News @ M-Media

Tag: WuhanVirus

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    အောက်တိုဘာ ၁၅၊ ၂၀၂၀
    M-Media

    ဒုတိယအကြိမ် ကိုဗစ်ကူးစက်မှုက ပို၍ အန္တရာယ်ရှိ

    Covid-19 ဒုတိယအကြိမ်ကူးစက်မှုဟာ ပထမတစ်ကြိမ်ထက် ပိုပြီး အန္တရာယ်ရှိတယ်လို့ အမေရိကန် ဆရာဝန်တွေက ဆေးပညာဂျာနယ် Lancet Infectious Diseases မှာ ရေးသားခဲ့ပါတယ်။

    ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ၂ ကြိမ်မြောက် ကိုဗစ်ကူးစက်မှုကို လေ့လာကာ ဒီလို ထုတ်ပြန်ခဲ့တာပါ။

    ၂ ခါပြန်ကူးစက်မှုဟာ အဖြစ်နည်းပေမယ့် ပထမအကြိမ်ကူးစက်ပြီးရတဲ့ ကိုယ်ခံအားက နောက်တစ်ကြိမ်မကူးအောင် မကာကွယ်နိုင်ကြောင်း၊ ဒါ့ကြောင့် ကူးစက်ပြီးသားလူတွေအနေနဲ့ ကိုဗစ်ဆိုင်ရာ ကျန်းမာရေးလမ်းညွှန်မှုတွေကို လိုက်နာဖို့လိုကြောင်း ပညာရှင်တွေက တိုက်တွန်းခဲ့ပါတယ်။

    Covid-19 ကူးစက်မှု၊ ကိုယ်ခံစွမ်းအား၊ ရောဂါလက္ခဏာ စတာတွေနဲ့ပတ်သက်ပြီး ပညာရှင်တွေ မဖြေရှင်းနိုင်တဲ့ ပြဿနာ အမြောက်အများ ရှိနေပြီး ဒါဟာ ကာကွယ်ဆေးထုတ်လုပ်မှု၊ ရောဂါတိုက်ဖျက်ရေး ရေရှည်အစီအမံတွေပေါ်မှာ သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။

    ကိုဗစ်ကိစ္စနှင့်ဆက်စပ်၍ ပြင်သစ်ဝန်ကြီးများ၏အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရှာ

    နိုင်ငံအတွင်း ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်း ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ပြည်သူက ​ဝေဖန်တဲ့အတွက် ပြင်သစ်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တွရဲ့နေအိမ်ကို ရဲတွေက ဒီနေ့မှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

    ဆေးပစ္စည်းတွေ ပြတ်လပ်မှု၊ တုန့်ပြန်မှု နှေးကွေးတာတွေကြောင့် ပြင်သစ်အစိုးရဟာ ဝေဖန်ခံနေရပြီး တရားရေးက အခုနှစ်အစောပိုင်းကစတင်ကာ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပါတယ်။

    နေအိမ် စီးနင်းရှာဖွေခံရတဲ့ အစိုးရထိပ်တန်း အရာရှိတွေထဲမှာ ကျန်းမာရေးဝန်ကြီး အိုလီဗာ ဗီရန်၊ ညွှန်ချုပ် ဂျယ်ရိုမီ ဆိုလာမွန်တို့လည်း ပါဝင်ပါတယ်။ လက်ရှိဝန်ကြီးချုပ် ဂျီယန် ကက်စ်တက်နဲ့ အရင်ဝန်ကြီးချုပ်ဟောင်းတွေလည်း ဒီကိစ္စမှာ စုံစမ်းစစ်ဆေးခံနေရပါတယ်။

    အမေရိကန်ဆေးကုမ္ပဏီက ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်ဆိုင်း

    အစမ်းသပ်ခံ စေတနာ့ဝန်ထမ်းတစ်ဦး ရုတ်တရက် နေမကောင်းဖြစ်လာတဲ့အတွက် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန် ဆေးကုမ္ပဏီ Johnson & Johnson က ပြောကြားလိုက်ပါတယ်။

