News @ M-Media
Blog
  • ယဉ်ကျေးမှုအနုပညာ တိုးတက်စေရန် ဆော်ဒီက ရုပ်ရှင်ကောင်စီ ဖွဲ့စည်း
    ယဉ်ကျေးမှုအနုပညာ တိုးတက်စေရန် ဆော်ဒီက ရုပ်ရှင်ကောင်စီ ဖွဲ့စည်း
    မတ် ၂၁၊ ၂၀၁၈
    M-Media
    – ဆော်ဒီ ယဉ်ကျေးမှုဆိုင်ရာ အာဏာပိုင်အဖွဲ့ (GAC) က ဆော်ဒီရုပ်ရှင်ကောင်စီ ဖွဲ့စည်းလိုက်ကြောင်း မနေ့မှာ ကြေငြာခဲ့ပြီး ရုပ်ရှင်နဲ့ အနုပညာ ဆန်းသစ်မှုကဏ္ဍတွေမှာ ကူညီပံ့ပိုးပေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
    GAC ရဲ့ စီအီးအို အဟ်မဒ် အလ်-မာဇီဒ်က ဒီဆောင်ရွက်မှုကြောင့် တိုင်းပြည်ရဲ့ အသမိုင်းနဲ့ ယဉ်ကျေးမှုကဏ္ဍတွေကို ၂၀၃၀ ရည်မှန်းချက်အတိုင်း ပိုမိုမြှင့်တင်ပေးနိုင်ကာ နိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။
    အသစ်ဖွဲ့စည်းလိုက်တဲ့ ဆော်ဒီ ရုပ်ရှင်ကောင်စီကို ရေရှည်တည်တံ့မယ့် မဟာဗျူဟာမြောက် နည်းလမ်းတွေကနေ ရုပ်ရှင်နဲ့ အနုပညာကဏ္ဍ ဖွံ့ဖြိုးလာစေမယ့် ၀န်းကျင်တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
    ပါရမီရှိတဲ့လူငယ်တွေကို ပြုစုပျိုးထောင်ပေးတာ၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းတာ၊ အဆင့်မြင့် နည်းပညာတွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေနဲ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်အောင်၊ ဆော်ဒီရဲ့ ယဉ်ကျေးမှုအနုပညာကဏ္ဍ ဖွံ့ဖြိုးအောင် အာရုံစိုက်လုပ်ဆောင်သွားမယ်လို့လည်း အလ်-မာဇီဒ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ ဦးဆောင်မှုနဲ့ ဆော်ဒီဟာ နိုင်ငံအတွင်း လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အကြီးအကျယ် လုပ်ဆောင်နေပြီး အမျိုးသမီးတွေ ကားမမောင်းရဆိုတဲ့ ကန့်သတ်မှုကို ပယ်ဖျက်တာမျိုးတွေလည်း ဒီ ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ပါတယ်။
    Ref: Alarabiya
  • မြန်မာနိုင်ငံသားတစ်ဦးကြောင့် ကိုရီးယားနိုင်ငံသား ၄ ဦး အသက်ရှင်သန်ခွင့်ရ
    မြန်မာနိုင်ငံသားတစ်ဦးကြောင့် ကိုရီးယားနိုင်ငံသား ၄ ဦး အသက်ရှင်သန်ခွင့်ရ
    မတ် ၂၀၊ ၂၀၁၈
    M-Media
    စက်ရုံတွင် မတော်တဆမှုကြောင့် ကွယ်လွန်သွားသည့် ၀င်းထွဋ်ဇော်
    – ကိုရီးယားက စက်ရုံတစ်ခုမှာ အလုပ်သွားလုပ်ရင်း မတော်တဆမှုကြောင့် ကွယ်လွန်သွားတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြောင့် ကိုရီးယားနိုင်ငံသား ၄ ဦး အသက်ရှင်သန်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
    ဂျောင်ဆန်းတောင်ပိုင်း မီရ်ယန်းမြို့က ကားအစိတ်အပိုင်းစက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ အသက် ၄၄ နှစ်အရွယ် ၀င်းထွဋ်ဇော်ဟာ ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ စက်ရုံအတွင်း ပြုတ်ကျကာ ခေါင်းထိပြီး ဦးနှောက်မှာ ဒဏ်ရာရသွားခဲ့တာပါ။
