News @ M-Media

Blog

  • ပင်လယ်ထဲတွင် ၃ လကြာ မျောနေသော်လည်း သေကံမရောက်ခဲ့သူ

    ပင်လယ်ထဲတွင် ၃ လကြာ မျောနေသော်လည်း သေကံမရောက်ခဲ့သူ

    ဇူလိုင် ၁၈၊ ၂၀၂၃

    M-Media 

    -ပင်လယ်ထဲမှာ သင်္ဘောပျက်ပြီး ခွေးတစ်ကောင်နဲ့ ၃ လကြာ မျောနေတဲ့ သြစတေးလျ နိုင်ငံသားတစ်ဦးကို မက္ကဆီကို ငါးဖမ်းလှေတစ်စီးက ကယ်တင်လိုက်နိုင်ပါတယ်။ 

    အသက် ၅၄ နှစ်အရွယ် လင်ဆေး တီမိုသီ ရှက်ဒေ့ါဆိုသူ ဖြစ်ပါတယ်။ ရှက်ဒေ့ါဟာ မက္ကဆီကို လာပက်ဇ်မြို့ကနေ ဧပြီလမှာ သင်္ဘောငယ်တစ်စီးနဲ့ ထွက်သွားခဲ့တာပါ။ 

    ပြင်သစ်ပိုင် ပိုလီနီးရှားကို သွားဖို့ဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ မုန်တိုင်းမိကာ အင်ဂျင်နဲ့ စက်သွယ်ရေးစက်တွေ ပျက်ဆီးပြီး ပင်လယ်ပြင်မှာ မျောနေခဲ့ပါတယ်။ 

    တနင်္လာနေ့မှာတော့ မက္ကဆီကို ငါးဖမ်းသင်္ဘောတစ်စီးဟာ ကမ်းနဲ့ မိုင်ပေါင်း ၁၂၀၀ အကွာမှာ မျောနေတဲ့ ရှက်ဒေ့ါရဲ့လှေကို တွေ့ရှိ ကယ်တင်နိုင်ခဲ့ပါတယ်။ 

    ရှက်ဒေ့ါနဲ့ သူ့ရဲ့ခွေးတို့ဟာ အစာရေစာပြတ်လပ်ကာ အားပြတ်နေတဲ့ အနေအထားဖြစ်နေပြီး ငါးဖမ်းသင်္ဘောက အရေးပေါ် ဆေးကုသမှုတွေ လုပ်ပေးခဲ့ရပါတယ်။ 

    စက်ပျက်ပြီး ပင်လယ်ထဲ မျောနေတဲ့အချိန်မှာ ငါးအစိမ်းတွေစား၊ မိုးရေသောက်ပြီးအသက်ဆက်ခဲ့ရတယ်လို့ ရှက်ဒေ့ါက သြစတေးလျ သတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါတယ်။ 

    “ပင်လယ်ထဲမှာ ခက်ခဲဆိုးရွားတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ တစ်ယောက်တည်း မျောနေတာ ကြာတဲ့အတွက် အဟာရပြည့်ပြည့်စားဖို့၊ ကောင်းကောင်းအနားယူဖို့ပဲ လိုအပ်တာပါ။ ကျန်းမာရေးကတော့ ကောင်းပါတယ်”

    Ref : Aljazeera 

  • ဉာဏ်ရည်တုနည်းပညာအန္တရာယ်အကြောင်း ကုလတွင် ပထမဆုံးအကြိမ် ဆွေးနွေး

    ဉာဏ်ရည်တုနည်းပညာအန္တရာယ်အကြောင်း ကုလတွင် ပထမဆုံးအကြိမ် ဆွေးနွေး

    ဇူလိုင် ၁၈၊ ၂၀၂၃

    M-Media


    – ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ပတ်သက်ပြီး ရှေ့ဆက် ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေအကြောင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ 

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က AI ကို စစ်ဖက်နဲ့ အရပ်ဖက်မှာ လွန်လွန်ကျူးကျူး အသုံးပြုရင် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ 

    အစည်းအ၀ေးမှာ ကမ္ဘာတစ်၀ှမ်း AI အသုံးပြုမှုနဲ့ပတ်သက်ပြီး ဥပဒေ သတ်မှတ်ချက်တွေ ပြဌာန်းဖို့၊ စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းကာ ထိန်းသိန်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။ 

    ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဂျိမ်းစ် ကလီဗာလီက AI ဟာ လူသားတွေရဲ့ နိစ္စဓူ၀ အခြေအနေတိုင်းကို ပြောင်းလဲစေနိုင်ပြီး၊ နယ်နမိတ်ကန့်သတ်ချက်မျိုး မရှိတဲ့အတွက် နိုင်ငံတကာအဆင့် စောင့်ကြည့်ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

    AI ကို စစ်ပွဲနဲ့ လက်နက်ထုတ်လုပ်မှု၊ ပြည်သူလူထုကို ဖိနှိပ်မှုတွေမှာ အသုံးမပြုဖို့လည်း အစည်းအ၀ေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ 

    ကုလဆိုင်ရာ တရုတ်သံအမတ်က AI ဟာ အသွားနှစ်ဖက်နဲ့ဓားဖြစ်ကြောင်း၊ တစ်နိုင်ငံတည်းက ဒီနည်းပညာကို လက်၀ါးကြီးအုပ် သုံးစွဲမှုကို တားမြစ်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ 

    ကုလဆိုင်ရာ အမေရိကန် ဒုသံအမတ်က AI နဲ့ အခြားနည်းပညာသစ်တွေကို အသုံးပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးရေး ကမ္ဘာကြီးက အတူတကွ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။  

    Ref : Reuters 

  • ထိုင်းစစ်ခေါင်းဆောင်ရဲ့ လူလည်ကျမှုကို ကျော်ဖြတ်ဖို့ ဒုတိယအကြိမ် ကြိုးစားလာတဲ့ အတိုက်အခံခေါင်းဆောင်

    ထိုင်းစစ်ခေါင်းဆောင်ရဲ့ လူလည်ကျမှုကို ကျော်ဖြတ်ဖို့ ဒုတိယအကြိမ် ကြိုးစားလာတဲ့ အတိုက်အခံခေါင်းဆောင်

    ဇူလိုင် ၁၈၊ ၂၀၂၃

    M-Media 


    -မေလ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတ လင်မ်ဂျာရိုနရတ်ဟာ ၀န်ကြီးချုပ်ဖြစ်ရေး ဒုတိယအကြိမ် ကြိုးစားလာပါတယ်။ 

    ၀န်ကြီးချုပ်တစ်ဖြစ်လဲ စစ်ခေါင်းဆောင် ပရာယွတ်ချန်အိုချာ ဦးဆောင် ရေးဆွဲထားတဲ့ ထိုင်းအခြေခံဥပဒေအရ အနိုင်ရပါတီဟာ ၀န်ကြီးချုပ်ကို တိုက်ရိုက်တင်မြှောက်ခွင့် မရှိပါဘူး။ 

    အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်ပေါင်း မဲခွဲဆုံးဖြတ်ပြီးမှ ၀န်ကြီးချုပ်ကို အတည်ပြုရတာပါ။ အဲဒီလို မဲခွဲရာမှာ ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ အမတ်တွေရှိတဲ့ အထက်လွှတ်တော်က အခရာကျပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်မှာ ၀န်ကြီးချုပ်ရွေးချယ်ပွဲမှာ ပီတတစ်ယောက် ရှုံးနိမ့်ခဲ့ပါတယ်။ အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ နောက်ထပ် မဲခွဲပွဲရှိနေပြီး ဒီတစ်ကြိမ်မှာလည်း ပီတ လင်မ်ဂျာရိုနရတ် ၀င်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။ 

    ပြန်စဥ်းစားမယ်

    ပီတဟာ အာဏာရရင် ပြုပြောင်းလဲမှု ကြီးကြီးမားမား လုပ်ဆောင်မယ်လို့ ရွေးကောက်ပွဲမှာ ကြွေးကျော်ခဲ့တာပါ။ 

    ဘုရင်နဲ့ တော်၀င်မိသားစုတွေကို စော်ကားပြောဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူတဲ့ ဥပဒေကို ပြုပြင်ဖို့၊ စီးပွားရေးမှာ တစ်ဦးတစ်ယောက်တည်းက လက်၀ါးကြီးအုပ်ထားမှု၊ နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေ ပါ၀င်မှု စတာတွေကို တားဆီးရေး လုပ်ဆောင်မယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ 

