News @ M-Media
Blog
  • လေတပ်အဆင့်မြှင့်တင်ရန် အမေရိကန်ထံမှ စစ်လက်နက် ၁၉၇ သန်းဖိုး ကာတာဝယ်ယူမည်
    လေတပ်အဆင့်မြှင့်တင်ရန် အမေရိကန်ထံမှ စစ်လက်နက် ၁၉၇ သန်းဖိုး ကာတာဝယ်ယူမည်
    မတ် ၉၊ ၂၀၁၈
    M-Media
    – လေတပ်အဆင့်မြှင့်တင်ရေး လိုအပ်သည်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်အတွက် ကာတာနှင့် အမေရိကန်တို့မှာ ကန်ဒေါ်လာ ၁၉၇ သန်းတန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
    အမေရိကန်အစိုးရက ယမန်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည့် အဆိုပါ သဘောတူညီချက်မှာ ကွန်ဂရက်တွင် အတည်ပြုရမည်ဖြစ်သည်။
    “ပင်လယ်ကွေ့ဒေသအတွင်း နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ အင်အားတစ်ရပ်ဖြစ်တဲ့၊ ဆက်ဖြစ်နေမယ့် မိတ်ဖက်နိုင်ငံတစ်ခုရဲ့ လုံခြုံရေးတိုးတက်စေဖို့ ကူညီပေးတဲ့ ဒီရောင်းချမှု သဘောတူညီချက်ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ အမျိုးသားလုံခြုံရေးတွေကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်” ဟု အမေရိကန် ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အေဂျင်စီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    အရှေ့အလယ်ပိုင်း အမေရိကန်လေတပ်၏ ဌာနချုပ်မှာ ကာတာနိုင်ငံတွင် တည်ရှိပြီး အမေရိကန်စစ်သား တစ်သောင်းခန့် အခြေစိုက်ထားသည်။
    ယခုရောင်းချမည့် ပစ္စည်းများက ကာတာလေတပ်၏ ဆိုက်ဘာလုံခြုံရေးကို ပိုမိုကောင်းမွန်စေကာ နိုင်ငံ၏ ကာကွယ်ရေး စွမ်းဆောင်နိုင်မှုကို အထောက်အကူပေးမည်ဖြစ်ကြောင်း၊ လက်ရှိနှင့် အနာဂတ်ခြိမ်းခြောက်မှုများအား ကာတာ၏ တုန့်ပြန်မှုကို ပိုမိုအားကောင်းစေကာ အမေရိကန်တပ်ဖွဲ့များအပေါ် မှီခိုနေရမှုအား လျှော့ချနိုင်မည်ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။
    ကာတာမှာ လက်ရှိတွင် ဆော်ဒီ၊ ယူအေအီး၊ အီဂျစ်၊ ဘာရိန်းတို့၏ အဆက်အသွယ်ဖြတ်တောက်မှုကို ခံနေရပြီး ထိုနိုင်ငံများက ကာတာမှာ ဒေသတွင်း အစွန်းရောက်ဝါဒကို အားပေးနေသည်ဟု စွပ်စွဲခဲ့သည်။ ကာတာကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
    အမေရိကန်မှာ ကာတာအပြင် ယူအေအီးကို Sidewinder ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ကန်ဒေါ်လာ သန်း ၂၇၀ ဖိုး ရောင်းချရန် သဘောတူညီခဲ့သည်။
    Ref: Aljazeera
  • အရှေ့အလယ်ပိုင်းရှိ မိမိတို့၏လှုပ်ရှားမှုအတွက် မည်သူနှင့်မှ မဆွေးနွေးဟု အီရန်အဓိပတိ ပြော
    အရှေ့အလယ်ပိုင်းရှိ မိမိတို့၏လှုပ်ရှားမှုအတွက် မည်သူနှင့်မှ မဆွေးနွေးဟု အီရန်အဓိပတိ ပြော
    မတ် ၉၊ ၂၀၁၈
    M-Media
    – အရှေ့အလယ်ပိုင်းတွင် မိမိတို့၏ တည်ရှိမှုနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမည်မဟုတ်ဟု အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ပြောကြားလိုက်ပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်ကို ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