    ခွဲစိပ်ကုသမှု အောင်မြင်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နှလုံးရပ်သွားခဲ့ပြီး ၂ ပတ်လောက် ကုသမှုတွေ ဆက်လုပ်ခဲ့ရာမှာ တိုးတက်မှုမရရှိဘဲ ဆရာဝန်တွေက ဦးနှောက်သေဆုံးသွားတာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။
    ကိုရီးယားကို လိုက်သွားခဲ့တဲ့ ၀င်းထွဋ်ဇော်ရဲ့ အမဖြစ်သူက ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို လှူဒါန်းဖို့ ပြောကြားခဲ့ပြီး မတ်လ ၃ ရက်နေ့မှာ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တွေကို ကိုရီးယားလူနာ ၄ ဦးဆီ အစားထိုးပေးခဲ့ကာ သူတို့ရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။
    ကိုရီးယားမှာ နိုင်ငံခြားသားတွေက ဒီလို ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းတာမျိုးဟာ ရှားပါးပြီး တစ်နှစ်ကို ၂ ယောက်လောက်သာ ရှိပါတယ်။
    ဒီလို လှူဒါန်းရခြင်းဟာ မောင်ဖြစ်သူ အသက်ရှင်စဉ်အခါက ဆောင်ရွက်ခဲ့တဲ့ ပရဟိတစိတ်ဓာတ်၊ မိသားစုရဲ့ ဗုဒ္ဓဘာသာ အယူအဆနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ၀င်းထွဋ်ဇော်ရဲ့အမက ပြောကြားခဲ့ပါတယ်။
    ကိုရီးယားမှာ ဆက်နေချင်တယ်လို့ မဆုံးခင်က ပြောကြားမှုကြောင့် ၀င်းထွဋ်ဇော်ရဲ့ ဈာပနအခမ်းအနားကို မတ်လ ၆ ရက်နေ့က မီရ်ယန်းဆေးရုံမှာ ပြုလုပ်ခဲ့ပြီး အဲဒီမြို့မှာပဲ ဂူသွင်းခဲ့ပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် လီဆန်ဟွာက ၀င်းထွဋ်ဇော်ရဲ့ မိသားစုနဲ့အတူ ၀မ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံက ကိုရီးယားအသင်းကလည်း ၀င်းထွဋ်ဇော်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတက်ခဲ့တဲ့ တက္ကသိုလ်ကို ပညာသင်ဆုပေးဖို့၊ သူ့အမည်နဲ့ ရန်ပုံငွေတစ်ခု တည်ထောင်ဖို့ ရှိနေကြောင်း လီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: mmtimes
  • ဖာပွန်တွင် စစ်တပ်က အင်အားတိုးချမှုကြောင့် ကရင်ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရ
    ဖာပွန်တွင် စစ်တပ်က အင်အားတိုးချမှုကြောင့် ကရင်ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရ
    မတ် ၂၀၊ ၂၀၁၈
    M-Media
    ကရင်ပြည်သူများ ဆန္ဒပြမှု (Photo Credit – Frontier Myanmar)
    – ကရင်ပြည်နယ် ဖာပွန်မြို့မှာ မြန်မာစစ်တပ်က တပ်တွေတိုးချကာ မြေသိမ်းမှုတွေ ရှိနေတာကြောင့် ရွာ ၁၅ ရွာက ကရင်ပြည်သူ ၂၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက တပ်တွေ ပြန်ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။
    အစိုးရစစ်တပ်တွေဟာ လမ်းသစ်တစ်ခု ဖောက်ဖို့အတွက် ဖာပွန်ဒေသကို မတ်လ ၄ ရက်နေ့မှာ စတင် ၀င်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ပိုများလာကာ စီမံကိန်းအတွက် လယ်ယာတွေ သိမ်းယူမှုလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
