုးကန့်ဆိုတဲ့လူမျိုးက ၁၃၅မျိုးတိုင်းရင်းသားစာရင်းဝင်ဖြစ်လာပြီး ၀ ကို ၀ိလုပ်၊ ရှမ်းနှင့်တရုတ်ပေါင်း၊ ရှမ်းတရုတ်တိုင်းရင်းသားဖြစ်၊ မျိုလာတာ မြန်မာပြည် အလယ်ပိုင်း သာမက အောက်မြန်မာပြည် ရန်ကုန်မြို့ပင်ရောက်နေပါပြီ။ မြန်မာ့စီးပွားရေး အများစုဘယ်သူ တွေလက်ထဲမှာ လဲဆိုတာ အမျိုးပျောက်မှာ စိုးကြောက်နေသူတွေ သိလျှက်နဲ့ မသိချင်ယောင် ဆောင်နေတာလားဆို တာစဉ်းစားကြဖို့လိုပါသည်။

    မြန်မာအမျိုးသမီးပျို အများစု တရုတ်မယား အဖြစ်ရောက်ရှိသွားတဲ့ ဦးရေကို သုတေသနလုပ်ကြည့်ပြီး အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်မယားဖြစ်သွားတဲ့ ဦးရေနှင့်နှိုင်းယှဉ်နိုင်လျှင် ဘွားကနဲပေါ်လာ မှာဖြစ်ပါသည်။ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများကို တရုတ်ပြည်သို့ လူကုန်ကူး၊ရောင်းစား၊ တရုတ်မယားလုပ်ခိုင်း၊နှိပ်စက်ခံ နေရတဲ့စာရင်းကိုသုတေသန ပြုထုတ်ပြန်ဖို့ လိုပါသည်။ ဆင်သေကိုဆိတ်သရေနဲ့ ဖုံးလို့မရပါဘူး။ အမှန်တရားကို ပြည်သူသိလာမှာဖြစ်ပါသည်။ သုတေသနလုပ်ပြမည့်သူမရှိဖြစ်နေပါသည်။ ဒီမိုကရေစီမြတ်နိုးလို့ လက်သန်းမှာ မှင်ပြာစွန်းခဲ့တဲ့သူများအမှန်တရားကိုရှာဖွေဖေါ်ထုတ်ဖို့လို့ပါသည်။    လှည့်စားမှုကို မျက်ခြေမပြတ် ဖို့လိုပါသည်။ ဒီမိုကရေစီ ဘက်တော်သားများရည်မှန်းချက် မပျောက်ဖို့လိုပါသည်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ပြီး တာ ၂ နှစ်ခွဲ ခန့်ရှိပြီ ဖြစ်ပါသည်။ လူမျိုးအမည်များ ကြေညာနိုင်ခြင်း မရှိသေးပါဘူး။ ကိုးကွယ်သည့် ဘာသာအလိုက်လူဦးရေကိုတော့ပြည်နယ်နှင့် တိုင်း ဒေသကြီးများ အလိုက်ကြေညာပြီး ဖြစ်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရာမှာ သက်ဆိုင်ရာဒေသများအလိုက် လူမျိုးစုများနှင့်လူဦးရေသည် အလွန်အရေးပါ ပါသည်။မြန်မာပြည်ဒေသ အတော်များများတွင် အစ္စလာမ်ဘာသာကိုးကွယ်သူ မွတ်စလင်မ်လူမျိုးစုများ ပျံ့နှံ့နေထိုင်နေ လျှက်ရှိပါသည်။ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင် မွတ်စလင်မ် လူမျိုးစုများရှိပါသည်။ တိုင်းရင်းသား၊ နိုင်ငံသား မွတ်စလင်မ် လူမျိုးစုများသည် ပြည်ထောင်စု၏အစိတ်အပိုင်းဖြစ်ပါသည်။  ပြည်ထောင်စုသား မွတ်စလင်မ်များဖြစ်ကြပါသည်။ ပြည်ထောင်စုမှ ဖယ်ထုတ်၍ရစကောင်းသော ကိစ္စမဟုတ်ပါ။ ပြည်ထောင်စု မပြိုကွဲရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည် ထောင်စုသား မွတ်စလင်မ်များလည်း မပါမဖြစ်ပါဝင်ရမည်ဖြစ်ပါသည်။

    ထို့ကြောင့်၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း လူမျိုးအမည်များ ကြေညာရာတွင်ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်နေထိုင် လျှက်ရှိသည့်အစ္စလာမ် ဘာသာဝင်ဦးရေ(ကြေညာပြီးဖြစ်သည့် ကိုးကွယ်သည့် ဘာသာဝင်ဦးရေ)နှင့်ကိုက်ညီသော တိုင်းရင်းသား၊နိုင်ငံသား မွတ်စလင်မ်လူမျိုးစုများ၏ အမည်မှန်များကိုလည်း အမှန်အတိုင်းကြေညာပေးရန် လိုအပ်ပါသည်။ သန်းခေါင်စာရင်းကောက်ခြင်းမှာ တိုင်းရင်းသား၊ နိုင်ငံသားကိစ္စ ဆုံးဖြတ်ရန် မဟုတ်ပါဘူး။ ပြည်ထောင်စုတွင်း နေထိုင် လျှက်ရှိသော နိုင်ငံသားပြည်သူ လူဦးရေ အမှန်နှင့် လူမျိုးအမည်အမှန်ကို သိရှိနိုင်ဖို့ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတော် အခြေခံမူများ ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်ဆိုသည့်အချက်ကို မမေ့ဖို့လိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူဆိုသည်မှာတိုင်းရင်းသား၊ နိုင်ငံသားအားလုံးပါဝင်ပါသည်။ တိုင်းရင်းသားလူမျိုး အစ္စလာမ်ဘာသာကိုးကွယ်သူများ၊ နိုင်ငံသား အစ္စလာမ်ဘာသာ ကိုးကွယ်သူများရှိပါသည်။ လူမျိုးအမည်များ စနစ်တကျ မှန်ကန်စွာ ဖော်ထုတ်ပေးဖို့လိုပါသည်။ အနာဂတ် မြန်မာနိုင်ငံအတွက် အရေးကြီးပါသည်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားလူမျိုး အမည် (Code Number 101 မှ 833)အတွင်း ရောက်ရှိသွားသော အစ္စလာမ်ဘာသာကိုးကွယ်သူ တိုင်းရင်းသား မွတ်စလင်မ်လူမျိုးစုများရှိသကဲ့သို့ Code Number 900 နှင့် 914 အတွင်း ရောက်ရှိ သွားသော နိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်လူမျိုးစုများ လည်းရှိပါသည်။ နိုင်ငံသားစိစစ်ရာတွင်လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးရာတွင်လည်းကောင်း၊ လူမျိုးအမည်များ ကာယကံရှင်ဆန္ဒမပါဘဲ သွေှးနှောပေးလိုက်လို့ လူမျိုးအမည်အမျိုးမျိုးကွဲပြားသွားသဖြင့် သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည် များဖောင်းပွသွားနိုင်ဖွယ်ရာ ရှိပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ရေးအတွက် လူမျိုးအမည်၊ လူမျိုးစုအမည်များကို လူမျိုးအသီးသီးကမိမိတို့ လူမျိုးစုများအတွင်း စိတ်ဝမ်းမကွဲဘဲ စည်းလုံးညီညွတ်စွာဖြင့် လူမျိုးစုအမည်များ သတ်မှတ်ပြီးအမျိုးသားအမည်အဖြစ် စုစည်းထုတ်ပြန်နိုင်ရန် နိုင်ငံတော် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ကုလသမဂ္ဂ (UNFPA)တို့နှင့် အချိန်မီညှိနှိုင်းဆောင်ရွက်သင့်ကြပါသည်။ အရပ်ဘက်လူ့အဖွဲ့အစည်း(CSO) များလည်းပါဝင်ရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ လူမျိုးအမည်များအ မျိုးမျိုးကွဲပြားနေသည်ထက် မိမိခံယူထားသည့်လူမျိုးအမည်ကိုမိမိနှစ်သက်သလိုအသုံးပြုနိုင်ပြီး၊ ဆွေမျိုးတူစုအမည် (Family Name)ကို မျိုးတူစုအမည် (Clans Name)၊ ၎င်းမှ အမျိုးသား အမည်(National Name) အဖြစ်စုစည်းသင့်ပါကြောင်း အကြံပြုလိုပါသည်။

    ထိုသို့ဆောင်ရွက်နိုင်လျှင် ပြန်တမ်းဝင်ပြီးနောင်တွင် အငြင်း ပွားမှုများစွပ်စွဲမှုများ ကင်းရှင်းပပျောက်သွားကာ နိုင်ငံသား စိစစ်ရာတွင်လည်း ရှိပြီးဖြစ်သည့် လူမျိုးအမည်ကို ရွေးချယ် ထည့်သွင်းနိုင်မည် ဖြစ်ပါသည်။ နိုင်ငံသား လုပ်ထုံးလုပ်နည်းအရ မှားနေတာကိုအမှန်ပြင် ခွင့်ရှိပါသည်။