    အခုရပ်ဆိုင်းလိုက်တဲ့ဆေးဟာ အလားအလာကောင်းတယ်လို့ သတ်မှတ်ခံထားရပြီး အမေရိကန်၊ တောင်အ​မေရိကနဲ့ တောင်အာဖရိက လူသောင်းချီပါဝင်တဲ့ စမ်းသပ်မှု တတိယအဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ကိုဗစ်ကာကွယ်ဆေးအတွက် အလားအလာကောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ အောက်စဖို့ဒ်တက္ကသိုလ်ထုတ် ဆေးတစ်ခုကို ဩဂုတ်လမှာ စမ်းသပ်မှု ခေတ္တရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည်စမ်းသပ်ခဲ့ပါတယ်။

    လက်ရှိ ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကုနိုင်ဖွယ်ရှိတဲ့ ကာကွယ်ဆေး ၁၈၀ လောက်ကို စမ်းသပ်နေပမယ့် တစ်ခုမှ အဆင့် ၃ ဆင့်ရှိတဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်ကို အောင်မြင်စွာ မကျော်ဖြတ်နိုင်သေးပါဘူး။

    Ref: BBC

    mmHelthNews

  • ပိုက်ဆံတွင် ၂၈ ရက်အထိ  ကိုဗစ်ပိုးရှင်သန်နိုင်ကြောင်း သုတေသနတစ်ခုတွင် တွေ့ရှိ

    ပိုက်ဆံတွင် ၂၈ ရက်အထိ ကိုဗစ်ပိုးရှင်သန်နိုင်ကြောင်း သုတေသနတစ်ခုတွင် တွေ့ရှိ

    အောက်တိုဘာ ၁၂၊ ၂၀၂၀
    M-Media

    -Covid-19 ဗိုင်းရပ်စ်ဟာ ပိုက်ဆံနဲ့ ဖုန်းတို့လို မျက်နှာပြင်ပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်လို့ ဩစတေးလျ သုတေသနအဖွဲ့က ပြောကြားလိုက်​ပြီး ဒါဟာ အရင်ကသိထားတဲ့ ရှင်သန်နိုင်ချိန်ထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုတာ၊ နှာချေတာ၊ စကားပြောဆိုတာတွေက ထွက်လာတဲ့ အရည်စက်၊ အမှုန်စက်လေးတွေကို ထိတွေ့ရာကနေ ကူးစက်နိုင်ပြီး၊ လေထဲကနေတစ်ဆင့်ပါ ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ချို့လည်း ရှိပါတယ်။

    အရင်ကလေ့လာမှုအရ ကိုဗစ်ပိုးဟာ မှန်၊ ငွေစက္ကူ၊ ပလက်စတစ်နဲ့ စတီးမျက်နှာပြင်ပေါ်မှာ ၂ ရက်နေ ၃ ရက်အထိသာ ရှင်သန်နိုင်တယ်လို့ သိထားတာပါ။

    ဩစတေးလျသုတေသနအေဂျင်စီ CSRIO က အခန်းအပူချိန်နဲ့ အမှောင်ထဲမှာ ထပ်မံလေ့လာခဲ့ရာမှာ ကိုဗစ်ပိုးဟာ ပြောင်ချောတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သာမန်တုပ်ကွေးပိုးကတော့ ၁၇ ရက်အထိသာ အသက်ရှင်နိုင်ပါတယ်။

    ပူပြင်းတဲ့အခြေအနေအောက်မှာ ပိုးမြန်မြန်သေတတ်ပြီး ပိတ်စလို မျက်နှာပြင်မျိုးမှာတော့ ၁၄ ရက်ထပ်ကျော်ရင် ကူးစက်နိုင်ခြေ မရှိဘူးဆိုလို့လည်း သုတေသနပညာရှင်တွေက ဆိုပါတယ်။

