News @ M-Media

Blog

  • အမေရိကန်၏ နျူဗျူဟာကို ပူတင်က ဝေဖန်လိုက်ပြီး တိုက်ခိုက်ခံရလျှင် နျူဖြင့်တုန့်ပြန်မှုဟု သတိပေး

    အမေရိကန်၏ နျူဗျူဟာကို ပူတင်က ဝေဖန်လိုက်ပြီး တိုက်ခိုက်ခံရလျှင် နျူဖြင့်တုန့်ပြန်မှုဟု သတိပေး

    မတ် ၁၊ ၂၀၁၈
    M-Media


    – မိမိတို့နိုင်ငံအား နျူလက်နက်ဖြင့် တိုက်ခိုက်လာပါက မိမိတို့ကလည်း နျူဖြင့် တုန့်ပြန်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရန်ပူတင်က ပြောကြားလိုက်သည်။

    ယနေ့တွင်ပြောကြားသော နိုင်ငံတော်အခြေပြမိန့်ခွန်း၌ ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်ပြီး နည်းပညာမြင့် မဟာဗျူဟာမြောက် လက်နက်များ မိမိတို့ထံတွင် ရှိနေကာ ထိုလက်နက်များက အမေရိကန်၏ ဒုံးကျည်စွမ်းရည်များကို အရာမထင်ဖြစ်စေမည်ဟုလည်း ဆိုသည်။

    သာမန်တိုက်ခိုက်ခံရမှုများကို နျူလက်နက်ဖြင့် ပြန်လည်တုန့်ပြန်မည်ဆိုသည့် အမေရိကန်၏ နျူလက်နက်ဗျူဟာကိုလည်း ပူတင်က ဝေဖန်ခဲ့သည်။

    “နျူလက်နက်အသုံးပြုရေး စံနှုန်းတွေကို လျှော့ချလိုက်တဲ့ အမေရိကန်ရဲ့ နျူလက်နက်ဗျူဟာရဲ့ တစ်ချို့ အစိတ်အပိုင်းတွေကို ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ ဘယ်လိုပဲ စကားလှအောင်ရေးထားထား အဲဒီနောက်ကွယ်က သဘောထားကိုတော့ ကျွန်တော်တို့ မြင်နိုင်ပါတယ်”

    ထို့ပြင် ရုရှား၏ နျူဗျူဟာမှာ မိမိနှင့် မိမိ၏ မဟာမိတ်များကို နျူလက်နက် သို့မဟုတ် အခြားသော ဖျက်အားပြင်းလက်နက်များဖြင့် တိုက်ခိုက်ခံရခြင်း၊ မိမိတို့၏ တည်ရှိမှုကို ခြိမ်းခြောက်သော သာမန်တိုက်ခိုက်ခံရခြင်းတို့ ဖြစ်လာမှ နျူဖြင့် ပြန်လည်တုန့်ပြန်သွားရန်ဖြစ်ကြောင်း ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

    ပူတင်က အမေရိကန်မှာ ဒုံးကျည်ကာကွယ်ရေးစနစ်၏ အစိတအပိုင်းအဖြစ် ရုရှားနယ်စပ်အနီးတွင် တိုက်သင်္ဘော ၅ စီးနှင့် ဖျက်သင်္ဘော အစီး ၃၀ တို့ကို ချထားကြောင်လည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • ဆော်ဒီ၏ ပထမဆုံး အမျိုးသမီး ဖာရာရီကားပိုင်ရှင် အခမ်းအနားတစ်ခုတွင် ဂုဏ်ပြုခံရ

    ဆော်ဒီ၏ ပထမဆုံး အမျိုးသမီး ဖာရာရီကားပိုင်ရှင် အခမ်းအနားတစ်ခုတွင် ဂုဏ်ပြုခံရ

    မတ် ၁၊ ၂၀၁၈
    M-Media

    – ဆော်ဒီ ကားအသင်းက ပထမဆုံး အမျိုးသမီး ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံအတွင်း ပထမဆုံး ဖာရာရီကားပိုင်တဲ့ အမျိုးသမီးလည်းဖြစ်တဲ့ အဆီလ် အလ်-ဟာမဒ်ဟာ ဂျစ်ဒါမှာကျင်းပတဲ့ အခမ်းတစ်ခုတစ်ခုမှာ ဂုဏ်ပြုခံခဲ့ရပါတယ်။