    ချင်းလူမျိုးများ၏ ကြိုးပမ်းမှုကို အတုယူသင့်ပါသည်။ ချင်းလူမျိုးများသည် Family Name အသီးသီးရှိကြသည့်အနက် Clam Name (PHUN NIM) (SUM THANG) (ZAN NIAT) (LAIZO) (NU HNUA) အဖြစ်စုစည်းပြီး၎င်းမှ (HLAWN CEU) (NGAWN) (ZANIAT) (TAPONG) (ZAHAU)ကို TRIB Name အဖြစ် (CHIN) ဟု ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ အနာဂတ်တွင် နိုင်ငံသားစိစစ်ရာ၌ ဥပဒေဖြင့် အသိအမှတ်ပြုပြီးသောလူမျိုးအမည်များကိုမှန်ကန်လွယ်ကူစွာရေးသွင်းနိုင်မည်ဖြစ်ပါသည်။ လူမျိုး အမည်ပြဿနာမပေါ်နိုင်တော့ ဘဲ ယုံကြည်မှု အပြန်အလှန် တည်ဆောက်နိုင်ကြမည်ဖြစ်ပါသည်။ လူမျိုးအမည်များ စုစည်းရာတွင် ကိုးကွယ်သည့်ဘာသာကိုအခြေမခံဘဲ လူမျိုးတစ်မျိုး၏စာပေ(Literature) ဘာသာစကား(Language)၊ ယဉ်ကျေးမှု(Calture) ဆင်းသက်နေထိုင်ရာ နယ်မြေဒေသ(Land)တို့အပေါ်အ ခြေခံ၍ မျိုးနွယ်စုဝိသေသလက္ခဏာ(Identity)ကိုဖော်ထုတ်ပြီး ဆောင်ရွက် သင့်ပါသည်။ လူမျိုးရွေးချယ်ရာတွင် နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင် ကျင့်သုံးလျှက်ရှိသည့် မှတ်ပုံတင်သူ၏ လူမျိုးကို ကာယကံရှင်ထုတ်ဖော် ကြေညာသည့် အတိုင်းရေးသင့် ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသောမူမှာ ကပြားဖြစ်မယ်ဆိုရင် ဖခင်လူမျိုးအမည်ကို ရှေ့ကထားပြီး မိခင်လူမျိုးအမည်ကို နောက်ကထားဖော်ပြပါသည်။ မိခင်နှင့်ဖခင်နှစ်ဦး စလုံးကပြားဖြစ်နေလျှင် ဖခင်လူမျိုးအမည်နောက်က မိခင်လူမျိုးအမည်ကို ရေးသားရပါသည်။ တိကျကွဲပြားစွာ ဖော်ပြဖို့ခက်ခဲတဲ့ သူရဲ့လူမျိုးအမည်ကိုရေးသွင်းရာမှာ ဖခင်၏လူမျိုးအမည်ကိုသာရေးသွင်းရပါမယ်။

    လျှောက်ထားသူရဲ့တရားဝင်ပြောဆိုချက်ကိုသာမှန် မမှန်စိစစ်ပြီး ရေးသွင်းရပါသည်။ လ.၀.က ပြည်ထောင်စု ၀န်ကြီးဟောင်းပြော ခဲ့တာဖြစ်ပါသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာဖြေကြားခြင်းဖြစ်ပါသည်။
    ထိုသို့ဆိုလျှင် ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြားဖြစ်ပြီး နိုင်ငံတော်၏လုံခြုံရေးနှင့် အချုပ်အခြာကို ကာကွယ်စောင့် ရှောက်နိုင်မည်ဖြစ် ပါသည်။ နိုင်ငံသား ကိစ္စနှင့် ပတ်သက်၍ ပေါ်ပေါက်လာမည့်ပြဿနာများကိုလည်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။ လူများစုကိုလူနည်းစုက လူမျိုမှာလည်း ကြောက်စရာမလို၊ မြေမျိုမှာလည်း ကြောက်စရာမလို၊ အမျိုးပျောက်မှာလည်း ကြောက်စရာ မလိုကြောင်းနှင့် နိုင်ငံသူနိုင်ငံသားပြည်သူများ၏ စိတ်တွင်အနှောက်အယှက်ဖြစ်စိတ်ဝမ်းကွဲစေသော ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သည့် “မြေမျို၍လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်” ဆိုသည့်ဆောင်ပုဒ်ကြီးအား ဖြုတ်သင့်ပြီဖြစ် ပါကြောင်းနှင့် စိုးရိမ်နေသူတွေ စိုးရိမ်သလိုအမျိုးပျောက်မှာစိုးကြောက်စရာမလိုကြောင်း သန်းခေါင် စာရင်းသမိုင်းအကိုးအကားဖြင့် ရှင်းလင်းတင်ပြလိုက်ရပါသည်။ သံသယပျောက်၍အမှန်ဘ၀ရောက်ပါစေ…။

    ဦးအုန်းမောင်(ရန်ကင်း)တရားလွှတ်တော်ရှေ့နေ

    **စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

  • နိုင်ငံသား အခွင့်အရေးအတွက် ဥပဒေကိုသိရန် လူတိုင်း စာဖတ်ပါ။

    နိုင်ငံသား အခွင့်အရေးအတွက် ဥပဒေကိုသိရန် လူတိုင်း စာဖတ်ပါ။

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၇
    ဆောင်းပါးရှင်-ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

    ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထပ်ကပင် အမိန့်တော်ပြန်တမ်းများ ရှိခဲ့ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးအကြိုခေတ်၊ လွတ်လပ်ပြီး (၁၈) နှစ် ကာလ တော်လှန်ရေးကောင်စီခေတ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အာဏရှင် (နဝတ)၊ (နယက)ခေတ်၊ ဒီမိုကရေစီဦးတည်သော ပြည်သူရွေးချယ်သည့် အစိုးရခေတ်အသီးသီးတွင် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအမိန့်၊ ကြေငြာစာ၊ အမိန့်ကြေငြာစာများမှာလည်း ပြည်သူအချို့သာ စိတ်ဝင်စားကြသည်။ အမိန့်၊ ကြေငြာစာ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပိုမိုသိရှိကြပါသည်။ ပြည်သူအတွင်း စာဖတ်အားနည်း၍ ဥပဒေပညာကိုလေ့လာရန် စိတ်မဝင်စားကြသဖြင့် ဥပဒေအကြောင်း သိသူအလွန်နည်းပါးသည်။ ပြဿနာပေါ်မှ ဥပဒေပညာရှင်ရှေ့နေ၊ ရှေ့ရပ်များထံ ချဉ်းကပ်ဆောင်ရွက်ကြသည်ကို တွေ့နေရပါသည်။

    ဥပဒေသည် အုပ်ချုပ်သူရော အုပ်ချုပ်ခံ တိုင်းသူပြည်သားအားလုံးနှင့်ပါ အကျုံးဝင်ပါသည်။ ဥပဒေ၏ အထက်တွင် မည်သူမျှမရှိဆိုသည့် ဆိုရိုးနှင့်အညီ ဥပဒေအထက်ကနေ၊ ဥပဒေနှင့် ဆန့်ကျင်ပြီးလုပ်သမျှကို ပြည်သူများက ဥပဒေကိုသိထားလျှင် ဥပဒေနှင့်အညီ တင်ပြ တောင်းဆိုခွင့်ရှိမည် ဖြစ်ပါသည်။ ပြည်သူအားလုံး မိမိနှင့်သက်ဆိုင်သော ဥပဒေ ဗဟုသုတရှိနေလျှင် ဥပဒေအရဆောင်ရွက် ရသော ကိစ္စအရပ်ရပ်သည် လွယ်ကူ ချောမွေ့ မှန်ကန် မြန်ဆန်မည်ဖြစ်ပြီး မိမိတို့အခွင့်အရေးကို အပြည့်အဝခံစားရရှိကြမည် ဖြစ်ပါသည်။

    နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အမြင့်ဆုံးဖြစ်ပြီး ပြဌာန်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ညီညွတ် ရမည်ဖြစ်ပါသည်။ အချို့ဥပဒေများသည် ဥပဒေစံနှုန်းများနှင့် ကိုက်ညီပြီး လိုက်နာကျင့်သုံးမှု ခိုင်မြဲနေပါလျှက် ယင်းပြဌာန်း ဥပဒေနှင့် ရှေ့နောက်မညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများလည်း ရှိပါသည်။ ထိုအခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါသည်။ အချို့ပြဌာန်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သဖြင့် ပျက်ပြယ်ပါသည်။ ထိုကြောင့် ပြဌာန်းဥပဒေကို ပြင်ဆင်ရပါသည်။ ဥပဒေပြဌာန်းချက်တစ်ရပ်ကို မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ကို ဥပဒေနှင့်ညီညွတ်သော နည်းဥပဒေများ ပြဌာန်းရပါသည်။ ဥပဒေနှင့် နည်းဥပဒေသည် ရှေ့နောက်ညီညွတ်ရမည် ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းများသည် ဥပဒေနှင့်ဆန့်ကျင်၍ မရပါ။ ဥပဒေ၊ နည်းဥပဒေရှိပါလျှက် အုပ်ချုပ်သူတို့၏ မူဝါဒအရ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ကြပါသည်။ အဆိုပါ အမိန့်၊ ညွှန်ကြားချက်များကို ပြည်သူများက သိအောင် ကြိုးစားဖို့လိုပါသည်။ နိုင်ငံသား စီစစ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများနှင့် လ.ဝ.က တာဝန်ရှိ ဝန်ထမ်းများ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ ဗဟိုပြု ဆောင်ရွက်လျှင် အခက်အခဲ ပြဿနာများ ကျော်လွှားနိုင်မည် ဖြစ်ပါသည်။

    ယခုအခါ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် တည်ဆဲဥပဒေဖြစ်နေခြင်းကြောင့် ယင်းဥပဒေတွင် ပျော့ကွက်၊ ဟာကွက်များနှင့် နိုင်ငံတကာ စံနှုန်း မပြည့်ဝမှုများ ရှိနေလင့်ကစား ပြင်ဆင်နိုင်ခြင်း မရှိသေး၍ ယင်းဥပဒေဖြင့်ပင် စခန်းသွားရဦးမည်ဖြစ်ရာ နိုင်ငံသားလတ်မှတ်လျှောက်ထားသူများ အနေဖြင့် (သို့မဟုတ်) မိဘအုပ်ထိန်းသူများအနေဖြင့်

    -မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၄၅ (က) နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ- ၃ နှင့် ၅ အရ တိုင်းရင်းသား ဟုတ် မဟုတ် မွေးရာပါနိုင်ငံသား ဟုတ် မဟုတ် သိဖို့လိုပါသည်။

    – မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၄၅ (ခ) နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆ ပါ ဥပဒေအရ နိုင်ငံသား ဟုတ် မဟုတ်နှင့် ပုဒ်မ-၇ အရ နိုင်ငံသား ဟုတ် မဟုတ် သိဖို့ပါသည်။

    – လျှောက်ထားမည့်သူ၏ မွေးဖွားကြောင်းလတ်မှတ် (မွေးစာရင်း)၊ ပုံစံ-ထွေ-၁(က) ရှိရန်လိုအပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မွေးဖွားသည့်နေ့မှစပြီး (၇)ရက်အတွင်း အကြောင်းကြားရပါမည်။ မွေးစာရင်းမရှိပါကလည်း မည်သူက မွေးဖွားပေးကြောင်း အကြောင်းကြားရမည်ဖြစ်ပါသည်။