    “ဥရောပနိုင်ငံတွေက (တီဟီရန်ကို) လာပြီး ဒေသတွင်းမှာ အီရန်ရဲ့ တည်ရှိမှုအတွက် ဆွေးနွေးချင်တယ်လို့ ပြောကြတယ်။ ဒါခင်ဗျားတို့ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ဒေသဖြစ်ပြီး ခင်ဗျားတို့က ဘာ့ကြောင့် လာပါတာလဲ” ဟု ခါမေနီ၏ ပြောကြားမှုကို ၎င်း၏ တရားဝင်ဝဘ်ဆိုက်၌ ယမန်နေ့တွင် လွှင့်တင်ခဲ့သည်။
    နိုင်ငံ၏ အရေးပါသော ကိစ္စတိုင်းတွင် အကြွင်းမဲ့အာဏာပိုင်ဖြစ်သော ခါမေနီက ထိုကိစ္စနှင့်ပတ်သက်၍ ဒေသတွင်း မည်သည့်နိုင်ငံနှင့်မှလည်း ဆွေးနွေးမည်မဟုတ်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
    အီရန်မှာ ဆီးရီးယားပြည်တွင်းစစ်တွင် သမ္မတ ဘာရှာအလ်အာဆတ်ဖက်မှ ၀င်ရောက်ကူညီ တိုက်ခိုက်ပေးနေသည်။
    ဒေသအတွင်း နေရာအများအပြား၌ အမေရိကန်တပ်များ ရှိနေခြင်းမှာ ရန်လိုမှုနှင့် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်မှုဖြစ်သည်ဟုလည်း ခါမေနီက ပြောကြားခဲ့သည်။
    “အမေရိကမှာ ကျွန်တော်တို့တပ်တွေ ရှိချင်ရင် အမေရိကန်နဲ့ ကျွန်တော်တို့ ဆွေးနွေးမှာပါ”
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ အရှေ့အလယ်ပိုင်း ဒေသအတွင်း အီရန်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် အမေရိကန်သမ္မတထရမ့်နှင့် ဆွေးနွေးခဲ့သည်။
    အီရန်မှာ အီရတ်အစိုးရကိုလည်း အကြမ်းဖက်တိုက်ဖျက်မှုကိစ္စတွင် ကူညီပေးနေသည်။ အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အာဖဂန်နစ္စတန်ကို ကူညီရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားထားသည်။
    သမ္မတ ဟာဆန်ရူဟာနီက အီရန်၏ စစ်အင်အားမှာ ဒေသတွင်း မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်မှုမရှိဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
    Ref: Aljazeera
  • သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ မေလတွင် တွေ့ဆုံဆွေးနွေးမည်
    သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ မေလတွင် တွေ့ဆုံဆွေးနွေးမည်
    မတ် ၉၊ ၂၀၁၈
    M-Media
    – ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက်တွေ ဖယ်ရှားရေး သဘောတူညီချက်ရရှိဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ မေလမှာ တွေ့ဆုံဖို့ရှိတယ်လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ချွန်အီယွန်က ပြောကြားလိုက်ပါတယ်။
    “မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ကျွန်တော်တို့ တွေ့ဆုံမှုအတွင်း သူက နျူကင်းစင်ရေး လုပ်လိုတဲ့ဆန္ဒရှိတယ်လို့ ပြောတာကို သမ္မတထရမ့်ဆီ ကျွန်တော် ပြောပြလိုက်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နျူစမ်းသပ်မှု၊ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်မှာမဟုတ်ဘူးလို့လည်း ကင်က ကတိပြုခဲ့ပါတယ်” လို့ ချွန်အီယွန်က ပြောပါတယ်။
    သမ္မတထရမ့်ဟာ ဒီအတွက် ကျေနပ်ကြောင်း၊ အမြဲတမ်းနျူကင်းစင်ရေးအတွက် ကင်ဂျုံအန်နဲ့ မေလမှာ တွေ့ဆုံမှာဖြစ်ကြောင်း ထရမ့်ရဲ့ ပြောကြားမှုကိုလည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “ကိုရီးယားကျွန်းဆွယ်မှာ လုံးဝ နျူကင်းရှင်ရေးအတွက် တောင်ကိုရီးယား၊ အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတော်တော်များများဟာ အပြည့်အ၀ ဆန္ဒရှိနေပါတယ်။ သမ္မတထရမ့်နဲ့အတူ ကျွန်တော်တို့ဟာ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရရှိနိုင်ရေး သံတမန်နည်းလမ်းနဲ့ ဆက်လက်ကြိုးစားဖို့ အကောင်းဖက်က မျှော်
