News @ M-Media
Tag: UYeHtut
  • ရခိုင်အရေး ပြန်ဝန်ဟောင်းဦးရဲထွဋ်အမြင် အရင်နဲ့မတူ ကွာခြားမှုတွေရှိနေပြီလား?
    ရခိုင်အရေး ပြန်ဝန်ဟောင်းဦးရဲထွဋ်အမြင် အရင်နဲ့မတူ ကွာခြားမှုတွေရှိနေပြီလား?
    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    ye-htut
    ၂၀၁၅ ခုနှစ် မေလ ၁၈ ရက် MPC စင်တာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်
    – ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲထွဋ်သည် ယခုအခါ စင်္ကာပူအခြေစိုက် Institute for Southeast Asian Studies တွင် အဆင့်မြင့်ဧည့်သည်တော် အဖွဲ့ဝင်တစ်ဦးအဖြစ် ဘ၀ဖြတ်သန်းလျက်ရှိသည်။ လုပ်ငန်းသစ်နှင့်အတူ ရခိုင်ပြည်နယ်ပြဿနာနှင့်စပ်လျဉ်း၍ သူ၏ အမြင်သစ်မှာလည်း အံ့သြစရာ စာမျက်နှာတစ်ရပ်ကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
    “အာဆီယံ၏ ၀င်ရောက်မစွက်ဖက်ရေးမူကို စိန်ခေါ်လျက်ရှိသည့် ရခိုင်ပြည်နယ်ပြဿနာ” ခေါင်းစဉ်တပ် ISEAS ၏ စာတမ်းသစ်တစ်ခုတွင် – ရိုဟင်ဂျာ ဟူသော အမည်နာမကို အသုံးပြုခြင်းအပေါ် နှိပ်ကွပ်ထားမှုမှာ ထိုလူ့အဖွဲ့အစည်း၏ နိုင်ငံသားဖြစ်ခြင်းကို ငြင်းပယ်ရာရောက်ကြောင်း၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်နေခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က လမ်းဟောင်းမှခွဲထွက်၍ ဆိုထားသည်။ သို့သာမက စာမျက်နှာ ၇ မျက်နှာအတွင်း ရိုဟင်ဂျာ ဟူသော စကားလုံးကို ၃၃ ကြိမ်တိုင်တိုင် အသုံးပြုထားသည့်အပြင် လူနည်းစုဝင်မွတ်စ်လင်မ်များအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရေး၊ ဖိနှိပ်ညှင်းဆဲမှုအဆုံးသတ်နိုင်ရန် အာဆီယံမှ လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်ရေးအတွက် နှိုးဆော်ထားသည်။
    မြန်မာနိုင်ငံ၏ အငြင်းအပွားရဆုံးအရေးတစ်ခုအပေါ် မိမိ၏နှလုံးသားပြောင်းလဲလာစေရန် စင်္ကာပူပညာရှင်အသိုင်းအ၀ိုင်းက များစွာ အထောက်အကူပြုခဲ့ကြောင်း ရန်ကုန် Coconuts သတင်းဌာနသို့ ဦးရဲထွဋ်မှ အီးမေးလ်ပေးပို့ပြောကြားခဲ့သည်။
    တစ်နှစ်တာအတွင်း ရှားပါးသည့်အပြောင်းအလဲတစ်ခုကို မြင်တွေ့ရခြင်းဟု ဆိုနိုင်ပေသည်။ ဦးရဲထွဋ်နှင့် ပူးတွဲရေးသားသူ Hoang Thi Ha က ရိုဟင်ဂျာတို့၏ ကိုယ်ပိုင်ရွေးချယ်ချက်အမည်နာမအား မြန်မာအစိုးရ၏ငြင်းပယ်ချက်အပေါ် ဝေဖန်မှုဖြင့် စာတမ်းအစပြုထားသည်။
    “ပြဿနာကို ဖန်တီးနေခြင်းက ပြဿနာဖြေရှင်းရေး ဒေသတွင်းချဉ်းကပ်ချက်တစ်ရပ် ဖြစ်လာအောင် တွန်းပို့ပေးပါတယ်။ အဲ့ဒါကိုက ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်စေပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ပယ်ချထားခြင်းမျိုးဖြစ်ပါတယ်” ဟု သူတို့က ရေးသားသည်။
    ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိ၍ ဦးရဲထွဋ်သည်လည်း သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ရာထူးကို လက်လွှတ်ခဲ့ရသည်။ ၎င်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ချက်တစ်ရပ်ဟု ထင်စရာရှိသည်။ သို့သော်လည်း ဒေါ်စုကြည်အနိုင်ရသော ရွေးကောက်ပွဲ၏အလျင် မြန်မာအစိုးရက ဤလူမျိုးရေးဝိသေသကို ပယ်ချထားပြီးဖြစ်သည်။
    ဦးရဲထွဋ်ကိုယ်တိုင်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အာဆီယံနိုင်ငံခြားရေးဝန်ကြီးစည်းဝေးပွဲအပြီး၌ မြန်မာပြည်သူလူထုနှင့် အစိုးရတို့သည် ရိုဟင်ဂျာ ဟူသော အမည်နာမကို လက်မခံကြောင်း၊ ယခင်နှစ်များစွာကပင် မြန်မာနိုင်ငံရှိ ဘာသာကွဲများစွာအကြား ပြဿနာဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့မှာ ပြည်တွင်းရေးသာဖြစ်၍ မြန်မာအစိုးရနှင့် ပြည်သူတို့မှ ကိုင်တွင်ဖြေရှင်းပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနှစ်မတ်လတွင် ၎င်းတို့သည် ရိုဟင်ဂျာအဖြစ် ခံယူပါက မြန်မာအစိုးရမှ သန်းကောင်စာရင်းကောက်ခံမှုထဲ ထည့်သွင်းမည်မဟုတ်ကြောင်း သူက ကြေငြာခဲ့သည်။ များမကြာမီ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် သူနှင့်သူ့ပါတီ ရှုံးနိမ့်ပြီးသည့်နောက် သူက “ရိုဟင်ဂျာ အမည်နာမ သုံးနှုန်းခြင်းကို အပြည့်အ၀ကန့်ကွက်ပါတယ်။ ဒါက ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဖြစ်တယ်” ဟုလည်း ပြောဆိုခဲ့သေးသည်။
    ရိုဟင်ဂျာအသုံးအနှုန်းနှင့်စပ်လျဉ်း၍ စေ့စပ်မရနိုင်သော နှစ်ဦးနှစ်ဖက်အနေအထားအပေါ် သူက ဖျန်ဖြေပြေလည်မှုတံတားထိုးရန် အမြင်ကို တင်ပြထား၏။ ရိုဟင်ဂျာအား (တရုတ်၊ အိန္ဒိယ၊ နီပေါ ကဲ့သို့) လူ့အသိုင်းအ၀ိုင်းတစ်ရပ်၏အမည်တစ်ခုအနေဖြင့် အသုံးပြုရန် အဆိုပြုချက်တစ်ခုကို ထည့်သွင်းထားသည်။ အဖက်ဖက်မှသုံးသပ်ပြီး အမြင်နှစ်ရပ်ကိုလည်း ချပြထား၏။ (က) ရိုဟင်ဂျာတို့အနေဖြင့် တိုင်းရင်းသားစာရင်း၌ပါဝင်ရေးကို စွန့်လွှတ်၍ နိုင်ငံသားဖြစ်ရေးကိုသာ အားထုတ်သင့်သည်။ (ခ) မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိမွတ်စ်လင်မ်တို့ထံ ကိုယ်ပိုင်သတ်မှတ်ချက်ပြုခွင့်ရှိကြောင်း လက်ခံသင့်သည်၊ ထို့ပြင် ၎င်းတို့အတွက် တိကျသေချာပွင့်လင်းမြင်သာသော နိုင်ငံသားနှင့်တိုင်းရင်းသားဆိုင်ရာ လုပ်ငန်းစဉ်အစီအမံတစ်ရပ်ကို အရှိန်မြှင့်ဆောင်ရွက်သင့်သည်။
    Coconuts သတင်းဌာနသို့ ဦးရဲထွဋ်၏ပြောကြားချက်များအနက် အချက်အချို့ကို အောက်ပါအတိုင်း စိတ်ဝင်စားဖွယ်ရာ တွေ့ရသည်။
    – ရိုဟင်ဂျာများအနေနှင့် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲပါဝင်အောင် ကြိုးစားခြင်းမှာ အချည်းနှီးသာ ဖြစ်မည်၊ မြန်မာနိုင်ငံတွင်း ပြောင်းရွှေ့ဝင်ရောက်လာသည့် အခြားအုပ်စုများကဲ့သို့ နိုင်ငံသားဖြစ်ရေးအတွက် ကြိုးစားမှုသာလျှင် ပြဿနာ၏တစ်ခုတည်းသောအဖြေဖြစ်သည်။
    – မြန်မာအစိုးရနှင့်ပြည်သူတို့သည် ရိုဟင်ဂျာကို အခြားတိုင်းရင်းသားများနည်းတူ တိုင်းရင်းအုပ်စုဝင်တစ်ခုအနေဖြင့် လက်ခံနိုင်မည်မဟုတ်၊ ဗြိတိသျှလက်ထက် တရားဝင်သန်းကောင်စာရင်း၌ ရိုဟင်ဂျာ ဟူသော အမည်နာမကို အသုံးပြုထားခြင်း မတွေ့ရ၊ ၎င်းအသုံးအနှုန်းသည် ၁၉၅၀ ခုနှစ်များအတွင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်၊ အနောက်တိုင်း သံရုံးများသည်ပင်လျှင် ၁၉၉၂ ခုနှစ်အထိ ဘင်ဂါလီ ဟုသာ သုံးနှုန်းခဲ့ကြသည်။
    – ရိုဟင်ဂျာတို့သည် ယင်းကွဲပြားမှုအပေါ် အထိမခံဖြစ်မည့်အစား ပြေလည်ရေးဖက်သို့ ဦးလှည့်သင့်သည်။
    – ဘင်ဂါလီ အားလုံးနီးပါးတို့သည် တိုင်းရင်းသားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးအကြား ကွဲပြားချက်ကို နားမလည်ကြ၊ ၎င်းတို့ ဘာသာရေးဆရာများ၏မှိုင်းတိုက်မှုကြောင့် တိုင်းရင်းသားဖြစ်မှသာလျှင် နိုင်ငံသားအခွင့်အရေးရလိမ့်မည်ဟု ယုံကြည်နေကြသည်။
    – ရိုဟင်ဂျာတို့၏ နိုင်ငံသားဆိုင်ရာအခွင့်အရေးအား ၁၉၈၂ နိုင်ငံသားအက်ဥပဒေအရ ပေးအပ်သင့်သည်။
    – အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။ ၂၀၁၂ အကြမ်းဖက်မှုဖြစ်စဉ်၏နောက်ဝယ် သာမန်ရွာသားတို့မှာ ပိုပြီး အစွန်းရောက်သွားခဲ့ရာ ဤပြဿနာကိုဖြေရှင်းရန် ခြေလှမ်းသစ်တစ်ရပ် လိုအပ်နေသည်။ ISIS သည် မလေးရှားနှင့် အင်ဒိုနီးရှားမှ မွတ်စ်လင်မ်များကို စုစည်း၍ ရခိုင်ပြဿနာအား အသုံးချရန် ကြံစည်နေသည်။ မြန်မာနိုင်ငံအနေနှင့် ပြည်တွင်းရေးသက်သက်အဖြစ်သာ သဘောမထားဘဲ အကြမ်းဖက်ဆန့်ကျင်ရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်။
    – ရခိုင်ပြည်နယ်ပြဿနာများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစွာ ချပြသင့်သည်။
    နိုင်ငံရေးနှင့် လုံခြုံရေးဆက်နွှယ်ချက်ကြောင့် ယမန်နှစ်မှစပြီး ရိုဟင်ဂျာကိစ္စမှာ အာဆီယံအသိုင်းအ၀ိုင်းထဲအထိ ဂယက်ရိုက်လာခဲ့ကြောင်း သူ၏ စာတမ်းတွင်လည်း ရေးသားထားသည်။
    “ရိုဟင်ဂျာတို့ရဲ့ တိုင်းရင်းသားဖြစ်ရေးတောင်းဆိုချက်နဲ့ ပတ်သက်လို့ ကျွန်တော့်ယူဆချက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ISEAS က ပညာရှင်အသိုင်းအ၀ိုင်းက ကျွန်တော့်ကို အရှိတရားအပေါ် ပိုပိုပြီး သိမြင်နားလည်လာစေပါတယ်” ဟူသော စကားဖြင့် ရိုဟင်ဂျာများနိုင်ငံသားဖြစ်ရေးတွန်းအားပေးသော လှုံ့ဆော်မှုပြုရန် မိမိ၏လူထုနှင့်ထိတွေ့မှု၌ အသုံးချသွားမည်မဟုတ်ကြောင်း၊ မိမိသည် လှုပ်ရှားတက်ကြွသူတစ်ဦးမဟုတ်ကြောင်း၊ မိမိ၏ပညာရပ်အမြင်ကို မျှဝေခြင်းသာဖြစ်ကြောင်း ဦးရဲထွဋ်က အဆုံးသတ်ပြောကြားသွားသည်။
    အကျယ်ကို http://yangon.coconuts.co/2016/12/23/u-ye-htut-or-how-i-learned-stop-hating-and-accept-rohingya-citizenship တွင် ဖတ်ရှုနိုင်ပါသည်။
  • ဇနီးဖြစ်သူမှ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် ဓါတ်ပုံ Share ခဲ့မှု ဦးရဲထွဋ်တောင်းပန်၊
    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    .ဝေယံ
    ဇနီးဖြစ်သူမှ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် ဓါတ်ပုံ Share ခဲ့မှု ဦးရဲထွဋ်တောင်းပန်၊ 
    U Ye Htut Wife
    အမျိုးသားဒီမိုကရေ အဖွဲ့ချူပ် ဥက္ကဌ နှင့် ပြည်သူလွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ စော်ကား တိုက်ခိုက်ထားသည့် ဓါတ်ပုံပါ ပိုစ်တခုကို ပြန်ကြားရေး ဒုဝန်ကြီး နှင့် နိုင်ငံတော်သမ္မတရဲ့ တဦးတည်းသော ပြောေ၇း ဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးရဲထွဋ်၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာထွန်းမှ ၄င်း၏ Facebook စာမျက်နှာမှာ ထပ်ဆင့်မျှဝေခဲ့ပါတယ်။
    အဆိုပါ လုပ်ရပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ထောက်ခံသူများ အကြား ဝေဖန်ပြစ်တင်မှုတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီးနောက် ဒေါ်ခင်စန္ဒာထွန်းမှ ၄င်း Facebook စာမျက်နှာကို ပိတ်ထားခဲ့ကြောင်းတွေ့ရပါတယ်။
    အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဒုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာထပ်မှာ တရားဝင်တောင်းပန်လိုက်ပါတယ်။
    U_Ye_Htut
    တောင်းပန်စာတွင် ၄င်းရဲ့ ဇနီးဖြစ်သူ လုပ်ရပ်ကို ဝန်ခံခဲ့ပြီး အဆိုပါလုပ်ရပ်ဟာ သူလက်ခံထားတဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူများ လိုက်နာရမယ့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက်တွေ မဖြစ်ရဘူးဆိုတဲ့ ကျင့်ဝတ်နဲ့ လွဲချော်နေကြောင်း ဝန်ခံခဲ့တာကိုတွေ့ရပါတယ်။
    ဒါအပြင် သူဇနီးရဲ့ လုပ်ဆောင်ချက်ဟာ ဒီမိုကရေတစ်စံနှုန်းတွေနဲ့ပါ လွဲချော်နေတဲ့အတွက် ချက်ခြင်း ဖျက်ခိုင်းခဲ့ကြောင်းကို ထည့်သွင်းရေးသားထားပါတယ်။
    ဦးရဲထွဋ်မှ အများလိုက်နာတဲ့ စံနှုန်းတွေကို သူမိသားစုအပေါ်ကို အိမ်ထောင်ဦးစီး တယောက် အနေနဲ့  ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုး ထောက်ခံသူများနဲ့ သူရဲ့ စာဖတ်ပရိတ်သတ်ကို တောင်းပန်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။
    အလားတူ ဒေါ်ခင်စန္ဒာထွန်းမှာ ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်ပြီး အမုန်းပွားစေမည့် ပိုစ်များကိုလဲ ထပ်ဆင့်မျှဝေခဲ့တာကို တွေ့ရရှိရပါတယ်။
    တည်ဆဲ အီလက်ထရေနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄ တွင် အဖွဲအစည်းတခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောတစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့) ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ထားမှုများကို ဖြန်ချိခြင်းများ ပြုလုပ်ပါက အရေးယူခြင်းခံရမည်ဟု ပြဌာန်းထားပါတယ်။
  • ကင်းတားနား ရခိုင်မှ ဘုန်းကြီးများကို ဂါရ၀မထားဟူသည့် သတင်းကို ဦးရဲထွဋ်နှင့် ပုဂ္ဂလိက သတင်းသမားများ အပြန်အလှန်ငြင်းခုံနေကြ
    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media
    quentanar
    “ကင်တားနားသည် ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးအပေါ် ဂါရ၀တရား မထားကြောင်း ဒေသခံများက ပြောကြား” ဟူသော သတင်းခေါင်းစဉ်ဖြင့် အလဲဗင်းမီဒီယာမှ စတင်ရေးသားခဲ့သည့် အွန်လိုင်းတွင် ပြန့်နှံနေသော သတင်းနှင့် ပတ်သက်ပြီး “ဘုန်းကြီးနဲ့ အတူတူ ရှိနေတဲ့ အချိန် တလျောက်လုံး မြန်မာတွေ ထိုင်သလို ထိုင်နေပေမယ့် ခြေထောက် ဟိုဘက် ဒီဘက် ပြောင်းတဲ့ အချိန်ကို အမိအရ ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးရှေ့ မရိုမသေ ထိုင်သလို ပုံဖြစ်အောင် ဂျာနယ်ထဲထည့်တယ်။ အဲဒီပွဲကို အပြင်မီဒီယာတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး။ အစိုးရ မီဒီယာတွေသာဝင်ခွင့်ရပြီး လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်ကြောင်း” ဟု ဓာတ်ပုံသတင်းသမားတစ်ဦးက ဖေ့ဘွတ်တွင် ရေးသားထားပါသည်။
    အဆိုပါ ရခိုင် ဘုန်းတော်ကြီးများနှင့် ကင်တားနားတွေ့ဆုံတဲ့ပွဲကို ပြန်ကြားရေး မီဒီယာသမားနှစ်ယောက် အပါအ၀င် ဌာနဆိုင်ရာက ဓာတ်ပုံ၊ ဗီဒီယိုသမား ၆ ဦး၊ ပြင်ပ မီဒီယာ သမား ၄ ဦး ပါဝင်ခဲ့သလို အခြားပါဝင်ခဲ့တဲ့သူတွေကလည်း မိုဘုန်းဖုန်းတွေနဲ့ ဓါတ်ပုံရိုက်နိုင်တဲ့အကြောင်း ဦးရဲထွဋ်က ဆိုပါသည်။
    အလဲဗင်းမီဒီယာရဲ့ အဆိုပါ “ကင်တားနားသည် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအပေါ် ဂါရ၀တရား မထားကြောင်း ဒေသခံများက ပြောကြား” ရေးသားသည့် သတင်းနှင့် ပတ်သက်ပြီး မြန်မာတိုင်းမ် အင်္ဂလိပ်ပိုင်း မှ “Media should focus on the real issues in Rakhine State ” ခေါင်းစဉ်ဖြင့် တန်ပြန်ထောက်ပြရေးသားခဲ့တာကို တွေ့ရပါသည်။
    ဓါတ်ပုံ ရှင်းလင်းချက်-  ကင်တားနာဟာ ခရီးစဉ်တခုအတွင်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် လေယာဉ်တစီးတည်းစီးခဲ့စဉ်က (ဓါတ်ပုံ United Nations Information Centre Yangon)
    စာကြွင်း- မြန်မာတိုင်း(မ်)ရဲ့ “Media should focus on the real issues in Rakhine State ” ဆောင်းပါး ကို M-Media မှ “ရခိုင်ပြည်နယ်၏ ပကတိဖြစ်အင် အပေါ်၌သာ မီဒီယာများမှ ဖော်ပြသင့်” ခေါင်းစဉ်ဖြင့် မြန်မာပြန် ဆိုထားချက်အား အောက်ပါလင်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
    http://www.m-mediagroup.com/news/17315
  • မိတ္ထီလာဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကုလကိုယ်စားလှယ် ကင်းတားနား ဖြစ်စဉ်မှန်ကို ပြောခြင်း မဟုတ်ဟု ဦးရဲထွဋ် စွပ်စွဲ
    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media
    UN envoy
    မိတ္ထီလာခရီးစဉ်အတွင်း ကုလကိုယ်စားလှယ်အား လုံခြုံမှုအပြည့်အ၀ ပေးခဲ့ကြောင်းဖြင့် သမ္မတပြောခွင့်ရ ဦးရဲထွဋ်မှ ပြောကြားကာ ကုလကိုယ်စားလှယ် ကင်းတားနား၏ ပုဂ္ဂလိက ခံစားချက်ကို ငြင်းဆန်ပယ်ချခဲ့ ကြောင်း သတင်းများက ဆိုသည်။
    ကုလကိုယ်စားလှယ် ကင်းတားနားမှာ မိတ္ထီလာသို့အသွား ရမ်းကားလူအုပ်ကြီးက ကားတန်းတလျောက်လိုက်ကာ ဆဲဆိုရန်စကာ ကားများကို ကန်ကျောက်ခဲ့သော်လည်း ရဲများက လက်ပိုက်ကြည့်နေကြောင်း၊ သို့ကြောင့် ကင်းတားနားနှင့်အဖွဲ့က ကြောက်ရွံ့စိုးရိမ်မှု ခံစားခဲ့ရကြောင်းဖြင့် သတင်းများက ဖော်ပြသလို ကင်းတားနားကိုယ်တိုင်ကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။
    သို့သော် ဦးရဲထွဋ်ကမူ ဆိုးသွမ်းလူအုပ်ကြီးမှာ ကင်းတားနားအား စာနှင့် တီရှပ်များပေးရန်သာ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကင်းတားနား၏ ပြောစကားများမှာ ဖြစ်စဉ်မှန်နှင့် လုံးဝဆန့်ကျင်နေကြောင်း၊ ရဲများက သူ့ကို အကာအကွယ်ပေးခဲ့ကြောင်း၊ ဆိုးသွမ်းလူအုပ်ကြီးက သူ့ကိုထိခိုက်စေဖို့ ရည်ရွယ်ရင်း မရှိခဲ့ကြောင်း စသဖြင့် ၄င်းကိုယ်တိုင် ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့်အလား ဆိုခဲ့သည်။
    ကင်းတားနားကမူ ထိုဖြစ်စဉ်တွင် အကာအကွယ်လုံးဝကင်းမဲ့နေသည်ဟု မိမိခံစားရကြောင်း၊ မြန်မာအစိုးရက ကုလကိုယ်စားလှယ်တစ်ဦးကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့်မြန်မာအစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    Ref: ဧရာဝတီ
    Photo – AFP
    ဗီဒီယို Credit >> ကမာရွတ်မီဒီယာ
  • အမုန်းပွားစေတဲ့ ပုံရိပ်တွေကို လျှော့ချဖို့ ဘယ်လို အစီအစဉ်တွေ လုပ်ကြမလဲ (ဆွေးနွေးပွဲမှ အမေးအဖြေများ)
    ဇွန်လ ၂၈၊ ၂၀၁၃
    M-Media
    ဆူးထက်