    -ကလေးအမည်ကို အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ တွင်ထည့်သွင်းရပါမည်။ အိမ်ထောင်စုစာရင်းမရှိလျှင် ပြုလုပ်ဖို့လိုပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်သည့်နေ့မှစ၍ (၁)နှစ်အတွင်း မှတ်ပုံတင်ပေးရန် (လ.ဝ.က)သို့လျှောက်ထားရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ (၅၀) ပေးဆောင်ရမည်ဖြစ်ကာ (၅)နှစ်ဆက်တိုက် ပျက်ကွက်လျှင် ဒဏ်ငွေ- ၁၀၀၀ ပေးဆောင်ရမည် ဖြစ်ပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်ကလေး မှတ်ပုံတင်ရာတွင် ၁၀)နှစ်ပြည့်သည့်နေ့မှစ၍ (၁)နှစ်အတွင်း မိမိနေထိုင်ရာ မြို့နယ် (လ.ဝ.က)ရုံးတွင် ကိုယ်ရေးမှတ်တမ်း ပုံစံ (နိုင်-၂) သုံးစောင်နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင် ၃(က)အတွက် ငွေပေးသွင်းပြီး ပြေစာရယူရမည် ဖြစ်ပါသည်။

    – ကိုယ်ရေးမှတ်တမ်းပုံစံ (နိုင်-၂ )တွင်ရေးသွင်းနိုင်ရန် (လ.ဝ.က)ရုံးမှ မေးမြန်းချက်များကို မှန်ကန်ပြည့်စုံစွာ ဖြေဆိုရမည် ဖြစ်ပါသည်။

    – မိဘ (သို့မဟုတ်) အုပ်ထိန်းသူသည် မြို့နယ် (လ.ဝ.က)ရုံးမှ အကြောင်းကြားစာရလျှင် ငွေသွင်းပြေစာပြသ၍ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံ (နိုင်-၃) နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင်-၃(က)တို့ကို လတ်မှတ်ထိုး၍ ထုတ်ယူရမည် ဖြစ်ပါသည်။

    – အသက် (၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံ နိုင်-၃ နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင်-၃(က)တို့ကို ကိုင်ဆောင်ထားသူတိုင်းသည် အသက် (၁၈)နှစ်ပြည့်သည့်နေ့မှစ၍  (၁)နှစ်အတွင်း နိုင်ငံသားလတ်မှတ်ပုံစံ (နိုင်-၆) နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင် ၆(က) တို့နှင့် လဲလှယ်ကိုင်ဆောင်ရန် လျှောက်ထားရမည် ဖြစ်ပါသည်။

    -ထိုသို့ ကာယကံရှင်ကိုယ်တိုင်လျှောက်ထားရာတွင် ပုံစံဖိုးများငွေသွင်းပြီးကြောင်း ပြေစာတောင်းခံရမည် ဖြစ်ပါသည်။

    – ကိုယ်ရေးပုံစံ (နိုင်-၂)တွင် ရေးသွင်းနိုင်ရန် (လ.ဝ.က) ရုံးမှ မေးမြန်းချက်များကို ကာယကံရှင်ကိုယ်တိုင် မှန်ကန်ပြည့်စုံစွာ ထပ်မံဖြေဆိုရမည် ဖြစ်ပါသည်။

    – မြို့နယ် (လ.ဝ.က)ရုံးမှ အကြောင်းကြားစာရရှိသည့်အခါ ကိုယ်တိုင်သွားရောက်၍ ပြေစာများပြသပြီး နိုင်ငံသားလတ်မှတ် နိုင်-၆(က)တို့ကို လတ်မှတ်ရေးထိုးထုတ်ယူရမည် ဖြစ်ပါသည်။

    – နိုင်ငံတော်အတွင်း နေထိုင်သူများ၏ အသက် (၁၀)နှစ်ပြည့်နိုင်ငံသား မှတ်ပုံတင်ကတ်ပြား (နိုင်-၃) ဖြစ်စေ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား -၃ (က)ဖြစ်စေ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား -၆ (က)ဖြစ်စေ ဟောင်းနွမ်းဆွေးမြေ့ မထင်မရှားဖြစ်သည့်အခါ (သို့မဟုတ်) ပျောက်ဆုံး၊ ပျက်ဆီးသည့်အခါတွင် နိုင်ငံသားလတ်မှတ်နှင့် စီစစ်ရေးကတ်ပြားလျှောက်ထားစဉ်ကအတိုင်း မိတ္တူထုတ်ပေးရန် မြို့နယ် (လ.ဝ.က) ရုံးသို့ နည်းလမ်းတကျ လျှောက်ထားနိုင်ပါသည်။

    – နိုင်ငံသားလတ်မှတ်နှင့် စီစစ်ရေးကတ်ပြားလျှောက်ထားခြင်းကိစ္စအရပ်ရပ်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၁၉၈၃) အပိုဒ်-၁၂ (က) (ခ) (ဂ) နှင့် အပိုဒ်- ၁၅၊ ၁၈၊ ၂၀ ပြဌာန်းချက်တို့နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
    နိုင်ငံသားတစ်ဦးသည် မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂)၊ ပုဒ်မ-၁၂ အရ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလေးစားလိုက်နာရန် တာဝန်ရှိပါသည်။ နိုင်ငံတော်၏ ဥပဒေပါတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ ဥပဒေပါအခွင့်အရေးများကို ခံစားခွင့်ရှိပါသည်။

    နိုင်ငံသားတစ်ဦးသည် တစ်ချိန်တည်းတွင် အခြားနိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိပါဘူး။ နိုင်ငံသားလတ်မှတ်နှစ်မျိုး ကိုင်ဆောင်ထားခွင့်မရှိပါဘူး။ နိုင်ငံသားတစ်ဦးသည် နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ပြုလိုက်ကာမျှဖြင့် နိုင်ငံသားအဖြစ်မှ ဆုံးရှုံးမည်မဟုတ်ပါ။ အဆိုပါ နိုင်ငံခြားသားလည်း နိုင်ငံသားနှင့် အိမ်ထောင်ပြုလိုက်သဖြင့် နိုင်ငံသား အလိုအလျောက် ဖြစ်လာမည် မဟုတ်ကြောင်းကို သတိပြုရမည်ဖြစ်ပါသည်။ မိမိတို့ သား သမီး၏ အနာဂတ်ရေးအတွက် စဉ်းစားကြဖို့လိုပါသည်။ (၁၅-၁၀-၁၉၈၂) ရက်နောက်ပိုင်းမှစ၍ မည်သည့်နိုင်ငံခြားသားမျှ (ဥပဒေပြဌာန်းချက်အရမှအပ) မည်သည့်နည်းနှင့်မျှ နိုင်ငံသားအဖြစ် ရရှိနိုင်မည်မဟုတ်ကြောင်း သိရှိထားဖို့လိုပါသည်။ နိုင်ငံသားတစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလတ်မှတ်ကို ကိုင်ဆောင်ပြီးနောက် ဥပဒေနှင့်အညီ နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာခြင်း၊ ဥပဒေမဲ့ခိုးထွက်ခြင်း၊ နယ်စပ်မှတိတ်တဆိတ် ထွက်ခွာခြင်း ပြုလုပ်လျှင် နိုင်ငံသားအဖြစ်မှ ရပ်စဲသွားနိုင်ပါသည်။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ၊ ရုပ်သိမ်းခံရသူသည် ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကို အပ်နှံခြင်း၊ အပ်နှံခြင်းမပြုဘဲ ပျက်ကွက်လျှင်ဖြစ်စေ၊ ဆက်လက်အသုံးပြုလျှင်ဖြစ်စေ၊ အခြားသူတစ်ဦးအား မသမာသေနည်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ၊ သေဆုံးသူ၏ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင် အသုံးပြုလျှင် ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ် ၂၀၀၀၀ ကျပ် ကျခံရမည်ဖြစ်ပါသည်။

    နည်းဥပဒေအပိုင်-၃၆ တွင် နိုင်ငံသားလက်မှတ်အတု ပြုလုပ်လျှင် အားပေးကူညီလျှင် ထောင်ဒဏ် (၁၅)နှစ်နှင့် ငွေဒဏ် ၅၀၀၀၀ ကျပ် ကျခံရမည်ဟု ဆိုထားသော်လည်း နည်းဥပဒေအပိုဒ် -၃၇ တွင်မူ ပုံစံ (နိုင်-၃) သို့မဟုတ် နိုင်-၃ (က) သို့မဟုတ် ပုံစံ နိုင်-၆ (က)ကို အတုပြုလုပ်လျှင် အားပေးကူညီလျှင် ရာဇသတ်ကြီး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြဌာန်းထားပါသည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၄၆၈ အရ ထောင်ဒဏ် ၇ -နှစ်အထိ အပြင် ငွေဒဏ်၊ ပုဒ်မ-၃၇၁ အရ ထောင်ဒဏ်-၃ နှစ်ထိ အပြင်ငွေဒဏ် ပြဌာန်း ထားပါသည်။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံခြားသား အဖြစ်သို့ရောက် ရှိသွားပြီး ပြည်နှင်ဒဏ်ပေးခံရသည်အထိ အရေးယူခြင်းကိုခံရနိုင်သည့်အပြင် မည်သည့်နိုင်ငံသား လက်မှတ် အမျိုးအစားကိုမျှ လျှောက်ထားခွင့်မရှိတော့ကြောင်း သတိပြုသင့်ပါသည်။

    ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် နိုင်ငံသား လက်မှတ်လျှောက်ထားရာတွင် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊မဟုတ်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ခံယူရန် လိုအပ်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင် ခွင့်ရှိပါသည်။ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံလွှာကို မြို့နယ် (လ.ဝ.က) ရုံးမှတစ်ဆင့် ဝန်ကြီးအဖွဲ့ (အစိုးရအဖွဲ့) သို့ အယူခံဝင်ရောက်နိုင်ပါသည်။ အစိုးရအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟု ပြဌာန်းထားပါသည်။

