News @ M-Media

Blog

  • လီဗာပူးလ်တိုက်စစ်မှူးပုံ ညှပ်ပြီး ကျော်ကြားလာတဲ့ အီဂျစ်က ဆံသဆရာ

    လီဗာပူးလ်တိုက်စစ်မှူးပုံ ညှပ်ပြီး ကျော်ကြားလာတဲ့ အီဂျစ်က ဆံသဆရာ

    မတ် ၁၉၊ ၂၀၁၈
    M-Media


    – အီဂျစ်နိုင်ငံက ၀ါလိဒ် မက္ကရမ်လို့ခေါ်တဲ့ ဆံသဆရာတစ်ယောက်ဟာ ဖောက်သည်တွေရဲ့ခေါင်းမှာ လီဗာပူးလ် ဂိုးသွင်းစက် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ရဲ့ မျက်နှာကို ပုံဖော်ပေးမှုအတွက် နာမည်ကြီးလာပါတယ်။

    မက္ကရမ်က ပထမဆုံး သူဟာ ဆံပင်ပေါ်မှာ အဖြူရောင်ရဲ့ မျက်နှာပုံကို ဆေးခြယ်ပြီး အဲဒီပုံအတိုင်း လိုက်ညှပ်ပေးတာလို့ ပြောပါတယ်။ မိုဟာမက် ဆာလာဟ်ရဲ့ မျက်နှာအပြင် အီဂျစ်နဲ့ အခြား နာမည်ကျော် အာရပ်လူမျိုးတွေရဲ့ ပုံတွေကိုလည်း မက္ကရင်က ပုံဖော်ပေးနေပါတယ်။

    တိုက်စစ်မှူး ဆာလာဟ်ဟာ လီဗာပူးလ်အသင်းနဲ့ ပွဲဦးထွက်ဖြစ်တဲ့ အခုရာသီ ပြိုင်ပွဲအားလုံးမှာ ၃၆ ဂိုး သွင်းပေးထားပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

    Ref: Alarabiya

  • ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပူတင်က ထပ်မံအနိုင်ရရှိ

    ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပူတင်က ထပ်မံအနိုင်ရရှိ

    မတ် ၁၉၊ ၂၀၁၈
    M-Media

    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရုရှားသမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမီရ် ပူတင်က မျှော်မှန်ထားသည့်အတိုင်း အနိုင်ရရှိခဲ့ပြီး အတိုက်အခံများကမူ ပူတင်မှာ ရွေးကောက်ပွဲတွင် မရိုးမသား လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

    တိုင်းပြည်အား နှစ်ပေါင်း ၂၀ နီးပါး အုပ်စိုးခဲ့သည့် ပူတင်မှာ ထောက်ခံမဲ ၇၆.၆၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၎င်းယှဉ်ပြိုင်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ထောက်ခံမှု အမြင့်ဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ၆ နှစ် ရာထူး၌ ဆက်ရှိနေမည်ဖြစ်သည်။

    အတိုက်အခံများနှင့် လွတ်လပ်သော စောင့်ကြည့်သူများကမူ ပူတင် ၄ ကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်ရေး တရားဝင်ဖြစ်မှု သေချာစေရန်အတွက် မဲဝယ်ခြင်း၊ အခြား မသမာမှုများ ပြုလုပ်ခြင်းတို့ ရှိသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ပူတင်အား ထောက်ခံသူများက ဗြိတိန်၏ သူလျှိုကိစ္စ စွပ်စွဲမှု၊ အိုလံပစ်ပြိုင်ပွဲတွင် ရုရှားကစားသမားများအား ဆေးကျသည်ဆိုသည့် စွပ်စွဲမှု စသည့် အနောက်နိုင်ငံများ၏ ဖိအားများကြောင့် ရုရှားပြည်သူများက ၎င်းတို့၏ ခေါင်းဆောင်နောက်၌ ပိုမို မားမားမတ်မတ်ရပ်တည်မှုကို ဖြစ်စေသည်ဟု ဆိုသည်။

