News @ M-Media

Blog

  • မြန်မာနိုင်ငံအတွင်း အမုန်းဝါဒဖြန့်မှုတွင် Feacebook က အဓိကနေရာမှ ပါဝင်နေသည်ဟု ဇူကာဘက်ဝန်ခံ

    မြန်မာနိုင်ငံအတွင်း အမုန်းဝါဒဖြန့်မှုတွင် Feacebook က အဓိကနေရာမှ ပါဝင်နေသည်ဟု ဇူကာဘက်ဝန်ခံ

    ဧပြီ ၃၊ ၂၀၁၈
    M-Media

    Facebook ကိုတည်ထောင်သူ မာ့ခ်ဇူကာဘက်

    – မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ၊ ၀ါဒဖြန့်မှုတွေ ပြုလုပ်ရာမှာ Facebook က အဓိကအခန်းကဏ္ဍကနေ ပါဝင်တယ်လို့ တည်ထောင်သူ မာ့ခ်ဇူကာဘက်က ၀န်ခံလိုက်ပြီး အဲဒီကိစ္စအတွက် အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Vox နဲ့ အင်တာဗျူးမှာ ဒီလို ၀န်ခံခဲ့တာဖြစ်ပြီး Facebook ဟာ နိုင်ငံအတွင်းမှာ ၀ါဒဖြန့်ချီရေး ရင်းမြစ်တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

    နောက်ပြီး လူ့အဖွဲ့အစည်းနှစ်ခုမှာ ပဋိပက္ခဖြစ်စေဖို့အတွက် သွေးကြွစေတဲ့ ရေးသားမှုတွေကို Facebook Messenger ကနေ ဖြန့်ဝေနေတယ်ဆိုတာ သူ့ကို အသိပေးမှု ရှိတယ်လို့ ဇူကာဘက်က ပြောပါတယ်။

    “မြန်မာပြည်က ပြဿနာအတွက် ကုမ္ပဏီအတွင်းမှာ တော်တော်လေး အာရုံစိုက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ စနေနေ့တစ်ရက် ကျွန်တော့်ဆီ ဖုန်းခေါ်မှုကို မှတ်မိနေသေးတယ်။ ပြဿနာဖြစ်နေတဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း သွေးကြွစေတဲ့ သတင်းတွေကို Facebook Messenger ကနေတစ်ဆင့် ဖြန့်နေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်လို့ ဖုန်းဆက်လာတာပါ။ ‘ဗုဒ္ဓဘာသာဝင်တွေ ထကြွတော့မယ်။ ဒါ့ကြောင့် လက်နက်တွေကိုင်ပြီး၊ ဒီနေရာကိုသွားပါ’ လို့ မွတ်စလင်တွေကို တိုက်တွန်းပြီး၊ တစ်ခြားတစ်ဖက်ကိုလည်း ဒီလို တိုက်တွန်းထားတဲ့ စာမျိုးပါ”

    “ဒီလိုမျိုးတွေဆိုတော့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကိုသုံးပြီး လူတွေဟာ ထိခိုက်နာကျင်စေဖို့ လှုံ့ဆော်နေတာ ထင်ရှားတယ်လို့ ကျွန်တော်ထင်ပါတယ်”

    အဲဒီကိစ္စမှာ Facebook ဟာ ဒီ စာတွေကို လိုက်ရှာပြီး မပြန့်သွားအောင် တားဆီးခဲ့တယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။

    “ကျွန်တော်တို့ တော်တော်လေး အာရုံစိုက်ထားတယ်ဆိုတာ ဒီကိစ္စက သေသေချာချာပြောနေပါတယ်”

    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို ၀င်စီးပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလကတော့ ဒါဟာ လူမျိုးစုလိုက် သုတ်သင်မှု နမူနာလို့ ပြောကြားခဲ့ပါတယ်။