    ထို့ကြောင့် မြန်မာနိုင်ငံသားဖြစ်ထိုက်ခွင့် အရည်အချင်းရှိသူများသည် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ တည်ဆဲဖြစ်နေခြင်းကြောင့် ယင်းဥပဒေ၊ နည်းဥပဒေအရသာ နိုင်ငံသားလက်မှတ် လျှောက်ထားကြရဦးမည်ဖြစ်ရာ လျှောက်ထားသူများသည် အောက်ပါအချက်များကို သတိပြုလိုက်နာဆောင်ရွက်ကြရန် အကြံပြုလိုပါသည်။

    -(၁၅-၁၀-၁၉၈၂) ရက် နောက်ပိုင်းမွေးဖွားသူများသည် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတို့ မှ မွေးစာရင်း မွေးဖွားကြောင်းထောက်ခံစာ (သို့မဟုတ်) မွေးဖွားပေးသူ၏ ထောက်ခံချက်၊ မွေးဖွားကြောင်း လတ်မှတ်ပုံစံ ထွေ-၁(က) စသည်တို့ ပြည့်စုံအောင်ရှိထာသင့်ပါသည်။

    – လ.ဝ.က အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ တွင် ကလေးအမည်ကို ထည့်ထားပြီး ဖြစ်သင့်ပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်လျှင် (၁)နှစ်အတွင်း (၁၀)နှစ်ပြည့် မှတ်ပုံတင်ကို မိဘ၊ အုပ်ထိန်းသူက လျှောက်ထားသင့်ပါသည်။

    – ထိုသို့လျှောက်ထားရာတွင် အသက် (၁၀)နှစ်ပြည့် ကလေး၏ မိဘနှစ်ပါး၏ နိုင်ငံသားအထောက်အထား၊ အဘိုးအဘွား၏ နိုင်ငံသားအထောက်အထားပြည့်စုံစွာ တင်ပြပြီး မေးမြန်းချက်များကို ပြည့်စုံမှန်ကန်စွာ ဖြေကြားသင့်ပါသည်။

    – အသက် (၁၀)နှစ်ပြည့်ဖြစ်စေ၊ (၁၈)နှစ်ပြည့်ဖြစ်စေ လျှောက်ထားရာတွင် လျှောက်လွှာနှင့် ပုံစံ (နိုင်-၂) တွင် မိမိသိသည့်အတိုင်း မှန်ကန်စွာရေးသွင်းသင့်ပါသည်။ ကွဲလွဲမှုများမဖြစ်ရန် လိုအပ်ပါသည်။ ကာယကံရှင်၏ မိဘနှစ်ပါး၏ အဘိုး၊ အဘွား (၄) ဦးနှင့် စပ်လျဉ်း၍ အမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်၊ လူမျိုးနှင့် နိုင်ငံသားကိုင်ဆောင်သည့် လတ်မှတ်၏ အမှတ်၊ သေဆုံးလျှင် (ရက်စွဲ) သေဆုံးသည့်ဒေသတို့ကို ကြိုတင်၍ မှန်ကန်စွာစီစဉ်ပြင်ဆင်ထားသင့်ပါသည်။
    ကာယကံရှင်၏ မွေးချင်းများ၊ ဆွေမျိုးများ၏ အချက်အလက်၊ အချိတ်အဆက်များကို ကြိုတင်မေးမြန်းပြင်ဆင်ထားသင့်ပါသည်။ မမှတ်မိ၊ မသိရှိပါက ဇာတိတူ၊ ရှေ့နောက်သိသူများ၏ ထွက်ဆိုဝန်ခံချက်၊ ကျန်းကျိန်၊ ကတိသစ္စာ ပြုချက်များ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

    –    သက်ဆိုင်ရာ (လ.ဝ.က) မှ ပုံစံ (နိုင်-၂) ရေးသွင်းချက်များကို သေချာစွာ ဖတ်ရှုစစ်ဆေးပြီး မှန်ကန်ပြည့်စုံမှ လတ်မှတ်ရေးထိုးသင့်ပါသည်။

    –    မိမိတို့၏ မိသားစု၏ မိဘ၊ ဘိုးဘွား မျိုးရိုးအစဉ်ဆက်ဇယား တစ်စောင်ကို အမြဲပြုစုထားသင့်ပါသည်။ သားစဉ်မြေးဆက် သိမ်းဆည်းထားသင့်ပါသည်။

    –    မိမိသည် တိုင်းရင်းသားဖြစ်လျှင် တိုင်းရင်းသားလူမျိုး၊ အနွယ်စဉ်ဆက်၏ အချက်အလက်ကို မှန်ကန်စွာ တင်ပြသင့်ပါသည်။ လူမျိုးအမည်မှန်ကန်ဖို့ လိုပါသည်။ သူတစ်ပါးပေးသည့် လူမျိုးအမည်ကို လက်မခံသင့်ပါ။

    –    တိုင်းရင်းသား ဘာသာစကား တစ်ခုခုပြောဆိုနိုင်သူ ဖြစ်သင့်ပါသည်။

    –    ဥပဒေအရ နိုင်ငံသားလျှောက်မည့်သူများသည် မည်သည့်အထောက်အထားမျှမရှိပါက ၁၉၄၉-ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ ပုဒ်မ-၅(၂)(ဂ) ပါ ပြဌာန်းချက်နှင့် အကြုံးဝင်လျှင် ၁၉၅၁-ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ အပိုဒ်-၁၃(၁)အရ ထုတ်ပေးသည့် ယာယီသက်သေခံလတ်မှတ် (white card ရုပ်သိမ်းပြီး) အစား အပိုဒ် -၁၃(၄) အရ ထုတ်ပေးသည့် နိုင်ငံသားစီစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကို ကိုင်ဆောင်ရနိုင်ဖွယ် ရှိပါသည်။

    –    NVC (အစိမ်းရောင်ကတ်) ၏ သက်တမ်းမှာ (၂) နှစ်ဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်စွာ တင်ပြနိုင်ပါက နိုင်ငံသား လက်မှတ်ရရှိမည်ဖြစ်ပြီး မတင်ပြနိုင်ပါက သက်တမ်း (၂) နှစ်ပြည့်လျှင် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းနှင့် အထောက်အထား တင်ပြနိုင်သည့်အခါတွင် နိုင်ငံသားစီစစ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများသည် နိုင်ငံခြားသားမဟုတ်ပါက နိုင်ငံသားလက်မှတ် လျှောက်ထားရယူကိုင်ဆောင်ရန် လိုအပ်ပါသည်။ နိုင်ငံသားတိုင်းသည် ကိုးကွယ်သည့် ဘာသာနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။ မိမိ၏မိဘ၊ ဘိုးဘွားအစဉ်အဆက် အခြေချနေထိုင်လာမှုနှင့်သာ သက်ဆိုင်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၁(က) (ခ) (ဂ) (ဃ) ပါ နိုင်ငံသားဖြစ်မှုနှင့် ညီညွှတ်သူများသည် ပုဒ်မ-၁၁(က) ပါ နိုင်ငံသားနှင့် တစ်တန်းစားတည်း ဖြစ်ပါသည်။ ထိုသူများသည် ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားများဖြစ်ကြ၍ ပြဌာန်းဥပဒေ အပေါ်လွှမ်းမိုးပါသည်။ ထိုသူများနှင့် ထိုသူများမှ ဥပဒေနှင့်အညီ မွေးဖွားသက်ဆင်းလာသူများသည် နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ပါသည်။ (၄-၁-၁၉၄၈) ရက်မတိုင်မီက အခြေချနေထိုင်ခဲ့ကြသော မျိုးဆက်များဖြစ်၍ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီ (၁၅-၁၀-၁၉၈၂) ရက်မတိုင်မီ မွေးဖွားသူများဖြစ်၍ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၄၅ (ခ) အရလည်း နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ပါသည်။ ထိုသူများမှ မွေးဖွားလာသူများသည် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအရ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ လုံးဝမဖြစ်နိုင်ပါ။ ထိုသူအားလုံးသည် တိုင်းရင်းသားမဟုတ်၊ ကပြား ဖြစ်သည်၊ သွေးနှော ဖြစ်သည်ဟုဆိုစေဦး နိုင်ငံသားလက်မှတ် နိုင်ငံသားစီစစ်ရေးကတ်ပြား၊ နိုင်-၃၊ ၃ (က)၊ နိုင်-၆၊ ၆(က) ရထိုက်သူများ ဖြစ်ပါသည်။ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ဥပဒေအရ သီးခြားဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။ စစ်မှန်သော နိုင်ငံသားဘဝသည် တန်ဖိုးရှိပါသည်။

    ထို့ကြောင့် နိုင်ငံခြားသားမဟုတ်သော နိုင်ငံသားအရည်အချင်းရှိသည့် ပုဂ္ဂိုလ်အားလုံး မိမိတို့၏ အဖိုးတန်သည့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင် စာဖတ်ကြပါ။ ဥပဒေအကြောင်းကို သိအောင်လုပ်ကြပါ။ နိုင်ငံသားစိစစ်သည့်  ကိစ္စကို စိုးရိမ်မှုမရှိဘဲ အချိန်မီ လုပ်သင့်တာကို လုပ်ကြပါ။ ကြိုတင်ပြင်ဆင်ကြပါ။ လ.ဝ.က တာဝန်ရှိသူများနှင့် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ၊ အဂတိ ကင်းရှင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်းကောင်း၊  တာဝန်ရှိသူများကလည်း အမိန့်၊ ညွှန်ကြားချက်များထက် ဥပဒေ၊နည်းဥပဒေနှင့် အညီသာ မှန်ကန်မြန်ဆန်စွာ စိစစ်ထုတ်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ နိုင်ငံသားအခွင့်အရေးအတွက် ဥပဒေကိုသိရှိရန် လူတိုင်းစာဖတ်ကြပါဟု တိုက်တွန်းအပ်ပါသည်။

    ပြည်ထောင်စုကြီး စည်းလုံးညီညွတ် ငြိမ်းချမ်းသာယာ ဖွံဖြိုးတိုးတက်ဖို့ နိုင်ငံသားအားလုံးလူမျိုး ဘာသာမခွဲခြား ပြည်ထောင်စုသားများ အဖြစ် ရပ်တည်နိုင်ကြပါစေ။

