News @ M-Media

Blog

  • ဆော်ဒီ-ရုရှား ရေနံမဟာမိတ်ဖြစ်မှု နှစ် ၂၀ ခန့်အထိ ကြာမြင့်ဖွယ်ရှိနေ

    ဆော်ဒီ-ရုရှား ရေနံမဟာမိတ်ဖြစ်မှု နှစ် ၂၀ ခန့်အထိ ကြာမြင့်ဖွယ်ရှိနေ

    မတ် ၂၈၊ ၂၀၁၈
    M-Media

    ရုရှားသမ္မတပူတင်နှင့်အတူ တွေ့ရသည့် ဆော်ဒီအိမ်ရှေ့မင်းသား (ယာ)

    –  ရုရှားနှင့် ဆော်ဒီအာရေဗျတို့၏ ရေနံဆိုင်ရာ မဟာမိတ်အဖြစ် ရပ်တည်မှုမှာ နှစ်ပေါင်း ၂၀ ခန့်အထိ ကြာမြင့်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    ဆော်ဒီဦးဆောင်သည့် အိုပက်အဖွဲ့နှင့် ရုရှားတို့မှာ ရေနံဈေးများ ထိုးကျခဲ့ပြီးနောက် ဈေနှုန်းထိန်းချုပ်ရေးအတွက် ထုတ်လုပ်မှုလျှော့ချရန် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် ပူးပေါင်းခဲ့ကြသည်။

    ရေနံဈေးမှာ ၂၀၁၄ ခုနှစ်တွင် တစ်စည်ကို ဒေါ်လာ ၁၀၀ မှ ၃၀ အောက်အထိ ရောက်ရှိသွားပြီး ရေနံထုတ်လုပ်သည့်နိုင်ငံများကို တုန်လှုပ်စေခဲ့သည်။

    အိုပက်၊ ရုရှားနှင့် အခြား ရေနံထုတ်လုပ်သည့်နိုင်ငံများက ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ပြီးနောက် ဈေးပြန်တက်လာပြီး လက်ရှိတွင် တစ်စည်ကို ဒေါ်လာ ၇၀ နီးပါးအထိ ရောက်လာခဲ့သည်။ သို့သော်လည်း အမေရိကန်၏ ရေနံထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် အိုပက်နိုင်ငံများ၏ ထုတ်လုပ်မှုလျှော့ချသည့် အစီအစဉ်ကို ထိခိုက်စေနိုင်သည်။

    ရုရှားမှာ အိုပက်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ရေနံဈေးကျဆင်းမှုများကြောင့် အဖွဲ့ဝင် ၁၄ နိုင်ငံပါ အိုပက်အဖွဲ့နှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။

    မင်းသားကမူ ရုရှား၏ ပူးပေါင်းမှုမှာ ထူးခြားသည့် ကိစ္စဖြစ်ပြီး ၁၀ နှစ်မှ နှစ် ၂၀ ခန့်အထိ ကြာမြင့်လျှင် မကြုံစဖူးဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီနှင့် ရုရှားတို့မှာ ဆီးရီးယားပြည်တွင်းစစ်တွင် မတူညီသည့် ဘက်များမှ ပါဝင်နေသော်လည်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းမှုကို ခိုင်မာအောင် ဆောင်ရွက်လာခဲ့သည်။

    Ref: Aljazeera

  • ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ကင်ဂျုံအန် ကတိပြု

    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ကင်ဂျုံအန် ကတိပြု

    မတ် ၂၈၊ ၂၀၁၈
    M-Media

    တရုတ်သမ္မရှီနှင့် ကင်ဂျုံအန်တို့ တွေ့ဆုံမှု

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ဘေဂျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးအတွက် ကတိပြုခဲ့သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာက Xinhu က ယနေ့တွင် ဖော်ပြခဲ့သည်။

    “ကျွန်းဆွယ်အတွင်းမှာ နျူကင်းစင်ရေးဆိုတာ ကျွန်တော်တို့ အမြဲတမ်းရပ်တည်လာခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ပြီး သမ္မတဟောင်း ကင်အီဆွန်၊ အထွေထွေအတွင်းရေးမှူး ကင်ဂျုံအီလ်တို့ရဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ တုန့်ပြန်မှုသာ စေတနာမှန်မယ်ဆိုရင် ကိုရီးယားကျွန်း ဆွယ်မှာ နျူကင်းစင်ရေးကိစ္စဟာ ဖြေရှင်းလို့ရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်” ဟု ကင်ဂျုံအန်က ၎င်း၏ အဘိုးနှင့် ဖခင်ဖြစ်သူတို့ကို ကိုးကား၍ ပြောကြားခဲ့သည်။