    လင့်ထားပါတယ်”
    ထရမ့်နဲ့ ကင်ဂျုံအန်တို့ တွေ့ဆုံမယ့်သတင်းကို အိမ်ဖြူတော်ကလည်း အတည်ပြုခဲ့ပေမယ့် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက ဆက်လက်ရှိနေအုံးမယ်လို့ ဆိုပါတယ်။
    “တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတမွန်တို့ရဲ့ နှုတ်ရေးကြွယ်မှုအတွက် သမ္မတထရမ့်က တော်တော် သဘောကျနေပါတယ်။ ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့အတွက် အချိန်နဲ့ နေရာကို ဆုံးဖြတ်ပြီးရင် သမ္မတဟာ ဖိတ်ကြားမှုကို လက်ခံမှာဖြစ်ပါတယ်။ မြောက်ကိုရီးယား နျူကင်းစင်ရေး ကျွန်မတို့ ဆက်လက် ဆောင်ရွက်သွားမှာဖြဖ်ပြီး တစ်ချိန်တည်းမှာပဲ ပိတ်ဆို့မှုအားလုံးနဲ့ အမြင့်ဆုံးဖိအားပေးမှုတွေက ဆက်ရှိနေမှာပါ” လို့ အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ရှိသူ ဆာရာ ဆန်းဒါးစ်က ပြောကြားခဲ့ပါတယ်။
    ထရမ့်ကလည်း ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ရှိကြောင်း Twitter စာမျက်နှာမှာ အတည်ပြု ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ် တကယ်ဖြစ်လာမလားဆိုတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက သံသယတွေ ရှိနေပါတယ်။
    တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ဦးဆောင်တဲ့အဖွဲ့ဟာ အခုတစ်ပတ်အစောပိုင်းက မြောက်ကိုရီးယားကို သွားရောက်ကာ ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
    Ref: CNA
  • အကြမ်းဖက်မှုတွေကို စနစ်တကျလုပ်လာတဲ့ သီရိလင်္ကာက ဘာသာရေးအစွန်းရောက်များ
    အကြမ်းဖက်မှုတွေကို စနစ်တကျလုပ်လာတဲ့ သီရိလင်္ကာက ဘာသာရေးအစွန်းရောက်များ
    မတ် ၈၊ ၂၀၁၈
    M-Media
    သီရိကင်္လာက ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့ BBS ဦးသျှောင်ဘုန်းကြီးများ
    – သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းက တောင်ပေါ်မြို့ အမ်ဘာတီနာမှာ ဗုဒ္ဓဟူးနေ့က ရာနဲ့ချီတဲ့ ဆင်ဟာလီဗုဒ္ဓဘာသာဝင် လူအုပ်ဟာ တုတ်တွေ၊ ခဲတွေ၊ ဓာတ်ဆီဗုံးတွေ ကိုင်ဆောင်ကာ ညာသံပေးပြီး ဆင်းလာကြပါတယ်။
    ဒီလူအုပ်ဟာ မွတ်စလင်တွေရဲ့အိမ်တွေ၊ ဆိုင်တွေကို ဖျက်ဆီးမီးရှို့ခဲ့ကြပြီး ရဲနဲ့ စစ်သား ၂ ဒါဇင်လောက်ကတော့ ဒီအတိုင်း ရပ်ကြည့်နေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
    “ကျွန်မတို့ အရမ်းလန့်နေတာ။ ဘယ်မှလည်း သွားစရာမရှိဘူး။ အိမ်က တံခါးတွေအားလုံးကို သူတို့ ရိုက်ချိုးဖျက်ဆီးပြီး အိမ်ကိုလည်း မီးရှို့လိုက်တယ်” လို့ ဖာသီမာ ဇာမီးရ်ကပြောပါတယ်။
    မွေးပြီး ၃ ပတ်သာရှိသေးတဲ့ ကလေးကို ရင်ဝယ်ပိုက်ထားတဲ့ ဇာမီးရ်က ဗုဒ္ဓဟူးနေ့မနက် သူမရဲ့ရပ်ကွက်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကို ပြန်ပြောင်းပြောပြတာပါ။
    ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ကန်ဒီခရိုင်မှာ စတင်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေကို တားဆီးဖို့တွက် အင်္ဂါနေ့က သမ္မတ မိုင်သရီပါလာ ဆရီဆီနာ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်၊ အရေးအပေါ်အခြေအနေကြေငြာမှုတွေကို လူ ၂၀၀ ကနေ ၅၀၀ လောက်ရှိတယ်လို့ မျက်မြင်သက်သေတွေကပြောတဲ့ အဲဒီလူအုပ်က အာခံပြီး ၀ီလီကာဒါရပ်ကွက်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
    တမီလ်ခွဲထွက်ရေးသမားတွေနဲ့ သွေးချောင်းစီးစစ်ပွဲကို ပြီးဆုံးတာ ၁၀ နှစ်တောင်မပြည့်သေးတဲ့ တောင်အာရှက ဒီနိုင်ငံမှာ ဒီလိုတိုက်ခိုက်မှုကြောင့် ပဋိပက္ခနဲ့ မတည်မငြိမ်မှုတွေ ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
    အခုနောက်ဆုံး ပေါ်လာတဲ့ လူမျိုးရေးအကြမ်းဖက်မှုဟာ လက်ဖက်စိုက်ပျိုးမှု၊ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အအုံတွေကြောင့် ကျော်ကြားတဲ့ ကန်ဒီခရိုင် တီလီဒီနီယာမြို့မှာ ယာဉ်တိုက်မှုတစ်ခုအတွင်း မွတ်စလင်အမျိုးသားတစ်အုပ်က ဆင်ဟာလီ အမျိုးသားတစ်ဦးကို တနင်္ဂနွေနေ့မှာ ရိုက်နှက်ခဲ့ပြီးတဲ့နောက် စတ
    င်ခဲ့တာဖြစ်ပါတယ်။ ရိုက်နှက်ခံရတဲ့ ဆင်ဟာလီအမျိုးသားဟာ နောက်ပိုင်းမှာ သေဆုံးသွားပါတယ်။
    အာဏာပိုင်တွေနဲ့ ဒေသခံတွေက မျက်နှာစိမ်းတွေလို့ပြောတဲ့ ရာနဲ့ချီတဲ့ ဆင်ဟာလီ ဗုဒ္ဓဘာသာဝင်လူအုပ်ဟာ နောက်တစ်နေ့မှာ ကန်ဒီမြို့ကို ရောက်လာပြီး မွတ်စလင်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေနဲ့ ဗလီတွေကို တိုက်ခိုက်ကာ၊ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် မွတ်စလင်အမျိုးသားတစ်ဦးရဲ့အလောင်းကို မီးလောင်သွားတဲ့ အဆောက်အဦးထဲမှာ တွေ့ခဲ့ရပြီး အကြမ်းဖက်မှုတွေ ထပ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် အစိုးရဟာ အရေးပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။ ဒေသတွင်း စစ်တပ်ကိုလည်း ချထားခဲ့ပြီး ကာဗျူးအမိန့်ကိုလည်း ထပ်တိုးခဲ့ပါတယ်။
    ဒါပေမယ့် အကြမ်းဖက်မှုတွေက ရပ်မသွားပါဘူး။ ဗုဒ္ဓဟူးနေ့မှာ မြို့ ၄ မြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆီကာရာက ပြောကြားခဲ့ပါတယ်။
    မီနီခင်နာမြို့က တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက အမ်ဘာတန်နာမြို့မှာ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ယူလာတဲ့ လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် ဆင်ဟာလီအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
    ပြဿနာတွေ စဖြစ်ကတည်းက လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ ၃၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဂူနာဆီကာရာက ပြောပါတယ်။
    အစိုးရဟာ အင်တာနက်ကို ဖြတ်ချလိုက်ပြီး Facebook ကို ပိတ်ပစ်ခဲ့ကာ လှုံ့ဆော်ဝါဒဖြန့်မှုတွကို ရပ်တန့်ဖို့ ကြိုးစားမှုအဖြစ် Wahtsapp နဲ့ Viber တို့ အပါအ၀င် မက်ဆေ့ပေးပို့တဲ့ အက်ပလီကေးရှင်းတွေကိုလည်း ပိတ်ခဲ့ပါတယ်။
    အန္တရာယ်မကင်း