    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

  • အားလုံး ဧည့်သည်ပါဘဲ

    အားလုံး ဧည့်သည်ပါဘဲ

    နိုင်ငံတစ်ခုရဲ့ သမိုင်းကိုသိချင်ရင် ကမ္ဘာ့သမိုင်းနဲ့ယှဉ်ပြီး လေ့လာမှအမှန်တရားကိုသိမှာဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ သမိုင်းကိုလေ့လာရင် နိုင်ငံဖြစ်ပေါ်လာပုံ၊ နယ်နိမိတ်၊လူမျိုး၊ကိုးကွယ် ယုံကြည်မှု၊ယဉ်ကျေးမှု၊ဓလေ့ ထုံးတမ်း၊မြေမျက်နှာသွင်ပြင်၊ပထဝီ၊ ရာသီဥတု၊အုပ်ချုပ်ရေး၊လူမှုရေး၊ လူဦးရေ၊စီးပွားရေး၊စစ်ရေး၊စတာတွေကို ခေတ်ပြိုင် ပတ်ဝန်းကျင်နိုင်ငံ၊ ဒေသတွေနဲ့ယှဉ်ပြီးလေ့လာ ရမှာဖြစ်ပါတယ်။ နိုင်ငံ့သမိုင်းကို လေ့လာရာမှာ လက်ရှိ သက်ရှိ ထင်ရှားလူတွေရဲ့သက်တမ်းမှာမမီတဲ့ရှေးက လူတွေကျန်ရစ်တဲ့ ဖြစ်စဉ်တွေ ရဲ့မှတ်တမ်း အထောက်အထားတွေကို လေ့လာရမှာဖြစ်ပါတယ်။ အထောက်အထားဆိုတာ ရာဇဝင်၊နိပါတ်၊ပေစာ၊ကျောက်စာ၊ ရှေးဟောင်းအသုံးအဆောင် ပစ္စည်း၊ ရုပ်ကြွင်းတွေနဲ့သမိုင်းပညာရှင်တွေ၊မနုဿဗေဒ ပညာရှင်တွေ၊ ပထဝီပညာရှင်တွေ၊ ဇီဝဓါတုညာရှင်တွေ၊ဇီဝရူပပညာရှင်တွေ၊ယုတ္တိဗေဒပညာရှင်တွေရဲ့မှတ်တမ်းစာပေ အထောက် အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးလေ့လာရပါတယ်။ သမိုင်းကိုလေ့လာရာမှာဒေသစွဲ၊ဝါဒစွဲ၊လူမျိုး စွဲ၊ဘာသာစွဲ၊အတ္တစွဲ၊ အဂတိလိုက်ပြီးလေ့လာလို့ မရပါဘူး။ ခိုင်လုံတဲ့အထောက်အထားတွေအပေါ် မှာ မှန်ကန်တဲ့ကောက်ချက်၊ မငြင်းနိုင်တဲ့ယူဆချက်တွေကို လက်ခံရမှာဖြစ်ပါတယ်။ အုပ်စိုးသူ အာဏာရှိသူလူတန်းစားက ဖိအားပေးရေးသားခဲ့တဲ့ သမိုင်းတွေဟာ မော်ကွန်းမဝင်ပါဘူး။သမိုင်း မဝင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါ တစ်ခုမှာမှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ယနေ့ ကျန်နေရစ်ခဲ့တဲ့သမိုင်းကတော့ ခရိယာန်သမိုင်း၊ အစ္စလာမ့်သမိုင်း၊ဟိန္ဒူသမိုင်း၊ နဲ့ ဗုဒ္ဓသာသနာ တွေရဲ့သမိုင်းတွေ ဘဲဖြစ်ပါတယ်။ ပြင်ရေးထားတဲ့ သမိုင်းလိမ်တွေကိုတော့သတိပြုဖို့လိုပါတယ်။

    ခေတ်တွေ၊စနစ်တွေပြောင်းသွားလို့ လူမျိုးတွေဟာ အချို့ပျောက်ကွယ်သွားပါတယ်။အချို့ ပြောင်းလဲသွားပါတယ်။ အချို့ အသစ်တွေပေါ်ပေါက် လာပါတယ်။ ဒါပေမယ့်သာသနာတွေကတော့ ခေတ်စနစ်တိုင်းရဲ့ လူသားတွေက ထိန်းသိမ်းလာခဲ့ကြလို့ ရှိနေတာဖြစ်ပါတယ်။ ဘာသာ၊သာသနာ ဆိုတာ သာမန်အားဖြင့်ဘုရားဟောတဲ့တရားတွေလို့ဆိုလိုပေမယ့်၊ ဘုရားလို့ဆိုတာနဲ့ ဘုရားအား လုံးမတူပါဘူး။ လူသားအပါအဝင် စင်္ကြာဝဋ္ဌာကြီးကိုဖန်ဆင်းတဲ့ (အချိန်နဲ့နေရာကနေ လွတ်ကင်း တဲ့) ထာဝရဘုရားသခင် (ဘုရားဆိုတဲ့ဝေါဟာရက မြန်မာစာပေစကားအသုံးအနှုန်းဖြစ်ပါတယ်)။ တနည်းအားဖြင့် အစ္စလာမ်ဘာသာဝင်တွေကိုးကွယ်ယုံကြည်တဲ့ တစ်ဆူတည်းအနှိုင်းမဲ့ ကိုးကွယ် ရာအလ္လာဟ်နဲ့ ခရိယာန်ဘာသာဝင်တွေ ကိုးကွယ်တဲ့ GOD ယေဟောဝါ၊ဟိန္ဒူဘာသာဝင်တွေကိုး
    ကွယ်တဲ့ဖန်ဆင်းရှင်ဗြဟ္မာဏ (ဘဂဝမ်) Bhagwarn ရယ်၊ ကရိသျှဏရယ်၊ လူသားဘုရားတွေရယ် ဆိုတာရှိပါတယ်။ လူသားဘုရားဆိုတာ ထာဝရဘုရားသွင်ရဲ့သစ္စာတရား၊ပရမတ္တတရားတွေကို ချီးမြှင့်ခံရတဲ့ ပုဂ္ဂိုလ်ထူးတွေနဲ့ တရားကျင့်ကြံရှာဖွေ၊ တွေ့ရှိပြီး ထိုးသွင်းသိရှိလာတဲ့ဥာဏ်တော်ရှင် တွေဖြစ်ပါတယ်။

    ထာဝရဘုရားရှင်ဆိုတာ အိုခြင်း၊နာခြင်း၊သေခြင်းနဲ့ကင်းပါတယ်။ ထာဝရဘုရားရှင်ရဲ့တရားတွေ၊ပညတ်ချက်တွေကို လူသားတွေကပြုပြင်လို့မရ၊ ပယ်ဖျက်လို့မရပါဘူး။အမြဲတည်ရှိနေပါတယ်။ ကျန်တဲ့လောကကြီးနဲ့သက်ရှိ၊သက်မဲ့ အားလုံးဟာမမြဲပါဘူး။မမြဲတဲ့ သဘောတရားဟာခေတ္တသာ တည်ရှိပါတယ်။ ကျွန်ုပ်တို့လူသားတွေဟာ ခေတ္တရောက်လာတဲ့ မမြဲသူတွေသာဖြစ်ပါတယ်။ ခေတ္တလာသူဟာ လောကရဲ့ဧည့်သည်သာဖြစ်ပါတယ်။အနိစ္စ၊ဒုက္ခ၊အနတ္တနဲ့မကင်းသူအားလုံးဧည်သည့်
    ပါဘဲ။ ဗုဒ္ဓက မမြဲတဲ့တရားကိုဟောခဲ့ပါတယ်။ ဗုဒ္ဓရဲ့မမြဲတဲ့တရားကို လက်ခံယုံကြည်သူတွေဟာ ဗုဒ္ဓဝါဒီတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ မမြဲတာကိုမြဲအောင် လုပ်နေတဲ့သူတွေဟာ ဗုဒ္ဓဟောကြားတဲ့တရားနဲ့ ဆန့်ကျင်လို့စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေမဟုတ်ပါ ဘူး။ လူသားအားလုံးမမြဲပါဘူး။ ဒါ့ကြောင့် လူသားအားလုံးဧည့်သည် ဘဲဖြစ်ပါတယ်။အရင်မွေးတာနဲ့နောက်မွေးတာဘဲကွာပါတယ်။ အရင်သေတာနဲ့နောက်သေတာဘဲကွာပါတယ်။ ဧည့်သည်က
    တော့ ဧည့်သည်ပါဘဲ။ ဘယ်လိုမှအမြဲတမ်းအိမ်ရှင်မဖြစ်နိုင်ပါဘူး။

    Time & Space လို့ခေါ်တဲ့ အချိန်နဲ့နေရာကန့်သတ်ချက် နိယာမအောက်မှာရှိတဲ့လူသား အားလုံးဟာ မိမိသက်တမ်းမှာရရှိထားတဲ့ အချိန်နဲ့ ရရှိထားတဲ့နေရာအရ ခေတ္တအိမ်ရှင်သာဖြစ်ပါ တယ်။ အမြဲတမ်းအိမ်ရှင်ပြောင်းနေမှာဖြစ်ပါတယ်။ အိမ်ရှင်တွေဟာ ဧည့်သည်ဘဝနဲ့ချုပ်ငြိမ်းကြ ရတာဖြစ်ပြီး၊ ဧည့်သည်တွေဟာလည်းခေတ္တအိမ်ရှင်ဖြစ်ပြီး ချုပ်ငြိမ်းကြရမှာဖြစ်ပါတယ်။ ဘယ်သူမှအမြဲတမ်း ဧည့်သည်မဟုတ်ပါဘူး။ မဝေးသေးတဲ့သမိုင်းကိုလှမ်းကြည့်ရင် ကိုလိုနီလက်အောက် မရောက်မီက မြန်မာနိုင်ငံသည် လည်း ကိုယ့်ထီး၊ကိုယ့်နန်း၊ကိုယ့်ကြဌာန်းနဲ့ အိမ်ရှင်ဖြစ်ခဲ့သလို၊အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာလည်းအင်ပါယာ အိမ်ရှင်ကြီး ဖြစ်ခဲ့ ပါတယ်။နှစ်နိုင်ငံလုံး၊ ကိုလိုနီ လက်အောက်ရောက်သွားတော့ အိမ်ရှင်ဘဝကနေ ဧည့်သည်ဘဝရောက်သွားကြတာ အားလုံးအသိဘဲဖြစ်ပါတယ်။ သင်္ခန်းစာယူတတ်မယ်ဆိုရင် မြန်မာအိမ်ရှင် သီပေါဘုရင်ဟာ အိန္ဒိယကိုဧည့်သည်ဘဝနဲ့ရောက်သွားပြီး နိဂုံးချုပ်ခဲ့ရသလို၊အိန္ဒိယက အိမ်ရှင်ဇဘားရ်ရှားဘုရင်ကြီးဟာလည်း မြန်မာ နိုင်ငံကိုဧည့်သည်ဘဝနဲ့ရောက်လာပြီး နိဂုံးချုပ်ခဲ့ရတာပါဘဲ။ တရားရဖို့ဘယ်လောက်ကောင်းလိုက်သလဲ။ သခါၤရသေဘာပါဘဲ။

