News @ M-Media
Blog
  • နိုင်ငံတကာက ဝေဖန်မှုများကြောင့် ခရစ်ယာန်များအား နှိပ်ကွပ်မည့် အစီအစဉ်တစ်ခုကို အစ္စရေး ဆိုင်းငံ့
    နိုင်ငံတကာက ဝေဖန်မှုများကြောင့် ခရစ်ယာန်များအား နှိပ်ကွပ်မည့် အစီအစဉ်တစ်ခုကို အစ္စရေး ဆိုင်းငံ့
    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈
    M-Media
    ပါလက်စတိုင်းခရစ်ယာန်များ ဆန္ဒပြနေမှု
    – ပါလက်စတိုင်း ခရစ်ယာန်တွေရဲ့ ဆန္ဒပြမှု၊ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကြောင့် ပါလက်စတိုင်းဒေသက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဘုရားကျောင်းပိုင်ပစ္စည်းတွေအပေါ် အခွန်ကောက်မယ့် ဥပဒေကိစ္စကို အစ္စရေးက ရပ်ဆိုင်းလိုက်ပါတယ်။
    ခရစ်ယာန်သာသနာရဲ့ အမြင့်မြတ်ဆုံး နေရာတွေထဲက တစ်ခုဖြစ်တဲ့ ဂျေရုစလင်က ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့၊ အခွန်ကောက်ဖို့ ရည်ရွယ်တဲ့ ဥပဒေတစ်ခု ပြဌာန်းဖို့ အစ္စရေးက ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ စီစဉ်ခဲ့တာပါ။
    အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ဂျေရုစလင်မှာ ခရစ်ယာန်သာသနာ ပပျောက်အောင် လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထိပ်တန်း ခရစ်ယာန်အသင်းတော်တွေက ဝေဖန်ခဲ့ပြီး ဒါကို ဆန့်ကျင်တဲ့အနေနဲ့ ဂျေရုစလင်မြို့ဟောင်းက Holy Sepulchre ဘုရားကျောင်းကို ပိတ်ပစ်ဖို့ တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
    ဒါပေမယ့် အစ္စရေးက ဒီကိစ္စကို လတ်တလော ဆိုင်းငံ့ထားမယ်လို့ ပြောကြားတာကြောင့် ဒီနေ့ကမှာ ဘုရားကျောင်းကို ပြန်ဖွင့်ပေးခဲ့ပါတယ်။
    ပါလက်စတိုင်းပိုက်နက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂျေရုစလင်မြို့ဟောင်းက Holy Sepulchre ဘုရားကျောင်းဟာ ခရစ်တော် ကားစင်တင်အသတ်ခံရကာ၊ မြှုပ်နှံထားတဲ့နေရာလို့ ခရစ်ယာန်တွေက ယုံကြည်ကာ ခရစ်ယာန်ဘုရားဖူးတွေ လာရောက်လည်ပတ်ရာနေရာလည်း ဖြစ်ပါတယ်။
    Ref: Aljazeera
  • အမုန်းစကားနှင့် အကြမ်းဖက်ရန်လှုံ့ဆော်မှုကြောင့် ဗုဒ္ဒစ်ဘင်လာဒင်၏အကောင့်ကို ပိတ်ပစ်ခဲ့ဟု Facebook အတည်ပြု
    အမုန်းစကားနှင့် အကြမ်းဖက်ရန်လှုံ့ဆော်မှုကြောင့် ဗုဒ္ဒစ်ဘင်လာဒင်၏အကောင့်ကို ပိတ်ပစ်ခဲ့ဟု Facebook အတည်ပြု
    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media
    – ‘မွတ်စလင်တွေအပေါ် မုန်းတီးအောင် လှုံ့ဆော်တဲ့ပို့စ်တွေ’ တင်တဲ့အတွက့်  ဗုဒ္ဒစ်ဘင်လာဒင်လို့ အမည်ရတဲ့ ဦးဝီရသူရဲ့ အကောင့်ကို ဖယ်ရှားလိုက်တယ်လို့ Facebook က အတည်ပြု ပြောကြားလိုက်ပါတယ်။
    အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်တဲ့ ဦးဝီရသူရဲ့ Facbook စာမျက်နှာမှာ follower သိန်းချီရှိနေပြီး သူက မွတ်စလင်တွေကို တိုက်ခိုက်ဖို့၊ ရိုဟင်ဂျာတွေကို ဝေဖန်ဖို့ အသုံးပြုနေတာ ဖြစ်ပါတယ်။
    Facebook တာဝန်ရှိသူတစ်ဦးက ဦးဝီရသူရဲ့ စာမျက်နှာကို ဖယ်ရှားခဲ့တယ်ဆိုတာ မနေ့က AFP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ရဲ့ Community Standards စံနှုန်းအရ အခြားသူတွေအပေါ် မလိုမုန်းထားဖို့၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေ၊ လူတွေကို လက်မခံပါဘူး။ မုန်းတီးအောင် လှုံ့ဆော်တဲ့အရာတွေကို လူတစ်ယောက်က အဆက်မပြတ် တင်လာပြီဆိုရင် သူတို့ ပို့စ်တင်လို့မရအောင် ယာယီပိတ်ပစ်တာမျိုးကနေ သူတို့ရဲ့ အကောင့်ကို ဖယ်ရှားတာမျိုးအထိ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်ပါတယ်” လို့ အီမေးလ်ကနေတစ်ဆင့် Facebook ပြောရေးဆိုခွင့်က ပြောကြားခဲ့တာပါ။
    ဦးဝီရသူရဲ့ Facebook စာမျက်နှာက ဇန်န၀ါရီ နှောင်းပိုင်းကတည်းက ဖယ်ရှားခံရတာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း ရက် ၃၀ ယာယီပိတ်ခံရတဲ့အချိန်မှာ ဦးဝီရသူက ‘Facebook ကို မွတ်စလင်တွေ အပိုင်စီးပွားပြီ’ လို့ Youtube ဗီဒီယိုကနေ ပြောကြားဖူးပါတယ်။
    ၂၀၁၃ ခုနှစ်မှာ စစ်တပ်တစ်ပိုင်း အစိုးရက ဆက်သွယ်ရေးလုပ်ငန်းတွေ ဖွင့်ပေးခဲ့တဲ့နောက်ပိုင်းမှာ Facebook အသုံးပြုမှုဟာ မြန်မာနိုင်ငံမှာ ကြီးထွားလာခဲ့ပြီး ဦးဝီရသူလို သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေဟာ မွတ်စလင်မုန်းတီးရေးလုပ်ဖို့အတွက် Facebook ကို ကောင်းကောင်း အသုံးချခဲ့ပါတယ်။
    ရန်ကုန်အခြေစိုက် ဘာသာပေါင်းစုံ တက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းကတော့ Facebook ရဲ့ ဒီလုပ်ရပ်ဟာ အမုန်းစကားအပေါ် သည်းမခံဘူးဆိုတဲ့ ထင်ရှားတဲ့ ပြယုဂ်တစ်ခုဖြစ်ပေမယ့်၊ တကယ်တမ်း ပြဿနာကို မဖြေရှင်းနိုင်သေးဘူးလို့ သတိပေးခဲ့ပါတယ်။
    “အကောင့်ကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ ဗီဒီယိုတွေ ဘာသာရေးမုန်းတီးစေတဲ့ ဟောပြောမှုတွေကို မဖယ်ရှားသေးပါဘူး။ ဒါတွေဟာ Facebook မှာ ဆက်ရှိနေပြီး သူ့နောက်လိုက်တွေက ထပ်ဖြန့်နေကြပါတယ်”
    Ref: straitstimes
  • အိန္ဒိယဒေသတစ်ခုတွင် ဗလီဆောက်ရန် ဟိန္ဒူဘရာမင်များက မြေလှူဒါန်းပြီး ဆစ်ခ်များက ရန်ပုံငွေ စိုက်ထုတ်
    အိန္ဒိယဒေသတစ်ခုတွင် ဗလီဆောက်ရန် ဟိန္ဒူဘရာမင်များက မြေလှူဒါန်းပြီး ဆစ်ခ်များက ရန်ပုံငွေ စိုက်ထုတ်
    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media
    – အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ ဘာရ်နာလာခရိုင် မွန်းဆိုတဲ့ရွာမှာ မွတ်စလင်တွေ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့အတွက် ဟိန္ဒူဘရာမင်တွေက မြေလှူဒါန်းခဲ့ကာ ဆစ်လူမျိုးတွေက ရန်ပုံငွေ ထည့်ဝင်ခဲ့ကြပြီး အိန္ဒိယရဲ့ ဘာသာစုံ လူမျိုးစုံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။
    ဘရာမင်တွေ၊ ဆစ်တွေဟာ မြေတွေ၊ ငွေကြေးတွေ လှူဒါန်းရုံသာမကဘဲ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြပါတယ်။
    “အခုအချိန်အထိ ကျွန်တော်တို့ဟာ ရွာမှာရှိတဲ့ ဘာဘာ မိုမင်ရှား ဂူဗိမာန်က အခန်း ၂ ခုမှာ ၀တ်ပြုနေရတာပါ။ ဒါပေမယ့် ဘရာမင်ဘုန်းတော်ကြီးက မြေ ၂ ဧက လှူဒါန်းခဲ့တာကြောင့် ဗလီစဆောက်နေပါတယ်။ မြေပဲပေးတာမဟုတ်ပါဘူး။ ဆောက်လုပ်ရေးမှာလည်း လာရောက်ကူညီခဲ့ကြပါတယ်။ ရန်ပုံငွေရဖို့လည်း သူတို့ စီစဉ်ပေးပါတယ်” လို့ အသက် ၄၀ အရွယ် နာဂျင်ခန်းက ပြောကြားခဲ့ပါတယ်။
    နာဂျင်ခန်းဟာ သူ့ရဲ့ညီဖြစ်သူ ဂျက်စ်ဗီရ်ခန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်တာ ဖြစ်ပါတယ်။
    “ဆစ်ခ်ညီအစ်ကိုတွေအပါအ၀င် ရွာသားတွေက ရန်ပုံငွေ လှူဒါန်းကြတယ်။ နောက်ထပ် လနည်းငယ်လောက်မှာ ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”
    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး ဦးစီးဦးဆောင်ပြုခဲ့တဲ့ ဘရာမင်ဘုန်းတော်ကြီး ပူရ်ရှိုတန် လာလ်က သူတို့အနေနဲ့ ဒီလို လှူဒါန်းတာဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ဟာ အဲဒီနားမှာပဲ ရှီဗာဘုရားကျောင်းတစ်ခု ဆောက်နေတယ်။ ရွာမှာ ဆစ်ခ်ဘုရားကျောင်းလည်း ရှိပါတယ်။ ဒါ့ကြောင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဒီမှာဆောက်လုပ်ဖို့ဟာ ကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ဘယ်ဘာသာဖြစ်ဖြစ် လူဆိုတာ လူပါပဲ။ ပန်ချာဘီတစ်ယောက်အဖြစ် ကျွန်တော်တို့ဟာ ဘာသာရေးမနွယ်တဲ့ စိတ်သဘောထားမျိုးကို ငယ်ငယ်ကလေးကတည်းက သင်ကြားခဲ့ရပါတယ်။ ဒီလို စိတ်သဘောထားကပဲ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်”
    မက်စ်တာရ်လို့ခေါ်တဲ့ နောက်ရွာသားတစ်ယောက်က ဗလီဝတ်ကျောင်းတော် ဆောက်လုပ်နေတာကြောင့် ရွာက လူ့အဖွဲ့အစည်း ၃ ခုစလုံးအတွက် ၀တ်ပြုရာနေရာတွေ ရှိသွားပြီလို့ ဆိုပါတယ်။
    “ဒါဟာ ကျန်တဲ့ အိန္ဒိယတစ်နိုင်ငံလုံး အတုယူရမယ့် ပန်ဂျဘ်နဲ့ ပန်ချာဘီလူမျိုးတို့ရဲ့ စံနမူနာပါပဲ။ နိုင်ငံရေးသမားတွေက နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် ကျွန်တော်တို့ကြားထဲမှာ ဘယ်လောက်ပဲ အမုန်းတရားပွားအောင် လုပ်နေပါစေ၊ ကျွန်တော်တို့ဟာ သူတို့ထောင်ချောက်ထဲ မ၀င်ဘူးဆိုတာကို ဒီလုပ်ရပ်က ပြတ်ပြတ်သားသား ပြောနေတာပါ”