    ၂၀၂၄ ခုနှစ် ရာထူး၌ ဆက်ရှိနေမည့် ပူတင်မှာ အာဏာရှင် ဂျိုးဆက်စတာလင်နောက်ပိုင်း အရှည်ကြာဆုံး ရုရှားခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၎င်းကမူ ရာသက်ပန်သမ္မတအဖြစ် ရှိနေမည်မဟုတ်ဟု ဆိုသည်။

    “အသက် ၁၀၀ အထိ ကျွန်တော် ဒီရာထူးမှာ နေသွားမယ်ဆိုတာမျိုးလား။ မဟုတ်ပါဘူး” ဟု ယမန်နေ့တွင် သတင်းထောက်များက ၂၀၃၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်မည်လားဆိုသည့် မေးခွန်းကို ဖြေကြားခဲ့သည်။

    ရုရှားသမ္မတရွေးကောက်ပွဲတွင် ပူတင်အပါအ၀င် ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၎င်းအား ယှဉ်ပြိုင်နိုင်မည်ဟု ယူဆရသည့် အလက်ဇီ နာဗာလ်နီမှာ ဥပဒေဆိုင်ရာ အကြောင်းအရင်းများကြောင့် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

    Ref: CNA

  • သေသည်အထိ အာဏာယူသွားမယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အင်တာဗျူး

    သေသည်အထိ အာဏာယူသွားမယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အင်တာဗျူး

    မတ် ၁၉၊ ၂၀၁၈
    M-Media

    – သူ့ရဲ့ တိုင်းပြည်အပေါ် အုပ်စိုးမှုကို သေခြင်းတရားကသာ ရပ်တန့်နိုင်လိမ့်မယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီး ဒီအင်တာဗျူးအပြည့်အစုံကို မင်းသားရဲ့ အမေရိကန်ခရီးစဉ်အကြို ဒီကနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

    “လူတစ်ယောက် အသက်ဘယ်လောက် ရှည်မလဲဆိုတာ ဘုရားသခင်သာ သိပါတယ်။ အသက် ၅၀ လောက် နေရမလားဆိုတာ မသိပါဘူး။ ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ ဒီလောက် နေရမယ်လို့ မျှော်လင့်လို့ ရပါတယ်”

    CBS သတင်းဌာနက အင်တာဗျူးသူ နိုရာ အိုဒိုနယ်က သူ့ရဲ့ အုပ်စိုးမှုကို တစ်ခုခုက တားဆီးနိုင်မလားဆိုပြီး မေးတဲ့အခါမှာ မင်းသားက ‘သေခြင်းတရား’ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒီအင်တာဗျူးဟာ မိုဟာမက် ဘင် ဆလ်မန်တစ်ယောက် အိမ်ရှေ့အရာအပ်နှင်းခံရကာ အာဏာရပြီးတဲ့နောက် အမေရိကန်ရုပ်သံနဲ့ ပထမဆုံး အင်တာဗျူးမှုဖြစ်ပြီး မင်းသားကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ဖော်ပြထားပါတယ်။

    မိုဟာမက် ဘင် ဆလ်မန်ဟာ ဆော်ဒီနိုင်ငံအတွင်းမှာ လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်ပြုလုပ်နေပြီး၊ သူခေါင်းဆောင်တဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ ဆော်ဒီတော်ဝင်မင်းသားတွေအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကို ခေတ္တထိန်းသိမ်းကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    CBS နဲ့ အင်တာဗျူးမှာ မင်းသားက အဲဒီလို ထိန်းသိမ်းစစ်ဆေးမှုအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ပြန်ရခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဒီဖမ်းဆီးမှုဟာ အာဏာလုဖို့ဆိုတဲ့ စွပ်စွဲမှုတွေကို ‘နုံအရာကျတယ်’ လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “ဆော်ဒီမှာ ကျွန်တော်တို့ လုပ်နေတာတွေဟာ လိုအပ်လို့ လုပ်နေတာတွေပါ။ လုပ်ဆောင်တဲ့အရာအားလုံးဟာ လက်ရှိတည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်”

