News @ M-Media

Tag: urazak

  • “သူတို့ နှစ်ဦး” (အာဇာနည်နေ့ ဂုဏ်ပြုဆောင်းပါး)

    “သူတို့ နှစ်ဦး” (အာဇာနည်နေ့ ဂုဏ်ပြုဆောင်းပါး)

    ဇူလိုင် ၁၉ ၊ ၂၀၁၆
    M-Media
    သဲတပွင့် ရေးသည်။
    .U Razak with General Aung San တကယ်တမ်းတော့ သူတို့ နှစ်ဦးက
    .
    အသက်အရွယ်အရ တူဝရီးအရွယ် … အတော်ကွာသည်။
    .
    မွေးရာဇာတိအရ တစ်နေရာစီ။
    .
    နေထိုင်ခဲ့ကြရာ နေရာဌါနအားဖြင့်လည်း သပ်သပ်စီသာ။
    .
    အလုပ်အကိုင်အရ မဆက်စပ်။
    .
    လူနေမှုစရိုက် ပုံသဏ္ဍာန်အရလည်း မတူညီကြ။
    .
    တစ်နည်း ပြောရလျင် လာရာ မတူကြသူများ။
    .
    ဒါပေမယ့် လားရာတော့ တူခဲ့ကြသည်။
    .
    တိုင်းပြည်အရေး တတ်အားသရွေ့ နေ့ညမပြတ် ဆောင်ရွက်လိုစိတ် … လက်တွေ့ဆောင်ရွက်မှုတို့မှာ ဘုံ တူညီခဲ့ကြသည်။
    .
    ကံကြမ္မာ စေစားချက်အရ တမလွန်ခရီးအတွက်ထိတောင် နေရာတူ နေ့ရက်တူ အတူ လျှောက်ခဲ့ကြသည်အထိ။
    .
    သူတို့ နှစ်ဦးကား ကျွန်တော် အားကျအတုယူရသည့် မြန်မာ့ အာဇာနည် ခေါင်းဆောင်နှစ်ဦး … ဗိုလ်ချုပ်အောင်ဆန်း နှင့် ဆရာကြီး ဦးရာဇတ်တို့ပင်။
    ယခု ဤစာစုတွင် သူတို့နှစ်ဦး ဆက်နွယ်ဖူးသည်ကို မှတ်မိသမျှ မှတ်တမ်းတင်ကြည့်ပါမည်။
    .…
    သူတို့ နှစ်ဦးစလုံး အတူပါဝင်သည့်ဓာတ်ပုံဟူ၍လည်း ရှားရှားပါးပါး။ တစ်ပုံက ၁၂.၆.၁၉၄၇ရက်နေ့က တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တရ အစည်းအဝေးကျင်းပရာ လွှတ်တော်ရင်ပြင်အရှေ့တွင် ရိုက်ထားသည့်ပုံ။ ဒုတိတန်း – ယာဘက်ဒုတိယမြောက် ဆရာကြီးဦးရာဇတ်၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် သခင်နု တို့အား တစ်တန်းတည်း အတူထိုင်လျက် အမှတ်တရ တွေ့ရသည်။ နောက်တစ်ပုံကတော့ လွှတ်တော်တွင်းပုံ။ အညွှန်းစာစားများအရသာ အာဇာနည်ခေါင်းဆောင်ကြီးများ ပါကြောင်း သိရပြီး မည်သူမည်ဝါ သည်းသည်းကွဲကွဲ မမြင်ရသည့်ပုံ။ ထို့ကြောင့် အတူ သိသာထင်ရှားစွာ မှတ်တမ်းဝင်သည့်ပုံ တစ်ပုံသာ ရှိသည် ဆိုရမည်။

    ဗိုလ်ချုပ်က ၁၉၁၅ ဖေဖော်ဝါရီ၁၃တွင် မွေးဖွားသူ … ဆရာကြီးက ၁၈၉၈-ခု ဇန်န၀ါရီလ ၂၀တွင် မွေးဖွားသူဖြစ်ရာ ၁၇ နှစ် စွန်းစွန်း ကွာသည်။ ဗိုလ်ချုပ်က ဆရာကြီး၏ တူသားအရွယ်။
    ဆရာကြီးက ၁၉၂၀ ကျောင်းသားသပိတ် တိုက်ပွဲဝင်ကျောင်းသားခါင်းဆောင် … ကျောင်းအထုတ်ခံရသောကြောင့် အမျိုးသားကောလိပ်တွင် ပညာဆက်သင်ကာ BA ဘွဲ့ ပထမဆုံးရသည့်ကျောင်းသားတစ်ဦး။ နောင် အမျိုးသားကျောင်းဆရာ … ကျောင်းအုပ်ဆရာကြီးအဖြစ် တိုင်းပြည်အရေးတစ်တပ်တစ်အား ဆောင်ရွက်သူ။ သူများကျောင်းက ICS တစ်ယောက်ထါက်င် ငါ့ကျောင်းက အင်္ဂလိပ်အစိုးရကိုတော်လှန်မယ့် သူပုန် ၁၀ယောက် ထွက်ရမယ် ကြွေးကြော်သူ။ ဗိုလ်ချုပ်က ဒုတိယကျောင်းသားသပိတ်ကာလ ခေါင်းဆောင် … သူတို့နှစ်ဦး ခေတ်တစ်ခေတ် ကွာသည်။
    .
    ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့ အထက်မြန်မာပြည် စည်းရုံးရေးလာတော့ အထက်မြန်မာပြည်က ကျောင်းသားထုနှင့် တွေ့ဆုံဆွေးနွေးရာနေရာက ကျောင်းအုပ်ဆရာကြီး ဦးရာဇတ် ဦးစီးသော အမျိုးသားကျောင်း။ သူ့ကျောင်းက ကျောင်းသားခေါင်းဆောင်များ … သူကိုယတိုင်ဦးစီးသော ရဲညွန့်တပ်မှ တပ်သား ကျောင်းသားများ တက္ကသိုလ်ကျောင်းသားများ မြို့မိမြို့ဖများ အားလုံး တက်ကြသည့် ဟောပြောပွဲ။ သခင်ပေါက်စ ထောင်ခြောက်လ ဆိုသည့်စကား ပေါ်ရသည်အထိ သခင်လူငယ် ကျောင်းသားခေါင်းဆောင် များကို မျက်စိစပါးမွေး စူးနေချိန်တွင် ထိုကျောင်းသားခေါင်းဆောင် ဟောပြောစရာ တာဝန်ယူသည်က ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်။ သခင်အောင်ဆန်းတို့ကျောင်းသားခေါင်းဆောင်များ ထိုကျောင်းမှာပင် တည်းခိုကြသည်။
    .
    ဗိုလ်ချုပ်က တစ်ချိန်မှာ အမှတ်တရ ပြန်ပြောဖူးတာက ထိုစဉ်တုန်းက ဆရာကြီး ရှေ့မှာ ကျောင်းသားထုကို အင်္ဂလိပ်လို မိန့်ခွန်းပြောရတာ … အဲဒီမိန့်ခွန်းကို အင်္ဂလိပ်ဘာသာစကား အထူးကျွမ်းကျင်သူ ဆရာကြီးက ရှေ့ဆုံးကထိုင်နားထောင်ကာ အထူးအားရလှတဲ့အရိပ်အယောင် တွေ့ရလို့ သူ အင်မတန် အားတက်ခဲ့ရသည် ဆိုသောအချက်။ ဆရာကြီးဆီက သူ့အတွက် အင်္ဂလိပ်ဘာသာစကားတိုးတက်စရာ ရှောင်ရန်ဆောင်ရန်များ ကြားသိခဲ့ရသည့်အတွက် … သူ့မိန့်ခွန်းအတွက် မှတ်ချက်ရခဲ့သည့်အတွက် ဝမ်းသာလှပါသည် ဆိုသည့်မှတ်ချက်က သူတို့နှစ်ဦးကြား ဆက်နွယ်မှုတစ်ရပ်ပါ။