    ကင်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံလိုစိတ်ရှိသည်ဟုလည်း ရှီကျင့်ဖျင်ကို ထပ်မံပြောကြားခဲ့ပြီး ထရမ့်နှင့် တွေ့ဆုံမှုကိစ္စအတွက် မြောက်ကိုရီးယား၏ ပထမဆုံး တရားဝင် ပြောကြားမှုလည်း ဖြစ်သည်။

    ကင်ဂျုံအန်မှာ တရုတ်နိုင်ငံသို့ တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့အထိ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့လာရောက်မှုမှာ တရားဝင်မဟုတ်သော လာရောက်မှုဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

    အဆိုပါလည်ပတ်မှုမှာ ၂၀၁၁ ခုနှစ် အာဏာရယူပြီးကတည်းက ကင်ဂျုံအန်၏ ပထမဆုံး နိုင်ငံရပ်ခြားသို့ သွားရောက်မှုဖြစ်ပြီး တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ထိပ်သီးဆွေးနွေးမှုအတွက် ပြင်ဆင်ခြင်းဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

    မြောက်ကိုရီးယားသတင်းဌာန၏ ဖော်ပြမှုတွင် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကင်စင်ရေး၊ မေလတွင် ထရမ့်နှင့်တွေ့ဆုံရေး ကင်ဂျုံအန်၏ ပြောကြားမှုမှာ မပါဝင်ခဲ့ပေ။

    အိမ်ဖြူတော်က တရုတ်အစိုးရမှာ အင်္ဂါနေ့က ၎င်းတို့အား ဆက်သွယ်၍ ကင်ဂျုံအန် တရုတ်နိုင်ငံသို့လာရောက်မှုကို အသိပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ယူအေအီး၏ ပထမဆုံး နျူဓာတ်အားပေးစက်ရုံ မကြာမီ ပြီးစီးတော့မည်

    ယူအေအီး၏ ပထမဆုံး နျူဓာတ်အားပေးစက်ရုံ မကြာမီ ပြီးစီးတော့မည်

    မတ် ၂၇၊ ၂၀၁၈
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ၏ ပထမဆုံး နျူဓာတ်အားပေးစက်ရုံမှာ တည်ဆောက်ချိန် ၉ နှစ်တာ ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု သိရသည်။

    Barakah နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်ပြီး ပထမဆုံး ဓာတ်ပေါင်းဖိုမှာ အပြည့်အ၀ ပြီးစီးပွားခဲ့ပြီဖြစ်သည်။ ဒုတိမြောက် ဓာတ်ပေါင်းဖိုမှာ ၉၂ ရာခိုင်နှုန်း၊ တတိယ ဓာတ်ပေါင်းဖိုမှာ ၈၁ ရာခိုင်နှုန်း၊ စတုတ္ထဓာတ်ပေါင်းဖိုမှာ ၆၁ ရာခိုင်နှုန်း ပြီးစီးနေပြီး ဓာတ်အားပေးစက်ရုံ တစ်ခုလုံးအနေဖြင့် ၈၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲကို အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ် အလ် နဟ်ယန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့အပါအ၀င် ဂုဏ်သရေရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

    ဓာတ်ပေါင်းဖို ၄ ခုစလုံး ပြီးစီးကာ လည်ပတ်ပါက ဓာတ်အားကို သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသည့် နည်းလမ်းဖြင့် ထုတ်ပေးနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး ကာဘွန်ထုတ်လွှတ်မှု တန်ပေါင်း ၂၁ သန်း လျှော့ချနိုင်မည်ဖြစ်သည်။

    Ref: Gulf News

  • ခရစ်ယာန်ဓမ္မဆရာ၏ဟောကြားချက် ဘာသာရေးသဟဇာတဖြစ်မှုကို ထိခိုက်မှု ရှိ၊ မရှိ စင်ကာပူ စုံစမ်းနေ