    “အစိုးရစစ်တပ်ဟာ လမ်းဖောက်ဖို့ ခွင့်ပြုတာထက် ပိုပြီး မြေတွေကို ကျူးကျော်သိမ်းပိုက်တာတွေ ရှိပါတယ်။ ရွာသားတွေက ဒါမျိုးမလိုချင်ဘူး။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်လို့ ပြောပါတယ်” လို့ ဖာပွန်မြို့နယ် ကဲပူကျေးရွာက ရွာသားတစ်ဦးဖြစ်သူ စောအဲမူးက ပြောကြားခဲ့ပါတယ်။
    ကရင်ငြိမ်းချမ်းရေးကွန်ယက်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီကြေငြာချက်ထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အစိုးရကတစ်ဆင့်ထက် အရပ်ဖက်အဖွဲ့အစည်းတွေကနေတစ်ဆင့် ကူညီပေးကြဖို့ နိုင်ငံတကာ NGO တွေကို တိုက်တွန်းထားပါတယ်။
    “အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေက သူတို့အသက်မွေးဖို့ အလုပ်လုပ်ရမယ့် နေရာတွေကနေ အစိုးရတပ်တွေကို ထွက်သွားစေချင်တယ်။ ဒီပြဿနာအတွက် တတ်နိုင်သမျှ အမြန်ဆုံး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံကာ ဆွေးနွေးစေချင်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတွေက အခု တောထဲသွားနေရပါတယ်။ စားနပ်ရိက္ခာလိုအပ်နေတယ်။ သူတို့ရဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ စိုးရိမ်ပါတယ်” လို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်က စောဝေလေးက ပြောကြားခဲ့ပါတယ်။
    အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာ ၁၅ ရွာက ရွာသားတွေဟာ မနေ့က လိုကွေးရွာမှာ ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်ခဲ့ကြပြီး အစိုးရစစ်တပ်တွေ ထွက်သွားဖို့၊ လမ်းဖောက်နေတာကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
    ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၁၆ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်တပ်တွေ ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
    Ref: Reliefweb
  • ပြဿနာတစ်ခုဖြစ်လာရင် အားနည်းချက်တွေကို သုံးသပ်ဝေဖန်သင့်တယ်လို့ ကိုမြအေးဆို
    ပြဿနာတစ်ခုဖြစ်လာရင် အားနည်းချက်တွေကို သုံးသပ်ဝေဖန်သင့်တယ်လို့ ကိုမြအေးဆို
    မတ် ၁၉၊ ၂၀၁၈
    M-Media
    မိုးစက်
    ရန်ကုန်။ ။ အကြောင်းကိစ္စတစ်ခုခုကြောင့် ပြသာနာတစ်ခုခု ဖြစ်လာခဲ့ပြီဆိုရင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အားနည်းချက်တွေကို သုံးသပ်ဝေဖန်သင့်ပြီလို့ ကိုမြအေးက မတ်လ(၁၈) ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်သော
    ကြယ်ငါးပွင့် အမည်ဖြင့် ဂုဏ်ပြုဟောပြောပွဲမှာ ယင်းသို့ ဆိုခဲ့ခြင်းဖြစ်ပါတယ်။
    ရန်ကုန်။ ။ အကြောင်းကိစ္စတစ်ခုခုကြောင့် ပြသာနာတစ်ခုခု ဖြစ်လာခဲ့ပြီဆိုရင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အားနည်းချက်တွေကို သုံးသပ်ဝေဖန်သင့်ပြီလို့ ကိုမြအေးက မတ်လ(၁၈) ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်သော
    ကြယ်ငါးပွင့်အမည်ဖြင့် ဂုဏ်ပြုဟောပြောပွဲမှာ ယင်းသို့ ဆိုခဲ့ခြင်းဖြစ်ပါတယ်။