    “ပြီးခဲ့နှစ်မှာ Facebook နဲ့ပတ်သက်ပြီး ကျွန်တော်ကြားခဲ့ရတဲ့ ကြောက်စရာ ဇာတ်လမ်းတွေထဲက တစ်ခုက Faebook ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်မှုမှာ တကယ့် ရင်းမြစ်ကြီးတစ်ခု ဖြစ်နေတယ်ဆိုတာပါ။ လူမျိုးစုလိုက် သုတ်သင်မှုရဲ့ အစိတ်အပိုင်းကို ဖြစ်နေပါတယ်” လို့ ဇူကာဘက်က အင်တာဗျူးမှာ ပြောပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က မြန်မာနိုင်ငံရဲ့ သတင်းစီးဆင်းမှုကို Facebook က လွှမ်းမိုးနေပေမယ့် Facebook အတွက်တော့ မြန်မာဈေးကွက်ဟာ သိပ်ပြီး အရေးမပါဘူးလို့ ပြောကြားခဲ့တဲ့စကားကို ထောက်ပြပြီး သူတို့ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မေးခွန်းထုတ်တဲ့အခါ ဇူကာဘက်က

    “ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရုံးတွေရှိနေတာကြောင့် တစ်ကမ္ဘာလုံကို ဖြန့်ကျက်ထားတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ရုံးချုပ်က ကယ်လီဖိုးနီးယားမှာဖြစ်ပေမယ့် သုံးစွဲသူ တော်တော်များများဟာ အမေရိကန်က မဟုတ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်း မတူညီတဲ့ဒေသတွေက မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ထိုက်သင်တဲ့အာရုံစိုက်မှုမျိုး လုပ်ဖို့ဟာ အမြဲတမ်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့နဲ့ ပတ်သက်ခဲ့တဲ့ ဗြိတိန်အခြေစိုက် နိုင်ငံရေးအကြံပေးအဖွဲ့ Cambridge Analytica က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူပြီး အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ ပြဿနာမှာ ပါဝင်မှုကြောင့် Facebook ဟာ လတ်တလောမှာ ဝေဖန်မှုကို အကြီးအကျယ်ခံနေရပါတယ်။

    ဒီကိစ္စအတွက် အမေရိကန်အောက်လွှတ်တော်မှာ လာရောက်ရှင်းပြပေးဖို့ အကြောင်းကြားစာကို Facebook က လက်ခံရရှိထားပြီး၊ ဗြိတိန်လွှတ်တော်ကလည်း ဒီအချက်အလက် အလွဲသုံးစားပြုမှုကိစ္စအတွက် ဇူကာဘတ်ကို တစ်ဦးချင်း မေးမြန်းခွင့်ရဖို့ တောင်းဆိုထားပါတယ်။

    ဇူကာဘတ်ကတော့ Cambridge Analytica ကိစ္စမှာ သူတို့အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

    Ref: CNA

  • အီဂျစ်သမ္မတရွေးကောက်ပွဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ထပ်မံအနိုင်ရ

    အီဂျစ်သမ္မတရွေးကောက်ပွဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ထပ်မံအနိုင်ရ

    ဧပြီ ၂၊ ၂၀၁၈
    M-Media

    – အီဂျစ်သမ္မတရွေးကောက်ပွဲတွင် အာဏာသိမ်း ဗိုလ်ချုပ်ဟောင်း အဘ်ဒဲလ် ဖာတာ အလ်-စီစီက ထောက်ခံမဲ ၉၇ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်ဟု သိရသည်။

    စီစီနှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက်များမှ အနည်းဆုံး ၆ ဦးမှာ ယှဉ်ပြိုင်ခွင့် ရုပ်သိမ်းခံရကာ တရားစွဲဆိုခံရခြင်း၊ ထောင်ဒဏ်ချမှတ်ခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး ရွေးကောက်ပွဲကျင်းပချိန်တွင် စီစီအား ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်သည့် သမ္မတလောင်း တစ်ဦးမှ ပါဝင်ခြင်းမရှိပေ။