    CSRIO ရဲ့ အခုထုတ်ပြန်ချက်ကို ဆေးပညာရှင်တစ်ချို့က ဝေဖန်နေကြပါတယ်။

    အင်္ဂလန်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်က ပရော်ဖက်ဆာ ရွန်အက္ကလက်စ်က ဒီထုတ်ပြန်ချက်ဟာ လူထုကြားထဲမှာ ထိတ်လန့်မှုကိုသာ ဖြစ်ပေါ်စေပြီး၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်စက်တွေမှာ ပါလာတဲ့ ဗိုင်းရပ်စ်ဟာ ပြင်ပမှာ နာရီပိုင်းလောက်သာ ရှင်သန်နိုင်တယ်လို့ မိမိယူဆကြောင်း ပြောကြားခဲ့ပါတယ်။

    စတီးမျက်နှာပြင်ပေါ်မှာ ကိုဗစ်ဗိုင်းရပ်စ် အချိန်တော်တော်ကြာ ရှင်သန်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ဟာ အသားထုတ်စက်ရုံတွေက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ကိုဗစ်ကူးစက်မှု အကြောင်းအရင်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ CSRIO ရဲ့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ကမ္ဘာပေါ်တွင် လူ သန်း ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရသည်ဟု WHO သုံးသပ်

    ကမ္ဘာပေါ်တွင် လူ သန်း ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရသည်ဟု WHO သုံးသပ်

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    -သန်းပေါင်း ၇၈၀၀ လောက်ရှိတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ Covid-19 ရောဂါ ကူးစက်ခံထားရနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    လက်ရှိ မှတ်တမ်းတွေအရ ကမ္ဘာတစ်၀ှမ်း လူပေါင်း ၃၅.၂ သန်း ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူကတော့ ၁ သန်းကျော် ရှိလာပါတယ်။

    WHO ရဲ့ မနေ့ကအစည်းအဝေးမှာ အဖွဲ့ရဲ့ အရေးပေါ် ဆိုင်ရာ အကြီးအကဲ မိုက် ရိုင်ယန်က ဥရောပ၊ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ ပစိဖိတ်အနောက်ခြမ်းတို့မှာ ကူးစက်မှု၊ သေဆုံးမှု များလာတာတွေကို ထောက်ပြခဲ့ပြီး ကိုဗစ်ဟာ ကမ္ဘာ့လူသားထုအတွက် အန္တရာယ်ရှိနေတုန်းပဲလို့ သတိပေးခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ လက်ရှိ တွက်ချက်မှုအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက် ဒီဗိုင်းရပ်စ်ကူးထားတယ်ဆိုတာ တွေ့ခဲ့ရပါတယ်”

    ကူးစက်မှုဟာ ထပ်မံမြင့်တက်လာဖို့ရှိနေပေမယ့် ကမ္ဘာကြီးမှာ ဒီကူးစက်မှုကို နှိမ်နှင်းမယ့် နည်လမ်းတွေရှိနေကြောင်း၊ အားလုံးပူးပေါင်းပြီး ဒီနည်းလမ်းတွေကို ဘယ်လို မြှင့်တင်အသုံးပြုနိုင်မလဲဆိုတာနဲ့ တစ်ခြားသူတွေကို ဘယ်လိုမျှ၀ေရမလဲဆိုတဲ့အပေါ်မှာ မူတည်ကြောင်း ရိုင်ယန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က WHO အစည်းအဝေးမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ မျှ၀ေခြင်းမပြုတဲ့ တရုတ်ရဲ့လုပ်ရပ်ကို အမေရိကန်က ၀ေဖန်ခဲ့ပြီး တရုတ်ကတော့ မိမိတို့ဟာ ကမ္ဘာကြီးနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • အမေရိကန်သမ္မတ ဒေါ်နယ်ထမ်ရမ့်တွင် ကိုဗစ်ပိုးတွေ့ရှိ