    ကမ္ဘာ့သမိုင်းကို ကြည့်ရင်ရောမအင်ပါယာကြီး ပြိုကွဲခဲ့ပြီး အာဏာရှင် အိမ်ရှင်ဂျူလီယက်ဆီဇာ မရဏ ရဲ့ ဧည့်သည်အဖြစ် နိဂုံးချုပ်ခဲ့ရပါတယ်။ အော်တိုမင် အင်ပါယာကြီးလည်း ကျဆုံးခဲ့ရတာပါဘဲ။ မဂိုအင်ပါယာကြီးလည်း ကွယ်ပျောက်ခဲ့ရတာပါဘဲ။ ဖက်ဆစ် ဂျပန်အင်ပါယာကြီးလည်း အနုမြူဗုံးကို အရှုံးပေးခဲ့ရတာပါဘဲ။ နာဇီဟစ်တလာ အာဏာရှင်ကြီးလည်း အိမ်ရှင်ဘဝကနေ ဆုံးဆုံးမြုပ်ပျောက်ကွယ်သွားပြီး သမိုင်းကြောင်းမကောင်းခဲ့ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုကြီးလည်း အိမ်ရှင်ဘဝကနေပြိုကွဲသွားပြီး ဧည့်သည်လို့သတ်မှတ်ခံခဲ့ရတဲ့လူမျိုးတွေက သီးခြားနိုင်ငံ တွေအဖြစ် အိမ်ရှင်အသီးသီးတစ်လှည့်ပြန်ဖြစ်ခဲ့ရတာပါဘဲ။ အာရဗ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းဒေသကိုကြည့်ရင်လည်း အီရတ်က အာဏာရှင်ကြီး ဆက်ဒမ်ဟူစိန်လည်း အိမ်ရှင်ဘဝကနေ ဧည့်သည် ဘဝပြောင်းလို့ပြည်သူ့ တရားစီရင်ခံခဲ့ရပြီးဇီဝိန်ချုပ် ခဲ့ရတာပါဘဲ။လစ်ဗျားက ကဒါဖီကြီးလည်းအာဏာရှင်အိမ်ရှင်ဘဝကနေ ခိုးချောင်ခိုးဝှက်နဲ့ဧည့်စာရင်းတောင်မရဘဲ လမ်းဘေးမှာဇာတ်သိမ်းခဲ့ရတာပါဘဲ။အီဂျစ်က အာဏာရှင်ကြီးဟော့စနီမူဘာရက်လည်း အိမ်ရှင်ဘဝကနေအခုထောင်ထဲမှာ ဧည့်သည်ဘဝနဲ့ရောက်နေ ရရှာတာပါဘဲ။ တောင်အာဖရိကမှ နယ်လ်ဆင်မင်ဒဲလားကြီးကတော့ တိုင်းတပါးမှာ ဧည့်သည်ဘဝနဲ့နေရင်း လူဖြူ အစိုးရပြုတ်ကျပြီး အိမ်ရှင်ဖြစ်လာရာကနေ ဧည့်သည် အဖြစ်ထာဝရ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ အမြဲတမ်းဧည့်သည်အဖြစ်ရောက်ရှိလို့နေပါပြီ။

    အရှေ့တောင်အာရှ ဗီယက်နမ်နိုင်ငံက ဟိုချီမင်းကြီးလည်း ပြင်သစ်နိုင်ငံမှာ ဧည့်သည်ဘဝနဲ့သွား နေရာကအမိနိုင်ငံရဲ့ အိမ်ရှင်အဖြစ်ခေတ္တပြန်နေထိုင် ခွင့်ရပြီး တမလွန်ဘဝရဲ့ထာဝရ ဧည့်သည်အဖြစ်ရောက်ရှိနေပြီး ပြည်သူတွေရဲ့လေးစားမှုကို ခံယူရလျှက်ရှိနေပါပြီ။ ဖိလစ်ပိုင်နိုင်ငံရဲ့အာဏာရှင်ကြီး ဖာဒီနန်မားကို့စ်ဆိုရင်လည်း ထာဝရအိမ်ရှင်ဖြစ်မယ်လို့ ထင်ခဲ့တာအမှားကြီး မှားခဲ့ပြီးဧည့်သည်ဘဝကို ဈာန်လျောပြီး သေမင်းရဲ့ဧည့်သည်ဘဝရောက်သွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း“မျိုးချစ်” ပုဂ္ဂိုလ်ကြီးဂဠုံဦးစောဟာ အိမ်ရှင်ဖြစ်ချင်လို့လူဆိုးတွေနဲ့ မောင်တိုင်ပင်ပြီး အာဏာရ ယူဖို့ကြိုးစားရာကနေ ခြောက်ပေမြင့်တဲ့ထောက် နဲ့ခြောက်ပေ နိမ့်တဲ့ ချောက်ထဲရောက်သွားပါပြီ။ ယမမင်းရဲ့ဧည့်သည်ဖြစ်နေပါပြီ။ ဂဠုံဦးစောရဲ့မျိုးချစ်အမွေခံတွေ အမြင်မှန်ရသင့်ပါပြီ။

    ကဲ…မမြဲတဲ့တရားကိုခံယူထားပြီး၊မြဲတဲ့ဘဝဖြစ်ချင်လို့ မျိုးချစ်ပါဆိုပြီင်္းအော်နေတဲ့ အိမ်ရှင်တွေလည်းမကြာခင်ဧည့်သည် ဘဝနဲ့ နိဂုံးချုပ်ကြ ရဦးမှာဘဲ မဟုတ်လား။ဧည့်သည်ချင်းအတူတူဘာဖြစ်လို့အိမ်ရှင်လို့အော်နေကြဦးမှာလဲ။ ဘာဖြစ်လို့သူများကို ဧည့်သည်လို့လက်ညှိုးထိုးနေကြဦးမှာလဲ။ မမြဲတဲ့တရားကိုယုံကြည်လက်ခံထားကြသူများသတိနဲ့အသိလေးရှိကြစမ်းပါ။ အချိန်နဲ့နေရာ ရဲ့ကန့်သတ်ချက် ဘောင်အတွင်းမှာ သေမင်းရဲ့နှုတ်ခမ်းနင်းကြနေသူအချင်းချင်း အိမ်ရှင်တွေ၊ ဧည့်သည်တွေ လုပ်မနေကြပါနဲ့။ အားလုံးဧည့်သည်တွေပါဘဲ။အခုကစပြီး အားလုံးခေတ္တအိမ်ရှင် ဘဝနဲ့ကိုယ်နေတဲ့အိမ်ကြီးကို သာယာလှပတင့်တယ်ပြီး ကမ္ဘာ့အလယ်မှာ ဂုဏ်တင့်တယ်အောင် စည်းလုံးညီညွတ်စွာနဲ့ သစ္စာတရားကို လက်ကိုင်ထားမေတ္တာပွားများနိုင်ကြပါစေလို့။

    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

  • လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ

    လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ

    အောက်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသည်။

    3069019.large

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း(၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဃ) ၌လွှတ်တော် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် (၁) ပြည်သူ့လွှတ်တော်၊ (၂) အမျိုးသားလွှတ်တော် (၃) တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။ ပုဒ်မခွဲ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်တစ်ရပ်သို့ ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်ကိုသော် လည်းကောင်း….. ဟုဖော်ပြထားပါသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၂၅)၊ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) ရွေးကောက်တင်မြှောက်ခံနိုင်ခြင်း အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိကြောင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးဦးက လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ဥပဒေတို့အရ ကန့်ကွက်ခွင့်ရှိသူမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ ရွေးကောက်ခံမည့် မဲဆန္ဒနယ်မြေမှ ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကသာ လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။

    အဆိုပါပြဌာန်းချက် အရ ကန့်ကွက်သူသည် ၎င်းမဲဆန္ဒ နယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းသာ ဖြစ်ရမည့် အပြင် ကန့်ကွက်ရာတွင်လည်း လုံလောက်သော အထောက်အထား (Sufficient Documents) များဖြင့် တင်ပြ ကန့်ကွက် ရမည်ဖြစ်ကြောင်း ထင်ရှားပါသည်။ အခြားမည်သူတစ်ဦး တစ်ယောက်ကမျှ ခိုင်လုံသော အထောက်အထားမဲ့ ကန့်ကွက်ခွင့်ရှိကြောင်း ပြဌာန်းချက်လုံးဝ မပါရှိပါ။ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာကို ကန့်ကွက်သူမှာ (လ.ဝ.က) ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဖြစ်နေပါက ယင်းကန့်ကွက်ချက်မှာ ဥပဒေနှင့်အညီ ညီညွတ်ခြင်း မရှိကြောင်း မြင်သာပါသည်။ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကသာ စိစစ်ပြီး အမိန့် ချမှတ်နိုင်ပါသည်။

    ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း-၂၊ နိုင်ငံသားဖြစ်မှု ပုဒ်မ-၁၀ ၌ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် နိုင်ငံသား တစ်မျိုးတည်းသာ ရှိရမည်။သီခြားနိုင်ငံသားဟူ၍ မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံသား ဟူ၍သာရှိရမည် ဟုပြဌာန်းထားပါသည်။ ထို့ကြောင့် ထိုဥပဒေကို ပြဌာန်း အတည်ပြုချိန်က နိုင်ငံခြားသား မဟုတ်သော၊ နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်သော၊ နိုင်ငံသားအဖြစ် ရွေးချယ်ရန် မလိုအပ်သောသူအားလုံး နိုင်ငံသားဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) ခုနှစ်အရ ထင်ရှားပါသည်။ နိုင်ငံခြားသားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကိုလိုနီ အုပ်ချုပ်ရေးခေတ် ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ (The Foreigners Act) ကို ပြဌာန်းခဲ့ပါသည်။

    ရည်ရွယ်ချက်မှာ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် မရှိဘဲ ဖြတ်သန်းသွားလာခြင်း၊ ခရီးသွားခြင်းတို့ကို တားဆီးရန် အတွက် ဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ (၁) ၌ “နိုင်ငံခြားသား “ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သူကို ဆိုလိုသည်ဟု အတိအလင်းပြဌာန်း ထားပါသည်။ ယင်းဥပဒေပုဒ်မ ၆ တွင် ပုဒ်မ(၅) အရ ကြေငြာထားသည့် အရပ်ဒေသသို့ ရောက်ရှိ လာသော နိုင်ငံခြားသားများသည် ယင်းဥပဒေအရ ခန့်အပ်ထားသော အရာရှိထံ သတင်းပို့ရမည်ဖြစ်ပါသည်။ ယင်းဥပဒေအရ အဆိုပါ နိုင်ငံခြားသားကို လတ်မှတ်ထုတ်ပေးရပြီး၊ လတ်မှတ်မပါဘဲ သွားလာနေထိုင်သူ နိုင်ငံခြားသားများအား မည်သို့ အရေးယူနိုင်ကြောင်း ပြဌာန်းထားပါသည်။ ဖောက်ဖျက်သူနိုင်ငံခြားသားအား ပြည်နှင်နိုင်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံလူဦးရေကို ယနေ့လူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသားကို မည်သို့ထိန်းချုပ်ခဲ့ကြောင်း မြင်သာပါသည်။ ထို့ကြောင့် ထိုအချိန်က နိုင်ငံခြားသား လက်မှတ် မကိုင်ဆောင်သောသူများကို နိုင်ငံသားအဖြစ် မှတ်ယူနိုင်ကြောင်း မြင်သာပါသည်။

    ၁၉၄၀ပြည့်နှစ် မြန်မာနိုင်ငံအက်ဥပဒေအမှတ်-၇ဖြင့် (၂၃.၃.၁၉၄၀) ရက်တွင် နိုင်ငံခြားသားများ မှတ်ပုံတင်အက်ဥပဒေ (The Registration of Foreigners Act) ကို (၂၈.၃.၁၉၄၀) ရက်တွင် အာဏာ တည်စေခဲ့ပါသည်။ လွတ်လပ်ရေး မတိုင်ခင်ကာလဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ၂ (က) တွင် “နိုင်ငံခြားသား” ဟူသည် နိုင်ငံခြားသားများဥပဒေ (၁၈၆၄) တွင် အဓိပယ် ဖော်ပြထားသည့် “နိုင်ငံခြားသား” ကို ဆိုလိုကြောင်း အတိအလင်းပြဌာန်းထားပါသည်။ ယင်းဥပဒေအရ ထိုအချိန်က မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံခြားသားများ မှတ်ပုံတင်ပြီးဖြစ်ရာ နိုင်ငံခြားသား မှတ်ပုံတင်မကိုင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၀ အရ တစ်မျိုးတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ နိုင်ငံခြားသား မဟုတ်ကြောင်း သက်သေ ထင်ရှားပြနိုင်သူများသည် နိုင်ငံသားဖြစ်ပါသည်။

    ၁၉၄၀ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင် ဥပဒေအရ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေကို ပြဌာန်းခဲ့ပါသည်။ လွတ်လပ်ရေး ကာလဖြစ်ပါသည်။ ယင်း ဥပဒေသည် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ (၄.၁.၁၉၄၉) ရက်တွင် စတင်အာဏာတည်ခဲ့ပါသည်။ ယင်းနည်း ဥပဒေ အရ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်သော နိုင်ငံခြားသားများကို မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားသား မှတ်ပုံတင် မကိုင်ဆောင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ နိုင်ငံသားများသာဖြစ်ကြောင်း မြင်သာပါသည်။

    ထို့နောက် (၁၉၄၇) ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်) များ အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေ ပုဒ်မ-၂ (င) အရ “နိုင်ငံခြားသား” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသား မဟုတ်သဖြင့် ထိုအချိန်က ရ နိုင်ငံခြားသားမဟုတ်သူများသည် “နိုင်ငံသား” ဖြစ်ကြောင်း မြင်သာပါသည်။ ယင်းဥပဒေပုဒ်မ-၂ (ဆ) အရ နိုင်ငံခြားသားများအား “ပြည်တွင်း ဝင်ရောက်နေထိုင်ခွင့် လက်မှတ်”  ထုတ်ပေးသဖြင့် ယင်းလတ်မှတ် ကိုင်ဆောင်သူ မဟုတ်သူများသည် နိုင်ငံသားများပင် ဖြစ်ပါသည်။ ထိုအချိန်အထိ နိုင်ငံသားများသည် မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ရခြင်း မရှိသေးသည်ကို သတိပြုသင့်ပါသည်။

    ဤကဲ့သို့ မြန်မာနိုင်ငံတွင် “နိုင်ငံသား” နှင့် “နိုင်ငံခြားသား” ကွဲပြားစေရန် ၁၈၆၄- ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေမှသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေပြဌာန်းပြီး စတင် အာဏာတည်သည့် (၄-၁-၁၉၄၉) ရက်ထိ နိုင်ငံခြားသား မဟုတ်သည့် နိုင်ငံသားများသည် မည်သည့်နိုင်ငံသား လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) အရ နိုင်ငံသားအဖြစ် တရားဝင်ရပ်တည်နေသူများ ဖြစ်ပါသည်။

    ၎င်းနောက် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၂ တွင် အဆိုပါ မှတ်ပုံတင် စာရင်းကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်စာရင်းဟုခေါ်တွင် ရမည်ဖြစ်ကြောင်း ပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးမှာ နိုင်ငံသားနှင့် နိုင်ငံခြားသားများရှိရာ နိုင်ငံခြားသားမဟုတ်သူများအား မည်သူဖြစ်ကြောင်း သက်သေခံကဒ်ပြားထုတ်ပေးရန် ပြဌာန်းထားပါသည်။ ပုဒ်မ-၇ အရ သက်သေခံကဒ်ပြားတွင် အမည် ကျား/မ၊ အသက်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာတိုင်းပြည်၊ နိုင်ငံသားစသည့် အကြောင်းအရာ ဖော်ပြချက်များကို ရေးသွင်းရပါသည်။ အမျိုးသား မှတ်ပုံတင်ဖြစ်ပါသည်။ ၎င်းမှတ်ပုံတင်အရ နိုင်ငံခြားသား မဟုတ်ကြောင်း ထင်ရှားနေရာ ထိုသူများသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း ထင်ရှားသည်။

    ၁၉၁၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေဒပုဒ်မ-၂ (ဃ) အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကဒ်ပြား (အမျိုးသားမှတ်ပုံတင်) ထုတ်ပေးပါသည်။ ပုဒ်မ ၈ (၁) အရ မှတ်ပုံတင်စာရင်းပုံစံ-၁ ပြုလုပ်ပါသည်။ ပုဒ်မ- ၁၂ (၁)အရ အသက် (၁၂) နှစ်ပြည့်ပြီးသူအားသက်သေခံကဒ်ပြား ထုတ်ပေးပါသည်။ အဆိုပါ သက်သေခံကဒ်ပြားသည် နိုင်ငံခြားသားကို ထုတ်ပေးခြင်းမရှိပါ။ ပုဒ်မ-၃၃ ၌ အထက်ပါနည်းဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံခြားသားများသည် နည်းဥပဒေ ၂၉၊၃၁ မှတစ်ပါး အခြားဥပဒေများနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေရမည်ဟု ဖော်ပြထားပါသည်။

    ယင်းဥပဒေပုဒ်မ ၃၃ (က)(ခ) တို့အရ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသား မှတ်ပုံတင်နည်း ဥပဒေများအရ မှတ်ပုံတင် ထားသည့် နိုင်ငံခြားသားများသည် ဤနည်းဥပေ ဒအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားဖြစ်သည်ဟု ဆိုလိုခြင်းကြောင့် နိုင်ငံခြားသား မှတ်ပုံတင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။

    နိုင်ငံခြားသားများမှတ်ပုံတင်သည့် နည်းဥပဒေများ အရ ထုတ်ပေးသည့် သက်သေခံလတ်မှတ်သည် ဤနည်းဥပဒေအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြား ဖြစ်သည်ဟုဆိုလိုခြင်းကြောင့် နိုင်ငံခြားသားမှတ်ပုံ တင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင်သက်သေခံ ကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။

    ၎င်းနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စုသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ ၁၉၄၈ ခုနှစ် အက်ဥပဒေ အမှတ် – ၂၆ ကို (၃.၈.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေ မတိုင်မီအချိန်ထိ ၁၉၄၉ ခုနှစ်အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေတို့အရ အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြားကို မည်သူ့ကိုမျှ ထုတ်ပေးခြင်း မရှိသေး၍ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်သူများမှအပ ကျန်နိုင်ငံသားများ မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ခွင့်မရှိသေးကြောင်း တွေ့မြင်နိုင်ပါသည်။ အမျိုးသားမှတ်ပုံတင် (၃-ခေါက်ချိုး) ကို ၁၉၅၆ ခုနှစ်ခန့်ကမှ ထုတ်ပေးသည်ဟု သိရပါသည်။ မှတ်ပုံတင်မရမီသေဆုံးသူများ၏ အထောက်အထားကို တင်ပြနိုင်မည် မဟုတ်သကဲ့သို့ သေဆုံးသည့်အခါ သက်ဆိုင်ရာသို့ အပ်လိုက်ရသူများ၏ အထောက်အထားကိုလည်း တင်ပြနိုင်မည် မဟုတ်ကြောင်း မြင်သာပါသည်။