    လူ့အခွင့်အရေးကိစ္စ

    ဘင် ဆလ်မန်ဟာ တိုင်းပြည်ရဲ့ လူမှုရေးပြဿနာတွေ၊ တိုင်းပြည်ရဲ့ ရှေးရိုးစွဲဝါဒအကြောင်းတွေကိုလည်း အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “၁၉၇၉ ခုနှစ်က ကိစ္စတွေ မတိုင်မီအထိ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်က အခြားနိုင်ငံတွေလို ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ပြည်သူတွေပါ”

    တိုင်းပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မင်းသားက “လူ့အခွင့်အရေး ကြေငြာစာတမ်းက အချက်အလက် တော်တော်များများကို ယုံကြည်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    “တကယ်တော့ လူ့အခွင့်အရေးဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဆော်ဒီရဲ့ စံနှုန်းဟာ အမေရိကန်ရဲ့ စံနှုန်းတွေနဲ့ မတူပါဘူး။ ကျွန်တော်တို့ဟာ ဒီကိစ္စမှာ ချို့ယွင်းချက် မဖြစ်ဘူးလို့ ကျွန်တော် မပြောချင်ဘူး။ ကျွန်တော်တို့မှာ တကယ်ရှိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီလို ချို့ယွင်းချက်တွေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်”

    တိုင်းပြည်အတွင်းမှာ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ တန်းတူပဲလို့ မင်းသားက ဆိုပါတယ်။

    “ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်အကြား ခြားနားမှု မရှိပါဘူး”

    မိုဟာမက် ဘင် ဆလ်မန်ဟာ ဆော်ဒီမှာ အမျိုးသမီးတွေအပေါ် ပြုလုပ်ထားတဲ့ ကန့်သတ်ချက်တစ်ချို့ကို ဖြေလျော့ပေးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဒီအတွက်လည်း ဆော်ဒီ ထိပ်တန်း အမျိုးသမီး ပညာရှင်များအဖွဲ့က ချီးကျူးခဲ့ကြပါတယ်။

    ယီမင်စစ်ပွဲ

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီဦးဆောင်တဲ့အဖွဲ့က ပါဝင်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ဘင် ဆလ်မန်အပေါ် ဝေဖန်မှုတွေ ရှိနေကာ သူကတော့ ၂၀၁၅ ခုနှစ် ဆော်ဒီက ဗုံးစကြဲကတည်းက ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်းအတည်းတွေအတွက် ဟူသီသူပုန်တွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ အရပ်သား၊ သူပုန် မခွဲခြားဘဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလို အရေးပါတဲ့ အခြေခံအဆောက်အဦးတွေကို ဖျက်ဆီးတာတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။

    ယီမင်စစ်ပွဲမှာ သူတို့ရဲ့ပါဝင်မှုကို ဘင် ဆလ်မန်က အမေရိကန်နဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။

    “တစ်နေ့ကျရင် မက္ကဆီကိုက ပြည်သူ့စစ်တွေဟာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်တို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အမေရိကန်ပြည်သူတွေက ဘာမှမလုပ်နိုင်ဘဲ ဒါကို လက်ပိုက်ကြည့်နေရမယ့်အဖြစ်မျိုး အမေရိကန်က လက်ခံမယ်လို့ ကျွန်တော် မထင်ပါဘူး”

    အီရန်

    အီရန်ဟာ ဆော်ဒီရဲ့ ပြိုင်ဘက်ဖြစ်တယ်ဆိုတဲ့ ပြောကြားမှုတွေကို အိမ်ရှေ့မင်းသားက ပယ်ချခဲ့ပါတယ်။

    “အီရန်ဟာ ဆော်ဒီအာရေဗျနဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ အီရန်စစ်တပ်ဟာ မွတ်စလင်ကမ္ဘာက ထိပ်တန်း ၅ နိုင်ငံစာရင်းမှာ မ၀င်သလို၊ ဆော်ဒီစီးပွားရေးကလည်း အီရန်ထက် ပိုကြီးပါတယ်။ အီရန်ဟာ ဆော်ဒီကို မမှီနိုင်ပါဘူး”