    မွန်းရွာမှာ ဆစ်ခ်ဘာသာဝင်တွေ ၄၀၀၀ ၀န်းကျင်လောက်ရှိပြီး၊ ဟိန္ဒူနဲ့ မွတ်စလင်တွေက ၄၀၀ စီလောက်သာ ရှိပါတယ်။ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိတဲ့ ဒီဒေသလေးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ လူမှုသဟဇတဖြစ်မှုတွေ သမိုင်းနဲ့ချီ ရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
    Ref: Times of India
  • စစ်ဖက်၊ အရပ်ဖက် ထိပ်တန်းရာထူးများကို ဆော်ဒီ အပြောင်းအလဲပြုလုပ်
    စစ်ဖက်၊ အရပ်ဖက် ထိပ်တန်းရာထူးများကို ဆော်ဒီ အပြောင်းအလဲပြုလုပ်
    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media
    ဆော်ဒီဘုရင် ဆလ်မန်
    – ဆော်ဒီဘုရင် ဆလ်မန်မှာ ထိပ်တန်း စစ်ဖက်အရာရှိများနှင့် အစိုးရ၀န်ကြီးများကို ယမန်နေ့က အပြောင်းအလဲလုပ်ခဲ့သည်ဟု သိရသည်။
    ရာထူးအပြောင်းအလဲတွင် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ကြည်းတပ်နှင့် လေတပ်တို့မှ ထိပ်တန်းခေါင်းဆောင်များ ပါဝင်ခဲ့သည်။
    ဒုတိယဗိုလ်ချုပ်ကြီး ဖေယဒ် ဘင် ဟာမဒ် အလ်-ရူဝေလီကို စစ်ဦးစီးအရာရှိချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပြီး၊ အမျိုးသမီးတစ်ဦးဖြစ်သူ တာမာဒူရ် ဘင်တီ ယူဆွဖ် အလ်-ရာမာကို အလုပ်သမားရေးရာ ဒုတိဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
    အမျိုးသမီးများကို ထိုကဲ့သို့ ထိပ်တန်းရာထူးများ ပေးမှုမှာ ဆော်ဒီတွင် ရှားပါးသည့် အဖြစ်အပျက်မျိုး ဖြစ်သည်။
    ဆော်ဒီအစိုးရ၏ ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်အရ လနှင့်ချီ ထိန်းသိမ်းခံခဲ့ရသည့် ဘီလီယံနာ စီးပွားရေးသမား တော်ဝင်မင်းသား တာရ်ကီ ဘင် တာလာလ်ကိုလည်း ဒုတိယ အုပ်ချုပ်ရေးမှူးရာထူး ခန့်အပ်ခဲ့သည်။
    ထိုကဲ့သို့ ရာထူးအပြောင်းအလဲလုပ်မှု အကြောင်းအရင်းများကို ဆော်ဒီက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
    အသက် ၃၂ နှစ်အရွယ် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်သည့် ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် ယခု ရာထူးအပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
    ယခုလုပ်ရပ်မှာ ယီမင်တွင် တိုက်ခိုက်မှုကြောင့် ဝေဖန်ခံရမှုနှင့် ပတ်သက်မည်ဟု ယူဆမှုများ ရှိနေပြီး၊ ဘုရင်ဆလ်မန်က သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အာဏာရယူနိုင်ရန် လမ်းခင်းပေးနေခြင်းဖြစ်သည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။