    “လုံခြုံတယ်လို့ ကျွန်တော်တို့ မခံစားရတော့ဘူး။ ကျွန်တော်တို့ရဲ့ ကလေးတွေအားလုံး စိတ်ဒဏ်ရာ ရနေပြီ။ ဘယ်သွားရမလဲ၊ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာကို ကျွန်တော်တို့ မသိတော့ဘူး။ ဘာ့ကြောင့် ဒါတွေဖြစ်တာလဲဆိုတာကိုလည်း ကျွန်တော်တို့မသိဘူး။ ဒီလူအုပ်ဟာ ကျွန်တော်တို့ဒေသက မဟုတ်ပါဘူး။ ကျွန်တော်တို့မသိတဲ့ လူစိမ်းတွေပါ။ သူတို့ဟာ မွတ်စလင်မဟုတ်သူတွေရဲ့အိမ်ကို ချန်ပြီး မွတ်စလင်အိမ်တွေကိုပဲ ပစ်မှတ်ထားခဲ့တာကြောင့် ဒေသခံတွေရဲ့ ကူညီမှုမပါဘဲ သူတို့ ဒီလိုမလုပ်နိုင်ပါဘူး”
    အသက် ၂၇ နှစ်အရွယ် စာရင်းကိုင် ကာစင်ဟာ ကားဂိုဒေါင်မှာ မီးလောင်ပျက်ဆီးသွားတဲ့ သူ့ရဲ့ ကားအရှေ့မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
    ဒါပေမယ့် ဒီအကြမ်းဖက်မှုကို လူတစ်ချို့က လှုံ့ဆော်ခဲ့တာလို့လည်း သူက ပြောပါတယ်။
    ကန်ဒီခရိုင်မှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သမိုင်းနဲ့ချီ သဟဇာတဖြစ်စွာ နေထိုင်ခဲ့ကြတယ်လို့ ကာစင်က ဆိုပါတယ်။
    “ဘာသာရေးပွဲတော်တွေမှာ ကျွန်တော်တို့ အပြန်အလှန် မုန့်တွေပို့ကြတယ်။ အတူတူကစားတယ်။ တစ်ယောက်ဆိုင်ကနေ တစ်ယောက် ဈေးတွေ ၀ယ်ခဲ့ကြပါတယ်”
    နှစ်ပေါင်း ၃၀ လောက် ကြာမြင့်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ဗုဒ္ဓဘာသာ အမျိုးသားရေး အုပ်စုတွေ ခေါင်းထောင်လာခဲ့တာကြောင့် လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ တင်းမာမှုတွေ ဖြစ်လာခဲ့တာလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ အဲဒီ အုပ်စုတွေထဲမှာ မြန်မာနိုင်ငံက သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့တွေနဲ့ အချိတ်အဆက်ရှိပြီး ဘုန်းကြီးတွေဦးဆောင်တဲ့အဖွဲ့ BBS အဖွဲ့လည်း ပါဝင်ပါတယ်။
    သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီက အားပေးတယ်လို့ တော်တော်များက ယူဆကြတဲ့ အဲဒီအဖွဲ့ဟာ ၂၁ သသန်းသော သီရိလင်္ကာပြည်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိတဲ့ မွတ်စလင်တွေက အစ္စလာမ်ဘာသာထဲကို အဓမ္မသွတ်သွင်းတယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားကျောင်းကန်တွေကို ဖျက်ဆီးတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ကန်ဒီက တိုက်ခိုက်မှုတွေမဖြစ်ခင် ပြီးခဲ့တဲ့နှစ်အတွင်း ကြီးမားတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှု နည်းဆုံး ၃ ခုလောက် ဖြစ်ခဲ့ပါတယ်။
    “သီရိလင်္ကာက ချောက်ထဲကျတော့မှာပါ။ ဒီတိုက်ခိုက်မှုတွေဟာ စနစ်တကျကို စီစဉ်ထားတာပါ။ မွတ်စလင်တွေ ကြွလာအောင် ဆွပေးပြီး ဒါကိုအရင်းတည်ကာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်ဖို့ သူတို့ ဖန်တီးထားတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ အနေအထားတွေ ရှိပါတယ်” လို့ International Crisis Group က သုတေသနပညာရှင်တစ်ဦးဖြစ်သူ အလန် ကီနန်က ပြောပါတယ်။
    မွတ်စလင်လူ့အဖွဲ့အစည်းကတော့ သူတို့ဆင်ထားတဲ့အကွက်ထဲကနေ ‘ချီးကျူးစရာကောင်းလောက်အောင် ရှောင်နိုင်တယ်’ လို့ ကီနန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဒါပေမယ့် မွတ်စလင်လူနည်းစုတွေအနေနဲ့ လက်တုန့်ပြန်မယ်ဆိုရင် ငြိမ်နေတဲ့ဆင်ဟာလီတွေကလည်း သူတို့ကို ခြိမ်းခြောက်တယ်လို့ခံစားရကာ အရင်က မရှိခဲ့တဲ့ အနေအထားမျိုးနဲ့ ပါဝင်လာကြမှာပါ”