    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန် ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား ခံယူလိုသော နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထား ခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသား လက်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေ ပုဒ်မခွဲ (က) (ခ)(ဂ)(ဃ) (င) နှင့်ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇- ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။

    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန်ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသားခံယူလိုသော နိုင်ငံသားမဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထားခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသားလတ်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေပုဒ်မခွဲ (က)(ခ)(ဂ)(ဃ)(င)နှင့် ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။

    ထိုသို့လျှောက်ထားခွင့်ရှိသူများသည် နိုင်ငံခြားသားများသာဖြစ်ကြောင်း ၁၉၄၈-ခုနှစ် နိုင်ငံသားရွေးချယ်ရေးဥပဒေပုဒ်မ-၈၊ ပုဒ်မခွဲ(၃) အရထင်ရှားပါသည်။ ပုဒ်မခွဲ(၃) တွင်လျှောက်ထားသူသည် နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်း မြန်မာနိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေမည်ဖြစ်ကြောင်း ကျမ်းကျိန် သစ္စာပြုရမည်ဖြစ်ကြောင်း ဖော်ပြထားချက်အရ သိသာထင်ရှားပါသည်။

    ထို့နောက် ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၁၉၄၈-ခုနှစ် အက်ဥပဒေ အမှတ်- ၆၆) ကို (၄.၄.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေပုဒ်မ-၃(၁) အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၁၁ (က) အလို့ဌာ တိုင်းရင်းသား တစ်မျိုးမျိုးဆိုသည်မှာ ၁၉၄၈ခုနှစ် မြန်မနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃ (၁) တွင် ဖော်ပြထားသော လူမျိုးအမည်များ အပြင် ၁၈၂၃-ခုနှစ်မတိုင်မီ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သောနယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများသည်လည်း “မြန်မာနိုင်ငံ တိုင်းရင်းသား” ဖြစ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။ ပြည်ထောင်စုနယ်မြေဆိုသည်မှာလည်း ယခုတည်ရှိသော နယ်မြေမဟုတ်ဘဲ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နယ်မြေများကို ရည်ညွှန်းကြောင်းလည်း ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) အရမြင်သာပါသည်။ ထိုနယ်မြေဆိုသည်မှာ ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏပျံ့နှံ့ရာနယ်မြေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတော်လွတ်လပ်ရေးအက်ဥပဒေပူဒ်မ-၂(၂) တွင်ဖော်ပြထားသော နယ်မြေများကို ဆိုလိုပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂ (က) အရ “ယခင်ကဘုရင်ခံမှ တဆင့်ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်ခဲ့သော နယ်မြေအားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သည်” ဟုဆိုထ်ားပါသည်။

    ထို့ကြောင့် ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၁) အရ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နိုင်ငံသားများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားများ အဖြစ် တည်ရှိနေသည်ဟု ပြဌာန်းချက် အရလည်း နိုင်ငံသားဖြစ်မှုမှာ အလွန်ရှင်းလင်းပါသည်။ ယင်းဥပဒေများအရ တိုင်းရင်းသားဖြစ်ခွင့်ပင်ရှိသူများကို နိုင်ငံသားခွဲခြားရန် မသင့်ကြောင်း မြင်သာပါသည်။ ၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) ပါနယ်မြေတွင် မွေးဖွားခဲ့သူများသည် ပုဒ်မ-၁၁(ခ) အရ မြန်မာနိုင်ငံတွင်ပါဝင်လတ္တံသော အာဏာ ပိုင်နက်တွင်မွေးဖွားသူများပင် ဖြစ်ပါသည်။ ထိုသူများသည် ပုဒ်မ-၁၁(ဂ) ပါ အာဏာပိုင်နက်တွင် မွေးဖွားသူအဖြစ်လည်း အကျူံးဝင်ပါသည်။ ပုဒ်မ-၁၁(ဃ) အရ အဆိုပါ အာဏာပြန့်ရာနယ်မြေတွင် မွေးဖွားခဲ့ပြီး ယင်းအခြေခံဥပဒေ အာဏာတည်သည့်နေ့ရက် မတိုင်မီ သို့မဟုတ် ၁-၁-၁၉၄၂ ရက်မတိုင်မီ (၁၀) နှစ်အတွင်း အနည်းဆုံး ၈-နှစ် ထို အာဏာပိုင်နက်အတွင်း နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ထာဝရနေထိုင်ရန်ကြံရွယ်၍ နိုင်ငံသား အဖြစ်ရွေးချယ်သူတိုင်းသည်လည်း နိုင်ငံသားဖြစ်ပါသည်။

    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၂)အရ၊ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက်နေထိုင်ခဲ့သည့် အပြင် မိမိ၏မိဘနှစ်ပါးနှင့် တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဟု မှတ်ယူရမည်ဟု ပြဌာန်းချက်အရ ပြည်ထောင်စု နယ်မြေ တစ်ခုခုတွင် အဘိုး၊အဘွားတို့သည် ပင်ရင်းတိုင်ပြည်အဖြစ် မျိုးဆက်မပြတ်ထာဝစဉ် အခြေစိုက်နေထိုင်လာ ခဲ့သည့် အပြင် မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့လျှင် နိုင်ငံသားပင် စီစစ်ရန် အကြောင်းမရှိတော့ဘဲ ယင်းဥပဒေပြဌာန်းချက် အရ မြန်မာနိုင်ငံသားဖြစ်ပြီးသူများသည် ယခုလည်း နိုင်ငံသားပင်ဖြစ်ကြောင်း ထင်ရှားနေပါသည်။

    ထို့ပြင်၁၉၄၈ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က)(ခ)(ဂ) တို့အရ မွေးဖွားသူများသည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက နိုင်ငံသားဖြစ်ပြီး သူများသည် နိုင်ငံသားများဖြစ်ပါသည်။ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က) အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာတည်ပြီးမှ မြန်မာနိုင်ငံသား မိဘ တစ်ပါးပါးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မွေးဖွားသူသည်လည်း နိုင်ငံသားဖြစ်ပါသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၄၆၌ နိုင်ငံသားဖြစ်ပြီးသူများ အားလုံး နိုင်ငံသားပင်ဖြစ်ကြောင်း ပြဌာန်းချက် အရ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက အထက်ဖော်ပြပါ ဥပဒေများ အရ နိုင်ငံသားဖြစ်ပြီးသူများအား နိုင်ငံသားစီစစ်ရန်ပင် မလိုတော့ဘဲ နိုင်ငံသားဖြစ်သည်ဟု မှတ်ယူရပါမည်။ ထို့ကြောင့် ထိုသူများနှင့်မိဘနှစ်ပါးအား ၁၉၈၂-ခုနှစ်တွင် နိုင်ငံသား ဥပဒေဖြင့် စီစစ်ရန် မလိုကြောင်း မြင်သာပါသည်။

    လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀ (င) အရ၊ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘ တစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသားသည် ရွေးကောက်ပွဲတွင် တင်မြှောက်ခံ ပိုင်ခွင့်မရှိစေရဟူသည့် ပြဌာန်းချက်သည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်။ အတိအလင်းနိုင်ငံခြားသားဖြစ်သော မိဘများနှင့်သာ သက်ဆိုင်စေသင့်ပါသည်။ ပုဒ်မ-၈ (က)(ခ)(ဂ) ပါ အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဆိုသည့် ပြဌာန်းချက် အရ (၂၀၀၈-ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ယင်းဥပဒေအရ ၁၉၈၉၊ ၁၉၉၀ ခုနှစ်ခန့်က နိုင်ငံသားစီစစ်ခြင်းမပြုမီ ကွယ်လွန်ခဲ့ကြသော အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြား ကိုင်ဆောင်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစွာ ရှိပါသည်။ အမျိုးသားမှတ်ပုံတင် မပေါ်သေးခင်က ကွယ်လွန်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာလည်း ရှိပါသည်။ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ခံ ပိုင်ခွင့်ပြုသည်ဆိုလျှင် အလားတူအခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။

    သာဓကအားဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကာလ (၂၀၁၅) ခုနှစ်တွင် အသက်(၇၀) ခန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအား ၎င်း၏မိဘနှစ်ပါးက ၎င်းအား (၁၉၄၅)  ခုနှစ်ခန့်က မွေးဖွားရမည်ဖြစ်ပါသည်။ ၎င်းကိုမွေးဖွားပြီးနောက် အမျိုးသားမှတ်ပုံတင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်းမတိုင်မီ ၎င်းမိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့လျှင် မည်သည့် အထောက်အထားမျှ ရှိမည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် အဆိုပါကိုယ်စားလှယ်လောင်း၏ မိဘနှစ်ပါး၏ မိဘများဖြစ်ကြသော ဘိုးဘွားများမှာ ပို၍ပင် အထောက်အထားရှိရန် အကြောင်းရှိမည် မဟုတ်ပါ။

    ထို့ကြောင့်၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ လည်းကောင်း၊ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေအရ လည်းကောင်း၊ နိုင်ငံသားဖြစ်ပြီးသော မိဘနှစ်ပါးက မွေးဖွားသူသည် နိုင်ငံသားဖြစ်ကြောင်း မှတ်ယူနိုင်သည်ဖြစ်ရာ၊ ၎င်းအားမွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြောင်း ထင်ရှားနေပါ သဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပြီး ၊ပုဒ်မ-၈ (ခ) နှင့် ညီညွတ်ပါသည်။ ပုဒ်မ-၁၀ (ခ) နှင့် ငြိစွန်းခြင်းမရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ပါသည်။

    သို့ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကို မွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသားဖြစ်ရမည်ဆိုသည့် ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်သည် ယခင်တည်ရှိခဲ့ပြီးသော ဥပဒေများနှင့် ဝိရောဓိမဖြစ်စေရန်နှင့် ယင်းဥပဒေများအရ ရရှိပြီးဖြစ်သော နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေသင့်ကြောင်း တင်ပြအပ်ပါသည်။