News @ M-Media

Tag: USDP

  • မဘသအသွင်ပြောင်းအဖွဲ့ကို ပိတ်ပင်မှုကြောင့် မတည်မငြိမ်ဖြစ်နိုင်ဟု ကြံ့ဖွံ့ သတိပေး

    မဘသအသွင်ပြောင်းအဖွဲ့ကို ပိတ်ပင်မှုကြောင့် မတည်မငြိမ်ဖြစ်နိုင်ဟု ကြံ့ဖွံ့ သတိပေး

    ဇူလိုင် ၂၄၊ ၂၀၁၈
    M-Media

    – နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မဘသအဖွဲ့ကို အသွင်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို အစိုးရနဲ့ သံဃမဟာနာယကအဖွဲ့က ပိတ်ပင်တာဟာ တိုင်းပြည်ကို မတည်ငြိမ်ဖြစ်စေနိုင်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သတိပေးလိုက်ပါတယ်။

    နိုင်ငံတော် သံဃမဟာနာယက(မဟန)အဖွဲ့ဟာ သောကြာနေ့က မဘသအသွင်ပြောင်းအဖွဲ့နဲ့ပတ်သက်ပြီး အချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ကာ အဲဒီအထဲမှာ ဗုဒ္ဓဓမ္မပအမည် အသုံးပြုမှုကို ပိတ်ပင်တာ၊ ၄၅ ရက်အတွင်း ဆိုင်းဘုတ်တွေဖြုတ်ချဖို့ တောင်းဆိုတာတွေ ပါဝင်ခဲ့ပါတယ်။ မလိုက်နာရင် တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း သတိပးခဲ့ပါတယ်။

    ဖောင်ဒေ့ရှင်းကတော့ ဒီတောင်းဆိုချက်တွေကို လက်ခံရမလားဆိုတာ နိုင်ငံတစ်ဝှမ်း အဖွဲ့ဝင်တွေထံကနေ ဆန္ဒတောင်းခံသွားမှာဖြစ်ကြောင်း၊ သူတို့အဖွဲ့ဟာ သံဃာအဖွဲ့အစည်းမျိုးမဟုတ်ဘဲ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့အတွက် ဘုန်းကြီးတွေ၊ လူတွေ ပေါင်းစည်းထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့မျိုးဖြစ်ကြောင်း၊ မတည်မငြိမ်ဖြစ်လာရင် မဟနအဖွဲ့ရဲ့တာဝန်သာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

    ဒီကနေ့မှာတော့ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖောင်ဒေးရှင်းနဲ့ အစိုးရ၊ မဟနတို့အကြား သဘောထားကွဲလွဲမှုဟာ သံဃာသင်းကွဲမှု၊ ပြည်သူလူထု မကျေနပ်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုအထိ ဦးတည်သွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    မဘသအဖွဲ့ဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရစဉ် ၂၀၁၄ နှစ်က ပေါ်ပါက်လာတာဖြစ်ပြီး မွတ်စလင်တွေအပေါ် မုန်းတီးရေး၊ အကြမ်းဖက်ရေး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

    သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွံ့အစိုးရအဖွဲ့ဟာ မဘသက တင်သွင်းတဲ့ အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေကိုလည်း အတည်ပြု ပြဌာန်းပေးခဲ့ပါတယ်။

    Ref: Irrawaddy

  • ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

    ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

    နေပြည်တော်(ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်အမတ်တစ်ဦးက မေးခွန်းမေးမြန်းစဉ် ဘာသာရေးကိစ္စ ပါဝင်နေသည့်အတွက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မေးခွန်းဆက်မေးခွန်း ရုပ်သိမ်းလိုက်သည်။

    ဖေဖော်ဝါရီ ၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့် မေးမြန်းသည့် “စက်မှုလယ်ယာသို့ အလုံးစုံမကူးပြောင်းမီတွင် ခိုင်းကျွဲ၊ ခိုင်းနွား သတ်ဖြတ်မှုကို ထိန်းချုပ်မည့် အစီအစဉ်ရှိ၊မရှိ နှင့် ခိုင်းကျွဲ၊ ခိုင်းနွားများ လုံလောက်မှု ရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးခွန်း” အား လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

    အစည်းအဝေးအစီအစဉ်(ဂ)တွင် ပါဝင်သည့် ဦးမောင်မြင့်၏ မေးခွန်း မေးမြန်းမှု မစတင်မီ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ကိုယ်စားလှယ်တစ်ဦးရဲ့ အခွင့်အရေးမဆုံးရှုံးအောင် လွှတ်တော်နည်းဥပဒေ ၁၄၁(ဈ)မှာပါတဲ့ စည်းကမ်းချက်များအတိုင်းမေးပါ။ ဘာသာ၊ သာသနာ ရောယှက်ပြီး မေးမြန်းခြင်းမပြုရဆိုတဲ့ အချက်ကို လေးစားလိုက်နာပေးဖို့ အသိပေးပြောကြားလိုပါတယ်” ဟု ကနဦး ပြောဆိုခဲ့သည်။