    ရွေးကောက်ပွဲရလဒ်ကို တနင်္လာနေ့မနက်က ကြေငြာရာတွင် မဲပေးပိုင်ခွင့်ရှိသူများမှ ၄၁.၅ ရာခိုင်နှုန်း မဲပေးသည်ဟုဆိုပြီး ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲက ၄၇ ရာခိုင်နှုန်းထက် နည်းပါးခဲ့သည်။

    စီစီ၏ ပြိုင်ဘက်တစ်ဦးဖြစ်ပြီး သမ္မတလောင်း စာရင်းသွင်းမှု နောက်ဆုံးအချိန် မတိုင်ခင်လေးမှ ၀င်ရောက်လာခဲ့သူ မူဆာ မိုစတာဖာ မူဆာဆိုသူက ထောက်ခံမဲ ၃ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    မဲပေးပိုင်ခွင့်ရှိသူ ၁ သန်းခန့်မှာ မဲပြားများကို ဆုတ်ဖြဲမှုများ ရှိခဲ့ပြီး တစ်ချို့မှာ မဲပြားများတွင် လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာ၏ အမည်များကို ရေးသားခဲ့ကြသည်။ ဆာလာမှာ မူဆာထက် ထောက်ခံမဲ ပိုမိုများပြားခဲ့သည်။

    စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သူ စီစီမှာ နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတ မိုဟာမက်မော်စီကို ၂၀၁၃ နှစ်တွင် ရာထူးမှဖယ်ရှားက တိုင်းပြည်ကိုအုပ်စိုးခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကာ သမ္မတဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • မြန်မာအမျိးသမီးငယ်လေးများ စင်ကာပူသို့ အိမ်အကူအဖြစ် ပို့ဆောင်ခံနေရဆဲ (မြန်မာစာတမ်းထိုး)

    မြန်မာအမျိးသမီးငယ်လေးများ စင်ကာပူသို့ အိမ်အကူအဖြစ် ပို့ဆောင်ခံနေရဆဲ (မြန်မာစာတမ်းထိုး)

    ဧပြီ ၂၊ ၂၀၁၈
    M-Media

    ဤ စုံစမ်းဖော်ထုတ်မှုမှတ်တမ်းတွင်

    – စင်ကာပူရှိ မြန်မာအိမ်အကူ မိန်းကလေးငယ်များ ထိခိုက်ခံစားရမှု
    – မြန်မာအစိုးရ၏ ပိတ်ပင်ထားမှုကို ချိုးဖောက်ကာ ကုမ္ပဏီများက အိမ်အကူစေလွှတ်နေမှု
    – တရားမ၀င် အိမ်အကူစေလွှတ်မှုတွင် လွှတ်တော်အမတ်တစ်ဦး ပါဝင်ပတ်သက်မှု
    – စင်ကာပူရှိ မြန်မာသံရုံး၏ လစ်လျူရှုထားမှု
    – မြန်မာအလုပ်သမားရေးရာ ဦးစီးဌာန၏ တာဝန်ပေါ့လျော့မှု
    – အေးဂျင့်များ၏ ခြေရှုပ်မှုများ
    – မနလရုံးမှ အကျော်အခွများ
    – စင်ကာပူအစိုးရ၏ မဆိုင်သလိုနေမှု
    – စင်ကာပူတွင် မြန်မာအိမ်အကူတစ်ဦး ပဟေဠိဆန်စွာ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု .. စတာတွေကို ရှုစားရမှာြ
    ဖစ်ပါတယ်။

    Source – Aljazeera

    (စင်ကာပူရှိ မြန်မာအိမ်အကူများနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် အလ်ဂျာဇီးရားသတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုကို
    ကွန်မန့်ဘောက်တွင် ကြည့်ရှုနိုင်ပါသည်။)

  • အမေရိကန်ကုန်စည်များကို တရုတ်က အခွန်တိုးကောက်မည်

    အမေရိကန်ကုန်စည်များကို တရုတ်က အခွန်တိုးကောက်မည်

    ဧပြီ ၂၊ ၂၀၁၈
    M-Media

    – စားသောက်ကုန်အများစုအပါအ၀င် အမေရိကန်မှ တင်သွင်းသည့် ကုန်ပစ္စည်း ၁၂၀ ကျော်အတွက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု တရုတ်က ပြောကြားလိုက်ပြီး တရုတ်ပစ္စည်းများအား ထရမ့်အစိုးရက အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် တုန့်ပြန်ခြင်းဖြစ်သည်။

    ကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိမည့် အဆိုပါအခွန်ကောက်ခံမှုတွင် အမေရိကန်မှတင်သွင်းသည့် ၀က်သား၊ သစ်သီး၊ မြေပဲနှင့် ၀ိုင်အရက်တို့ ပါဝင်မည်ဖြစ်ပြီး ထရမ့်၏ အခွန်တိုးကောက်မှုကြောင့် ဆုံးရှုံးခဲ့သည်များကို ကာမိစေရန်နှင့် အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

    ယခုကဲ့သို့ အခွန်တိုးကောက်မှုမှာ ပြည်တွင်းတွင် လုံလောက်အောင် မထုတ်နိုင်သောကြောင့် အမေရိကန်မှ တင်သွင်းနေရသည့် ၀က်သားအပါအ၀င် စားသုံးကုန်ပစ္စည်းများကို တရုတ်ပြည်သူများ ဈေးကြီးပေးဝယ်ရမည့် အနေအထား ဖြစ်နေသည်။ ၀က်သားမှာ တရုတ်ပြည်သူများ နေ့စဉ်စားသုံးမှုတွင် အရေးပါသည့် အသားဖြစ်သည်။

    အမေရိကန်က စတီးနှင့် အလူမီနီယံတို့အပေါ် အခွန်တိုးကောက်မှုအတွက်လည်း တရုတ်က ထပ်မံတုန့်ပြန်ရန် ရှိနေသည်။

    ၂၀၁၇ ခုနှစ် ကိန်းဂဏန်းများအရ တရုတ်သို့ အမေရိကန်၏ ပို့ကုန်များမှာ ကန်ဒေါ်လာ ဘီလီယံ ၁၃၀.၄ သန်းဖိုး ရှိနေသည်။

    ထရမ့်မှာ မတ်လအတွင်းက တရုတ်ကုန်ပစ္စည်းများအပေါ် ကန်ဒေါ်လာ ဘီလီယံ ၆၀ ဖိုး အခွန်ကောက်ရန် အမိန့်ထုတ်ခဲ့သည်။

    အမေရိကန်မှာ တရုတ်နှင့် ကုန်သွယ်ရေးမမျှတမှုတန်ဖိုး ဒေါ်လာ ၃၇၅ ဘီလီယံ ရှိနေပြီး၊ အမေရိကန်ပြည်သူများ၏ ထောင်နှင့်ချီသော အလုပ်အကိုင်ဆုံးရှုံးမှုအတွက် တရုတ်ကို ထရမ့်က အပြစ်တင်ထားသည်။

    Ref: Aljazeera

  • အိန္ဒိယတွင် အဖိအနှိပ်ခံဟိန္ဒူဇာတ်နိမ့်များ နိုင်ငံတစ်ဝှမ်း ဆန္ဒပြ

    အိန္ဒိယတွင် အဖိအနှိပ်ခံဟိန္ဒူဇာတ်နိမ့်များ နိုင်ငံတစ်ဝှမ်း ဆန္ဒပြ

    ဧပြီ ၂၊ ၂၀၁၈
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – ဇာတ်နိမ့်တွေကို ကာကွယ်ပေးထားတဲ့ ဥပဒေကို အားနည်းစေတဲ့ အိန္ဒိယတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဆန့်ကျင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက ဇာတ်နိမ့်တွေဟာ ဒီကနေ့မှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြခဲ့ကြပါတယ်။

    ၁၉၈၉ ခုနှစ်က သမ္မတဟောင်း ရာဂျစ်ဂန္ဒီလက်ထက် ဇာတ်နိမ့်တွေကို ကာကွယ်ပေးတဲ့ Scheduled Castes (SC) နဲ့ Scheduled Tribes (ST) (Prevention of Atrocities) Act စတဲ့ ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်သူတွေအပေါ် ဖမ်းဆီးတာ၊ အမှုဖွင့်မှုတာတွေ မလုပ်ဖို့အတွက် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    ဒါလစ်တွေက ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ အစိုးရကို တောင်းဆိုတဲ့အနေနဲ့ ‘ဘာရက် ဘန်းဒ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ကာ ထောင်နဲ့ချီတဲ့သူတွေဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုတွေ ထိုင်သပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

    တက်ကြွလှုပ်ရှားသူတွေနဲ့ ဒါလစ်အဖွဲ့အစည်းတွေက ဇာတ်ခွဲခြားမှုကိုအခြေခံတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဒါလစ်တွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာကြောင့် အထူးဥပဒေတစ်ရပ် လိုအပ်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဇာတ်ခွဲခြားမှုဟ တရားမ၀င်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂူဂျာရတ်ပြည်နယ်မှာ ဒါလစ်လယ်သမားတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က စနေနေ့မှာ သတင်းထုတ်ပြန်ပြီး ဒီကိစ္စအတွက် ဇာတ်မြင့် ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

    နိုင်ငံတစ်ဝှမ်း သန်းပေါင်း ၂၀၀ လောက်ရှိတဲ့ ဇာတ်နိမ့်တွေအပေါ် တိုက်ခိုက်ကျူးလွန်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြင့်တက်လာခဲ့တယ်လို့ အိန္ဒိယ အမျိုးသားရာဇ၀တ်မှုမှတ်တမ်းဗျူရို (NCRB) ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

    ကျူးလွန်မှုတွေအပေါ် အပြစ်ပေးအရေးယူမှုနှုန်း ကျဆင်းနေတာတောင် အိန္ဒိယတရားရုံးချုပ်က ဒီလိုအမိန့်ချမှတ်လိုက်မှုဟာ တုန်လှုပ်စရာဖြစ်တယ်လို့ ဒါလစ်အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

    အတိုက်အခံတွေက ၀န်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ အစိုးရဟာ ဒါလစ်ဆန့်ကျင်ရေးသမားဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    အဓိကအတိုက်အခံ ကွန်ဂရက်ပါတီရဲ့ အကြီးအကဲ ရာဟူးလ်ဂန္ဒီက အာဏာရပါတီ BJP နဲ့ ဒီပါတီရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်း RSS တို့ရဲ့ ဗီဇကိုက ဒါလစ်တွေကို အဆင့်အနိမ့်ဆုံးမှာ ထားဖို့ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဖိအားတွေများလာတာကြောင့် အိန္ဒိယအစိုးရက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒါလစ်တွေ တော်တော်များများရှိတဲ့ မြောက်ပိုင်း ပန်ဂျဘ်ပြည်နယ်မှာ တနင်္လာနေ့ည ၁၁ နာရီအထိ အင်တာနက်ကို ပိတ်ထားမှာဖြစ်ပြီး၊ စစ်တပ်ကိုလည်း တပ်လှန့်ထားပါတယ်။

    ဆန္ဒပြမှုတွေကို ဟာရ်ယာနာ၊ အူတာပရာဒက်ရှ်၊ ဂူဂျာရတ်၊ မဟာရက်ရှ်ထရာ၊ ရာဂျက်စတန်၊ ဘီဟာရ်နဲ့ ဂျာ့ခ်လန်း ပြည်နယ်တွေမှာ အဓိကထား ပြုလုပ်တာဖြစ်ပါတယ်။

    နိုင်ငံအလယ်ပိုင်း မဒ်ယာပရာဒက်ရှ်ပြည်နယ်ရဲ့ မိုရီနာခရိုင်မှာ ဒီနေ့မနက်ပိုင်း ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    Ref: Aljazeera