    နောက်တော့ သခင်အောင်ဆန်း ဂျပန်တွင် စစ်ပညာသွားသင်ကာ ဂျပန်နှင့်အတူ ပြန်ဝင်လာသည့် ဂျပန်ခေတ်တွင် ဆရာကြီးက ဂျပန်တို့၏ ရွှေဘိုထောင်တွင် အဖမ်းခံရသည်။ ထောင်က လွတ်လျင်လွတ်ချင်း ဖတပလတွင် တာဝန်ယူသည်။ ထိုစဉ်က အနေအထားက ထူးခြားလှသည် ဆိုရပေမည်။ ကြမ်းတမ်းရက်စက်လှသော ဂျပန်ခေတ်တွင် ဖတပလ မန္တလေးခရိုင်အတွက် တာဝန်ယူရဲသူ မရှိကြ။ ဆရာကြီးထံချဉ်းကပ်ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးဖို့ တောင်းဆိုကြတော့ ဆရာကြီးက လက်ခံသည်။ အစြ်းအဝေးက မကြာမီစတော့မည်ဖြစ်ရာ ချက်ချင်းလိုက်ခဲ့ဖို့ ခေါ်ကြသည့်အတွက် ပုဆိုးဟောင်းတောင် လဲချိန်မရဘဲ ချက်ချင်းလိုက်သွားကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်းမဟုတ်တော့သည့် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ထပ်မံ ဆုံတွေ့ကြခြင်း။

    ထို့နောက်တွင်တော့ ဂျပန်ကို ပြန် တော်လှန်ကာ ဖဆပလ အစိုးရ ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မန္တလေးလာကာ ဖတပလ မှ ဖဆပလ ပြောင်းလဲဖွဲ့စည်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးတော့ အများက ဖတပလဥက္ကဋ္ဌ ဆရာကြီးဦးရာဇတ်ကိုပဲ ဥက္ကဋ္ဌအဖြစ် အဆိုပြုသည်။ ယခုတစ်ကြိမ်တွင်တော့ ယခင် ဖတပလ ဖွဲ့စဉ်ကလို မဟုတ်တော့ … ကန့်ကွက်မည့်သူ ပေါ်သည်။
    ဗမာမင်းနောက်ဆုံးစိုးစံရာ မင်းနေပြည်တော် မန္တလေးမြို့မှာ ဗမာစစ်စစ် မဟုတ်သူတစ်ဦး ခေါင်းဆောင် မဖြစ်သင့်ပါ ဟူသော အကြောင်းပြချက်။

    ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အံ့အားသင့်စရာ မှတ်ချက် … ဗိုလ်ချုပ်က သူကိုယ်တိုင် ဖြေရှင်းသည်ထက် ပိုမိုသင့်တော်မည်ဖြစ်သည့် အစည်းအဝေးတက်ရောက်လာသော ရဟန်းပျိုများသမဂ္ဂမှ ဆရာတော်တို့ထံ သဘောထား ခံယူသည်။ ထိုအခါ ဆရာတော်တို့ လျှောက်ပုံက “ဘယ်သူမှ တာဝန်မယူရဲတဲ့ ကာလ ဖတပလ ဖွဲ့စဉ်က ပုဆိုးဟောင်းတောင် မလဲဘဲ မဆိုင်းမတွ တာဝန်ယူပေးစဉ် ကန့်ကွက်သူမရှိ … ခုလို ခေတ်ကောင်းမှ ကန့်ကွက်ခြင်းကို လက်မခံ … ကုလားကြီး ရာဇတ်သာ ဥက္ကဋ္ဌ ဆက်ဖြစ်ထိုက်သည်” ဆိုသဖြင့် ဗိုလ်ချုပ်က ဆရာကြီးအား ဥက္ကဋ္ဌအဖြစ် ဆက်လက် အတည်ပြုသည်။
    .
    ဒါက ဗိုလ်ချုပ်နှင့် ဆရာကြီးအကြားက နောက်ထပ် ဆက်နွယ်မှုတစ်ရပ်။

    နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ တပ်ပေါင်းစုတွင် ဆရာကြီး ဦးရာဇတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ဗမာမွတ်စလင်ကွန်ဂရက် (ဗမက) ကလည်း တစ်တပ်တစ်အား ပါဝင်ခဲ့ပြီး ဖဆလ၏ ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံတွင် တိုင်းရင်းသားရေးရာ အဆိုများ တင်သွင်းခဲ့ပါသည်။
    .
    ထို့နောက် ၁၉၄၇ ခုနှစ် မတ်လတွင်မန္တလေးမြို့မှ ကျော်ကြားထင်ရှားပြီး မျိုးချစ်စိတ်ဓာတ်ရင့်သန်သည့် ကျောင်းထိုင်ဆရာတော်ကြီးများ ဦးဆောင်ကာ လက်မှတ်ရေးထိုးကြပြီး ဖဆပလအစိုးရအဖွဲ့တွင် ဆရာကြီးဦးရာဇတ်အား ၀န်ကြီးတစ်နေရာခန့်အပ်ပေးရန် ဗိုလ်ချုပ်အောင်ဆန်းထံသို့ တောင်းဆိုခဲ့ရာ ယင်းစာကို လက်ခံရရှိပြီးသည့်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပသည့် ဖဆပလ အစည်းအဝေးမှာပင် ဆရာကြီးအား ပညာရေးဝန်ကြီးအဖြစ် ချက်ချင်း မဆိုင်းမတွ ခန့်အပ်ခဲ့သည်။
    ဤနေရာတွင် ဗိုလ်ချုပ် တာဝန်ပေးသော စနစ် ဗိုလ်ချုပ်၏ ခေါင်းဆောင် ရွေးချယ်ပုံမှာ အားကျ အတုယူဖွယ်တစ်ရပ်ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ် ထားသော စံ အား ကောက်နုတ် ဖော်ပြပါရစေ။
    .
    “ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။ ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။”
    ( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )
    ဖဆပလ၀န်ကြီးအဖြစ် ဗိုလ်ချုပ်တို့နှင့်အတူ အနီးကပ်လက်တွဲလုပ်ဆောင်စဉ်အတွင်း ဗိုလ်ချုပ်သည် ဆရာကြီး၏ ခံယူချက်သဘောထား၊ မျိုးချစ်စိတ်နှင့် စွမ်းရည်တို့ကို လက်တွေ့ပိုမိုသိမြင်လာခဲ့ရာ မကြာမီပင် “အမျိုးသားစီမံကိန်း ” ၀န်ကြီးအဖြစ်ပါ ပူးတွဲခန့်ထား ယုံကြည်စွာတာဝန်ပေးခဲ့ပါသည်။
    .
    “အမျိုးသားစီမံကိန်းဆိုတာ အင်မတန်ကျယ်ဝန်းတယ်။ အရေးလည်းကြီးတယ်။ တိုင်းပြည်တစ်ခုလုံးရဲ့ တိုးတက်ရေးကို ရှေးရှုပြီး ကြီးပွားရေး၊ စီမံရေး၊ လူမှုရေး အကုန်လုံး ခြုံပြီး အုတ်မြစ်ချတဲ့ ဌာနကြီးတစ်ခု ဖြစ်တယ်။ ဒီဌာနမှ ကိုင်ရတာ ဆရာကြီးအဖို့ တာဝန်လည်းကြီး အပင်ပန်းလည်းအခံရဆုံးပဲ။ သူမပြောနဲ့ဗျာ ဒီဌာနကြောင့် ကျွန်တော်တောင် ထမင်းလွတ်၊ ဟင်းလွတ် ရုံးတက်ရတဲ့အခါလည်းရှိ၊ ည(၉)နာရီ (၁၀)နာရီမှ ရုံးဆင်းရတဲ့ အခါတွေလည်းရှိပုံတွေ စာရေးရင် မျက်လုံးထဲပေါ်နေတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဆရာကြီးအပေါ် ဘယ်လောက်အထင်ကြီးခဲ့တယ်၊ ဘယ်လောက်ယုံကြည်ကိုးစားခဲ့တယ်ဆိုတာ ဒီအမျိုးသားစီမံကိန်းဌာနကို လွှဲအပ် အကိုင်ခိုင်းတာသာ ကြည့်ပေတော့။ ဒါကြောင့် ဆရာကြီး ဦးရာဇတ် သည် ပညာရေးဝန်ကြီးဖြစ်တဲ့အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဖြစ်ကြောင်းကို ကြေညာမောင်းခတ်ပေးပါဗျာ ”
    .
    (ဆရာကြီး ဦးရာဇတ် ၏ အတွင်းရေးအတွင်းဝန် အမျိုးသားကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးချစ်ဆွေ ၏ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် ဆောင်းပါး၊ ဗဟိုစည်သတင်းစာ ၊ ၁၉ ဇူလိုင်၊ ၁၉၆၄ မှ)။
    .
    ၁၉၄၇ ဇူလိုင် ၁၉ … သူတို့နှစ်ဦး အတူရှိချိန်၏ နိဂုံးကား ဝမ်းနည်းစရာ ကောင်းလှသည်။ ဗိုလ်ချုပ်က သွေးအိုင်ထဲ လဲနေပြီ … ဆရာဘကီးက အသက် ယဲ့ယဲ့မျှ ရှိသေးသည်။ ထိုအချိန်တွင် ဆရာကြီး နောက်ဆုံး ပြောခဲ့သည်က ““ကျွန်တော်က အရေးမကြီးပါ။ ဗိုလ်ချုပ်နှင့် သခင်မြတို့က ပိုဆိုးပုံရတယ်။ သူတို့ကိုသာ ဂရုစိုက်ကြပါ။”ဟူ၍ပင်။ သေနတ်ဒဏ်ရာများဖြင့် ဝေဒနာခံစားနေရစဉ်တွင်ပင် ဗိုလ်ချုပ်အပေါ် သံယောဇဉ်ကြီးသော အနစ်နာခံသော ဆရာကြီး၏ နောက်ဆုံးစကား။
    .
    လာရာမတူသော်လည်း လားရာတူသူ … တိုင်းပြည်ကို ချစ်မြတ်နိုးကာ တိုင်းပြည်အကျိုး အသက်နဲ့ရင်း သယ်ပိုးခဲ့ကြသူ အာဇာနည်တို့သွေး မြေကျခဲ့သည်မှာ ၆၉ နှစ်တိုင်ခဲ့ပေပြီ။
    .
    .အာဇာနည်တို့ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်သော်လည်း အာဇာနည်တို့၏စိတ်ဓာတ်ကား အဓွန့်ရှည်နေဆဲပါပင်။
    .
    အနာဂတ်၏ အောင်ဆန်းလောင်းများ ရာဇတ်လောင်းများ ဒီ့ထက်ဒီ ပိုထွန်းနိုင်စေရေး ကျွန်တော်တို့အားလုံးတွင် တာဝန် ရှိပါသည်။
    .

  • အာဇာနည် ဦးရာဇတ်ရုပ်တု မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမရှေ့၌ ထားရှိသွားမည်

    အာဇာနည် ဦးရာဇတ်ရုပ်တု မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမရှေ့၌ ထားရှိသွားမည်