    ဘင် ဆလ်မန်ဟာ အရင်က ပြောကြားခဲ့သလို ဒီအင်တာဗျူးမှာလည်း အီရန်အဓိပတိ အယာတိုလာ ခါမေနီကို နာဇီဂျာမနီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

    “သူ့ခေတ်သူ့အခါ နယ်ပယ်ချဲ့ထွင်ခဲ့တဲ့ ဟစ်တလာနဲ့ တော်တော်လေးကိုဆင်တဲ့ အနေအထားမျိုးကို သူ(ခါမေနီ)က အရှေ့အလယ်ပိုင်းမှာ ဖန်တီးချင်သူတစ်ယောက်ပါ။ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာတွေ မတိုင်ခင် ဥရောပနဲ့ ကမ္ဘာကြီးက ဟစ်တလာဟာ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မသိခဲ့ကြပါဘူး။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအနေအထားမျိုး ဖြစ်တာကို ကျွန်တော် မမြင်ချင်ပါဘူး”

    ဆော်ဒီအနေနဲ့ နျူလက်နက်ကို ပိုင်ဆိုင်လိုတဲ့ဆန္ဒ မရှိပေမယ့် အီရန်က နျူလက်နက် ရှိလာမယ်ဆိုရင် သူတို့အနေနဲ့ အမြန်ဆုံး ရရှိအောင် ကြိုးစားသွားမယ်လို့လည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီမှတ်ချက်နဲ့ပတ်သက်ပြီး အီရန်က ဘင် ဆလ်မန်ဟာ “ထင်ရာမြင်ရာပြောတဲ့ လူအတစ်ယောက်” ဖြစ်တယ်လို့ ဒီအင်တာဗျူး မလွှင့်ခင်မှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    “အမျှော်အမြင်နည်းတဲ့ ငါ့စကားနွားရ ပြောတာကလွဲရင် သူဟာ နိုင်ငံရေးအကြောင်း နကန်းတစ်လုံးမှ မသိသူပါ။ သူ့ရဲ့မှတ်ချက်တွေကဟာ တုန့်ပြန်ဖို့ မထိုက်တန်ပါဘူး” လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစီမီက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က ပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အမေရိကန်ကို ၂ ပတ်တာကြာမယ့် ခရီးစဉ် မစတင်ခင်မှာ CBS က ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်ခရီးစဉ်အတွင်း မင်းသားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သူ့အစိုးရအဖွဲ့ဝင်တွေ၊ နယူးယောက် ဆီလီကွန်တောင်ကြားနဲ့ အခြားဒေသတွေက စီးပွားရေး၊ ဘဏ္ဍာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • ကာတာကျန်းမာရေးစနစ် အရှေ့အလယ်ပိုင်းတွင် ထိပ်ဆုံး၌ ရပ်တည်

    ကာတာကျန်းမာရေးစနစ် အရှေ့အလယ်ပိုင်းတွင် ထိပ်ဆုံး၌ ရပ်တည်

    မတ် ၁၈၊ ၂၀၁၈
    M-Media

    – ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းဟာ အရှေ့အလယ်ပိုင်းမှာ နံပါတ် ၁ ဖြစ်ပြီး ကမ္ဘာ့ အဆင့် ၁၃ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေအညွှန်းကိန်း 2017 Legatum Prosperity Index အရ သိရပါတယ်။

    ဒီအညွှန်းကိန်းစာရင်းမှာ ကာတာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သိသိသာသာ တက်လာခဲ့ပြီး ၂၀၀၈ ခုနှစ်က ကမ္ဘာ့အဆင့် ၂၇ ရှိရာကနေ အခုဆိုရင် ၁၃ အထိ ရောက်လာတာ ဖြစ်ပါတယ်။

    နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ကျန်းမာရေးအဆင့်အတန်းကို အကဲဖြတ်တဲ့ ဒီအညွှန်းကိန်းမှာ စိတ်ကျန်းမာရေးနဲ့ ရုပ်ကျန်းမာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦးတွေ၊ ကြိုတင် တားဆီးကာကွယ်နိုင်မှု အနေအထား စတဲ့ အချက် ၃ ချက်ကို အဓိကထား လေ့လာသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    “ကမ္ဘာ့ အဆင့် ၁၃ ရှိတယ်ဆိုတာ ကျွန်မတို့ရဲ့ ကျန်းမာရေးစနစ်မှာ နေ့စဉ် လူနာတွေကို ပေးအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကို အံ့သြလောက်ဖွယ် အသိအမှတ်ပြုမှု ဖြစ်ပါတယ်” လို့ ကာတာကျန်းမာရေးဝန်ကြီး ဒေါက်တာ ဟာနန် မိုဟာမက် အလ်-ကူဝါရီက ပြောကြားခဲ့ပါတယ်။

    “ကာတာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ထူးထူးခြားခြားကို ပြောင်းလဲခဲ့ပါတယ်။ အရေအတွက်ပိုင်းနဲ့ အရည်အသွေးပိုင်း နှစ်ခုစလုံး တိုးတက်ရေးမှာ ကျွန်မတို့ဟာ အကြီးအကျယ် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ တိုးတက်မှုဟာ လျင်လျင်မြန်မြန်ကို သွားခဲ့ပြီး၊ ပြုပြင်ပြောင်းလဲမှုနှုန်းနဲ့ပတ်သက်လာရင် ကမ္ဘာပေါ်က ဘယ်နိုင်ငံကိုမဆို ယှဉ်လို့ရပါတယ်”

    Ref: Aljazeera

  • ဆီးရီးယားရှိ အက်ဖရင်ဒေသအား သိမ်းယူနိုင်ပြီဟု တူရကီ ကြေငြာ

    ဆီးရီးယားရှိ အက်ဖရင်ဒေသအား သိမ်းယူနိုင်ပြီဟု တူရကီ ကြေငြာ

    မတ် ၁၈၊ ၂၀၁၈
    M-Media

    အက်ဖရင်မြို့လယ်ကောင်တွင် တူရကီနှင့် ဆီးရီးယားအလံများကို တွေ့ရစဉ်

    – ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အက်ဖရင်မြို့အား အပြည့်အ၀ သိမ်းပိုက်နိုင်ပြီဟု တူရကီစစ်တပ်နှင့် သမ္မတ အာဒိုဂန်တို့က ယနေ့တွင် ကြေငြာလိုက်သည်။

    အက်ဖရင်ဒေသမှာ ယခင်က ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး တူရကီက ကာ့ဒ်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့ဟုဆိုကာ ဇန်န၀ါရီလမှ စတင်၍ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တူရကီစစ်တပ်က ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ၎င်းတို့တပ်ဖွဲ့နှင့် အာဆတ်အစိုးရအား ဆန့်ကျင်သော Free Syrian Army တပ်ဖွဲ့တို့မှာ အက်ဖရင်မြို့လယ်ကောင်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ကျွမ်းကျင်သူများမှာ မြေမြှုပ်မိုင်းနှင့် အခြား ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ရှာဖွေနေကြောင်း ဖော်ပြထားသည်။

    သမ္မတ အာဒိုဂန်ကလည်း စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ အကြမ်းဖက်သမား ၃၆၀၃ ဦးကို လက်နက်ဖြုတ်သိမ်းနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အက်ဖရင်မြို့လယ်ကောင်တွင် တူရကီအလံ လွှင့်တင်ထားသော ဗီဒီယိုတစ်ခုကိုလည်း တူရကီစစ်တပ်က ဆိုရှယ်မီဒီယာတွင် မျှဝေခဲ့သည်။

    ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အက်ဖရင်မြို့ တိုက်ပွဲများကြောင့် ဗုဒ္ဓဟူးနေ့မှစ၍ အနည်းဆုံး လူပေါင်း ၁၅၀၀၀၀ ခန့် ထွက်ပြေးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera