ရန်ကုန်၊ မြန်မာ (AP)။ ။ရာစုနှစ်ဝက်စစ်အုပ်ချုပ်ရေး နောက်ပိုင်း ဒီမိုကရေစီဖော်ဆောင်ရာတွင်ကြုံရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ကြာသပတေးနေ့၌ နိုင်ငံရေးနှင့်လူထုခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံ၌ အသစ်တဖန်ဖြစ်ပေါ်လာသော လူမျိုးဘာသာခွဲခြားမှု အကြမ်းဖက်ခြင်းများသည် ကမ္ဘာကို စိတ်ပျက်စေသည်ဟု အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်မှ ပြောကြားလိုက်သည်။
ဗုဒ္ဓဘာသာဝင်အများစုပါဝင်သည့် လူဦးရေ သန်း ၆၀ ရှိနိုင်ငံ၌ မွတ်စ်လင်မ်များ အပေါ် လူများစွာတို့မှ ဦးတည် တိုက်ခိုက်နေခြင်းကို ကြိုးစားရှောင်ဖယ်ဖို့ လိုအပ်သည်။ ၂၀၁၁ ခုနှစ်အစောပိုင်း သမ္မတ ဦးသိန်းစိန်မှ အရပ်သားတစ်ပိုင်း အစိုးရဖွဲ့စည်းပြီး များမကြာမြင့်မီမှာပင် နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သလို လူနည်းစု မွတ်စ်လင်မ်တို့အပေါ် အရိုးစွဲနေသည့် အငြိုးအတေးများလည်း ပွင့်အံပေါ်လွင်လာခဲ့သည်။
ယမန်နှစ်က ဓားရှည်တရမ်းရမ်း တုတ်ထမ်းကာ လိုက်လံအမဲဖျက်ခဲ့ကြသည့် ဗုဒ္ဓဘာသာ လူရမ်းကားအုပ်စုကြောင့် လူပေါင်း ၂၄၀ ထက်မနည်း သတ်ဖြတ်ခံရပြီး နှစ်သိန်း လေးသောင်းမျှ အိုးအိမ်စွန့်တိမ်းရှောင်ခဲ့ကြရသည်။ အများစုမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်တို့သည် ရပ်ကြည့်နေခဲ့သည်သာမက အချို့ပြဿနာများ၌ အားပေးအားမြှောက်ပြုခဲ့ကြသော်လည်း ၄င်းတို့မည်သူတစ်ဦးမျှ အရေးယူခြင်း မခံရသေးချေ။ ၄င်းအပြင် ပြည်သူအများစု အပါအ၀င် အာဏာပိုင်တို့ကလည်း ထူးခြားစွာ နှုတ်ဆိတ်လျက်ရှိနေကြသည်။
မြန်မာအတွက် ကမ္ဘာမှ ရတက်မအေးဖြစ်နေကြောင်းကို ကလင်တန်မှ “ ကောင်းသတင်းမှန်သမျှကို တစ်ကမ္ဘာလုံးက ကောင်းချီးသြဘာပေးကြသလို ခွဲခြားမှုဆိုင်ရာအကြမ်းဖက်မှုကို ဖတ်ရှုသိရှိရတဲ့အခါတိုင်းမှာလည်း စိတ်ပျက်မှုဖြစ်လေ့ရှိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမြေရဲ့နေရာတိုင်းမှာ မိမိတို့ရဲ့မတူကွဲပြားမှုများကို အကြောင်းပြုပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် သတ်ဖြတ်တိုက်ခိုက်နိုင်အောင် လူတွေကို အသုံးချနေကြလို့ပါပဲ ” ဟု ပြောဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ကိုယ်ပိုင်သမိုင်းကြောင်း၊ ကိုယ်ပိုင်ရပ်တည်မှုရှိသော မြန်မာနိုင်ငံ၏အနေအထားမှာ ထူးခြားကြောင်း ကလင်တန်မှ အသိအမှတ်ပြုခဲ့သည်။ မိမိ၏သမ္မတသက်တမ်းအတွင်း ကိုဆိုဗိုနှင့်ဘော့စ်နီးယား၊ ရ၀မ်ဒါ၊ မြောက်ပိုင်းအိုင်ယာလန်၊ အစ္စရေးနှင့်ပါလက်စတိုင်း စသော နိုင်ငံများသည် မိမိတို့၏ ကွဲပြားခြားနားမှုအားဖြင့် ဖရိုဖရဲ ပရမ်းပတာဖြစ်သွားစေသည်ကို ကြုံတွေ့ခဲ့ကြောင်း၊ အချို့မှာ လူတိုင်းရယူအပ်သည့် သင်ခန်းစာများ ဖြစ်ကြောင်း သူမှ ဆိုသည်။
အမြဲတစေ မှန်ကန်နိုင်သူ မည်သူမျှမရှိ၊ ရှုပ်ထွေးသော ပြဿနာများအား မတူကွဲပြားသောအတွေ့အကြုံ၊ အသိပညာများရှိကြသော အုပ်စုကြီးများကသာလျှင် ဖြေရှင်းနိုင်ကြောင်းကို သူက “ ဒီနိုင်ငံကို တစ်ခါမျှ မရောက်ဖူးသူ၊ ဒီကိုဘယ်တော့မှ မလာရောက်မယ့်သူ၊ ခင်ဗျားတို့ကို အောင်မြင်ဖြစ်ထွန်းစေချင်သူတွေ ဘယ်လောက်ရှိနေလဲဆိုတာ ခင်ဗျားတို့ မသုံးသပ်နိုင်ဘူးလို့တော့ ကျွန်တော် မထင်ပါဘူး ” ဟု ပြောကြားခဲ့သည်။
Ref:washingtonpost