    ခရစ်ယာန်ဓမ္မဆရာ၏ဟောကြားချက် ဘာသာရေးသဟဇာတဖြစ်မှုကို ထိခိုက်မှု ရှိ၊ မရှိ စင်ကာပူ စုံစမ်းနေ

    မတ် ၂၇၊ ၂၀၁၈
    M-Media

    – အမေရိကန် ခရစ်ယာန်တရားဟောဆရာတစ်ယောက်ဟာ စင်ကာပူနိုင်ငံရဲ့ ဘာသာရေးသဟဇာတဖြစ်မှုကို ပျက်ပြားစေတဲ့ ပြောကြားချက်မျိုး ရှိတယ်လို့ အထောက်အထားတွေ့ရရင် တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန MHA က မနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

    အခုလအစောပိုင်းက စင်ကာပူကုန်စည်ပြပွဲတစ်ခုမှာ ခရစ်ယာန်တရားဟောဆရာ လူအိန်ဂျဲလ်ရဲ့ ပြောကြားမှုဟာ စင်ကာပူက ခရစ်ယာန်နဲ့ မွတ်စလင်အကြား သွေးကွဲစေဖို့ ခြိမ်းခြောက်နေတယ်လို့ အွန်လိုင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Rice Media က ဖော်ပြခဲ့ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးရဲ့ ဒီလိုထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။

    “Kingdom Invasion Conference 2018 မှာ အိန်ဂျဲလ်ဟာ ဒီလိုပြောကြားမှုတွေ အထူးသဖြင့် အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး ပြေကြားမှုတွေ ရှိတဲ့ဆိုတဲ့ စွပ်စွဲချက်တွေကို MHA က ကြားနေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ MHA က ဆောင်ရွက်နေပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    အိန်ဂျဲလ်ရဲ့ တရားပွဲကို စင်ကာပူ Cornerstone Community Church ဘုရားကျောင်းက စီစဉ်ကျင်းပတာဖြစ်ပြီး အဲဒီပွဲကို သွားတက်ခဲ့တဲ့ မစ္စတာဘင်ဂျမင် လင်က Rice Media ရဲ့ အယ်ဒီတာ့အာဘော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆောင်းပါးရေးသားခဲ့တာ ဖြစ်ပါတယ်။

    လူ ၂၀၀၀ လောက်တက်ရောက်ခဲ့တဲ့ အဲဒီတရားပွဲမှာ အိန်ဂျဲလ်က ‘ခေတ်သစ်မွတ်စလင်လှုပ်ရှားမှုကို တွန်းလှန်နေရတယ်’ ဆိုပြီး ပြောကြားခဲ့တာပါ။

    အိန်ဂျဲလ်ကတော့ သူ့အနေနဲ့ အငြင်းပွားဖွယ်ကိစ္စကိုတွေကို ရှောင်ခဲ့ပြီး စင်ကာပူက လူမှုရေး၊ ဘာသာရေးနဲ့ လူမျိုးရေးသဟဇာတဖြစ်မှုကို ပျက်ပြားစေမယ့်စကားမျိုး မပြောခဲ့ဘူးလို့ တုန့်ပြန်ပါတယ်။

    “စင်ကာပူက ဘာသာရေး သဟဇာတဖြစ်မှုကို ပျက်ပြားစေတဲ့ စကားမျိုး၊ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးစေတဲ့စကားမျိုးကို မစ္စတာအိန်ဂျဲလ်က ပြောခဲ့မယ်ဆိုရင် အဲဒီအတွက် ထိထိရောက်ရောက် အရေးယူသွားမှာပါ။ MHA ဟာ စင်ကာပူရဲ့ လူမှုရေး၊ လူမျိုးရေးနဲ့ ဘာသာရေးသဟဇာတဖြစ်မှုကို ပျက်ဆီးအောင်လုပ်တဲ့ ဘယ်လို လူမျိုးကိုမှ သည်းခံမှာ မဟုတ်ပါဘူး” လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Cornerstone Community Church ဘုရားကျောင်းကတော့ Rice Media ရဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ တိုင်ချက်ဖွင့်ထားပါတယ်။

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက ခရစ်ယာန်တရားဟောဆရာနှစ်ယောက်ကို စင်ကာပူလာရောက်ဟောပြောခွင့် ပိတ်ပင်ခဲ့ပြီး အဲဒီလူနှစ်ဦးဟာ အခြားသော ဘာသာတရားတွေအပေါ် အပုတ်ချတဲ့စကားမျိုး၊ စော်ကားတဲ့စကားမျိုးကို ပြောကြားခဲ့ကြောင်း၊ ဘယ်ဘာသာက တရားဟောဆရာမှ အခြားဘာသာတရားတွေအပေါ် ရှုတ်ချပြောဆိုတာမျိုး အစိုးရက ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    လာမယ့်လအတွင်းမှာ လာရောက်ဖို့ စီစဉ်ထားတဲ့ မွတ်စလင်တရားဟောဆရာနှစ်ဦးကိုလည်း သူ့တို့ရဲ့ အရင်က အခြားဘာသာတွေအပေါ် ပြောကြားခဲ့တဲ့ မှတ်ချက်တွေအတွက် စင်ကာပူက ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

    Ref: CNA

  • အမုန်း၊ တရားမဲ့မှုနှင့် ပဋိပက္ခများကို လက်မခံရန် မြန်မာပြည်သူများကို ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း

    အမုန်း၊ တရားမဲ့မှုနှင့် ပဋိပက္ခများကို လက်မခံရန် မြန်မာပြည်သူများကို ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း

    မတ် ၂၇၊ ၂၀၁၈
    M-Media

    ပုပ်ရဟန်းမင်းကြီးနှင့်အတူ တွေ့ရသည့် ကာဒီနယ် ချားလ်စ်မောင်ဘို (ယာ)

    – အမုန်းတွေ၊ တရားမမျှတမှုတွေနဲ့ လူမျိုးစု ပဋိပက္ခတွေကို လက်မခံငြင်းပယ်ကြဖို့ ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက သူ့ရဲ့ အီစတာပွဲတော် နှုတ်ခွန်းဆက်စကားမှာ မြန်မာပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    အီစတာပွဲတော်ဟာ ‘မျှော်လင့်ခြင်းနေ့ရက်’ ဖြစ်ပြီး မြန်မာနိုင်ငံဟာ မျှော်လင့်ခြင်းကို ကြီးကြီးမားမား လိုအပ်နေတယ်လို့ ချားလ်စ်ဘိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကာဒီနယ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခန့်အပ်မှုကို ခံခဲ့ရတဲ့ ချားလစ်မောင်ဘိုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်လည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ရဲ့ နှလုံးသားတွေနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံမှာ ရှိနေတဲ့ မျှော်လင့်ချက်မဲ့မှုဆိုတဲ့ သင်္ချီုင်းမြေပုံတွေကနေ မျှော်လင့်ချက်ပျက်သုဉ်းခြင်းဆိုတဲ့ မှတ်တိုင်တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ အီစတာပွဲတော်ရဲ့ ပီတိကို နိုင်ငံအတွင်းက ပြည်သူတွေရဲ့ နှလုံးသားကို ထိတွေ့ခွင့်ပေးပါ။ သမ္မာကျမ်းစာက ကျွန်တော်တို့ကို တိုက်တွန်းထားသလို – သေခြင်းထက် ရှင်သန်ခြင်းကို ရွေးချယ်ကြပါ” လို့ ဆရာတော်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ခရစ်ယာန် ကက်သလစ်ဘာသာဝင်အရေအတွက်ဟာ ၇ သိန်းလာက်သာနဲ့ နိုင်ငံလူဦးရေရဲ့ ၂ ရာခိုင်နှုန်းပျော့ပျော့လောက်သာ ရှိပါတယ်။

    ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဘာသာပေါင်းစုံညီညွတ်ရေး သတင်းစကားပေးခဲ့ပါတယ်။

    အီစတာနှုတ်ခွန်းဆက်စကားမှာ ဆရာတော် ချားလ်စ်က လက်စားခြေချင်းထက် ရင်ကြားစေ့ရေး ပိုမိုဆောင်ရွက်ဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ တိုက်တွန်းမှုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