    ရဲတပ်ဖွဲ့က ရပ်ကြည့်
    စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က အခြေအနေကို ထိန်းချုပ်မှုမရှိတဲ့အတွက် စိုးရိမ်မိတယ်လို့ ကီနန်က ပြောပါတယ်။
    “(လုံခြုံရေးတပ်ဖွဲ့တွေ) လုံလုံလောက်လောက် မချထားလို့လားဆိုတဲ့ ရေရာတဲ့အကြောင်းပြချက်မျိုး မရှိပါဘူး။ ကျွန်တော်စိုးရိမ်တာက ရဲနဲ့ စစ်တပ်တို့ဟာ တိုခိုက်တဲ့သူတွေဘက်က ဖြစ်နေမလားဆိုတဲ့ အယူအဆမျိုးပါ။ ဒါပေမယ့် ဒါဟာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး” လို့ ကီနန်က ပြောကြားခဲ့ပြီး ၂၀၁၄ ခုနှစ်က လူ ၄ ဦး သေဆုံးပြီး တော်တော်များများ ဒဏ်ရာရခဲ့တဲ့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား တိုက်ခိုက်မှုမှာ အစိုးရက ပါဝင်ကူညီခဲ့တယ်ဆိုတဲ့ သတင်းတွေကို ထောက်ပြခဲ့ပါတယ်။
    လုံခြုံရေးတပ်ဖွဲ့တွေ အရေးယူဖို့ တွန့်ဆုတ်နေတဲ့ နောက်ထပ် ဖြစ်နိုင်ချေအကြောင်းအရင်းတစ်ခုက ဖေဖော်ဝါရီ ဒေသန္တရရွေးကောက်ပွဲမှာ ဆရီဆီနာရဲ့ ညွန့်ပေါင်းအစိုးရဟာ ရာဂျာပက်ဆီရဲ့ ပါတီကို ရှက်ဖွယ်ရှုံးနိမ့်ခဲ့တဲ့အချက် ဖြစ်မယ်လို့ ကီနန်က ထပ်ပြောပါတယ်။
    အာဏာရှင်ဆန်တယ်၊ ခြစးတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲခံရတဲ့ ရာဂျာပက်ဆီကို ၂၀၁၅ ခုနှစ်မှာ ဆရီဆီနာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မယ်ဆိုတဲ့ စကားတွေနဲ့ ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် ဆရီဆီနာကို အာဏာရစေခဲ့တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမတိုင်ခင်မှာ ခွာပြဲခဲ့ကြပါတယ်။
    ကီနန်က ရာဂျာပက်ဆီရဲ့ပါတီ အနိုင်ရမှုက ဆင်ဟာလီ ဗုဒ္ဓဘာသာ အစွန်းရောက်အုပ်စုတွေကို အတင့်ရဲစေပြီး ဒီထက်ပိုပြီး အဓိကျတာက ရဲတပ်ဖွဲ့နဲ့ အခြား အစိုးရတာဝန်ရှိသူတွေဟာ စွန့်စားဖို့အတွက် ချင့်ချိန်နေကြတာဖြစ်မယ်လို့ ကီနန်က ပြောပါတယ်။
    “တိုက်ခိုက်သူတွေရဲ့ နောက်ကွယ်ကလက်မဲကြီးကို ဖော်ထုတ်ရမလားဆိုတာ ရဲတပ်ဖွဲ့က တွေဝေနေတယ်။ ရာဂျာပက်ဆီနဲ့ သူ့လူတွေက ရဲတွေဟာ သူတို့ဖက်ပါတယ်ဆိုတာမျိုးလည်း ဖြစ်ချင်တယ်။ ရာဂျာပက်ဆီနဲ့ သူ့အုပ်စု မကြာခင် အာဏာရလာမယ်ဆိုရင် တာဝန်ကိုကျေပွန်ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ခဲ့တဲ့ ရဲရင်တဲ့ ရဲတပ်သားတစ်ယောက်ဆိုတာမျိုး သူတို့ရှေ့မှာ ရဲတွေက အဖြစ်မခံချင်တာလည်း ပါမှာပါ။ ”
    ဘေးကျပ်နံကျပ်အစိုးရ
    ဒီလိုတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်ဆိုရင် ဆရီဆီနာအစိုးရရဲ့ အနာဂတ်ဟာ ဘေးကျပ်နံကျပ် ဖြစ်လာမယ်လို့ ကိုလံဘိုအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Centre for Policy Alternatives က အမှုဆောင်ဒါရိုက်တာ ပိုင်ကီယာဆိုသီ ဆရာဝမ်အမူတူက ပြောပါတယ်။
    “လက်ရှိအစိုးရဟာ လုပ်နိုင်စွမ်းမရှိဘူးလို့ ထင်လာဖို့အတွက် တိုက်ခိုက်မှုဖြစ်အောင် လှုံ့ဆော်နေတာလို့ တစ်ချို့က ပြောပါတယ်။ အစိုးရအပြောင်းအလဲ မြန်မြန်ဖြစ်ဖို့အတွက် မတည်ငြိမ်အောင် လုပ်နေတာလို့လည်း တစ်ချို့တွေက ပြောပါတယ်”