    ဇူလိုင် ၁၈ ရက်နေ့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဥ်ကို ပြင်ဆင်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တော်၀င်မိသားစုကို ကာကွယ်တဲ့ ဥပဒေ ပြောင်းလဲရေးကိုတော့ မဖြစ်မနေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ 

    ဗုဒ္ဓဟူးနေ့ ထိုင်းလွှတ်တော်မှာ ၀န်ကြီးချုပ် မဲပေးရွေးချယ်ဖို့ရှိသလို၊ စစ်တပ်ဖက်ကလည်း ပီတဟာ မီဒီယာ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်တဲ့အတွက် အခြေခံဥပဒေအရ အမတ်အဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်း အခြေခံဥပဒေခုံရုံးမှာ တိုင်ကြားဖို့ ရှိပါတယ်။ 

    ဒါ့အပြင် အထက်လွှတ်တော်က အမတ်တစ်ချို့က ၀န်ကြီးချုပ်အဖြစ် အရွေးခံပြီး ရှုံးနိမ့်ခဲ့သူတစ်ဦးဟာ နောက်တစ်ကြိမ် အရွေးခံခွင့်မရှိဘူးလို့ဆိုကာ လွှတ်တော်မှာ ကန့်ကွက်ဖို့လည်း ရှိနေပါတယ်။ 

    ပီတကတော့ ဒီအခက်အခဲတွေကို နားလည်ထားကြောင်း၊ ထိုင်းပြည်သူတွေက အပြောင်းအလဲကို အလွန်အမင်းတောင့်တနေတဲ ခေတ်သစ်တစ်ခုကို ရောက်လာတာကြောင့် အမတ်တွေက ဒါကို မျက်ကွယ်ပြုမယ်လို့ မထင်ကြောင်း အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: CNA

  • မဏိပူရမှာ လူမျိုးရေး တိုက်ပွဲများ ပြင်းထန်နေပြီ

    မဏိပူရမှာ လူမျိုးရေး တိုက်ပွဲများ ပြင်းထန်နေပြီ

    ဇူလိုင် ၁၇၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ မေလအတွင်းက စတင်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းဟာ အခုအချိန်မှာတော့ လူမျိုးစုနှစ်ဖက် လက်နက်ကိုင် တိုက်ခိုက်တဲ့အဆင့်ကို ရောက်လာခဲ့ပါတယ်။ 

    လူများစု ဟိန္ဒူဘာသာ၀င်တွေဖြစ်တဲ့ ကသည်းလူမျိုးတွေက ပြည်နယ်အတွင်း ခရစ်ယာန်ဘာသာ၀င် တိုင်းရင်းသားလူနည်းစုတွေ ရရှိထားတဲ့ အထူးအခွင့်အရေးတွေကို ထပ်တောင်းရာကနေတစ်ဆင့် လူမျိုးရေး တင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ 

    ကသည်းတွေဟာ ပြည်နယ်က မြေပြန့်ဒေသတွေမှာ နေထိုင်ပြီး ကူကီးလို လူမျိုးစုတွေက တောင်ပေါ်ဒေသတွေမှာ နေထိုင်ပါတယ်။ 

    မိမိတို့နယ်မြေတွေ၊ ယဥ်ကျေးမှုအမှတ်သညာတွေ ပျောက်ဆုံးသွားနိုင်တဲ့ ကသည်းတို့ရဲ့ တောင်းဆိုမှုကို ကူကီးတွေက အပြင်းအထန် ဆန္ဒပြကန့်ကွက်ခဲ့ကြတာပါ။ ကသည်းတွေကလည်း တန်ပြန်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မေလမှာတော့ သတ်ဖြတ်မှု၊ မီးရှို့မှုတွေအထိ ဦးတည်ခဲ့ပါတယ်။ 

    လက်ရှိအချိန်မှာ ကသည်းတွေ နေထိုင်တဲ့ နေရာနဲ့ ကူကီးလူမျိုးတွေနေထိုင်တဲ့နေရာ သီးခြားစီဖြစ်သွားခဲ့ပြီး လက်နက်တွေကိုင်ကာ တစ်ဖက်နဲ့တစ်ဖက် အလစ်အငိုက် တိုက်ခိုက် သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။ 