    လူတွေကလုပ်ထားတဲ့ ‘သင်္ချီုင်းမြေပုံတွေ’ထဲကနေ ထွက်လာကာ ပြည်သူတွေရဲ့ ကောင်းချီးကို ပိတ်ဆို့နေတဲ့ အစိုင်အခဲတွေကို ဖယ်ရှားကြဖို့လည်း ကာဒီနယ်က ထည့်သွင်းပြောဆိုခဲ့သလို၊ အဲဒီအစိုင်အခဲတွေဟာ အမုန်းတွေ၊ တရားမဲ့မှုတွေ၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    “တရားမျှတမှုမရှိရင် ငြိမ်းချမ်းရေးဆိုတာ ရှိမှာမဟုတ်ပါဘူး။ ဘယ်နိုင်ငံကမှ ပြည်သူတွေအပေါ်မှာ ငြိမ်းချမ်းရေးကို အတင်းဖန်တီးပေးလို့ မရပါဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ပန်းဟာ တရားမျှတမှုဆိုတဲ့ အပင်မှာသာ ဖူးပွင့်တာ ဖြစ်ပါတယ်”

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စီးပွားရေး တရားမျှတမှုနဲ့ သဘာဝပတ်ဝန်းကျင် တရားမှုမျှမှုတွေကို လူသားတွေရဲ့ မျက်စိနှစ်ဖက်အဖြစ် သတ်မှတ်ကာ တရားမျှတရေး ဆောင်ရွက်နေကြောင်း ဆရာတော်ချားလ်စ်က ပြောကြားခဲ့ပါတယ်။

    “ဒါပေမယ့် သန်းနဲ့ချီတဲ့လူတွေဟာ နိုင်ငံအတွင်း စီးပွားရေးမမျှတမှုဆိုတဲ့ သေတွင်းမှာ နစ်မြှုပ်နေကြပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ‘ခေတ်သစ်ကျွန်တွေ’ အဖြစ် ဘ၀တွေ သေနေကြပါတယ်။ ရင်းမြစ်တွေဟာ အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အလှမ်းဝေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါတွေကို လူယုမှုကြောင့် ထောင်နဲ့ချီတဲ့လူတွေဟာ ပဋိပက္ခတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုဆိုတဲ့ သေတွင်းထဲ မြှုပ်နှံခံထားရပြန်ပါတယ်”

    အစိုးရ၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ပဋိပက္ခတွင်းကနေ ရုန်းထွက်ကြဖို့လည်း ချားလ်စ်မောင်ဘိုက မေတ္တာရပ်ခံခဲ့ပါတယ်။

    “နှစ် ၆၀ လောက် ကျွန်တော်တို့ စစ်ပွဲတွေဖြစ်ခဲ့တယ်။ ပဋိပက္ခက ကျွန်တော်တို့အားလုံးကို သင်းသတ်လိုက်တာပါ။ တစ်ချိန်က ကျွန်တော်တို့ထက်ဆင်းရဲတဲ့ အရှေ့တောင်အာရှအတွင်းက နိုင်ငံတွေဟာ အခုအချိန်မှာ ကျွန်တ်ာတို့ထက် စီးပွားရေးအင်အား တောင့်တင်းလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်တွေထဲကတစ်ခု ဖြစ်နေတုန်းပါ။ ပဋိပက္ခတွေဟာ မြန်မာပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို တိုက်စားလိုက်တာပါ။ ရှေ့ဆက်ဖို့အတွက် ငြိမ်းချမ်းရေးက တစ်ခုတည်းသော နည်းလမ်းပါပဲ”

    မြန်မာနိုင်ငံက ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ကိုယ်တိုင်ဖန်တီးထားတာတွေဖြစ်ပြီး တိုင်းပြည်ရဲ့ လူမျိုးစုံယဉ်ကျေးမှုကို ဗမာလူများစုရဲ့ လက်မခံငြင်းပယ်မှုက တိုင်းရင်းသားပဋိပက္ခတွေကို ဦးတည်စေတယ်လို့လည်း ကာဒီနယ်က ပြောပါတယ်။

    သည်းခံမှုနဲ့ နားလည်မှုတွေကို တွန်းအားပေးရေး၊ ယဉ်ကျေးမှုမတူ၊ လူမျိုးမတူ၊ ဘာသာမတူတဲ့ လူမျိုးစုတွေကို သွေးကွဲစေတဲ့ ပဋိပက္ခဒဏ်ရာတွေကို ကုစားရေး ကြိုးပမ်းမှုတိုင်းမှာ ဗုဒ္ဓသာသနာကပြောတဲ့ ဉာဏ်ပညာကို ဆက်လက်အသုံးပြုကြဖို့လည်း ဆရာတော်က တိုက်တွန်းခဲ့ပါတယ်။

    Ref: CruxNow