    သမ္မတ ဆရီဆီနာ၊ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမာဆင်ဟီတို့အနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ ဆရာဝမ်အမူတူက တိုက်တွန်းခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုနောက်ကွယ်က ကြိုးကိုင်သူတွေကို ဖမ်းဆီးကာ တိုင်းပြည်ဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရှိတဲ့ တိုင်းပြည်ဖြစ်ပြီး ဒီအတိုင်းပဲ ဆက်ရှိချင်တယ်ဆိုတာကို ပြည်သူကို ချပြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ဒီလို တိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်ချီ စစ်ပွဲတွေပြီးတဲ့နောက် ပြန်လည်ဦးမော့လာတဲ့ သီရိလင်္ကာရဲ့ စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့လည်း ဆရာဝမ်အမူတူက ဆိုပါတယ်။
    “တကယ်လို့ ကျွန်တော်တို့ဟာ အရေးပေါ်အခြေအနေနဲ့ သွားမယ်၊ ဆိုရှယ်မီဒီယာတွေကို ပိတ်ထားမယ်ဆိုရင် ခရီးသွားတွေ လာတော့မှာမဟုတ်သလို၊ ရင်းနှီးမြှုပ်နှံသူတွေကလည်း ပြန်စဉ်းစားတော့မှာပါ”
    ၀ါလီကာဒီက ဇာမီးရ်ကတော့ သူမအနေနဲ့ အကြမ်းဖက်ခံရမှုကြောင့် နာကျင်ကြေကွဲရတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်မတို့အနေနဲ့ လုံခြုံအေးချမ်းမှုကို လိုချင်ပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မတို့လို မကြုံတွေ့စေချင်ပါဘူး”
    ကာစင်ကာလည်း ဒီလိုပဲ ပြောကြားခဲ့ပါတယ်။
    “စစ်ပွဲရဲ့ ခါးသီးမှုကို ကျွန်တော် ကြုံခဲ့ရပြီးပါပြီ။ ငြိမ်းချမ်းရေးကိုသာ ကျွန်တော် လိုလားပါတယ်”
    Ref: Aljazeera
    (အလ်ဂျာဇီးရားသတင်းဌာနတွင် ဖော်ပြထားသည့် Sri Lanka ‘on the brink’ amid fresh anti-Muslim violence ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • ဂျူးအဖွဲ့တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆု ပြန်ရုပ်သိမ်း
    ဂျူးအဖွဲ့တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆု ပြန်ရုပ်သိမ်း
    မတ် ၈၊ ၂၀၁၈
    M-Media
    – ဒေါ်အောဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂုဏ်ပြုဆုတစ်ခုကို အမေရိကန် ဟိုလိုကက်စ် အောက်မေ့ဖွယ်ပြတိုက် United States Holocaust Memorial Museum က မနေ့မှာ ပြန်ရုပ်သိမ်းလိုက်ပြီး တိုင်းပြည်အတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် လူမျိုးစုလိုက် ရှင်လင်းဖယ်ရှားမှုကို ၀န်ခံပြောကြားတာမျိုး၊ ရပ်တန့်အောင် ဆောင်ရွက်တာမျိုး မရှိတာကြောင့်လို့ ဆိုပါတယ်။
    နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့ပြီး နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ခဲ့တဲ့ ဂျူးလူမျိုး အီလီ ၀ိုက်ဆဲလ်ကို ဂုဏ်ပြုကာ ချီးမြှင့်တဲ့ Elie Wiesel ဆုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့တာပါ။
    ပထမဆုံးရရှိသူက ၀ိုက်ဆဲလ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယမြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီဆုဟာ ကမ္ဘာတစ်ဝှမ်းက အမုန်းတရားဆန့်ကျင်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးခြင်း၊ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ခြင်း စတဲ့ ပြတိုက်ရဲ့ ရည်ရွယ်ချက်တွေကို ဖော်ဆောင်ပေးသူတွေကို နှစ်စဉ် ပေးအပ်ချီးမြှင့်တာပါ။
    ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရည်ရွယ်ချက်ကို ရှင်သန်အောင် မလုပ်နိုင်ခဲ့ဘူးလို့ မနေ့က သူမထံ ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။
    “လူ့ဂုဏ်သိက္ခာနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပေါ်မှာ နှစ်မြှုပ်ဆောင်ရွက်တယ်လို့ ကျွန်တော်တို့နဲ့ အခြားသူတွေ မှတ်ယူကြသူပီပီ ခင်ဗျားဟာ စစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ရှုတ်ချဖို့၊ ရပ်တန့်စေဖို့ တစ်ခုခုလုပ်မယ်၊ ပစ်မှတ်ထားခံရတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကြောင်း ပြောမယ်လို့ ကျွန်တော်တို့ ထင်ခဲ့တာပါ”
    သူမနဲ့ သူမရဲ့ပါတီ NLD က ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မှု၊ ဂျာနယ်လစ်တွေကို ၀င်ရောက်ခွင့်ပိတ်ပင်မှုတွေ ရှိခဲ့သလို ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အမုန်းစကားတွေ ပြန့်နှံ့တာကိုလည်း လစ်လျူရှုထားတယ်လို့ ပြတိုက်ရဲ့ ဒီစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
    စစ်တပ်က ပြုလုပ်နေတဲ့ လူမျိုးစုအကြမ်းဖက်မှု၊ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေတဲ့အပေါ် နိုင်ငံတကာ ဝေဖန်ပြောဆိုမှုတွေထဲမှာ ဟိုလိုကက်စ်ပြတိုက်ရဲ့ ဆုပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အပြင်းထန်ဆုံး တုန့်ပြန်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။
    အမေရိကန်နဲ့ အခြားနိုင်ငံတွေက မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး ကုလကလည်း လူမျိုးတုန်းသတ်ဖြတ်မှု လက္ခဏာတွေကို မြင်နေရတယ်လို့ ပြောကြားထားပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်သားအစိုးရရဲ့ ခေါင်းဆောင် ဖြစ်ပေမယ့် စီးပွားရေးနဲ့ အရေးပါတဲ့ အစိုးရဌာနတွေကို စစ်တပ်က လွှမ်းမိုးကိုင်တွယ်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာဟာ အကန့်အသတ်နဲ့သာ ရှိနေပါတယ်။
    ဟိုလိုကက်စ်ပြတိုက်က စစ်တပ်ရဲ့ ဆယ်စုနှစ်ချီ မတော်မတရား အုပ်စိုးခဲ့မှုကို ရင်ဆိုင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခက်ခဲတေဲ့အခြေအနေတစ်ခု ရှိမယ်ဆိုတာ နားလည်ကြောင်း၊ ဒါပေမယ့် ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ရင်တော့ တုန့်ပြန်ဖို့လိုကြောင်း စာထဲမှာ ထည့်သွင်းရေးသားခဲ့ပါ
    တယ်။
    အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ရယူဖို့အတွက် ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ တာဝန်ရှိသူတွေကို အရေးယူဖို့၊ စစ်အာဏာရှင်လက်ထပ်က ပြဌာန်းခဲ့တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “ကြားနေ၀ါဒဆိုတာ ထိခိုက်ခံစားရသူအတွက်မဟုတ်ဘဲ ဖိနှိပ်သူတွေကို ပံ့ပိုးပေးတာဖြစ်သလို၊ ဆိတ်ဆိတ်နေတယ်ဆိုတာဟာလည်း ညှင်းပမ်းသူကို အားပေးတာမျိုးဖြစ်ပါတယ်” လို့ ၀ိုက်ဆဲလ်ရဲ့ စကားတစ်ခွန်းနဲ့ စာကို နိဂုံချုပ်ထားပါတယ်။
    Ref: NY Times