News @ M-Media

Tag: WorldHijabDay

  • `ကမ္ဘာ့ဟီဂျဘ်နေ့´ ကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အမျိုးသမီး သန်းပေါင်းများစွာ ဆင်နွှဲ

    `ကမ္ဘာ့ဟီဂျဘ်နေ့´ ကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အမျိုးသမီး သန်းပေါင်းများစွာ ဆင်နွှဲ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    hijab

    – ဖေဖော်ဝါရီ လ ၁ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဟိဂျဘ်နေ့ကို ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်မဟုတ်သူ အမျိုးသမီးများက ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။

    အစ္စလာမ့်တရားတော်၏ သွန်သင်ချက်အရ မွတ်စလင်အမျိုးသမီးများ ဟီဂျဘ်ဝတ်ဆင်ခြင်းနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာဝင် မဟုတ်သူများ သိရှိနားလည်စေရန်နှင့် ဟီဂျဘ်နှင့်ပတ်သက်သည့် တစ်ဘက်ဆွဲအတွေးများကို ပပျောက်စေရန် ရည်ရွယ်ပြုလုပ်သည့် `ကမ္ဘာ့ဟီဂျဘ်နေ့´ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ၃ ကြိမ်မြောက် ရှိပြီဖြစ်သည်။

    ထိုနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မဟုတ်သူ အမျိုးသမီးများ၊ သာမန်အချိန်များတွင် ဟီဂျဘ်ဝတ်ဆင်ခြင်း မရှိသည့် အမျိုးသမီးများအား တစ်နေ့တာ ဟီဂျဘ်ဝတ်ဆင်စေပြီး၊ ဟီဂျဘ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ၊ ရှင်းလင်းပြောကြားမှုများကိုလည်း ပြုလုပ်ကြသည်။ ထို့ပြင် ချီတက်လမ်းလျှောက်မှုများကိုလည်း ပြုလုပ်ကြသည်။

    ယခုနှစ်တွင်လည်း ယခင်နှစ်များကဲ့သို့ပင် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။ ယူကေတွင်ပြုလုပ်သည့် `ကမ္ဘာ့ဟီဂျဘ်နေ့´ အခမ်းအနားက ဘာသာလူမျိုးပေါင်းစုံ ပေါင်းကူးပေးသည့် အခမ်းအနားမျိုး ဖြစ်ခဲ့ပြီး မွတ်စလင်မဟုတ်သူများကလည်း တစ်နေ့တာ ဟီဂျဘ်ဝတ်ဆင်ခြင်းအတွေ့အကြုံကို မြည်းစမ်းခဲ့ကြသည်။

    `အခြားယဉ်ကျေးမှုတွေ၊ ယုံကြည်မှုတွေကို နားလည်ဖို့၊ တွေ့ကြုံခံစားဖို့အတွက် ဒီနေ့ဟာ အရေးပါတဲ့နေ့လို့ ကျွန်မထင်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ပြောရရင် ဒီဟီဂျဘ်ဆိုတာ အစ္စလာမ်ကို တွေ့ကြုံခံစားဖို့၊ မွတ်စလင်အမျိုးသမီးတစ်ယောက်ဖြစ်ရတဲ့ အဓိပ္ပါယ်ကိုသိရှိစေဖို့ လှပပြီး ဆန်းသစ်လှတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်´ ဟု အစ္စလာမ်ဘာသာဝင်မဟုတ်သည့် လန်ဒန်အမျိုးသမီး အဲလိဇဘက် ခရောက်ချာက ပြောကြားခဲ့သည်။

    ဟီဂျဘ်နှင့်ပတ်သက်၍ အထင်မှားအမြင်များရှိနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ လန်ဒန်ရောက် ပါကစ္စတန်အမျိုးသမီး အဖီဖာ ဘင်တီ အစ်ရ်ဖာန်းက

    `ဟီဂျဘ်ဝတ်ဆင်တာကို ဖိနှိပ်မှုလက္ခဏာလို့ ကမ္ဘာကြီးက မြင်ကြပါတယ်။ ဒီလိုသမရိုးကျအမြင်တွေကို ချေဖျက်ဖို့ မွတ်စလင်အမျိုးသမီးတွေဟာ ဘ၀ရဲ့နယ်ပယ်အသီးသီးမှာ ရဲစွမ်းသတ္တိတွေပြရပါမယ်။ ဂျာနယ်လစ်ဇင်ကနေ ဆေးပညာ၊ ဖက်ရှင်ဒီဇိုင်းပညာတွေအထိ နယ်ပယ်တိုင်း နယ်ပယ်တိုင်းပါပဲ။ ပြီးတော့ ဟီဂျဘ်ဆိုတာ ကန့်သတ်ချုပ်ချယ်ထားတာမျိုး၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းမှာ အောင်မြင်တာကို တားဆီးပိတ်ပင်ထားတာမျိုး မဟုတ်ဘူးဆိုတာ ကမ္ဘာကြီးကို သက်သေပြရပါလိမ့်မယ်´ ဟု ပြောကြားခဲ့သည်။