    “ငါတို့ချည်းပဲ မှန်တာတော့ နေရာတိုင်းမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်ခုခုဖြစ်လာခဲ့ရင် ငါတို့လည်း ဘာအားနည်းချက်တွေရှိလည်းဆိုတာကို ပြန်ပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ဝေဖန်သင့်တယ်လို့ ကျွန်တော် အစ္စလာမ်ဘာသာဝင်များကို တိုက်ရိုက်တိုက်တွန်းချင်ပါတယ်။
    မှားနေတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ အကယ်၍များ မှားနေတယ်ဆိုရင် ငါတို့ ဘယ်လိုပြောင်းလဲရမလည်းဆိုတာကို စဉ်းစားသင့်ပြီလို့ ကျွန်တော်မြင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
    ” ကျွန်တော်တို့ နိုင်ငံနဲ့ပတ်သတ်ပြီး စဉ်းစားတဲ့အခါမှာ လူမျိုးတစ်ခုချင်း ဘာသာတစ်ခုချင်းအပေါ်မှာ အခြေတည်ပြီး စဉ်းစားတာထက် နိုင်ငံသူ နိုင်ငံသားဆိုတဲ့ အခြေခံပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေကို စဉ်းစားစေချင်ပါတယ်။ တစ်ဖက်ကလည်း ပြောချင်တာက နိုင်ငံသားထက်တော့ နည်းနည်းလေးမှ လျှော့လို့မရတော့ပါဘူး ခင်ဗျာ။ အဲ့နောက်မှာ ချောက်ပဲ ရှိပါတော့တယ်။
    အဲ့ဒီတော့ ကျွန်တော်တို့ဟာ နိုင်ငံသားဖြစ်ပါတယ်။ ” လို့ နိုင်ငံသား အခွင့်အရေးနဲ့ ပတ်သတ်ပြီး ဆိုပါတယ်။
    အစ္စလာမ်ဘာသာဝင်များက ယခင်က အားကစား၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်တွေမှာ မနိမ့်ကျခဲ့ပဲ တိုင်းပြည်တာဝန်ကို ကျရာအခမ်းကဏ္ဍကနေ ထမ်းဆောင်ခဲ့ကြတာဖြစ်ပြီး ဒီနေ့ ဒီမိုကရေစီရေး အကူးအပြောင်းမှာလည်း တိုင်းပြည်ကို ချောက်ထဲမကျအောင် နောက်ပြန်လှည့်လို့မရအောင် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များက တခြားတိုင်းရင်းသားများနဲ့ လက်တွဲပြီး ပြသာနာအရပ်ရပ်ကို ဖြေရှင်းဖို့ လိုနေပြီဖြစ်ပြီးတိုင်းပြည်ကို ပို၍ပို၍ချစ်ဖို့ တိုက်တွန်းကြောင်း ဆိုခဲ့ပါတယ်။
    ကြယ်ငါးပွင့်လို့ တင်စားရတဲ့ ဟောပြောပွဲမှာတော့ သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့ပြီး အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြတဲ့ ခေတ်ဦး ကာတွန်းဆရာကြီးဖြစ်ပြီး ဦးရွှေရိုး ဒေါ်မိုး အကကို တီထွင်ခဲ့တဲ့ ကာတွန်းဆရာကြီး ရွှေတလေး၊ ပထမဆုံး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်တဲ့ ဦးရာရှစ်၊ မေယု တိုက်ရေယာဉ်မှူး ဗိုလ်မှူးဘသော်(ခေါ်) မောင်သောက၊ အမျိုးသမီးထုအား အဖက်ဖက်မှ အကျိုးပြခဲ့တဲ့ ဆရာမကြီး ဝဏ္ဏကျော်ထင် ဟာဂျီမ ဒေါ်စောရွှေနှင့် ပါလီမန် ဒီမိုကရေစီခေတ်က ဝန်ကြီးဟောင်း ဦးခင်မောင်လတ်တို့ အကြောင်းကို စာရေးဆရာ ချစ်ဦးညို၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဝါခယ်မမောင်မင်းနိုင်၊ ကာတွန်း ဝင်းအောင်နှင့် မြန်မာစာပါမောက္ခ ဦးသန်းဝင်းတို့က ဂုဏ်ပြုဟောပြောခဲ့ကြပါတယ်။
  • သက်ငယ်မုဒိန်းမှုကို အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလော?
    သက်ငယ်မုဒိန်းမှုကို အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလော?
    ၂၀၁၈ မတ်လ ၁၈ ရက်နေ့ညက မန္တလေး အောင်မြေသာဇံမှာဖြစ်ပွားခဲ့တဲ့ ဆူပူမှု
    အခုတလော သက်ငယ်မုဒိန်း ဖြစ်ပွားမှုတွေ မြန်မာနိုင်ငံအနှံ့ များပြားလာသလို သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ လှုပ်ရှားဆောင်ရွက်မှုတွေလည်း မြို့နယ်အသီးသီးမှာ ပြုလုပ်ကျင်းပလာပါတယ်။ လူထုရဲ့အာရုံစိုက်မှုကလည်း တဖြေးတဖြေးမြင့်မားလာပါတယ်။ ဒီအချိန်မှာ လူထု ဒေါသထွက်ပေါက်ကွဲလွယ်မယ့် သက်ငယ်မုဒိန်းမှုကိုအသုံးချပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလားဆိုတဲ့ သံသယဖြစ်စရာ အချက်တွေလည်း တွေ့လာရပါတယ်။
    မန္ဆလေး အောင်မြေသာဇံမှာ မတ် ၁၈ ရက်နေ့ညက ဖြစ်သွားတဲ့ သက်ငယ်မုဒိန်းမှုတစ်ခုကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပါလျက် လူစုလုဝေးဖြစ်အောင် တမင်ဖန်တီးခဲ့ပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေ တကျော့ပြန်ထွက်လာအောင် ပြုလုပ်သွားခဲ့တဲ့အတွက် ရဲက သေနတ်ပစ်ဖောက်ပြီး လူစုခွဲရတဲ့အထိပါပဲ။
    တချိန်ချိန်မှာ သက်ငယ်မုဒိန်းကို ဘာသာခြား မွတ်စလင်ကုလားက ကျူးလွန်ပါတယ်ဆိုတဲ့ တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် စွပ်စွဲလှုံ့ဆော်မှုနဲ့အတူ ဘာသာရေးပဋိပက္ခဆီ ဦးတည်မယ့်အရိပ်အယောင်ကို မြင်တွေ့နေရပါပြီ။
    မန္တလေး အောင်မြေသာဇံမှာက အဲဒီနေ့မှာပဲ သက်ငယ်မုဒိန်း သေဒဏ်ပေးရေးလှုပ်ရှားမှု လက်မှတ်ကောက်ခံ ယူပွဲလည်း ကျင်းပခဲ့ပါသေးတယ်.. ဒီလိုလုပ်နေတဲ့ကြားထဲက သက်ငယ်မုဒိန်းဖြစ်ရကောင်းလားဆိုပြီး လူထုက ဒေါသထွက်ခဲ့တယ်လို့ မြင်စရာပါ… ဒါပေမယ့် ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် လူထုပေါက်ကွဲမှုဆီကို ဦးလှည့်ပေးဖို့ သက်ငယ်မုဒိန်းမှုကို အသုံးချနေပြီဆိုတာတွေ့ရပါတယ်။
    ၂၀၁၇ ဇန်န၀ါရီ ၂ မှာ ဒေါ်ခင်စောဝေအဆို လွှတ်တော်မှာ အရေးနိမ့်
    တွေ့ရှိချက် (၁)
    ပထမဆုံး သတိပြုရမယ့်အချက်က လွှတ်တော်မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ရခိုင် ANP ပါတီက ပြည်သူ့လွှတ်တော်အမတ်ဒေါ်ခင်စောဝေတင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ကို ပြစ်ဒဏ်ပြင်ဆင်ပေးပြီး သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ အဆိုပြုချက် မအောင်မြင်ဘဲ မှတ်တမ်းအဖြစ်သာတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ အမျိုးသားရေးသမားတွေအတွက် NLD အမတ်တွေ အများဆုံးပါဝင်တဲ့ လွှတ်တော်ကို သက်ငယ်မုဒိန်းမှုကို အကြောင်းပြုပြီး တိုက်ခိုက်စရာရလာပါတယ်။