    အီတလီယဉ်ကျေးမှုစင်တာမှာ ‘Saudi Women Can Drive’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားကို အီတလီအစိုးရ ဒုတိယအတွင်းရေးမှူး ဗင်ဆန်ဇို အေမန်ဒိုလာ၊ ဆော်ဒီဆိုင်ရာ အီတလီသံအမတ် လူကာ ဖရာရီတို့အပါအ၀င် အထူးဧည့်သည်တော်တွေ တက်ရောက်ခဲ့ပြီး အမျိုးသမီးတွေကို ကားမောင်းခွင့် ပိတ်ပင်ထားတာကို ဖယ်ရှားပေးတဲ့ ဘုရင်ဆလ်မန်ကို ချီးကျူးခဲ့ကြပါတယ်။

    စီပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး၊ အိမ်တွင်းဒီဇိုင်းဆိုင်ရာ အင်ဂျင်နီယာလည်းဖြစ်တဲ့ ဆော်ဒီအမျိုးသမီး အလ်-ဟာမဒ်ဟာ ဖာရာရီကားတွေကို အရူးအမူး စွဲလမ်းသူတစ်ယောက်ပါ။ ဘုရင်ဆလ်မန်က ဆော်ဒီအမျိုးတွေကို ကားမောင်းခွင့်ပြုလိုက်တာဟာ ‘တိုင်းပြည်ရဲ့ လူမှုရေးနဲ့ စီးပွားရေးမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ’ ရရှိလိမ့်မယ်လို့ သူက ပြောကြားခဲ့ပါတယ်။

    “ဒီဆုံးဖြတ်ချက်အတွက် အခြား ဆော်ဒီအမျိုးသမီးတွေလိုပဲ ကျွန်မ အရမ်းကို ပီတိဖြစ်ရပါတယ်။ ကျွန်မ အိမ်မက်ခဲ့ရတဲ့ကားကို ၀ယ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း ကျွန်မရဲ့ချမှတ်ခဲ့တာတွေထဲမှာ အကောင်းဆုံးပါပဲ။ မကြာခင် ကားမောင်းရတော့မယ့်အတွက် အရမ်းကို ပျော်ရွှင်နေပါတယ်”

    အီတလီအစိုးရ တာဝန်ရှိသူ အေမန်ဒိုလာက ဆော်ဒီအစိုးရအနေနဲ့ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုလိုက်တာဟာ နိုင်ငံအတွင်းက လူ့စွမ်းအားတွေကို အသုံးပြုရေး အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ အစိုးရက ရည်မှန်းထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ဖို့အတွက် အထောက်အပံ့ဖြစ်မှာဖြစ်တယ်လို့ ပြောကြားခဲ့
    ပါတယ်။

    “ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ သမိုင်းနဲ့ချီရှိခဲ့ပြီး အခုအချိန်မှာတော့ ကျွန်တော်တို့ အတူလက်တွဲလုပ်နေတဲ့ စီမံကိန်းတွေလည်း တော်တော်များများ ရှိနေပါတယ်”

    ဓလေ့ထုံးတမ်းအရ အမျိုးသမီး ကားမောင်းခွင့် ပိတ်ပင်ထားမှုကို ပယ်ဖျက်ကြောင်း ဆော်ဒီက ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီး ဒါဟာ ဆော်ဒီအစိုးရရဲ့ လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဆော်ဒီအမျိုးသမီးတွေဟာ ဇန်လ ၂၄ ရက်နေ့ကစပြီး နိုင်ငံအတွင်းမှာ လွတ်လပ်စွာ ကားမောင်နိုင်တော့မှာ ဖြစ်ပါတယ်။

    Ref: ArabNews

  • ကမ္ဘာ့ပထမဆုံး Virtual Reality ပန်းခြံ ဒူဘိုင်းတွင် ဖွင့်လှစ်မည်

    ကမ္ဘာ့ပထမဆုံး Virtual Reality ပန်းခြံ ဒူဘိုင်းတွင် ဖွင့်လှစ်မည်

    မတ် ၁၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ ပထမဆုံး Virtual Reality ပန်းခြံကို ဒူဘိုင်းမှာ အခုနှစ် နှစ်လယ်ပိုင်းလောက်ကျရင် ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

    မကြုံစဖူး ဂိမ်းတွေ၊ အစီးအနင်းတွေအပါအ၀င် အသက်အရွယ်တိုင်းနဲ့ သင့်လျော်မယ့် အပန်းဖြေရေး၊ ဖျော်ဖြေရေးနည်းအစီအစဉ်တွေ ပါဝင်မယ့် အဲဒီ VR ပန်းခြံကို Dubai Mall မှာ ဖွင့်လှစ်မှာဖြစ်ကာ ဒေသတွင်း ဖျော်ဖြေမှုနယ်ပယ်ရဲ့ အနာဂတ်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒီပန်းခြံမှာ ပါဝင်မယ့် အစီအစဉ်တွေကို ကမ္ဘာ့ထိပ်တန်း Virtual Reality ကုမ္ပဏီတွေက ပူးပေါင်းဖန်တီးပေးထားတာဖြစ်ပြီး တစ်မူးထူးခြားတဲ့ ဖျော်ဖြေမှုတွေ၊ အပန်းဖြေမှုအတွေ့အကြုံတွေကို ခံစားရမှာဖြစ်တယ်လို့ VR Park ကို တည်ဆောက်ခဲ့တဲ့ Emaar Entertainment ကုမ္ပဏီက ပြောပါတယ်။