    တရားရုံးချုပ် ရှေ့နေ ဦးကျော်ငြိမ်းမှ မေးခွန်းမေးရာတွင် ” အမုန်းတရားပွားစေတဲ့ ဟောပြောချက် အချို့ဟာ ကျွန်တော်တို့ ပြည်တွင်းမှာ မလွှဲမရှောင်သာ ရှိခဲ့ပါတယ်။ အဲဒီအမုန်းတရားပွားစေတဲ့ ဟောပြောချက်တွေကြောင့် ရှိရင်းစွဲ ပြည်သူ ပြည်သားကြားမှာ ရှိရင်းစွဲ ပုံရိပ်တွေ ဟာ ထိခိုက် ပွန်းရှမှု ရှိခဲ့ပါတယ်။ အဲဒီ့ အမုန်းပွားစေတဲ့ ပုံရိပ်တွေကို လျှော့ချဖို့ အစီအစဉ်တွေ၊ ဥပဒေတွေ စဉ်းစားသလို၊ ယိုယွင်း၊ ထိခိုက်ပွန်းရှခဲ့တဲ့ ပုံရိပ်တွေကို ဘယ်လိုပြန်လည် တည်ဆောက်ကြမလဲဆိုတဲ့ အချက်ကိုလည်း မစဉ်းစား သင့်ပါဘူးလား။ စဉ်းစားမယ် ဆိုရင်လည်း ဘယ်လို လမ်းကြောင်းတွေနဲ့ ချပေးသင့်ပါလဲဆိုတာကို ဆရာတော်ပဲ ဦးဆောင်ပြီး ဖြေကြားပေးပါဟု မေးမြန်းလျှောက်ထားခဲ့သည်။
    P6280066
    မေးခွန်းများကို အရှင် ဓမ္မပီယ ဖြေကြားပေးစဉ်
    ” ဥပမာ အိမ်တစ်အိမ်မှာ မိခင်မှာ သားသမီးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမုန်းတွေ ပွားပြီးတော့ မခေါ်နိုင် မပြောနိုင် ဖြစ်တဲ့ အခါမှာ အနောက်တိုင်းအနေနဲ့ကတော့ နွေးထွေးစွာ ကြိုဆိုတယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးခြင်း စသည့်ဖြင့် ပြန်လုပ်ပေးနိုင်လို့ ရှိရင် တစ်ယောက်နဲ့တစ်ယောက် ပြီးခဲ့တဲ့ ဟာတွေကိုလည်း အမုန်းဒဏ်ရာတွေပျောက်မယ်၊နားလည်ပေးမှု၊ အပြန်အလှန် ရိုသေလေးစားမှု ဖြစ်လာမယ်။
    ” ခုနက မိတ်ဆွေကြီမေးတဲ့ မေးခွန်းက ‘ကျွန်တော်တို့ရဲ့ အမုန်းတရားတွေကြောင့် ပျက်ယွင်းသွားတဲ့ ပုံရိပ်တွေဆိုတာကို ဘယ်လို ပြန်ပြင်ဆင်မလဲ ဆိုတဲ့ ‘ အတွက် ကျွန်တော်တို့ရဲ့ဒုတိယ ၀န်ကြီးရဲ့ လမ်းညွှန်ချက်ထဲမှာလည်း ပါသွားပါတယ်။ သူဘယ်လို ပြောသွားလဲ ဆိုရင် လူနည်းစုများရဲ့ဂျောင်ထိုးထားခြင်းခံရတဲ့၊ အသံတွေ ကြားခြင်း မခံရအောင် ပြုလုပ်ထားခြင်း ခံရတဲ့ သူတွေရဲ့ အသံတွေကိုလည်း ကြားလာအောင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်တဲ့ အတွက် တစ်ဦး တစ်ယောက်ကို ဘေးဖယ်ထားလျှင် ဘယ်တော့မှ တိုင်းပြည် မကြီးပွား မတိုးတက်ဘူး ဆိုတာကို မှန်ကန်စွာ သုံသပ်သွားတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ အင်မတန်မှ အားရတယ်။ အဲဒီ့ အဖြေ ပါသွားပြီ။ ဘယ်လို ပါသွားသလဲဆိုရင် ဒီလူတွေရဲ့ အသံကြားရအောင်လို့ ဥပမာ စွပ်စွဲတယ်၊ လွဲမှားသော စွပ်စွဲချက်သည် အမုန်းတရားတွေနဲ့ အတိ ပြည့်နေတယ်။ အဲဒီ့ စွပ်စွဲချက်တွေကို ပြန်လည် ချေပဖို့အတွက်က ပြန်လည် ချေပဖို့ဆိုတဲ့ နေရာမှာ ရိုင်းရိုင်းစိုင်းစိုင်း ချေပဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အစ္စလာမ် ဘက်ကဆိုလို့ရှိရင်တော့ ” မင်းတို့ကို မကောင်းပြုထားတဲ့ သူကို တန်ပြန်ပါတဲ့။ ဘယ်လို တန်ပြန်ရမလဲ ဆိုရင် အကောင်းနဲ့ တန်ပြန်တဲ့။မင်းတို့ အပေါ်မှာ အမုန်းပွားတဲ့ သူတွေက မင်းတို့ရဲ့ အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်လာလိမ့်မယ်တဲ့ ကုရ်အာန် ကျမ်းမြတ်ထဲမှာ လမ်းညွှန်ထားတာပါ။ ၀န်ကြီးက ကျွန်တော်တို့ကို လမ်းဖွင့်ပေးထားတယ်။ တစ်ချိန်မှာ ကျွန်တော်တို့ကို စွပ်စွဲထားတဲ့ စွပ်စွဲချက်များဟာ မှားယွင်းပါတယ် ဆိုတာ ကျမ်းကိုးကျမ်းကား၊ အထောက်အထားနဲ့ သမိုင်းအစဉ်အလာများ၊ လတ်တလော ဖြစ်နေတဲ့ အရာတွေနဲ့ ကျွန်တော်တို့ ပြန်ပြီးတော့ ပျက်ယွင်းနေတဲ့ ပုံရိပ်တွေကို အသက်သွင်းပေးနိုင်မယ် ဆိုရင်တော့ အဲဒါဟာ အဆိပ်ဖြေဆေး ဖြစ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ် ” ဟု ဆရာဦးအေးလွင် မှအထက်ပါ မေးခွန်းအား ဖြည့်စွက်ဖြေကြားခဲ့သည်။
    DSCN5196
    ပြီးနောက် ပြန်ကြားရေး ၀န်ကြီး၊ ဒုဝန်ကြီး ဦးရဲထွဋ်က ပြည်တွင်း ပြည်ပ မီဒီယာများ၏မးမြန်းချက်များကို
    ” အွန်လိုင်း Facebook  ကနေ သတင်းတွေ တင်နေတာ မှန်ကန်မှု ရှိစေချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း Facebook သုံးနေပါတယ်။ နိုင်ငံသားထဲက နိုင်ငံသား ဖြစ်တ့ အတွက် Facebook ကို သုံးတာပါ။ ပြန်ကြားရေး တာဝန် ထမ်းဆောင်နေရတာ မို့လို့ ကျွန်တော်ရဲ့ Facebook  အကောင့်ကနေ တဆင့် ကျွန်တော်ပေးနိုင်တဲ့ သတင်းအချက်အလက်တွေကို ပေးတာပါ။ ဒီထက် မပိုပါဘူး။ ”
    ” တိုင်းမ်မဂ္ဂဇင်းကို အမေရိကန် သံအမတ်ကြီးက ဘာဖြစ်လို့ ဒါကို ပိတ်တာလဲ၊ သူတို့  နိုင်ငံမှာဆို မပိတ်ဘူး ဆိုတာ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ဒီကိစ္စကြောင့် ပိုမို ကြီးထွားနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်လို့ပါ။ ပိတ်တယ် ဆိုတာဟာလည်း နောက်ဆုံး နည်းလမ်း အနေနဲ့ ရွေးချယ်ခဲ့တာပါ။ တိုင်းမ် မဂ္ဂဇင်းက ကျွန်တော်တို့ ဆီမှာ အစောင်ရေ (၉၀၀)ပဲ ရှိတာ။ ဒါပေမယ့် Social Media တွေနဲ့ ပြည်တွင်း မီဒီယာတွေက တိုင်းမ်မဂ္ဂဇင်းမှာ ပါလာတာကို ကျယ်ကျယ်ပြန့်ပြန့် ပြောလာတော့ လူတွေက ပိုပြီး စိတ်ဝင်စားလာတယ်။ မျက်နှာဖုံး မြင်ရုံနဲ့ ဒီလောက် အရှိန်က မြင့်နေတယ် ဆိုရင် ဒီစာစောင်သာ ရောက်လာရင် မလိုလားအပ်တဲ့ ဘာသာရေးဆိုင်ရာပြဿနာတွေ ဖြစ်လာမှာ ဆိုးလို့ပါ။ ”
    ” တယ်လီဖုန်း အော်ပရေတာ လိုင်စင် ယူတာ ဆက်သွယ်ရေး ၀န်ကြီး ကိုယ်တိုင်တောင် မပါပါဘူး။ အမှတ်ပေး စည်းမျဉ်းက ၁၀၀ ပေးရင် သုံးပုံ နှစ်ပုံက သူရဲ့ နည်းပညာ အဆင့်အတန်း၊ မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးမယ် ဆိုတဲ့ နည်းပညာ အဆင့်အတန်း၊ ဆောင်ရွက်ပေးမယ် ဆိုတဲ့ ၀န်ဆောင်မှုတွေနဲ့ ဆုံးဖြတ်ပြီး ကျန် သုံးပုံ တစ်ပုံက အော်ပရေတာ လိုင်စင်ကြေးပေါ်မှာ ဘယ်လောက်ပေးနိုင်မလဲ ဆိုတာနဲ့ ဆုံးဖြတ်တာပါ။ ဘာသာရေး၊ လူမှုရေးနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး ” ဟု အထက်ပါအတိုင်း ဖြေကြားပေးသည်။