    “ဒီအခြေအနေတွေက ကျွန်တော်တို့ကို တစ်ခု ပြောပြနေပါတယ်။ ဒါက ဘုရင်သစ် (မိုဟာမက် ဘင် ဆလ်မန်)ဟာ မကြာခင် လာတော့မယ် ဆိုတာပါ။ ဘုရင်ဆလ်မန်ဟာ သူ့သား အုပ်စိုးဖို့အတွက် ပလက်ဖောင်း ချပေးတာမျိုးဖြစ်ပြီး စီးပွားရေးမှာ သိသိသာသာ ပြောင်းလဲမှုတွေ၊ ခြစားမှု တိုက်ဖျက်ရေး စတာတွေကို ကျွန်တော်တို့ တွေ့မြင်နေရပါပြီ” ဟု အာရပ်ဒေသ နိုင်ငံရေးဆိုင်ရာ ပါမောက္ခ မဟ်ဂျူးဘ် ဇဝေရီက ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အစ္စရေး၏ ပိတ်ဆို့မှုရလဒ်ကြောင့် ဂါဇာတွင် သေဆုံးသူ ၁၀၀၀ ကျော်ပြီ
    အစ္စရေး၏ ပိတ်ဆို့မှုရလဒ်ကြောင့် ဂါဇာတွင် သေဆုံးသူ ၁၀၀၀ ကျော်ပြီ
    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးက ပိတ်ဆို့ထားမှု ရလဒ်ကြောင့် သေဆုံးရသူများမှာ ၁၀၀၀ ကျော် ရှိလာခဲ့တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
    အကူအညီပေးရေးအဖွဲ့များဆိုင်ရာ ညှိနှိုင်းရေးမှူး အဟ်မဒ် အလ်-ကာ့ဒ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လမစေ့ဘဲ မွေးလာတဲ့ ကလေးငယ် ၅ ဦး သေဆုံးခဲ့ပြီး ဆေးဝါးကုသမှု ချို့တဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    “ပိတ်ဆို့မှုကြောင့် သေဆုံးရသူ ၁၀၀၀ လောက်မှာ ၄၅၀ က ဂါဇာကမ်းမြှောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ဆိုးရွားတာကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးဝါးတွေမရှိတာ၊ ဒေသပြင်ပထွက်ပြီး ဆေးဝါးကုသခွင့် မရတာတွေကြောင့်ပါ”
    ရေနံ လျှပ်စစ်မီးတွေ ပြတ်တောက်မှု၊ ဆေးဝါးတွေမရှိမှု၊ ဆရာဝန်တွေ ခွဲစိပ်ကုသမှု မလုပ်နိုင်မှုတွေကြောင့် ဂါဇာကမ်းမြှောင်ရဲ့ အခြေအနေဟာ အလွန်ဆိုးဝါးနေတာပါ။
    ကာ့ဒ်က လျှပ်စစ်အတွက် အခြားနည်းလမ်းတွေ အသုံးပြုရတာကြောင့် ၂၀၀၆ ခုနှစ်ကတည်းက သေဆုံးသူ အရေအတွက်ဟာ ၁၀၀ လောက်ရှိပြီလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဖယောင်းတိုင်၊ ထင်းနဲ့ မီးစက်တွေ သုံးရတာကြောင့် အိမ်တွေ မီးလောင်မှုဖြစ်ပြီး ကလေးတွေနဲ့ လူကြီးတွေ သေဆုံးခဲ့ရပါတယ်”
    စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ လှိုဏ်ခေါင်းဖောက် ကုန်သွယ်မှုတွေအတွင်း သေဆုံးရတဲ့ အလုပ်သမားအရေအတွက်ဟာ ၃၅၀ ရှိတယ်လို့ သူက ဆိုပါတယ်။
    အစ္စရေးဟာ ဂါဇာကမ်းမြှောင်ကို ၂၀၀၆ ခုနှစ်ကတည်းက ပိတ်ဆို့ထားတာဖြစ်ပြီး ကျူးကျော်တိုက်ခိုက်မှုတွေကိုလည်း မကြာခဏ ဆောင်ရွက်ခဲ့ပါတယ်။
    ကာ့ဒ်ကတော့ ပါလက်စတိုင်းပြည်သူ ၂ သန်းလောက်နေထိုင်တဲ့ ဂါဇာကမ်းမြှောင်ဟာ ကမ္ဘာ့ အကြီးဆုံး ထောင်ကြီးဖြစ်နေတယ်လို့ ဆိုပါတယ်။
    “ဂါဇာဟာ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ စွမ်းအင် စသဖြင့် နယ်ပယ်အားလုံးမှာ ဘေးဒုက္ခဆိုးကြီးနဲ့ ရင်ဆိုင်နေရပါတယ် ”
    Ref: Aljazeera