    အမေရိကန်သမ္မတ ဒေါ်နယ်ထမ်ရမ့်တွင် ကိုဗစ်ပိုးတွေ့ရှိ

    အောက်တိုဘာ ၂၊ ၂၀၂၀
    M-Media

    -ဇနီးဖြစ်သူ မီလာနီယာနဲ့ မိမိတို့မှာ Covid-19 ပိုးတွေ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာကနေတစ်ဆင့် မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    အနီးကပ်အကြံပေးတစ်ဦးဖြစ်တဲ့ ဟုပ်ဟစ်က်မှာ ပိုးတွေ့ခဲ့ရပြီးတဲ့နောက် ထရမ့်အပါအဝင် သမ္မတရုံးက တာဝန်ရှိသူတွေကို စစ်ဆေးခဲ့တာပါ။ လက်ရှိမှာ သီးခြားနေထိုင်နေပြီး ဇနီးမောင်နှံနှစ်ဦး အတူတကွ ကျော်ဖြတ်သွားမယ်လို့ ထရမ့်က ထည့်သွင်းရေးသားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဆရာဝန် ရှောင်ကွန်လေးက သမ္မတနဲ့ သမ္မတကတော်တို့ဟာ ကျန်းကျန်းမာမာရှိနေပြီး အိမ်ဖြူတော်မှာ သီးခြားနေထိုင်နေကြောင်း၊ ကုသနေစဉ်အတွင်း လုပ်ငန်းတာဝန်တွေကိုလည်း လစ်ဟင်းမှုမရှိ ထမ်းဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    ထရမ့်ဟာ ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်ချက်တွေဖြစ်တဲ့ နှာခေါင်းစည်းတပ်ရေး၊ ခပ်ခွာခွာနေထိုင်ရေးတွေကို မနှစ်မြို့ဘဲ ဝေဖန်လေ့ရှိသူလည်း ဖြစ်ပါတယ်။

    Ref: BBC

  • ကိုဗစ်ကြောင့်သေဆုံးသူ ၂ သန်းအထိရှိလာနိုင်ဟု WHO သတိပေး

    ကိုဗစ်ကြောင့်သေဆုံးသူ ၂ သန်းအထိရှိလာနိုင်ဟု WHO သတိပေး

    စက်တင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    -ကာကွယ်ဆေး ကျယ်ကျယ်ပြန့်​ပြန့် အသုံးမပြုနိုင်ခင်မှာ Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၂ သန်းအထိ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အရေးပေါ်ဆိုင်ရာအကြီးအကဲ မိုက်ရိုင်ယန်က ပြောကြားလိုက်ပါတယ်။

    လက်ရှိ ကမ္ဘာတစ်ဝှမ်း သေဆုံးမှုဟာ တစ်သန်းနီးနီးရှိလာပြီဖြစ်ပါတယ်။ ရိုင်ယန်က ထိရောက်တဲ့ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ ထိရောက်တဲ့ ကြိုးပမ်းမှုမျိုး မလုပ်နိုင်ဘူးဆိုရင် သေဆုံးသူအရေအတွက်ဟာ မြန်မြန်ဆန်ဆန် တိုးလာမယ်လို့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုရင် သေဆုံးသူ ၂ သန်းဆိုတာ ခန့်မှန်းချက်မျိုးမဟုတ်ဘဲ စိတ်မကောင်းစွာနဲ့ အမှန်တကယ်ဖြစ်လာမယ့် ပမာဏပါ”

    နိုင်ငံတော်တော်များများ ကိုဗစ်ကန့်သတ်ချက်တွေ လျှော့ချပြီးခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကိုလည်း ရိုင်ယန်က သတိပေးခဲ့ပါတယ်။

    ဥရောပမှာ ကိုဗစ်ကူးစက်မှုဟာ လတ်တလောမှာ အလွန်အမင်း မြင့်တက်လာနေပြီး အဖျားရာသီ မရောက်ခင်က ဒီကူးစက်မှုကို ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ဖို့လည်း WHO တာဝန်ရှိသူတွေက အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    Ref: RT