    အမေရိကန်တွင်ပြုလုပ်သည့် အခမ်းအနားများတွင် မွတ်စလင်မဟုတ်သူများ၏ အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။ ဟီဂျဘ်အား တစ်နေ့တာဝတ်ဆင်ခဲ့သည့် တန်နက်ဆီးပြည်နယ်မှ အစ္စလာမ်ဘာသာဝင် မဟုတ်သူ အမျိုးသမီး အိန်ဂျလာဒေးဗစ်က မိမိအနေဖြင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်းမှာ မွတ်စလင်မဟုတ်သူ အမျိုးသမီးများအတွက် ဥပမာအနေဖြင့် ၀တ်ဆင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မွတ်စလင်အမျိုးသမီးများ ထိုကဲ့သို့ ၀တ်ဆင်ခြင်းကို လေးစားအားကျမိပြီး အနာဂတ်တစ်ချိန်ချိန်တွင် အချိန်ပြည့် ဟီဂျဘ်ဝတ်ဆင်သူဖြစ်လာအောင် သိတ္တိမွေးသွားမည်ဟု ဆိုသည်။

    `လူတွေ ဟီဂျဘ်ဝတ်ဆင်တာကို ကျွန်မတွေ့တဲ့အခါ ဒါနဲ့ပတ်သက်ပြီး ပိုတွေးမိပါတယ်။ ဒါဟာ အနာဂတ်မှာ ကျွန်မ အသေအချာကိုဆောင်ရွက်မယ့် ကိစ္စဖြစ်ပါတယ်´

    အစ္စလာမ်ဘာသာဝင်ဦးရေ သန်း ၁၄၀ ရှိသည့် နိုက်ဂျီးရီးယားနိုင်ငံတွင် မွတ်စလင်ပြည်သူ့ရေးရာစင်တာ MPAC နှင့် အခြားမွတ်စလင်အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်ပူးပေါင်းကာ `ကမ္ဘာ့ဟီဂျဘ်နေ့´ ကိုဆင်နွှဲခဲ့ကြသည်။ ထို့ပြင် အခြားသော မွတ်စလင်အမျိုးသမီး အဖွဲ့အစည်းများကလည်း အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

    အာရှတွင်လည်း ကျင်းပ

    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် ဒုတိယအမျာဆုံးရှိရာ အိန္ဒိယနိုင်ငံတွင်လည်း `ကမ္ဘာ့ဟိဂျဘ်နေ့´ ကို ဆင်နွှဲခဲ့ကြပြီး အစ္စလာမ်နှင့်ပတ်သက်သည့် မှားယွင်းသော ထင်မြင်ယူဆချက်များကို ဖယ်ရှားခဲ့ကြသည်။

    `ဆိုရှယ်မီဒီယာမှာတင်ထားတာတွေ့လို့ ဒီအခမ်းအနားကို ကျွန်မ ရောက်လာတာပါ။ ဟီဂျဘ်နဲ့ပတ်သက်ပြီး အသိပညာပေးဖို့ အစ္စလာမ်ရဲ့ ရှုထောင့်တွေကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြဖို့ ဒါဟာ သိပ်ကောင်းတဲ့ နည်းလမ်းပါပဲ။ ဟီဂျဘ်ဆိုတာ တစ်ကယ်တော့ အမျိုးသမီးတွေ သူတို့ရဲ့ဆန္ဒအတိုင်း ၀တ်ဆင်တဲ့ လွတ်လပ်မှုတစ်ခုပါပဲ´ ဟု အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်နောင်မြို့တွင် ပြုလုပ်ခဲ့သည့် `ကမ္ဘာ့ဟီဂျဘ်နေ့´ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မွတ်စလင်အမျိုးသမီး အယူရှီ ဆရီဗက်စ်တာဗာက ပြောကြားခဲ့သည်။

    အဆိုပါအခမ်းအနားကို အိန္ဒိယလူငယ်အမျိုးသမီးများက ဦးဆောင်ပြုလုပ်ကြခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်မဟုတ်သည့် အမျိုးသမီးများကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြသည်။

    `အမျိုးသမီးတစ်ယောက် တိုတိုနံ့နံ့လေးတွေဝတ်ရင် လူတွေက ခေတ်မီတယ်လို့ပြောကြပြီး အခြားတစ်ယောက်က သူ့ကိုယ်သူ လုံလုံခြုံခြုံဝတ်ပြီဆိုရင်တော့ ဒါဟာ ဖိနှိပ်ချုပ်ချယ်မှုလို့ ထင်ကြပါတယ်။ ကျွန်မတို့ သာသနာက သွန်သင်တဲ့ ဟီဂျဘ်ဆိုတာ ဆံပင်ကို ဖုံးအုပ်တာဖြစ်ပြီး ကျွန်မရဲ့အသိဥာဏ်နဲ့ ဦးနှောက်ကို အမှောင်ချလိုက်တာမျိုး မဟုတ်ပါဘူး´ ဟု လက်ခ်နောင်ကမ္ဘာ့ဟီဂျဘ်အဖွဲ့ဝင် ဆာရာဟူစိန်က ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုတွင်လည်း `ကမ္ဘာ့ဟီဂျဘ်နေ့´ အထိမ်းအမှတ် ချီတက်လမ်းလျှောက်မှုကို ယနေ့တွင် ပြုလုပ်ခဲ့ကြပြီး ဟီဂျဘ်ဝတ်ဆင်ထားသည့် အမျိုးသမီး ၁၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။

    Ref: onislam

  • ကမ္ဘာ့ဟီဂျဘ်နေ့အား ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပခဲ့

    ဖေဖော်ဝါရီ ၁၊ ၂၀၁၄
    M-Media
    World-Hijab-Day-Cover-Up-Before-You-Judges
    ဖေဖော်ဝါရီ ၁ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့ဟီဂျဘ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များက ဟီဂျဘ်နှင့် ပက်သက်သည့်ပြပွဲများ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    တက္ကသိုလ်ကျောင်းများ၊ အထက်တန်းကျောင်းများ ဗလီဝတ်ကျောင်းတော်များတွင် ပြုလုပ်ကြသည့် ထိုအခမ်းအနားများတွင် အစ္စလာမ်က သတ်မှတ်ထားသည့် အမျိုးသမီးများ ဟီဂျဘ် ၀တ်ဆင်ခြင်းအပေါ် အထင်အမြင် လွဲများမှုများအား ရှင်းလင်းခြင်းများနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သည့် အမျိုးသမီးများကို တစ်ရက်တာ ဟိဂျဘ်စမ်းသပ် ၀တ်ဆင်စေခြင်းတို့လည်း ပါဝင်သည်။

    ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ် Fort McMurray မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ယနေ့၌ ဟိဂျဘ်နှင့်ပက်သက်သည့် ပြပွဲတစ်ခုပြုလုပ်ခဲ့ပြီး မွတ်စလင် မဟုတ်သူ အများအပြားတက်ရောက်ခဲ့ကြသည်။

    ပါကစ္စတန်နိုင်ငံတွင်လည်း ကမ္ဘာ့ ဟိဂျဘ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီတက် လမ်းလျှောက်မှု တစ်ခုပြုလုပ်ခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင် အမျိုးသမီး များစွာပါဝင်ခဲ့သည့် အဆိုပါချီတက် လမ်းလျှောက်မှုအတွင်း “ဟီဂျဘ်သည် ကျွန်ုပ်၏ အခွင့်အရေး၊ ကျွန်ုပ်၏ ဂုဏ်သိက္ခာ” ဟု အဓိပ္ပါယ်ရသည့် စာတမ်းများကို ကိုင်ဆောင်ချီတက်ခဲ့ကြခြင်းဖြစ်သည်။

    နိုက်ဂျီးရီးယားနိုင်ငံတွင်လည်း အစ္စလာမ်ဘာသာဝင် ကျောင်းသူများမှာ ကမ္ဘာ့ဟီဂျဘ်နေ့အား ဂုဏ်ပြုသည့်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။

    “ဒီနှစ် ကမ္ဘာ့ဟီဂျဘ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အခမ်းအနားတွေပြုလုပ်သလို ကျွန်မတိုလည်း ပြုလုပ်တာပါ။ ဟီဂျဘ်ဝတ်ဆင်ခြင်းဟာ ဂုဏ်သိက္ခာပါ၊ လေးစားမှုပါ။ ပြီးတော့ ဟီဂျဘ်ဟာ အမျိုးသမီးထုအတွင်းမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ မကောင်းမှုတွေကို ကာကွယ်ပေးတဲ့ ဒိုင်းတစ်ခုပါပဲ” ဟု နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း၏ အကြီးအကဲ ဟာဂျီယာ ဟက်ဖ်ဆာ ဘဒ်ရူက ပြောကြားခဲ့သည်။

    ကမ္ဘာ့ဟီဂျဘ်နေ့ကို ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၂ နှစ်မြောက်ဖြစ်လာခဲ့ကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင် ကျင်းပလျက်ရှိနေသည်ဟု သိရသည်။

    Ref: Saudi Gazette