    သက်ငယ်မုဒိန်းသေဒဏ်ပေးရေး ကမ်ပိန်းလုပ်နေတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ
    တွေ့ရှိချက် (၂)
    နိုင်ငံအနှံ့ မြို့နယ်အသီးသီးက သက်ငယ်မုဒိန်း သေဒဏ်ပေးရေး (သို့မဟုတ်) ပြစ်ဒဏ်ပြင်ဆင်ရေး ကမ်းပိန်းဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူမှုကွန်ရက်စတဲ့ အရက်ဘက်အဖွဲ့အစည်းတွေကြားမှာ မဘသ ကျောထောက်နောက်ခံ အမျိုးသားရေးအုပ်စုတွေလည်း သီးခြားပါဝင်လှုပ်ရှားလာပါတယ် >>>
    – ရန်ကုန်၊ ကမာရွတ်မြို့နယ် ကျွန်းတောလမ်းမှာ ဇန်န၀ါရီ ၂၉၊ ၂၀၁၈ ခုနှစ်က အမျိုးသားရေးလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ၊ တပ်မတော်ထောက်ခံပွဲတွေမှာ ပွဲတိုင်းကျော်တွေဖြစ်တဲ့ ဆွေဇင်ဦး၊ မြတ်ဆုမွန်၊ လီလီနိုင်ကျော်နဲ့ သီရိနေလင်းတို့ ဦးဆောင်ပြီး သက်ငယ်မုဒိန်း သေဒဏ်ပေးရေး လက်မှတ် ၅၀၀ ကောက်ခံခဲ့ပါတယ်။
    NLD အမတ်တွေ ထောက်ခံဖို့ တပ်မတော်ကို ကန့်ကွက်ခိုင်းရမယ့်ဆိုပြီး ၀ါဒဖြန့်
    တွေ့ရှိချက် (၃)
    သက်ငယ်မုဒိန်းမှုတွေကို အမျိုးသားရေးသမားတွေကသာ သောကထား အာရုံစိုက်ပြီး NLD အမတ်တွေနဲ့ ထောက်ခံသူတွေက ဂရုမစိုက်ဘူးလို့ ထင်မြင်လာအောင် အမျိုးသားရေးသမားတွေကပဲ လှုပ်ရှားတောင်းဆိုနေသယောင်ယောင် ပုံဖော်ဝါဒဖြန့်နေ >>>
    – သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ NLD အမတ်တွေ လွှတ်တော်ထဲမှာ ထောက်ခံချင်လာအောင် တပ်မတော် ၂၅ သားကို ကန့်ကွက်ခိုင်းရမယ်ဆိုတဲ့ psy-war တွေဖြန့်ခဲ့တာကို တွေ့ရှိရပါတယ်။
    ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် Unity ဂျာနယ်ပါ ဦးဝီရသူရဲ့ မုဒိန်းနဲ့ မွတ်စလင် ဆက်စပ်စွပ်စွဲချက်
    တွေ့ရှိချက် (၄)
    တစ်နှစ်ကြာ ဟောပြောခွင့်ပိတ်ပင်ခံရမှုကနေ ပြန်လည်လွတ်မြောက်လာတဲ့ မုဒိန်းစပယ်ရှယ်လစ် ဦးဝီရသူဟာ မွတ်စလင်တွေကို သက်ငယ်မုဒိန်းကျင့်သူ၊ ဘာသာမတူသူတွေကို မုဒိန်းကျင့်သူအဖြစ် ပြောဆိုစွပ်စွဲခဲ့တာကို ၂၀၁၈ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် Unity ဂျာနယ်မှာ ဖော်ပြ >>>
    – ဦးဝီရသူက “ မွတ်စလင်တွေဟာ ဘာသာမတူတဲ့အပေါ်မှာ မုဒိန်းကျင့်တာ…၊ အခြားဘာသာဝင်မိန်းခလေးတွေဆို မယ်သီလရှင်တောင် မရှောင် မုဒိမ်းကျင့်တာ၊ ကလေး သေးသေးလေးတောင် မုဒိန်းကျင့်တာတွေ တိုးပွားလာတယ်…..” လို့ Unity ဂျာနယ်ရဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။ မုဒိန်းမှုခင်းသတင်းတွေမှာ ကျူးလွန်သူအများစုက မွတ်စလင်တွေမဟုတ်ပေမယ့် လည်း မွတ်စလင်ဘက်ကို မြှားဦးလှည့် နှပ်ကြောင်းပေး ပြောဆိုသွားတာပါ။