    Razak Hall
    မန္တလေး ဇူလိုင် ၁၇
    .
    ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ ရုပ်တုကို မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ ရာဇတ်ခန်းမ ဆောင်ရှေ့၌ စိုက်ထူထားရှိနိုင်ရေး အစည်းအဝေး ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်၊ အတွင်းရေးမှူး နိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း) ဦးပိုမြင့် နှင့် အဖွဲ့ဝင်များ၊ ဦးရာဇတ်၏ ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
    .
    အစည်းအဝေးတွင် ရုပ်တုထားရှိမည့်နေရာ အတွက် မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ကုန်ကျမှုများအတွက် ရန်ပုံငွေရရှိရေး၊ လုပ်ငန်းများအပ်နှံဆောင်ရွက်ရေး ကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
    .
    ၁၉၄ဝ ပြည့်နှစ် အစောပိုင်းကာလက တက္ကသိုလ်၊ ကောလိပ်၊ စက်မှုလက်မှုပညာကျောင်း၊ ဥပဒေပညာနှင့် ဆရာအတတ်သင် ပညာအစရှိသည့် အသုံးချပညာများသင်ကြား သည့် ကျောင်းဟူသမျှကို ရန်ကုန်မြို့တွင်သာ ဖွင့်လှစ်ထားခဲ့ရာ ရန်ကုန်မြို့သို့ သွားရောက်မနေနိုင်ပါက အဆိုပါ ပညာရပ်များနှင့် ထိတွေ့မြည်းစမ်းခွင့်ပင် မရခဲ့ပေ။
    .
    ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီး ဖြစ်လာသောအခါ ပွဲဦးထွက်လုပ်ငန်း အနေ ဖြင့် မန္တလေးမြို့တွင် ရန်ကုန်တက္ကသိုလ်နှင့် စင်ပြိုင်တက္ကသိုလ် တစ်ခု ပေါ်ပေါက်လာရေး အတွက် ဦးရာဇတ်သည် ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက်တွင် အစီအစဉ်ရေးဆွဲကာ မန္တလေး ကောလိပ်ကျောင်းသားဟောင်း ဆရာကြီး ဦးကိုလေးအား တာဝန်ပေးအပ် ကာ ယောက်ျားလေး ဘော်ဒါဆောင် သာမက မိန်းကလေး ဘော်ဒါဆောင်ပါ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    .
    ”ဦးရာဇတ်ဟာ မန္တလေးတက္ကသိုလ်ကြီး ပေါ်ထွက်လာရေးအတွက် ဦးစွာ မျိုးစေ့ချပေး ခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်းခံရစဉ်က ဦးစွာ ပထမ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဝန်ကြီး အဖြစ်တာဝန်ပေးအပ်ခြင်း မခံရမီက မန္တလေး အမျိုးသားကျောင်းကို တည်ထောင်ခဲ့ပြီး ကျောင်းတံဆိပ် အဖြစ် ခြင်္သေ့၊ ဆောင်ပုဒ် အဖြစ် မိမိကိုယ်သာကိုးကွယ်ရာလို့ အဓိပ္ပာယ်ရတဲ့ ”အတ္တာဟိ အတ္တနော နာထော”ဆိုတဲ့ ဆောင်ပုဒ်ကို သတ်မှတ်ပြီး ကျောင်းအုပ်ကြီး အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။ ဦးရာဇတ်ဟာ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ ရပေမယ့် လွတ်လပ်ရေးရပြီးလို့ အားလုံးအထိုင်ကျ သွားရင် ငါကျောင်းဆရာ ပြန်လုပ်မှာလို့လည်း ပြောခဲ့ပါတယ်။ ဒီလို ပညာရေးကို ချစ်မြတ်နိုးပြီး မန္တလေးတက္ကသိုလ်ကြီးဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ရုပ်တု မန္တလေးတက္ကသိုလ်ဝင်း အတွင်းမှာ မကြာခင် ပေါ်ထွက် လာတော့မှာဖြစ်တဲ့အတွက် အင်မတန် ဝမ်းသာကြည်နူးမိပါတယ်”ဟု ရုပ်တုဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
    .
    (အေးမြ)
    .
    ဓါတ်ပုံအညွှန်း- နံပါတ်(၃) -ဆရာကြီးဦးရာဇတ်ကို ဂုဏ်ပြုတည်ဆောက်ထားသော ရာဇတ်ခန်းမ(မန္တလေးတက္ကသိုလ်စာကြည့်တိုက်)

    MOI Webportal Myanmar မှ ကူးယူဖော်ပြသည်။
    https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146.1073741828.318455204949019/927262964068237/?type=3

  • မန္တလေးတက္ကသိုလ်ကို ပစ်မထားကြပါနှင့်

    မန္တလေးတက္ကသိုလ်ကို ပစ်မထားကြပါနှင့်

    Mandalay University

    ဆူးငှက်

    တကယ်တော့ မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုး များရဲ့ ဝံသာနုစိတ်နဲ့ ဇာတိမာန်သက်သက်ကတစ်ဆင့် အမြော်အမြင်ကြီးစွာ ပေါ်ပေါက် ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသားတက္ကသိုလ်ကြီး ဖြစ်ပါ တယ်။ အင်္ဂလိပ် အစိုးရရဲ့ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္က သိုလ်ကျောင်းသားတွေ စတင် ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီးအပွင့် လည်းဖြစ်ပါတယ်။ ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေး မြို့မိမြို့ဖများ အားထုတ်မှုနဲ့ မန္တလေးဥပစာကောလိပ် ဖွင့်လှစ်ခွင့်ရခဲ့တယ်။

    ၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး စတင် ပေါ်ပေါက် လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုး သားကောလိပ်နဲ့ အမျိုးသားပညာရေး တောင်းဆိုမှုတွေနဲ့ အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာ ကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာရှိကြတဲ့ ဗဟို စည်ဦးဘဦး၊ ကျောက်စာဝန်တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြ ပါတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့ လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကို၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြ မယ်လို့တင်ပြလာကြတယ်။ နိုင်ငံရေးမျက်နှာစာ မှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြ တယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေ က ဥပဒေပြုကောင်စီမှာ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေအကြမ်း တင်ခဲ့တယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ ခုနှစ် ဧပြီလမှာ အစိုးရက ဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ ခုနှစ် ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင် ဖွင့်လှစ်ဖို့ ကော်မတီဖွဲ့စည်း နိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည် အတွက် ဥပစာ ကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက် မှာရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီ ကလေးမှာ ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

    အခုမန္တလေးတက္ကသိုလ်ဝင်းထဲ အဝင်မုခ်ဦး အကျော်လမ်းအရှေ့ဘက်က အုတ်တိုက်နီလေးပါ။ တက္ကသိုလ်သက်တမ်းတစ်လျှောက်လုံး အင်ဂျင်နီယာ ရုံး အဖြစ် ဖွင့်လှစ်ခဲ့တဲ့နေရာလေးပါပဲ။ အခုလက်ရှိမြင်နေရ တဲ့ မန္တလေး တက္ကသိုလ် ပင်မအဆောက်အအုံကြီးကတော့ ၁၉၂၁ ခုနှစ်မှာ အုတ်မြစ်ချပြီး ၁၉၂၄ ခုနှစ်မှာ စိုက်ပျိုး ရေး သိပ္ပံရုံးအဖြစ် ဖွင့်လှစ်ခဲ့တာပါ။

    မန္တလေးဥပစာကောလိပ် စပြီးဖွင့်လှစ်တော့ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာ ကပ္ပတိန်ကျော်ညွန့်က သဘာပတိအဖြစ်ဆောင်ရွက်တယ်။ မစ္စတာ ထင်ဝီ (M.A)က ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်ဘာသာကထိက၊ ဦးဖိုးသာ (M.Sc)က ရူပဗေဒနဲ့ ဓာတုဗေဒကထိက၊ ဦးလှပေါ်ဦး (M.A) က သင်္ချာကထိက၊ ဦးဘကျား(B.A)က ပါဠိမြန်မာစာ၊ မစ္စတာအက်စ်ဒါမိုဒါရမ်က သိပ္ပံ ပညာ နည်းပြတို့ ဖြစ်ကြတယ်။ မန္တလေးဥပစာကောလိပ် စဖွင့်တော့ ကျောင်း သူနှစ်ယောက်အပါအဝင် ကျောင်းသား ၃၁ ယောက်ရှိတယ်။ ဖွင့်လို့ တစ်နှစ်အကြာ ၁၉၂၆ ခုနှစ် သြဂုတ်လရောက်တော့ ဥပဒေပြုကောင် စီမှာ ရွှေတောင် ကြားပါတီက မန္တလေးဥပစာကောလိပ်က ကျောင်းသား နည်းလို့ ပိတ်ပါဆိုပြီး အဆိုတင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မန္တလေးဥပစာ ပိတ်ပင်ရေးအစီအစဉ် ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့ နောက်မဆုတ်ဘူး။ ၁၉၃ဝ ပြည့်နှစ်ရောက်တော့ မန္တလေးဥပစာကောလိပ်ပိတ် ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေ ကလည်း ကန့်ကွက်ကြတယ်။ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာလည်း ကျောင်းသားတွေက ရဟန်းပျိုသမဂ္ဂ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက်သပိတ် မှောက်ကြတယ်။ ဒါကြောင့် မန္တလေးဥပစာကောလိပ် ပိတ်ရေးကိစ္စဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ်အစိုးရ အနေနဲ့ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အကျပ်အတည်း ကျရောက်နေတာကြောင့်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့စစ်ကြီးဖြစ်ပွားတော့ ဖွင့်လှစ်ဆဲမန္တလေး ဥပစာကောလိပ်ကို ဥပစာကောလိပ်ရဲ့ ကျောင်းသား ဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိဥပစာကောလိပ် ဓာတုဗေဒဆရာဖြစ်သူ ဦးကိုလေး (ဇေယျာမောင်)က စောင့်ရှောက်ရတယ်။ မန္တလေးကိုလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။

    စစ်ကြီးပြီးတော့ မန္တလေးဥပစာကောလိပ်ပြန်ဖွင့်လှစ် နိုင်ရေးကို ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည် ဦးဆောင် ဆောင်ရွက်ကြ တယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်မသိ ဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအစိုးရ ဖွဲ့တော့ ဦးရာဇတ် ဝန်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာကောလိပ်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစား ကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် မေ ၂၉ ရက်မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်)ကို ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ပြီး မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေး လိုက်ပါတယ်။

    စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ၊ ကျောင်းဆောင်တွေ ပြန် လည် ရရှိဖို့ အခက်အခဲအမျိုးမျိုးကို ဆရာဦးကိုလေး(ဇေယျာမောင်)ဟာ ကြိုးစားကျော်ဖြတ်ပြီး ၁၉၄၈ ခုနှစ် ဇွန်လရောက်မှ မန္တလေးယူနီဗာ စီတီကောလိပ် အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။ စိုက်ပျိုးရေးသိပ္ပံရုံး အဖြစ် အသုံးပြုဆဲဖြစ်တဲ့ ပင်မအဆောင်ကြီးကိုလည်း မန္တလေးယူနီဗာ စီတီကောလိပ် ပင်မစာသင်ဆောင်ကြီး အဖြစ် ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ မန္တလေးယူနီဗာ စီတီကောလိပ်ဖွင့်ပွဲကို မန္တလေးမြို့ လူထုကလည်း ဝမ်းပန်းတသာ ပါဝင်ဆင်နွှဲကြတယ်။

    မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့တဲ့ ဆရာကြီး ဦးရာဇတ်ကတော့ ဖွင့်ပွဲမတိုင်ခင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်ကပဲ မသမာသူတို့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။

    ဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက် အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်) တို့ ကျေးဇူးကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ် အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် မြို့မိမြို့ဖတွေ ဆက်လက် အားထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန် ၁ ရက်မှာ မန္တလေး တက္ကသိုလ်အဖြစ် သီးခြား ရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေး စနစ် တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ တော့ မန္တလေးတက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့ တာပါ။

    မန္တလေးဥပစာကောလိပ်မှသည် မန္တလေးတက္ကသိုလ် ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း ဒီတက္ကသိုလ် ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံရေး သမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးတွေ၊ အရပ် ဘက်၊ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊ ဌာနဆိုင် ရာ ပညာရှင်ကြီးတွေ၊ ပါမောက္ခကြီးတွေ မွေးထုတ်ပေးခဲ့ ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမား ပေါင်းများစွာလည်း မွေးထုတ်ပေးခဲ့ပါတယ်။

    အခု… ခေတ်ပြောင်း စနစ်ပြောင်းချိန် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ပြန် လည်မွေးဖွားခြင်း အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့အတူ သမိုင်းအစဉ်အလာကြီးမားတဲ့ မန္တလေးတက္ကသိုလ်ကြီးကလည်း ဒီအချိန်အခါကောင်းမှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်နိုးထ ရှင်သန်ဖို့ ကောင်းပါ တယ်။

    တကယ်တော့ ၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေး ဥပစာကောလိပ်ဟာ ၂ဝ၁၆ ခုနှစ်မှာ ၉၁ နှစ်တင်းတင်း ပြည့်ပါပြီ။ ဒါဟာ မန္တလေးအတွက် သာမက တစ်မျိုးသား လုံးအတွက် ကောင်းမွေပါပဲ။

    ပညာရေးကို အထူးဦးစားပေးပြီး ပြုပြင် ပြောင်းလဲကြမယ့် ခေတ်ပြောင်း စနစ်ပြောင်းမှာ သက်တော်ရှည် မန္တလေး တက္ကသိုလ်ကိုလည်း ပစ်မထား ကြပါနှင့်…။ ။

    ၁၉၊၄၊ ၂၀၁၆ ကြေးမုံ သတင်းစာမှ ကူးယူဖော်ပြသည်။

  • လူမှန်နေရာမှန် (အပိုင်း – ၂)

    လူမှန်နေရာမှန် (အပိုင်း – ၂)

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၅
    M-Media
    ဆောင်ပါးရှင် – ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)

    အပျော်တမ်းရဲတပ် တပ်မှူး ဆရာကြီးဦးရာဇတ်
    အပျော်တမ်းရဲတပ် တပ်မှူး ဆရာကြီးဦးရာဇတ်

    လူမှန်နေရာမှန် (အပိုင်း – ၂)

    Right man in the right place

    ဒီဇင်ဘာလ၂၆ရက်နေ့၊ ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ရွေးကောက် ပွဲအောင်နိုင် ခြင်းအတွက် အနှေးယာဉ်လုပ်သားမှာ ဂုဏ်ပြုတွေ့ဆုံပွဲတွင်  ပါတီဝင်ထဲမှာ ၀န်ကြီးတနေရာ တောင်း တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ကျွန်တော်တို့Community ထဲမှာလည်း ခေါင်းဆောင် အကြောင်းရေးသားကြတာတွေ ရှိပါတယ်။အမှန်တကယ်တော့ ခေါင်းဆောင်ဆိုတာ မိမိကိုယ်ကို မိမိ၊ ရွေးချယ်လို့ မရပါဘူး။ အများက ကျေကျေနပ်နပ်နဲ့ ရွေးချယ်မှ ခေါင်းဆောင်ဖြစ်ပါတယ်။ အုပ်စုဖွဲ့ပြီး ခေါင်းဆောင်လုပ်ရင်လည်း ခေါင်းဆောင် အစစ်အမှန် ဖြစ်မလာပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ်များ အကြောင်းကို လူမှန်နေရာမှန် အပိုင်း(၁) Link ၊ ယခု အပိုင်း(၂) အဖြစ် ရေးသားဖော်ပြနေခြင်း ဖြစ်ပါတယ်။ အဲဒီ့ပုဂ္ဂိုလ်ကြီးတွေက မိမိတို့ကိုယ် မိမိ ခေါင်းဆောင် အဖြစ် ရွေးချယ်ခဲ့သူတွေ မဟုတ်ပါဘူး။