    ဒီပန်းခြံထဲမှာ ဂိမ်းတွေ၊ အစီးအနင်းတွေ၊ လေ့လာရေးခရီးတွေ၊ အပြန်အလှန် ရင်ဆိုင်ရတဲ့ ဂိမ်းတွေ၊ ရိုလာကိုစတာတွေ အပါအ၀င် ကစားနည်းတွေ၊ အပန်းဖြေအစီအစဉ်တွေဟာ VR နဲ့ တကယ့် အတွေ့အကြုံတွေကို ပေါင်းစပ်ထားမှာ ဖြစ်ပါတယ်။

    Emaar Entertainment ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဆန်းသစ်တဲ့ ရုပ်ရှင်ရုံတစ်ခုကို Dubai Mall မှာ ဖွင့်လှစ်ခဲ့ပြီး အခုနှစ်အတွင်းမှာလည်း မိသားစုတွေ ညစာစားရင်းနဲ့ ကြည့်ရှုနိုင်မယ့် ရုပ်ရှင်ရုံတစ်ခုကို ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

    Ref: Alarabiya

  • မသန်စွမ်းသူ ၁ သန်းခွဲကို လာမည့်နှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့ကြေးပေးမည်

    မသန်စွမ်းသူ ၁ သန်းခွဲကို လာမည့်နှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့ကြေးပေးမည်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၈
    M-Media

    – ၂၀၁၃ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်း၌ ပါဝင်သော မသန်စွမ်းသူများကို လာမည့်နှစ်မှစ၍ ထောက်ပံ့ကြေးပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေငြာလိုက်သည်။

    လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ မသန်စွမ်းသူ ၈၁၅၀၀ မှာ အစိုးရထံမှ ထောက်ပံ့ကြေးများ ရရှိနေသည်။

    “မသန်စွမ်းသူများ သာယာဝပြောရေး အက်ဥပဒေ၊ ၂၀၁၃ ခုနှစ် မသန်စွမ်းသူများအား ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအက်ဥပဒေတို့ကို အတည်ပြုပြီးတဲ့နောက် အစိုးရဟာ နိုင်ငံအတွင်းမှာနေထိုင်တဲ့ မသန်စွမ်းသူ ၁.၅၁ သန်း လောက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့တွေအားလုံးကို နောက်နှစ်ကနေစပြီး ထောက်ပံ့ကြေးပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် လူမှုဖူလှုံရေးဝန်ကြီး ဇီလာရဟ်မန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဒါကာတွင် ပြုလုပ်ခဲ့သည့် မသန်စွမ်းသူ ကလေးငယ်များအား စွမ်းအားမြှင့်တင်ပေးရေးဆိုင်ရာ စီမံကိန် ဖော်ဆောင်မှု အခမ်းအနားတွင် ဇီလာရဟ်မန်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ကလေးငယ်များ၏ မသန်စွမ်းမှုများကို စောလျင်စွာ သိရှိနိုင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရေး ရည်ရွယ်သည့် အဆိုပါ စီမံကိန်းကို ယူနီဆက်ဖ်နှင့် Shuchona ဖောင်ဒေးရှင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူ အဘ်ဒူလ် ကလမ် အဇဒ်က မသန်စွမ်းသူများအား အထူးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အဖွဲ့တစ်ခုကို လေ့ကျင်ပျိုးထောင်ပေးနေသည်ဟု ပြောကြားခဲ့သည်။

    ဘင်္ဂလာဒေ့ရှ် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ၁၆ သန်းမှာ မသန်စွမ်းသူများဖြစ်သည်ဟု စာရင်းများအရ သိရသည်။

    Ref: Alarabiya

  • Microsof Word ကို ကျောက်သင်ပုန်းနဲ့သင်တဲ့ ဂါနာကျောင်းဆရာကို မိုက်ခရိုဆော့ဖ်က ကွန်ပျူတာပို့ပေးမည်

    Microsof Word ကို ကျောက်သင်ပုန်းနဲ့သင်တဲ့ ဂါနာကျောင်းဆရာကို မိုက်ခရိုဆော့ဖ်က ကွန်ပျူတာပို့ပေးမည်