    တွေ့ရှိချက် (၅)
    နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး >>>
    – မန္တလေးမှာ ၁၈ ရက်နေ့ညက လူအုပ်နဲ့ ရဲစခန်းကို ခဲပေါက်ပြီး ဆူပူမှုဖြစ်အောင်လုပ်ခဲ့တဲ့အထဲ အောင်မြေသာဇံက ဒေသခံတွေမဟုတ်ဘဲ မတ္တရာက ဆင်းလာတဲ့လူတွေလို့ သတင်းတွေကဆိုတယ်။ ဒီတော့ ပဋိပက္ခတွေဖြစ်လိုက်ရင် ဒေသခံမဟုတ်ဘဲ ပြင်ကလူတွေလာပြီး လုပ်လေ့ရှိတဲ့ အစဉ်အလာမျိုးကိုပဲ အဲဒီနေ့ဖြစ်စဉ်မှာ တွေ့ရတယ်။ နောက် victim ဖြစ်တဲ့ ကလေးဟာ ဆေးရုံမှာ သေဆုံးသွားပြီဆိုတဲ့ ကောလာဟလ သတင်းမျိုး လူမှုကွန်ရက်မှာ ထုတ်လွှင့်ခဲ့တာကလည်း ဇာတ်ရှိန်မြှင့်ပေးတဲ့ နည်းစနစ်ဟောင်းတစ်ခုပါပဲ။
    – တိုက်ဆိုင်စွာပဲ မန္တလေးမှာ ၁၈ ရက်နေ့ဖြစ်တဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားခရီးစဉ်အဖြစ် သြစတြေးလျကို ရောက်ရှိနေချိန်ပါ။ နိုင်ငံတော်အကြီးအကဲတွေ ပြည်ပခရီးထွက်တဲ့အချိန် ဆူပူမှုတွေ ဖန်တီးလေ့ရှိတဲ့ အစဉ်အလာကလည်းရှိနေတော့ ဒီမုဒိန်းမှုအကြောင်းပြု ဆူပူအုံကြွမှုဟာ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘူးလို့ ငြင်းချက်ထုတ်ဖို့ ခက်ခဲနေပါတယ်။
    သုံးသပ်ချက် >>>
    မုဒိန်းကောင်ဆိုရင် လူတိုင်းက ပြစ်ဒဏ်ကြီးကြီးပေးချင်ကြတာပါ။ မနှစ်မြို့ အော့နှလုံးနာစရာကောင်းတဲ့ အောက်တန်းကျယုတ်မာသူ သက်ငယ်မုဒိန်းကောင်ကိုဆိုရင်တော့ ပိုလို့တောင် သေဒဏ်ပေးချင်ကြတယ်၊
    မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ခတ်ချင်နေကြတာပါ။ ဖြစ်တယ်လို့ ကြားတာနဲ့ ထလွယ်ရှလွယ် ဒေါသဖြစ်လွယ်တဲ့ ကိစ္စမျိုးပါ။ ဒါကို နိုင်ငံရေး တောင်ကြောင်တွေ အသုံးချသွားနိုင်ပါတယ်။ အသုံးချခဲ့တဲ့ သာဓကအနေနဲ့လည်း ရခိုင်သီတာထွေးနဲ့ မန္တလေး ဖြူဖြူမင်း(ခ)ဂတုံးမ အမှုတွေက သက်သေခံနေပါတယ်။
    ၂၀၁၄၊ ဇူလိုင် ၁  ရက်နေ့ညမှာ လူစုလူဝေးစတင်ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ခဲ့တဲ့ မန္တလေးမုဒိန်းမှု လီဆယ်မှုသာဖြစ်
