News @ M-Media

Tag: White Helmets

  • ကုရ်အာန်ရဲ့ လမ်းညွှန်မှုကို အခြေခံထားတယ်လို့ ပြောလိုက်တဲ့ ဆီးရီးယားက White Helmets ကယ်ဆယ်ရေးအဖွဲ့

    ကုရ်အာန်ရဲ့ လမ်းညွှန်မှုကို အခြေခံထားတယ်လို့ ပြောလိုက်တဲ့ ဆီးရီးယားက White Helmets ကယ်ဆယ်ရေးအဖွဲ့

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    White Helmets မှတ်တမ်းရုပ်ရှင်အတွက် အော်စကာဆုကို လက်ခံရယူနေသည့် ဒါရိုက်တာ အော်လန်ဒို ဗွန် အိုင်ဆီဒဲလ်

    – ၆ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ စစ်ကြောင့် ဒုက္ခသည်ရောက်နေသူတွေကို ကယ်ဆယ်ပေးတဲ့ White Helmets အဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ မနေ့က ကျင်းပခဲ့တဲ့ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

    မိနစ် ၄၀ ကြာမြင့်တဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်မှာ ဗုံးဒဏ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အဦးတွေမှာ သေဆုံးနေသူတွေ၊ ပိတ်မိ ဒဏ်ရာရသူတွေကို ခက်ခက်ခဲခဲ ကယ်တင်ရမှုတွေအပါအ၀င် White Helmets အဖွဲ့သားတွေရဲ့ သက်စွန့်ဆံဖျား ကြိုးပမ်းကယ်ဆယ်မှုတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗီဇာပိတ်ပင်တဲ့ ၇ နိုင်ငံထဲမှာ ဆီးရီးယားလည်း ပါဝင်တာကြောင့် White Helmets အဖွဲ့သားတွေဟာ အော်စကာဆုပေးပွဲကို တက်ရောက်နိုင်ခြင်းမရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ အော်လန်ဒို ဗွန် အင်ဆီဒဲလ်နဲ့ တစ်ချို့သာ တက်ရောက်နိုင်ခဲ့ပါတယ်။

    အော်စကာဆု လက်ခံရယူပြီးနောက်ပိုင်း အော်လန်ဒို ဗွန် အိုင်ဆီဒဲလ်ဟာ White Helmets တည်ထောင်သူ ရာအဒ် အလ်-ဆာလေဟ် ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ကမ္ဘာကြီးသိအောင် မီးအောင်းထိုးပြခဲ့တဲ့ ဒီရုပ်ရှင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့က ‘လူတစ်ယောက်ကို ကယ်တင်ခြင်းဟာ လူသားအားလုံးကို ကယ်တင်ခြင်းဖြစ်တယ်’ ဆိုတဲ့ ကုရ်အာန်ရဲ့ လမ်းညွှန်းမှုအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဆီးရီးယားပြည်သူ ၈၂၀၀၀ ကျော်ရဲ့ အသက်တွေကို ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဒီသတင်းစကားကို ကြားတဲ့သူတိုင်း ဆီးရီးယားနဲ့ ကမ္ဘာတစ်ဝှမ်းက သွေးထွက်သံယိုမှုတွေကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ လူတွေဖက်ကနေ ရပ်တည်လုပ်ကိုင်ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆာလေဟ်က သူ့ရဲ့ သ၀ဏ်လွှာမှာ ရေးသားခဲ့ပါတယ်။

    ဒီ သ၀ဏ်လွှာကို ဖတ်ပြအပြီးမှာတော့ ဒါရိုက်တာ အော်လန်ဒို ဗွန် အိုင်ဆီဒဲလ်ဟာ White Helmets အဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်တပ်ရပ် လက်ခုပ်တီးပေးကြဖို့ တက်ရောက်လာသူ ပရိတ်သတ်တွေကို မေတ္တာရပ်ခံခဲ့ပြီး အားလုံးကလည်း သောင်း သောင်းဖျဖျ လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။

    Ref: Aljazeera