    တစ်ချို့တိုက်ခိုက်မှုတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့၀င်တွေရဲ့ အရှေ့မှာတင် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

    ပဋိပက္ခ စဖြစ်ကတည်းက သေဆုံးသူ အနည်းဆုံး ၁၂၀ လောက် ရှိလာပြီလို့ အိန္ဒိယအစိုးရက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ဒီထက်ပိုမို များပြားနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ 

    နေအိမ်အဆောက်အဦးတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေလည်း အများအပြား ဖျက်ဆီးခံထားရပါတယ်။ 

    နိုင်ငံရေးသုတေသီတွေကတော့ အိန္ဒိယဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်နိုင်တဲ့အခြေအနေကို ပထမဆုံး ကြုံတွေ့နေရပြီလို့ သတိပေးထားပါတယ်။ 

    Ref: Aljazeera 

  • စားပြီးအိပ်လို့ရမယ့် ဂျော်ဒန်က စားသောက်ဆိုင်

    စားပြီးအိပ်လို့ရမယ့် ဂျော်ဒန်က စားသောက်ဆိုင်

    ဇူလိုင် ၁၇၊ ၂၀၂၃

    M-Media 


    -ဂျော်ဒန်နိုင်ငံ အမ်မန်မြို့က စားသောက်ဆိုင်တစ်ခုဟာ လာစားသောက်တဲ့ ဖောက်သည်တွေ အိပ်စက်နိုင်ဖို့အတွက်ပါ စီစဥ်ပေးထားပါတယ်။ 

    မန်ဆက်ဖ် (mansaf) လို့ခေါ်တဲ့ နာမည်ကျော် ဂျော်ဒန်ရိုးရာထမင်း ရောင်းချတဲ့ဆိုင် ဖြစ်ပါတယ်။ မန်ဆက်ဖ်ဟာ အဆီအနှစ် အလွန်များတဲ့ အစားအသောက်ဖြစ်ပြီး စားပြီးတဲ့အချိန် အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။

    ဒါ့ကြောင့် စားသုံးသူတွေဟာ အများအားဖြင့် အိမ်ကိုသာ မှာယူစားသုံးကြပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် အမ်မန်မြို့က Moab ဆိုတဲ့ စားသောက်ဆိုင်တစ်ခုဟာ စားသုံးသူတွေအတွက် အိပ်ဖို့နေရာပါ စီစဥ်ပေးထားပါတယ်။ 

    “အိပ်ယာထားပေးဖို့ အိုက်ဒီယာက နောက်ရင်းပြောင်ရင်းနဲ့ ဖြစ်လာတာ။ မန်ဆက်ဖ်က အဆီများတော့ စားပြီး အိပ်ချင်လာတဲ့သူတွေ အိပ်လို့ရအောင် ဖန်တီးပေးထားပါတယ်” လို့ ဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူ မူဆက်ဘ် မူဘိုင်ဒင်းက ပြောပါတယ်။ 

    မန်ဆက်ဖ်ကို ဆန်အကောင်းစား၊ သိုးသား၊ ထောပတ်တွေနဲ့ စီမံချက်ပြုတ်တာဖြစ်ပါတယ်။ 

    “စားပြီးရင် အိပ်ချင်လာတဲ့ စားသုံးသူတွေက ခင်ဗျားတို့ အိပ်ယာ ဘာလို့မထားပေးတာလဲ ဆိုပြီး ခဏခဏပြောကြတယ်။ ဒါ့ကြောင့် ဆိုင်မှာ သီးသန့်နေရာလုပ်ပြီး အိပ်ယာတွေ ထားပေးလိုက်တယ်။ အခုဆိုရင် မန်ဆက်ဖ် လာစားတဲ့သူတွေ ခနတစ်ဖြုတ် ၀င်၀င်နှပ်ကြပါတယ်”

    Moab ဆိုင်ဟာ အိပ်ဖို့နေရာကို လေအေးပေးစက်တွေနဲ့ ကျကျနန ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ 

    Ref: Arab News