    ၂၀၁၄ ခုနှစ် ဇွန်လ ၂၈ ညက မန္တလေးမြို့ ချမ်းအေးသာဇံမှာရှိတဲ့ ဆန်းကဖီးနဲ့ ဖြူဖြူမင်း(ခ)ဂတုံးမတို့ရဲ့ မုဒိန်းမှုသတင်းကြောင့် ဇူလိုင်လ ၁ ရက်နေ့ညမှာ လူမှုအသိုင်းအ၀န်း နှစ်ခုအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၂ ရက်နေ့ည ဆူပူမှုအတွင်း လူ၂ဦးသေဆုံးခဲ့ပါတယ်။ နောက်နေ့တွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းသိမ်းရတဲ့အထိ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တာပါ။
    ဖြူဖြူမင်းအမှုမှာ ဦးဝီရသူ၊ နေမျိုးဝေနဲ့ သစ်ထူးလွင်တို့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာတွေက စတင်ဝါဒဖြန့် လှုံ့ဆော်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီမုဒိန်းမှုဟာ လီဆယ်တိုင်တန်းမှုဖြစ်တယ်လို့ အစိုးရကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပဋိပက္ခဆူပူမှုဖြစ်ပွားခဲ့ပြီး လူ၂ဦးရဲ့အသက် ဆုံးရှုံးခဲ့သလို မြို့လည်း အကျည်းတန်ခဲ့ရပါတယ်။
    အခုအချိန်ဟာ မိတ္ထီလာမြို့မှာ ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က ရွှေအရောင်းအ၀ယ်အငြင်းပွားမှုကို အကြောင်းပြုပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၅ နှစ်ပြည့်တဲ့အချိန်လည်းဖြစ်ပါတယ်။ အချိန်ကိုက် လှုံ့ဆော်ပြီး တကျော့ပြန်ဖန်တီးလာနိုင်ချေရှိတဲ့ အခြေအနေတွေကို သတိပြုဆင်ခြင်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။
    အခုလည်း နေ့စဉ်နဲ့အမျှ တိုးပွားနေတဲ့ သက်ငယ်မုဒိန်းမှုတွေထဲက စိတ်မနှံ့သူ အဓမ္မပြုကျင့်ခံရတဲ့အမှု၊ လက်သည်တရားခံမပေါ်တဲ့အမှုတွေမှာ မည်းမည်းမြင်ရာ တရားခံရှာ တံဆိပ်ကပ်ဖို့ လွယ်ကူပါတယ်။ တရားခံဟာ ဘာသာခြား မွတ်စလင်ကုလားဆိုပြီး လှုံ့ဆော်ဝါဒဖြန့်ရုံနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးထွက်ပေါ်လာပြီး ဘာသာရေးပဋိပက္ခအဖြစ် ဖန်တီးလာနိုင်တယ်ဆိုတာကို တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ နိုင်ငံသားတိုင်းက သတိပြုရမှာဖြစ်ပါတယ်။
    လူမှုကွန်ရက်ပေါ်က ဖွတိုင်း မယုံ၊ လှုံ့ဆော်တိုင်း သွေးမကြွဖို့ ဆင်ခြင်ရပါမယ်။ ဂျင်းမကြိုက်ကြဖို့လိုပါတယ်။ ပြီးခဲ့တဲ့မန္တလေးဖြစ်စဉ်မှာဆိုရင်လည်း အဓမ္မကျင့်ခံရတဲ့ ကလေးငယ် ဆေးရုံမှာ သေပြီဆိုတဲ့ ဖွသတင်းတွေ ထွက်ပေါ်လာတာဟာ ပဋိပက္ခတွေမှာ အရှိန်အဟုန်နဲ့ လူထုပါဝင်လာအောင် ဓါတ်ဆီလောင်းတဲ့ နည်းတွေပါ။
    အဖျက်သမားတွေရဲ့ နိုင်ငံရေးအသုံးချ ဘာသာရေးပဋိပက္ခ ဖန်တီးလိုမှုအကြံအစည်ကို ကြိုတင်သိမြင်ကာကွယ်နိုင်ပြီး တိုင်းပြည်ရဲ့ အနိဋ္ဌာရုံတွေကနေ လွတ်မြောက်နိုင်ကြပါစေ…..။ ။
    ခိုင်မြဲ (မတ် ၂၀၊ ၂၀၁၈)