    မတ် ၁၊ ၂၀၁၈
    M-Media

    – တပည့်တွေကို ကျောက်သင်ပုန်းနဲ့ ကွန်ပျူတာသင်တဲ့ ဂါနာက ကျောင်းဆရာတစ်ယောက်ရဲ့အကြောင်း အွန်လိုင်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပြီးတဲ့နောက် မိုက်ခရိုဆော့ဖ်က ကွန်ပျူတာတစ်စုံ ပေးပို့သွား မယ်လို့ ပြောကြားလိုက်ပါတယ်။

    နိုင်ငံရဲ့ ဒုတိယမြို့တော် ကူမာဆီက ရစ်ချက် အပီယာ အကိုတိုဆိုတဲ့ ကျောင်းဆရာဟာ ကျောင်းမှာ ကွန်ပျူတာမရှိတဲ့အတွက် Microsot Word ပရိုဂရမ်ကို ကျောက်သင်ပုံးနဲ့ သင်ကြားနေတဲ့ ပုံတွေကို Facebook စာမျက်မှာ လွှင့်တင်ခဲ့ပြီး “ဂါနာကကျောင်းမှာ နည်းပညာကို သင်ကြားရတာ အလွန်ရယ်စရာကောင်းပါတယ်” ဆိုတဲ့ မှတ်ချက်ကိုလည်း ရေးသားခဲ့ပါတယ်။

    သူ့ရဲ့ အဲဒီဓာတ်ပုံတွေကို ထောင်သောင်းချီ ပြန်လည်မျှဝေခဲ့ကြပြီးတဲ့နောက် မိုက်ခရိုဆော့ဖ်က ကွန်ပျူတာအသစ်တစ်စုံ ပေးပို့သွားမယ်လို့ ကြေငြာခဲ့တာပါ။

    “ကျောင်းသူကျောင်းသားတွေကို ကျွန်တော်ချစ်တယ်။ သူတို့ နားလည်စေမယ့် ပုံစံမျိုးနဲ့ ကျွန်တော် သင်ကြားရတာ ဖြစ်ပါတယ်” လို့လည်း သူက ထည့်သွင်း ရေးသားခဲ့ပါတယ်။

    မစ္စတာ အကိုတိုဟာ Betenase M/A Junior အထက်တန်ကျောင်းမှာ နည်းပညာသင်ကြားသူပါ။ အဲဒီကျောင်းမှာ ၂၀၁၁ ခုနှစ်ကတည်းကစလို့ ကွန်ပျူတာမရှိတော့ပေမယ့် ကျောင်းသားတွေဟာ အတန်းတက်ဖို့ဆိုရင် ICT စာမေးပွဲကို အောင်ဖို့လိုတာကြောင့် အကိုတိုက ကျောက်သင်ပုန်းအသုံးပြုကာ ကွန်ပျူတာကို သင်ကြားတာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်ကတည်းက လွှင့်တင်ထားတဲ့ ဒီပုံတွေကို တွေ့ရှိခဲ့ပြီးနောက် လူတော်တော်များများက သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ချီးကျူးခဲ့ကြပါတယ်။

    “ကျောက်သင်ပုန်းမှာ ဒီလိုဆွဲပြီးသင်ရတာဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံး မဟုတ်ပါဘူး။ စာသင်ခန်းတဲ့ရောက်တဲ့ ဒီလိုမျိုးပဲ ကျွန်တော် သင်ရတာပါ။ Facebook မှာ ပုံတင်ရတာကို ကြိုက်တဲ့အတွက်ကြောင့် ဒီလိုပဲ တင်လိုက်တာပါ။ လူတွေက သတိထားလိမ့်မယ်လို့ ကျွန်တော် တကယ်မသိခဲ့ပါဘူး” လို့ သူက Quartz Africa
    ကို ပြောကြားခဲ့ပါတယ်။

    စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ရေဘက်ကာ အီနွန်ချောင်က ဒီပုံတွေကို Microsoft Africa ထံ တစ်ဆင့်မျှဝေခဲ့ပြီး အကိုတိုဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို တကယ်အသုံးမပြုနိုင်ဘဲနဲ့ သင်ကြားနေရတယ်ဆိုတာ ပြောပြခဲ့ပါတယ်။

    အဲဒီနောက်မှာ မိုက်ခရိုဆော့ဖ်က အကိုတိုထံ ကွန်ပျူတာတစ်စုံနဲ့ သင်ထောက်ကူပစ္စည်းတွေ ပေးပို့သွားမယ်လို့ အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။

    Ref: BBC