    ဗိုလ်ချုပ်အောင်ဆန်းရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက် အကြောင်းကို ထပ်မံတင်ပြပါမည်။ အခြားတော့မဟုတ်ပါဘူး။ ထင်ရှားကျော်ကြားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ဖြစ်ပါ တယ်။ တကယ်တော့ ဆရာကြီးအကြောင်းကို ၀ါစဉ်အရ ဦးစွာရေး သားဖော်ပြရမှာပါ။ (၁၈.၁၂.၂၀၁၅) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းများ စွမ်းရည်မြှင့်သင်တန်း အပါတ်စဉ် (၁) ဆင်းပွဲ အခမ်းအနားမှာ ဦးဖေခင်အကြောင်းကို ဥပမာပေးပြီးပြောခဲ့လို့ ဦးဖေခင်အကြောင်းကို အပိုင်း-၁ မှာ စတင် ဖော်ပြခဲ့တာဖြစ်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်ကို အစိုးရအဖွဲ့ထဲမှ ၀န်ကြီးအဖြစ် ရွေးချယ်ခဲ့ ရာမှာ ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။

    “ငါတို့ ဆရာကြီးကို ရွေးချယ်ခန့်ထားတာ မွတ်စလင် တစ်ယောက်သက်သက်အနေနဲ့ မဟုတ်ပါဘူး။ အသင့်တော်ဆုံး အမျိုးသား ခေါင်းဆောင်တစ်ယောက် အနေနဲ့ ရွေးချယ် လိုက်တာ ဖြစ်တယ်။ မျိုးချစ်စိတ်အပြည့်အ၀ရှိတဲ့အတွက် မန္တလေးက ဆရာတော်များ၊ ရဟန်းတော်များ ကိုယ်တိုင်က အကောင်းဆုံး၊အတော်ဆုံးခေါင်းဆောင် အဖြစ် တောင်းဆိုထောက်ခံခဲ့တာမို့ပြဿသနာ တက်လာစရာ အကြောင်းမရှိဘူး” လို့ပြောခဲ့ဘူးပါတယ်။

    မန္တလေးမြို့၊ လေးပြင်ရပ်က ဆရာတော်ကြီး (၁၀)ပါးက ဗိုလ်ချုပ်ထံ မေတ္တာရပ် စာရေးသားတောင်းဆိုခဲ့ကြတာပါ။ ဗိုလ်ချုပ်က ရွေးချယ်ရာမှာလည်း လူမျိုး၊ ဘာသာခွဲခြားခြင်း မရှိပါဘူး။

    ဦးရာဇတ်ရဲ့နိုင်ငံရေးအပိုင်းကတော့ ၁၉၂၀ ယူနီဘာစီတီ အက်ဥပဒေကို အကြောင်းပြု ဆန့်ကျင်တိုက်ခိုက်တဲ့ ၁၉၂၀ ပထမကျောင်းသားသပိတ်မှာ ဦးရာဇတ်သည် တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

    ရန်ကုန်နဲ့ ယုဒသန်ကောလိပ်တွေက နှုတ်ထွက်ကြတဲ့ကျောင်းသားတွေထဲမှာ ပါဝင်ခဲ့ပါ တယ်။ ဒီသပိတ်တိုက်ပွဲဟာ ကျွန်ပညာရေးစနစ်ကိုအကြောင်းပြုပြီး၊ နယ်ချဲ့စနစ်ကို ဆန့်ကျင် တိုက်ခိုက်တဲ့ပထမဦးဆုံးတိုက်ပွဲဖြစ်ပါတယ်။

    ဆရာကြီးသည် ဘီအေဘွဲ့ကို ပါဠိဘာသာဂုဏ်ထူးနဲ့ ရန်ကုန်တက္ကသိုလ် မှ အောင်မြင်ခဲ့ပြီး မဟာဝိဇ္ဇာတန်း ဆက်တက်မည့် ဆဲဆဲတွင် ကျောင်းသားသပိတ် တွင်ပါဝင်ခဲ့တယ်။ သပိတ်လှန်ြ့ပီး နောက်ပိုင်းမှ မန္တလေးဗဟိုအမျိုးသားအထက်တ န်းကျောင်းကြီးကိုတည်ထောင်ခဲ့ပါတယ်။ ပါဠိ ဘာသာနဲ့ အင်္ဂလိပ်စာကို ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းကျောင်းသားများအား ဆရာကြီး ကိုယ်တိုင်သင်ကြားပေးခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်မှ အမျိုးသားပညာရေးအဖွဲ့ချုပ် (Council of National Education) က ကျင်းပတဲ့ B.A. စာမေးပွဲကိုအောင်မြင်ခဲ့ပြီး မန္တလေးဗဟိုအမျိုးသား ကျောင်း အုပ်ကြီးအဖြစ်ဆောင်ရွက်ခဲ့တယ်။ ဆရာကြီးရဲ့ ကျောင်းမှာတက် တဲ့ကျောင်းသားတွေ ထဲ မှာ ဘုန်းတော်ကြီး များလည်းပါပါတယ်။ အနီးစခန်းဆရာတော် ဦးပဏ္ဍိမှာ ဆရာကြီးရဲ့ အမျိုးသားကျောင်းကနေ ဆယ်တန်းအောင်မြင်ခဲ့ပါတယ်။ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ နောင် သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးး ဦးအုန်းလွင်(ကွယ်လွန်)လည်း ဆရာကြီးရဲ့ကျောင်းက ဆယ်တန်းအောင်မြင်ခဲ့ပါတယ်။
    263694_248277785185936_100000111498246_1079774_5445358_n
    မန္တလေးမြို့၊ ဗဟို အထက်တန်းကျောင်းရဲ့ Insignia အဖြစ် ရွှေခြင်္သေနဲ့ “အတ္တာဟိ အတ္တနောနာထော” ဆောင်ပုဒ်ပါ တံဆိပ်အမှတ်အသား အဖြစ် ဆရာကြီး ကသတ်မှတ်ပေးခဲ့ပါ တယ်။ ကျောင်းသားအားလုံး နေ့စဉ်ဒေါင်းအလံကြီးကို အလေးပြုရတယ်။ အမျိုးသားသီချင်းဆို ရတယ်။ ဗုဒ္ဓဘာသာဝင်ကျောင်းသားများသည် နံနက်ကျောင်းတက်ချိန်မှာ ခန်းမဆောင်ကြီးတွင် ဘုရားရှိခိုး၊ ငါးပါးသီလခံယူရတယ်။ အမျိုးသားသီချင်းမဆိုတဲ့ကျောင်းသားများကို ဆရာကြီးက ကြိမ်လုံးနဲ့ ရိုက်လေ့ရှိပါတယ်။

    Sir Walter Scott ရဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ကိုလည်း ကျောင်းသားများကို အလွတ်ကျက် ခိုင်းလေ့ရှိတယ်။