    ယင်းနောက် စက်မှုဝန်ကြီးဟောင်းဖြစ်သူ လွှတ်တော်အမတ် ဦးမောင်မြင့်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ “အေးခဲ အမဲသားတွေ တရားမ၀င်တင်ပို့နေမှု၊ ကျွဲ၊ နွားမှောင်ခိုတွေ ပြည်ပကို တရားမ၀င်တင်ပို့နေမှု၊ ‘အိဒ်’ နေ့မှာ တရားဝင်ခွင့်ပြုကျွဲနွားထက်ပိုမိုသတ်ဖြတ်နေမှုများ ဖြစ်ပေါ်နေတယ်လို့ကြားသိရပါတယ်” ဟု ပြောဆိုသည်။

    ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောဆိုမှုအပြီးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ထပ်မံ အသိပေးခဲ့သည်။

    “ဘာသာ၊ သာသနာကို ရောယှက် မပြောပါနဲ့။ ကျွဲနွားသတ်ဖြတ်တဲ့ စာရင်းပဲ မေးပါ” ဟု ဦးဝင်းမြင့်က ပြောသည်။

    ထိုသို့ နှစ်ကြိမ်မြောက် အသိပေးမှုအပြီးတွင် ဦးမောင်မြင့်က “မှန်ပါတယ်။ ဒီမှာ ကျွန်တော်တို့က ကျွဲ၊ နွား ဖြုန်းတီးမှုအတွက်ကို ကျွန်တော်တို့က ‘အိဒ်’ နေ့မှာ” ဟု ဆက်လက်ပြောဆိုစဉ် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “အဲ့ဒါဆိုလို့ရှိရင်တော့ ဒီမေးခွန်းကို လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၄၁)အရ ဒီမေးခွန်းကို ကျွန်တော်ဆက်ပြီး ခွင့်မပြုနိုင်ပါဘူး။ ရိုးရိုးတန်းတန်း မေးလို့ရပါတယ်။ အဲ့ဒါဆို ကျွန်တော် ဒီမေးခွန်းကို ခွင့်မပြုပါဘူး” ဟု ပြောကာ မေးခွန်းကို ရုပ်သိမ်းခဲ့သည်။

    “တကယ်တော့ ဘာသာရေးကို ပြောတာမဟုတ်ဘူး။ ဒီကဏ္ဍမှာ များများသတ်နေလို့ ဦးတို့က များများပြောတာ။ အဲ့တော့ များများမသတ်ရင် ပြောစရာအကြောင်း မရှိဘူး” ဟု ဦးမောင်မြင့်က အစည်းအဝေးရပ်နားစဉ် မီဒီယာများကို ပြောသည်။

     

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://www.mizzimaburmese.com/article/23354

  • စစ်အာဏာရှင်အောက် ပြန်ရောက်လိုသူတွေ မြန်မာနိုင်ငံမှာ ရှိနေလား

    စစ်အာဏာရှင်အောက် ပြန်ရောက်လိုသူတွေ မြန်မာနိုင်ငံမှာ ရှိနေလား

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    army
    သူရဦးရွှေမန်း၊ ဦးသိန်းစိန် အပါအ၀င် စစ်အစိုးရဟောင်း၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များကို ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော် တပ်မတော်နေ့အခမ်းအနား၌ တွေ့မြင်ရစဉ်

    – ဖွဲ့စည်းပုံဥပဒေအရ အရေးပေါ်အခြေအနေကို ကိုင်တွယ်စီမံနိုင်ခွင့်ရှိသည့် စစ်တပ်အသိုင်းအ၀ိုင်းကြီးနှင့် တွေ့ဆုံစည်းဝေးနိုင်ရန် အာဏာရပါတီဟောင်းနှင့် မိတ်ဖက်ပါတီ ၁၂ ခုမှ ကြိုးပမ်းနေမှုမှာ အငြင်းပွားစရာ ဖြစ်လျက်ရှိသည်။

    ပြီးခဲ့သည့် သီတင်းပတ်က ၎င်းအငြင်းပွားဖွယ်ရာဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခြင်းမှာ အလားအလာမကောင်းလှ။ အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီ ၁၂ ခုမှ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အကျဉ်းအကြပ်များကို ဆွေးနွေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ – NDSC နှင့် တွေ့ဆုံ၍ အစည်းအဝေးတစ်ရပ်ကျင်းပနိုင်ရန် တောင်းဆိုခဲ့ကြသည်။

    နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော အဆိုပါတောင်းဆိုချက်တွင် အကျဉ်းအကြပ်ပြဿနာများက အချုပ်အခြာအာဏာကို ထိပါးလာနေပြီဖြစ်သဖြင့် NDSC ကို လိုအပ်နေပြီဟု ဆိုထားသည်။

    အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းသူပြည်သားအများစုက၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မနှစ်မြို့ကြ။ ယင်းဖွဲ့စည်းပုံမှာ စစ်တပ်အား လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းအထိ နေရာပေးထားခြင်းနှင့် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် NDSC ၌ အဓိကနေရာယူထားစေခြင်းတို့ကြောင့်ဖြစ်သည်။

    ဖွဲ့စည်းအုပ်ချု့ပ်ပုံအခြေခံဥပဒေ၏ပုဒ်မ ၄၁၇ အရ တိုင်းပြည်ပြိုကွဲနိုင်သည့်အရေးကို ရင်ဆိုင်ကြုံတွေ့ရလျှင် သို့တည်းမဟုတ် အကြမ်းဖက်မှုကြောင့် အချုပ်အခြာအာဏာထိပါးသည့် အန္တရာယ်ရှိလာလျှင် နိုင်ငံတော်သမ္မတသည် NDSC အား ဆင့်ဆိုခေါ်ယူ၍ နိုင်ငံတော်၏အရေးပေါ်အခြေအနေအတွက် တာဝန်ပေးအပ်နိုင်ကြောင်း ဖော်ပြထားသည်။ NDSC တွင် ထိပ်တန်းစစ်တပ်အရာရှိ ငါးဦး၊ သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရပ်သားပြည်သူ ခြောက်ဦးကို ထည့်သွင်းဖွဲ့စည်းထား၏။

    အရပ်သားအစုအဖွဲ့အတွင်း ဒုတိယသမ္မတများလည်း ပါဝင်သော်လည်း ဒုသမ္မတတစ်ဦးမှာ စစ်တပ်မှ တင်သွင်းထောက်ခံသူဖြစ်နေရသည်။ ၎င်းက လက်နက်ကိုင်အင်အားစုများကို ထိပ်တန်းတင်ထားရာရောက်နေပါသည်။ နိုင်ငံတော်၏အရေးပေါ်ကာလအတွင်း NDSC အား တရားဝင် လုပ်ပိုင်ခွင့်ရ အာဏာပိုင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

    ပါတီ ၁၃ ခုက NDSC အစည်းအဝေးခေါ်ယူရန်အတွက် အဘယ်ကြောင့် ထုတ်ပြန်ကြေငြာရပါသနည်း ? NLD အစိုးရမှ ပြဿနာများကို မကျော်လွှားနိုင်တော့ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်နေပါသလော ? တပ်မတော်က နိုင်ငံရေးစင်မြင့်ပေါ် တဖန် ဦးလှည့်ြ့ပန်တက်လာမည်ဟု ဆိုလိုခြင်းလော ? ဤသည်မှာ ယခုရက်သတ္တပတ်အတွက် အဓိကဆွေးနွေးလိုသည့် မေးခွန်းများဖြစ်ပါသည်။

    ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအခြေအနေနှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်း တိုက်ပွဲများကြောင့် တိုင်းပြည်သည် အကြပ်အတည်းဆိုက်ရောက်နေရသဖြင့် NDSC အစည်းအဝေးပြုလုပ်ရန် လိုအပ်နေပြီဟု ၁၃ ပါတီက ဆို၏။ ရခိုင်ပြည်နယ်အခြေအနေကြောင့် နိုင်ငံ၏ ပိုင်နက်နယ်မြေဆိုင်ရာအနေအထား၌ အန္တရာယ်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုထားသည်။ ကချင်လွတ်မြောက်ရေးတပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု၊ ရခိုင်တပ်မတော်တို့နှင့် မြန်မာတပ်မတော်အကြား ဖြစ်ပွားသော ရှမ်းပြည်တိုက်ပွဲမှာ သေကြေပျက်စီးခြင်း များစွာ ဖြစ်ပေါ်စေပြီး၊ တရုတ်ပြည်နှင့်ကုန်သွယ်ရေးကဏ္ဍကို အဟန့်အတားဖြစ် ပြိုကွဲစေသည်။

    အောက်တိုဘာလဆန်းပိုင်းတွင် မွတ်စ်လင်မ်စစ်သွေးကြွများက နယ်စပ်တပ်ဖွဲ့နှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ အရာရှိကိုးဦးသေဆုံးပြီး ခဲယမ်းမီးကျောက်နှင့် လက်နက်များကို ရယူသွားကြသည်။ ၎င်းနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး စတင်လာခဲ့သည်။ သို့သော် တိုက်ခိုက်သူများမှာ ဓားရှည်၊ တုတ်ချောင်းများသာ စွဲကိုင်ထားကြပြီး ခေတ်မီလက်နက်များ တပ်ဆင်ထားသည်ကို မတွေ့ရချေ။

    ရခိုင်ပြည်နယ် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်၏တုန့်ပြန်မှုမှာ ချီးကျူးစရာ ကောင်းသည်။ ၎င်းက မြန်မာ့ပြည်တွင်းရေးကို ၀င်လျှိုစွက်ဖက်ခြင်း မပြုဘဲ အိမ်နီးချင်းကောင်း၏ကျင့်ဝတ်အရ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်သွေးကြွများကို (ဖမ်းဆီး၍) လက်လွှဲအပ်နှံသည့်အပြင် မိမိပိုင်နက်အား မြန်မာနိုင်ငံကိုတိုက်ခိုက်သည့် အခြေစိုက်စခန်းအဖြစ် အလျဉ်းခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း အခိုင်အမာ ကတိပြုပြောကြားခဲ့သည်။

    ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ KIA နှင့် ၎င်း၏ မြောက်ပိုင်းသွေးချင်းမဟာမိတ်များက မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း မိမိတို့၏တိုက်ခိုက်မှုများမှာ တပ်မတော်ဖက်မှ လက်ရှိဖိအားပေးနေမှုအပေါ် လူအများသိရှိလာအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်မတော်ဖက်မှ အကျအဆုံးအထိအခိုက် များပြားနေလင့်ကစား မြောက်ပိုင်းသွေးချင်းညီနောင်များအဖွဲ့တို့မှ မြို့ သို့မဟုတ် ရွာများကို သိမ်းပိုက်ခြင်းမျိုး မတွေ့ရပါ။

    တိုက်ခိုက်မှုများ၏ အဓိကဦးတည်ချက်သည် နယ်စပ်ကုန်သွယ်ရေးနှင့် လူထု၏ရွှေ့ပြောင်းမှုတို့ကို ဟန့်တားထိခိုက်စေရန်ဖြစ်သည်။ တပ်မတော်အဖို့ အဆိုပါ ဘေးသင့်ဒေသများတွင် တရားဥပဒေစိုးမိုးရေးကို ပြန်လည်တာဝန်ယူသွားနိုင်ရန်သာ လိုအပ်ပေသည်။ မြန်မာနိုင်ငံသည် အန္တရာယ်တွင်းနက်ထဲသို့ ကျရောက်နေခြင်း မရှိ၊ ချောက်ကမ်းပါးစွန်း၌လည်း တွဲလွဲခိုနေခြင်းလည်း မရှိပေ။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် အခါအားလျော်စွာ လိုအပ်သလို တွေ့ဆုံဆွေးနွေးနေလေ့ရှိပါသည်။ ကက်ဘိနက်အစည်းအဝေးတွင်လည်း စစ်တပ်အရာရှိများနှင့် NDSC အဖွဲ့ဝင်များဖြစ်နေကြသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးများအား ခေါ်ယူတိုင်ပင်လျက်သာဖြစ်သည်။

    ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(က)အရ မြန်မာနိုင်ငံသည် အေးချမ်းတည်ငြိမ်မှု ပျက်ပြားလာလျှင် သမ္မတသည် NDSC နှင့်ပူးပေါင်းလက်တွဲကာ စစ်အာဏာသိမ်းစေနိုင်သော အခွင့်အရေးရှိသည်။

    NDSC အား အစည်းအဝေးခေါ်ယူရန်မှာ သမ္မတ၏လုပ်ပိုင်ခွင့်ဘောင်အတွင်း၌သာ ရှိသည်။ မည်သို့ဆိုစေ လက်ရှိအခြေအနေအရ ယင်းသို့ပြုရန် မလိုအပ်ပါ။ မြန်မာနိုင်ငံသည် နယ်ချဲ့ကျူးကျော်ခံနေရခြင်း မဟုတ်၊ NDSC အဖွဲ့ဝင်များဖြစ်သည့် အစိုးရ၀န်ကြီးများသာမက တပ်မတော်အကြီးအကဲများမှာလည်း နိုင်ငံတော်အနေအထားကို အနီးကပ်စောင့်ကြည့်ဆွေးနွေးလျက်ရှိနေကြ၏။

    USDP ပါတီမှာ စစ်အာဏာရှင်များ၏ ဖန်တီးထုတ်လုပ်မှုတစ်ရပ်ဖြစ်သည်။ ၎င်းကို စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည်၊ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တီထွင်၍ သမ္မတဟောင်းဦးသိန်းစိန်က ဦးဆောင်ခဲ့သည်။ စစ်တပ်အကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့ခြေဥအရ ၂၀၁၁ ခုနှစ်တွင် USDP အာဏာရခဲ့သည်။

    ၂၀၁၅ ခုနှစ်တွင် NLD ၏ သောင်ပြိုကမ်းပြို အနိုင်ရရှိမှုက အဆိုပါထုတ်ပြန်ချက်၌ လက်မှတ်ထိုးထားကြသည့် USDP နှင့်တစ်ကွ အခြားပါတီ ၁၂ ခုအတွက် အရှက်တကွဲရှုံးနိမ့်မှု ဖြစ်စေခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ ဘေးကြပ်နံကြပ်အခြေအနေများအပေါ် NLD အစိုးရ၏ ကိုင်တွယ်မှုအား ဝေဖန်ခံရယုံမျှနှင့် USDP ဦးဆောင်အုပ်စုက ဂငယ်ကွေ့စစ်အစိုးရတစ်ရပ်ကို မျှော်လင့်နေပြီလော၊ သူတို့သည် သမိုင်းကို နောက်ကြောင်းပြန်၍ မြန်မာနိုင်ငံအား အာဏာရှင်လက်အောက်သို့ ပြန်လည်တွန်းပို့ချင်ကြပြီလော ….

    (Ref : FRONTIER MYANMAR, Do they want a return to military dictatorship?)
    (Original Writer : SITHU AUNG MYINT)
    (Translated by MYINTMO MAUNG MAUNG)

  • ” ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ပြောတဲ့ ‘အမျိုး၊ဘာသာ၊ သာသနာ’ ထိန်းသိမ်းစောင့်ရှောက်ခြင်း”ကို သုံးသပ်ခြင်း

    နိုဝင်ဘာ ၈ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှုတက္ကသိုလ် ) ရေးသည်။

    u-than-htay
    ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းဌေး (ဓါတ်ပုံ- ဦးသန်းဌေး FB)

    မြန်မာနိုင်ငံကို တစ်ပါတီအာဏာရှင်စနစ်ဖြင့် ( ၂၆ )နှစ်ကြာ အုပ်ချုပ်ခဲ့သောကြောင့် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်အောင်ပြုလုပ်ခဲ့သူ ဦးနေဝင်းသည် ၁၉၈၈ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်ပါတီ အထွေထွေညီလာခံကြီးတွင် မြန်မာပြည်သူ လူထုအား ပြောကြားသည့်မိန့်ခွန်းတွင် “ စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ် ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်။” ဟူ၍ လူမိုက်ဆံဆံပြောကြားခဲ့သော ကြောင့် ပြည်သူလူထု အများစုက မကျေမနပ်ဖြစ်ခဲ့ရသည်။ “မဆလ” ပါတီကိုယ်စားပြု ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ပြောကြားခဲ့သည့် အတွက် ထို “မဆလ” ပါတီအား ပြည်သူလူထုက ရွံရှာမုန်းတီး ခဲ့ကြသည်။

    အလားတူ အောက်တိုဘာ ၂၉၊ ၂၀၁၆ခု တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဥက္ကဋ္ဌ ဦးသန်းဌေးက ဧရာဝတီခရိုင်၊မြို့နယ်အလိုက်ဥက္ကဋ္ဌများ၊ ကော်မတီဝင် များနှင့် တွေ့ဆုံပွဲတွင် “(၁) အမျိုးဘာသာ သာသနာ (၂) တိုင်းပြည်လုံခြုံရေး (၃) သဘာဝဘေး အန္တရာယ်ကျရောက်ခြင်းဆိုတဲ့ အခြေအနေ (၃) ရပ်တွင် အမိန့်စောင့်ရန်မလိုဘဲ မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်ကြောင်း ‘ဘယ်လိုပဲလုပ်လုပ်’ တရားသည်”ဟု မှတ်ယူကြောင်း “အဲ့ဒီ (၃)ချက်နဲ့ ပတ်သက်လာရင် ခင်ဗျားတို့လုပ်ချင်ရာလုပ် အကုန်မှန်တယ်။ အကုန်တရားတယ်။ ဘာအမိန့်မှ မလိုဘူး။  အဲဒါယေဘုယျ လမ်းညွှန်ချက်ပဲ” ဟုပြောကြားခဲ့ပေသည်။

    “ ထို့အပြင် ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သည့်အခြေအနေများကို ပြန်လည်သုံးသပ်ကြည့် မည် ဆိုပါက ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့အမျိုးများ အတိ ဒုက္ခရောက်ကြသည် ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ထိပ်ဆုံးခေါင်းစဉ်ဖြင့် ပြုလုပ်သွားရမည့်လမ်းစဉ်ဖြစ်သည်” ဟူ၍လည်း ပြောကြား ခဲ့ပါ သည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးသည် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အဖွဲ့များ စုစည်းရာ၂၀၁၅ နိုဝင်ဘာလ၊ ၈ရက်နေ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် ပြည်ခိုင်ဖြိုးပါတီဝန်ကြီး အများစု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာနေရာဒေသ တစ်ခုလည်း ဖြစ်သည်။ ထို့အပြင်အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့များ (မဘသ)အဖွဲ့များ ကိုယ်တိုင် ပြည်ခိုင်ဖြိုးပါတီအား ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပေါ်ပေါ်ထင်ထင် မဲဆွယ်စည်းရုံးလှုံ့ဆော်ရာ ဒေသကြီး တစ်ခု လည်းဖြစ်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ဝန်ကြီးဟောင်းများ ရွေးကောက်ပွဲတွင် ဝက်ဝက်ကွဲ ရှုံးနိမ့်ခဲ့ရာ ဒေသကြီးလည်းဖြစ်ပါသည်။

    ထိုတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီးက အစွန်းရောက် အမျိုးသား ရေးဝါဒီများ၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် “ လူ့အခွင့်အရေးထက် ပြည်သူ လူထုလုံခြုံရေးနှင့် စားဝတ်နေရေးကို ဦးဆောင်ပေးဆောင်ရွက် ရမည်” ဟုလည်းမိန့်ချွေသွားခဲ့သေးသည်။ ထို့ကြောင့် စာရေးသူသည် ဆရာတော်ဘုရားကြီး အရှင်သံဝရာ လင်္ကာရ ၏ တရားတော်တစ်ခုကို သွားသတိရမိခဲ့သည်။ ဆရာတော်ဘုရားကြီးက “ အမျိုးကိုစောင့်ချင်ရင် ပညာတတ်အောင်လုပ်ကြ၊ အလုပ်ကောင်းကောင်းရှိအောင်လုပ်ကြ၊ ဝင်ငွေကောင်းအောင်လုပ်ကြ၊ “ဘာသာ” ကိုစောင့်ချင်ရင် ငါးပါးသီလကို လုံအောင်စောင့်ကြ။ “သာသနာ” ကိုစောင့်ချင်ရင် ရဟန်းသာမဏေများ၊ ဂန္ထစုရ ဝိပသာနစုရ ပရိပတ္တိ ပဋိပတ္တိ အလုပ်ကိုသာ သေသေချာချာ လုပ်ကြ၊ ကြီိးကြီးကျယ်ကျယ်တွေ လျှောက်ပြော လျှောက်လုပ်မနေနဲ့။ ကြီးကျယ်ဆိုတာ ကြီးမှကျယ်တာပဲကောင်းတယ်။ မကြီးပဲနဲ့၊မကျယ်ချင်ပါနဲ့။ “ကြီး” ဆိုတာပညာ ဗဟုသုတ၊ အသိဥာဏ်ကြီးတာကို ပြောတာ” ဟုမိန့်တော်မူခဲ့သည်ကို ပြန်ပြောင်းသတိရမိသည်။ ပညာရှိပီသလှ၍ စိတ်ထဲ ကြိတ်ပြီး လေးစားမိခဲ့သည်။

    ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီးဆိုလိုသည့် “ အမျိုးဘာသာ၊သာသနာ” ဟူသည် “ဗုဒ္ဓဘာသာကိုးကွယ်သည့် လူမျိုးအရေးကိုသာ လုပ်ဆောင်မည်”ဟု စာရေးသူနားလည်မိသည်။ ဥက္ကဋ္ဌကြီး သည် တစ်ချိန်က လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သည့် တပ်မတော် တွင် ဗိုလ်ချုပ် ရာထူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း လေ့လာမိပါသည်။ မီးရထားဝန် ကြီးတစ်ဦးအနေဖြင့်လည်း တာဝန်ယူခဲ့ဖူးကြောင်း သိခဲ့ရပါသည်။ မြန်မာလွတ်လပ်ရေးအတွက်
    ဗြိတိသျှနယ်ချဲ့များနှင့် ဖက်ဆစ် ဂျပန် တို့အား တွန်းလှန်ခဲ့ရာတွင် တိုင်းရင်းသားပေါင်းစုံ၊ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်ခဲ့သည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ရွှေစကား၊ ရွှေမိန့်ခွန်း” များတွင် ဥက္ကဋ္ဌကြီး လေ့လာနိုင်ပါသည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ နှင့် ၃၄၈ တွင် “မည်သူမဆို ဥပဒေအရာတွင် တန်းတူ ညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ခွင့် ပေးရမည်” ဟုလည်းကောင်း၊ “မည်သည့်နိုင်ငံသားကိုမျှ လူမျိုးဇာတိ၊ကိုးကွယ်သည့်ဘာသာ၊ ရာထူး၊ဌာနန္တရ၊ အဆင့်အတန်း၊ယဉ်ကျေးမှု၊အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်းမပြုရ” ဟူ၍ဖော်ပြထားကြောင်း တွေ့ရပါသည်။ ထို့အပြင် ဖွဲ့စည်းပုံ ပုဒ်မ ၃၆၂တွင် “ ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သောဘာသာတို့ကို နိုင်ငံတော်တွင် တည်ရှိ နေသော ကိုးကွယ်ယုံကြည်ရာဘာသာများ”ဟူ၍ အသိအမှတ်ပြုထားကြောင်း၊ ဥက္ကဋ္ဌကြီး ဂဃနဏ လေ့လာထားလျှင် “အမျိုးဘာသာ၊သာသနာ” ဟူသောစကားကို ရှေ့တန်းတင်ပြော ဆိုလိမ့်မည်ဟု စာရေးသူမထင်ပါ။

    တပ်မတော်၏ အရေး (၃)ပါးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အဓိက အသက်သွေးကြောတစ်ခုဖြစ်ပါသည်။ ပါတီဥက္ကဋ္ဌကြီး၏ “ အမျိုး၊ဘာသာ၊သာသနာ” အရေးဟူသော စကားလုံးသည် ပျားရည်ထက်လည်း ချိုမြိန်လှပါသည်။ ဂီတသံစဉ်တွေလိုလည်း နားဝင်ချိုလှပါသည်။သို့သော် “ ဓားသွားထက်က ပျားရည်စက်လို” ထိလွယ်ရှလွယ် လှပါသည်။  ဗုဒ္ဓဘာသာ မဟုတ်သူ တိုင်းရင်းသား/နိုင်ငံသားများအား စည်းလုံးညီညွတ်မှုကို ထိခိုက်စေပါသည်။ ပွတ်တိုက်မှုကို ဖြစ်စေပါသည်။ ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦး၏ “ အမျိုးဘာသာ၊သာသနာ နှင့်ပတ်သက်ရင် ဘာလုပ်လုပ် တရားတယ်။ အမိန့်တောင်းရန်မလိုဘူး” ဟူသော စကားသည် မတူကွဲပြား လူမျိုးများအတွက် ခြိမ်းခြောက်ခံရသည့် ခံစားမှုများကိုဖြစ်စေသည့်အပြင် ပြည်ခိုင်ဖြိုး ပါတီအပေါ် မြန်မာပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုကိုလည်း လျော့နည်းကျဆင်း စေမည် ဖြစ်ကြောင်း သတိထားမိပါသည်။

    “ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည်” မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ် သည်။ ထို့ကြောင့်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး အဲဒီညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်၊လွတ်လပ်သော်ငြားလည်း ဘယ်ပါတီ တက်တက် ဘယ်အစိုးရလုပ်လုပ် “ဖာသည်” တိုင်းပြည် ဖြစ်နေမှာပဲလို့ကျွန်တော်ပြောချင်ပါတယ်။ အဲဒီတော့ ကား ဒီနှစ်ခုကိုခင်ဗျားတို့ မပျက်ပြားစေနဲ့။ ဘယ်သူက ဘာလုပ်လုပ်၊ မပျက်စေပါနဲ့ အဲဒါအင်မတန် အရေးကြီးပါတယ်” ဟု “ စည်းလုံးခြင်းသည် ခွန်အား၊ ညီညွတ်ခြင်းသည် အင်အားဖြစ်သည်”ကို မီးမောင်းထိုးပြခဲ့သည်။

    မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြောင်းစာတမ်းပါ အပိုဒ်ပေါင်း(၃၀)ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ စာရင်းဝင်ဖြစ်ပါသည်။လူ့အခွင့်အရေးကို တန်ဘိုးထား လေးစား လိုက်နာသော နိုင်ငံများသည် ကမ္ဘာ့အလယ် ဂုဏ်တင့်တယ်လှသည်။ထိုနိုင်ငံများသို့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံ ကြသည်။ အကျိုးရလဒ်အနေနဲ့ တိုင်းပြည်၏ အခွန်ဘဏ္ဍာငွေများ ရရှိသလို နိုင်ငံသူ၊နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း များပြားလာသည်။ ပြည်သူလူထု၏ စားဝတ်နေရေး များသည်လည်း ပြေလည်ကြသည် ကိုတွေ့ရသည်။ ထို့ကြောင့်လည်း ခိုး၊ဆိုး၊လုယက်၊ လိမ်ညာ၊ လှည့်ဖြား၊ဥပဒေမဲ့လုပ်ရပ်များ မရှိသလောက်ဖြစ်သည်ကိုသတိပြုမိသည်။ “ ချိန်ခွင်လျှာပမာမျှတသော တရားဥပဒေစိုးမိုးမှု ကာကွယ်စောင့်ရှောက်မှု” အောက်တွင် နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများသည် တရားဥပဒေကို လေးစားလိုက်နာကြသည့် အတွက် အထွေအထူး လုံခြုံရေးအစီမံများ မလိုအပ်ကြောင်း လေ့လာမိသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များ ကို မထီမဲ့မြင် ပြူလုပ်ပြောဆိုခြင်းသည် နိုင်ငံတော်၏ပုံရိပ်ကို ကျဆင်းစေသည့် လုပ်ရပ်ဖြစ်၍အထူး ရှောင်ကြဉ် အပ်ပေသည်။

    ယခုအချိန်အခါသည် အပြောင်းအလဲတစ်ခုကို “အလျင်” တစ်ခုနှင့် သွားနေသောအချိန်ဖြစ် သည်။ ပြည်သူလူထုအများစုကြီး၏ စားဝတ်နေရေး ပြေလည်စေရေးအတွက် နိုင်ငံတော်၏ အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့နိုင်ငံ အသီးသီးသို့သွားကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှပ်ရေးစတဲ့ အကူအညီတွေကို မြန်မာနိုင်ငံကြီး ပြန်လည်ဦးမော့လာစေရေး အတွက် မမောနိုင် မပမ်းးနိုင် ကြိုးပမ်းနေချိန် ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က  “ကျမတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ အလိုအပ်ဆုံးအရာက လူ့သဘာဝဖြစ်လေ့ဖြစ်ထရှိသော “မနာလို ဝန်တိုစိတ်၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုစိတ်” စသည်တို့ကိုပြုပြင်ပြောင်းလဲရန် အဓိက သော့ချက်ဖြစ်ကြောင်း” စေတနာထား ထောက်ပြခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ဦး၏ အဖိုးတန်စကား ရတနာတစ်ခုဖြစ်သည်။ သီတဂူဆရာတော်ကြီးကလည်း “ဘယ်ကိစ္စမဆို အစွန်းမရောက်ဘဲ အလယ်အလတ် လမ်းစဉ်လိုက်မှသာ အောင်မြင်နိုင်မယ်။ ဂျိုပေါက်တဲ့ နွားလို၊ အစွမ်း ထက်တဲ့ တောဝက်လို မာနခဲနဲ့ မြင်မြင်သမျှ တိုက်ခိုက်နေရင်လည်း အများမုန်းပြီး မအောင်မြင်တတ်ကြောင်း” ဟောကြားခဲ့သည်ကို ခေါင်းဆောင်နေရာရထားသူများကို နားလည်စေချင်သည်။

    ထို့အပြင် သီတဂူဆရာတော်ဘုရားကြီးက “ လူတွေကို ကုလားလား? ဗမာလား? မွတ်စလင်လား? ခရစ်ယာန်လား? ခွဲနေစရာမလိုဘူး။ လူဆိုးလား? လူကောင်းလား? ခွဲနိုင်ရင်တော်ပြီ။ အဲဒါမှ ဗုဒ္ဓဝါဒ မြန်မာ့ဝါဒ” ဟုမိန့်ကြားခဲ့ခြင်းသည် လူသားဝါဒ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားလိုက်နာသင့်ကြောင်း သွယ်ဝိုက်ပြောဆိုရာလည်း ရောက်ပေသည်။

    မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မထားအပ်သော စိတ်ဓာတ်တို့ကို လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက ၂၀.၄.၁၉၄၃ ခုက “ဟိုရှေးရှေးတုန်းက ရှိခဲ့တဲ့ သေးသိမ်တဲ့ စိတ်ဓာတ်၊ စိတ်ဖျင်းတွေကိုဖျောက်။ကျွန်စိတ်၊ကျေးစိတ်တွေ ကိုဖျောက်။ဂိုဏ်းဂဏစိတ်တွေ ဖျောက်။ ဒါမှမြန်မာနိုင်ငံတော် ကြီးပွားချမ်းသာမှာပဲ။ ဒီလိုစိတ်ဓာတ်တွေကို မဖျောက်နိုင်ဘူးဆို ရင်တော့ အဲဒီသူတွေဟာ ဒီနိုင်ငံရဲ့ “သွေးသစ္စာ” ကိုဖောက်ဖျက်သူတွေပဲလို့ ကျွန်တော်ဒီကနေ အတိအလင်း ကြေငြာပါတယ်”ဟု မိန့်ကြားခဲ့ပါသည်။

    ထို့ကြောင့် မြန်မာနိုင်ငံတော်ကြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်လာစေရန် စိတ်ဆန္ဒရှိသူတိုင်း လူသား သဘာဝ အမှားမကင်းသည့် အတွက် “ပျက်အစဉ်၊ ပြင်ခဏ” ဆိုသည့်အတိုင်း တိုင်းပြည်အတွက် ထိခိုက်စေမည့် အပြောအဆို အမူအကျင့်များ လုပ်ရပ်များကို  သတိ၊အသိထားပြီး ရှောင်ရှားသင့် ဖို့ အချိန်တန်ပြီဟု စာရေးသူနားလည်မိပါသည်။ သို့မဟုတ်ပါက “ ကြမ်းပေါက်ကျွံလျှင် နှုတ်၍ရ၊ စကားကျွံလျှင် နှုတ်၍မရ” ဆိုသည့်စကားကို နိုင်ငံတော်၏ အရေးပါ အရာရောက်သော အဖွဲ့အစည်း ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ ဝန်ကြီးများ၊နိုင်ငံတော် အကြီးအကဲဆိုသူများအနေဖြင့် “မပြောခင်စကား စဉ်းစားထား။ ပြောနေစဉ်လည်း စဉ်းစားထား။ ပြောပြီးရင်လည်း ပြန်စဉ်းစားပါ။” ဟု အကြံပြု တိုက်တွန်းရင်း တိုင်းပြည်တိုးတက်ရေးအတွက် အားလုံး အတူတကွ အလုပ်လုပ်ကြပါစို့ ဟုအကြံပြုလိုက်ရပါသည်။

    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှုတက္ကသိုလ် )

  • ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ

    ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ

    နိုဝင်ဘာ ၁၉ ၊ ၂၀၁၅
    မေသန္တာမျိုး
    .12278735_496476763856949_469226572134746750_n
    မန္တလေး။        ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ် ခွင့်မပြုတော့သည့် နိုဝင်ဘာ(၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြိး ပျော်ဘွယ်မြို့နယ်၌ အစ္စလာမ်ဘာသာဝင် တို့၏ မြန်မာပြည်သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက်အား ကိုင်ဆောင်၍  စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲသူ လင်မယားအား နိုဝင်ဘာလ (၁၈) ရက်နေ့ ၊နေ့လည်(၁၂း၀၅) အချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံက သိရသည်။
    .
    ဖြစ်စဉ်မှာ နိုဝင်ဘာ(၇) ရက်နေ့ ညနေ(၅း၃၀) အချိန်က ပျော်ဘွယ်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု၊ စံပါယ်ကုန်းကျေးရွာ တွင် ဦးပေါ်မှင် (၆၀) နှစ် နှင့် ၄င်း၏ ဇနီး ဒေါ်နု(၆၁) နှစ် တို့သည် အစ္စလာမ် ဘာသာဝင်တို့၏ မြန်မာပြည် သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက် (ထုတ်ဝေသူအမည်/ နေရပ်လိပ်စာ မပါ) အား ကိုင်ဆောင်၍ တစ်အိမ်ဝင် တစ်အိမ်ထွက်သွားရောက်ကာ NLD ပါတီအားမဲထည့်လျှင် အစ္စလာမ်ဘာသာဝင်တို့၏ စော်ကားခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီအား မဲထည့်ရန် စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
    .
    ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အဆိုပါကျေးရွာနေ NLD ပါတီဝင် ၊ အမှတ်(၅) မဲရုံကိုယ်စားလှယ် ဦးစံလှ (၃၈)နှစ် က တိုင်တန်း၍ ဦးပေါ်မှင် ဒေါ်နု တို့အား ပျော်ဘွယ်မြို့မ ရဲစခန်းတွင် (ပ) ၃၆၅/ ၂၀၁၅ ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ) အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရသည်။
    .
    ၂၀၊၁၁၊ ၂၀၁၅ ထုတ် မန္တလေးအလင်း နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။

    Image via-ko aung tun FB