    Breathes there the man with soul so dead who never to himself hath said:’ This is my own, my native land.’
    ”ဒါတို့ပြည်၊ ဒါတို့မြေ မဆိုတဲ့သူသူဟာ အသက်ရှင်လျှက် ၀ိညာဉ်မဲ့နေတဲ့လူလို အသုံးမကျဘူး” လို့ အဓိပ္ပါယ်ရပါတယ်။

    ဆရာကြီးက ကျောင်းသားတွေကို ပညာသင်ကြားပေးရုံမက၊ အမျိုးသားရေး စိတ်ဓာတ်၊နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို မွေးဖွားပေးခဲ့ပါတယ်။

    ဗဟိုအမျိုးသားကျောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး၊ မက်ဆိုပိုတေးမီးယား (ယခု အီရတ်) စစ်မြေပြင်မှာ မဟာမိတ်တပ်များဘက်က တိုက်ပေးတဲ့ ဆာဦးဘတင် (ဗိုလ်ဘတင်) ကို သူ့ရဲ့ကျောင်းသားများအား စစ်ပညာသင်ကြား ပေးစေခဲ့တယ်။ ဆရာကြီးကိုယ်တိုင် လည်း ရဲတပ်ဖွဲ့ရဲ့ ရဲဗိုလ်ချုပ်အဖြစ် တာဝန်ယူဆောင်ရွက် ခဲ့တယ်။ ရံဖန်ရံခါ ဆရာကြီး ကိုယ်တိုင်လိုက်ပါခဲ့ပြီး ဦးပိန်တံတား ရန်ကင်းတောင်ဘက်ဆီကို Route march လမ်းလျှောက်ချီတက်ခဲ့ကြတယ်။
    279641_248268261853555_100000111498246_1079758_807440_o
    ရဲတီးဝိုင်းဖွဲ့ပြီး ရွှေဘိုမြို့အလောင်းဘုရား ပြဿ ဒ်ဂူပန္နက်ချပွဲတွင် ဘင်ခရာတီးခဲ့ရာ ထိုစဉ်က နန်းရင်းဝန်ဦးစောရဲ့ ၀ါးရင်းတုတ်တပ် နောက်ကောက် ကျခဲ့ပါတယ်။ ရဲဝတ်စုံအပြည့်ဝတ်ထားတဲ့ ဆရာကြီးက ကျေနပ်ပီတိဖြစ်နေစဉ်မှာ ၀ါးရင်းတုတ်တပ်ဗိုလ်ချုပ် နန်းရင်းဝန်ကြီးချုပ် ကတော့ ဒေါသဖြစ်ခဲ့ပါတယ်။ အဲ့ဒီတီးဝိုင်း ဓာတ်ပုံကို Drummer ကိုသန်းနိုင် (သခင်ဗဟိန်းညီ၊ မန်းရုပ်ရှင်) က တပ်မတော်မော်ကွန်းတိုက်သို့ လှူထားပါ တယ်။

    ဆရာကြီးက လက်ဝှေ့အားကစားကိုလည်း မန္တလေးအမျိုးသားကျောင်းမှာ စီစဉ်ပေးပါ တယ်။ ဘီလ်ဖစ်ရှားဆိုတဲ့နည်းပြဆရာကို အခကြေးငွေပေးပြီး ကျောင်းသားတွေကို သင်ကြား ပေးစေခဲ့ပါတယ်။ ထူးချွန်တဲ့ Boxer များ ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ကိုမျိုးသန့်က လန်ဒန်သွားထိုးခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာ ကျားဘညိန်း၊ ကိုချစ်အုန်းနဲ့အတူ ဟဲလ်ဆင်ကီ၊ အိုလံပစ်သွားခဲ့တယ်။ ၁၉၅၆ ခုနှစ်မှာ ကိုစံဝင်းက တိုကျိုမှာသွားထိုးခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ ကိုစန်းထွန်းက ရောမမှာ သွားထိုးခဲ့တယ်။ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်က အသိအမှတ်ပြုတဲ့ လက်ဝှေ့ ဒိုင်စာရင်းမှာ ကျားဘညိန်းပါဝင်ခဲ့တယ်။

    ဆရာကြီးရဲ့ကျောင်းကနေ ဖ.ဆ.ပ.လ ၀န်ကြီးဟောင်း ဗိုလ်ခင်မောင်ကလေး၊ သံအမတ်ကြီး ဦးချန်ထွန်း၊ သံအမတ်ကြီး ဗိုလ်မှူးကြီးခင်ညို၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၊ ကိုသိန်းအောင်၊ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း၊ မန္တလေးပိဋိကတ် တိုက်မှူး ဒေါ်တင်လှ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ စွမ်းအင်ဝန်ကြီး ဦးခင်မောင်သိန်း၊ စက်မှု(၂)၀န်ကြီး ဦးသန်းရွှေ၊ မြို့တော်ဝန်ဦးကိုလေး၊ သိပ္ပံမှူးတင် စတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ် အမြောက်အများပေါ်ထွက်ခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အတော်များများဟာလည်း ဆရာကြီးရဲ့တပည့်များဖြစ်ကြပါတယ်။ ဆရာကြီးက သူ့တပည့်တွေကို နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးနဲ့ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ခေါင်းဆောင်ကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။

    “ဘာပဲလုပ်လုပ် နောက်ကလည်းမလိုက်နဲ့၊ ဘေးတိုက်လည်း ကန့်လန့်ကန့်လန့်မလိုက်နဲ့၊ ရှေ့ထိပ်က ခေါင်းဆောင်ဖြစ်အောင်ကြိုးစား၊ ယုတ်စွအဆုံး ဓားပြတိုက်စားရင်တောင် ဓားပြ ခေါင်းဆောင်သာဖြစ်ပါစေ၊ ဒါမှသာ ဆရာကြီးရဲ့တပည့် အမျိုးသားကျောင်းထွက် ကျောင်းသား ပီသမယ်” လို့ တပည့်တွေကို သြ၀ါဒပေးလေ့ရှိတယ်။

    ဖ.တ.ပ.လ အဖွဲ့ချုပ်သည် ၂၄ အောက်တိုဘာ၊ ၁၉၄၅ ခုနှစ် ဘုရင်ခံအမှုဆောင် (၀န်ကြီး) အဖွဲ့တွင်ပါဝင်မည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘအုန်း၊ သခင်မြ၊ ဦးညိုထွန်း၊ ဦးရာဇတ်၊ ဦးသိန်းဖေ၊ ဦးအေး၊ မန်းဘခိုင်၊ စောဘဦးကြီးတို့ရဲ့အမည် စာရင်းတင်သွင်း ရာမှာ ဆရာကြီးပါဝင်ခဲ့ပါတယ်။

    ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ဆရာကြီးရဲ့ရုံးခန်းမှာ ဆွေးနွေးတိုင်ပင်ကြတယ်။ ဆရာကြီး ဆီက အကြံဥာဏ်ရယူခဲ့ရတယ်။ လေးထပ်ဗဟို အမျိုးသားကျောင်းကြီးဟာ လည်း သပိတ်စခန်းဖြစ် သွားခဲ့တယ်။ မန္တလေးအာဇာနည် (၁၇)ဦး စတဲ့ မန္တလေးနိုင်ငံရေးလှုပ်ရှားမှုများမှာ တက်တက် ကြွကြွပါဝင်ခဲ့တယ်။ ဂျပန်ခေတ်မှာ (၆)လကျော်ခန့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်။ မန္တလေးခရိုင် ဖ.ဆ.ပ.လ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။ ဗမာမွတ်စလင်ကွန်ဂရက်(ဗ.မ.က)ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့မှာ ပညာရေးနှင့်အမျိုးသားစီမံကိန်းဝန်ကြီး အဖြစ် နိုင်ငံ့တာ ၀န်များကို ထမ်းဆောင်ခဲ့ပါတယ်။ မန္တလေးမှာဒီဂရီကောလိပ်ဖွင့်ခဲ့တယ်။

    “အေးကွာ၊ မင်းတို့လဲကြားရမှာပေါ့၊ သွားသတိ၊ လာသတိ၊ နေသတိထားပြီး သွားလာ နေရတယ်ကွာ၊ အဲ့တော့ ဒရိုင်ဘာကိုလဲပြောထား ရတယ်၊ ကားလေးဘီးစလုံး မထွက်ခင်စစ်ဆေး၊ အကယ်၍ လမ်းမှာဘီးပေါက်ရင် ရပ်မနေနဲ့ ဖြစ်သလို ဆက်သာမောင်းလို့လဲ ပြောထားရ၊ မှာထားရတယ်ကွာ”လို့ ဆရာကြီး မကျဆုံးမှီ (၂)ရက် (၃)ရက်ခန့်အလိုမှာ ဆရာကြီးနဲ့တွေ့ခဲ့တဲ့ သူ့တပည့်တစ်ဦး က ပြန်ပြောပြခဲ့ပါတယ်။ ဆရာကြီးဟာ ဥပစ္ဆေဒကကံကို မလွဲမရှောင်သာ ကြုံတွေ့ရမယ်ဆိုတာ ကြိုတင်တွက်ဆထားပုံရပါတယ်။

    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှာ ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည်ခေါင်ဆောင်ကြီးများနဲ့အတူ မသမာသူများရဲ့လက်ချက်ကြောင့် ကျဆုံးခဲ့ရပါတယ်။

    ဆရာကြီးရဲ့ သြ၀ါဒစကား
    =================
    “ဆရာကြီးအနေနဲ့ဒီကောင်ဗုဒ္ဓဘာသာ၊ဒီကောင်ဟိန္ဒူ၊ ဒီကောင်မွတ်စလင်၊ ဒီကောင် ခရစ်ယာန်ရယ်လို့ပြောရင် မကြိုက်ဘူး။ဒါဟာ စိတ်ဝမ်းကွဲစေတယ်။ဘယ်ဘာသာ ကိုးကွယ်၊ ကိုးကွယ၊်မြန်မာဟာမြန်မာဘဲဆိုပြီး ခေါင်းထဲရိုက်သွင်းခဲ့တယ်”(ဆရာ ဗိုလ်ခင်မောင်ကလေး၊ မန္တလေးအမျိုးသားကျောင်း-နောင် ဖ.ဆ.ပ.လ ၀န်ကြီး)

    ဗိုလ်ချုပ်အောင်ဆန်းရွေးချယ်ခဲ့တဲ့နောက်ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကိုလူမှန်နေရာ မှန် အပိုင်း(၃)မှာ ဆက်လက်တင်ပြပါဦးမယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ် ။
    ခင်မောင်ချို

    လူမှန်နေရာမှန် (အပိုင်း – ၁) ဖတ်ရန်

    Link

  • # သူပေါ့ ( ဦးရာဇတ် ) #

    # သူပေါ့ ( ဦးရာဇတ် ) #

    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    .အိမ်ဝေးသူ(KZ) ရေးသည်။
    10353114_623435831095907_1811112100575750641_n
    သူပေါ့
    မ,တစ်ထောင်တစ်ကောင်ဘွားဆိုတာ။
    x
    သူပေါ့
    အမျိုးသားရေး တအားတွေးလို့
    ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့တာ။
    x
    သူပေါ့
    “က” နဲ့ “ယ” ခြားနားခြင်းကိုသိခဲ့လည်း
    အမျိုးသားရေးခေါင်းစဉ်အောက်မှာ
    ကွဲပြားခြင်းတွေကို အားအင်ဖြစ်စေခဲ့တာ။
    x
    သူပေါ့
    ရေလိုက်ငါးလိုက်တရား မဟောဘဲ
    အမျိုးသားလွတ်မြောက်ရေးတရား
    အင်တိုက်အားတိုက် ဟောပြောခဲ့တာ။
    x
    သူပေါ့
    ပညာရေးအခြေခံပြီး
    လူငယ့်အင်အားနဲ့တည်ဆောက်ထားတဲ့
    နိုင်ငံတော်ကြီးကို မြင်ယောင်တိုင်း
    ကျောင်းဆရာဖြစ်ရခြင်းကို ဂုဏ်ယူခဲ့တာ။
    x
    သူပေါ့
    ကျော်ကြားမှုကို ရန်သူလိုသဘောထား
    အမှန်တရားကိုတော့ သွေးသားရင်းချာလိုဆက်ဆံ
    အောင်မြင်မှုကို စည်းစိမ်တစ်ခုလိုမခံစားဘဲ
    ပြည်သူ့အောင်ပွဲအတွက် ပညာရေးမီးအိမ်ကို ကိုင်ဆွဲရင်း
    လွတ်မြောက်မှုကို မြတ်နိုးတတ်အောင်
    ချုပ်နှောင်မှုတွေအကြောင်း ထပ်တလဲလဲပြောပြခဲ့တာ။
    x
    သူပေါ့
    တန်းတူညီမျှတရားဟောရင်း
    ခွဲခြားဆက်ဆံခြင်းကို တိုက်ဖျက်ခဲ့တာ။
    ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာရွတ်ရင်း
    ပညာရေးမျိုးစေ့တွေ နေရာအနှံ့ ပျိုးကြဲခဲ့တာ။
    သူ့အခွင့်အရေးအတွက် ထည့်မတွက်ရင်း
    လူ့အခွင့်အရေးအတွက် အသက်စွန့်ခဲ့တာ။
    x
    သူပေါ့
    ငါတို့ အနာဂတ်အတွက် အုတ်မြစ်ချခဲ့တာ။
    ငါတို့ ပညာရေးအတွက် လမ်းပြဆောင်ခဲ့တာ။

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-
    မှတ်ချက်။
    ပြည်သူချစ်ခဲ့သော အမျိုးသားပညာရေးကျောင်းဆရာကြီး(၀န်ကြီး) ဦးရာဇတ်
    တမလွန်၌ သာယာအေးချမ်းပါစေ။ မျက်မှောက်ခေတ်ကာလ ပညာရေးစနစ်ကိုကြည့်ပြီး
    ဘဝတစ်ပါးရောက် ဆရာကြီး စိတ်မချမ်းမြေ့ ဖြစ်ရခြင်းမှကင်းဝေးပါစေ။