News @ M-Media

Blog

  • ဆီးရီးယားရှိ အရှေ့ဂူတာဒေသမှာ လောကငရဲဖြစ်နေသည်ဟု ကုလအကြီးအကဲပြော

    ဆီးရီးယားရှိ အရှေ့ဂူတာဒေသမှာ လောကငရဲဖြစ်နေသည်ဟု ကုလအကြီးအကဲပြော

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media

    – ဆီးရီးယားတွင် ရက်ပေါင်း ၃၀ ကြာ အပစ်ရပ်ရေးအတွက် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကုလ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ယနေ့တွင် တိုက်တွန်းလိုက်သည်။

    ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရှိ ကုလ လူ့အခွင့်အရေးကောင်စီတွင် ဂူတာရက်စ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဆီးရီးယားအစိုးရက အဆက်မပြတ် ဗုံးကြဲချနေသော ဒမတ်စကတ်မြို့ဆင်ခြေဖုံးမှ အရှေ့ဂူတာဒေသမှာ လောကငရဲ ဖြစ်နေပြီဟုလည်း ပြောဆိုခဲ့သည်။

    “အရှေ့ဂူတာဒေသဟာ စောင့်လို့မရတော့တဲ့ အခြေအနေပါ။ ဒီ လောကငရဲကို အဆုံးသတ်ဖို့ အချိန်တောင် လွန်နေပါပြီ။ ဘယ်လိုအခြေအနေမျိုးမှာမဆို အရပ်သားတွေနဲ့ အခြေခံအဆောက်အဦးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို အပြည့်အ၀ လိုက်နာဖို့ လိုတယ်ဆိုတာ ပတ်သက်သူအားလုံးကို ကျွန်တော် သတိပေးချင်ပါတယ်။ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာတောင် ဒီဝတ္တရားတွေကို ဖောက်ဖျက်လို့ မရပါဘူး”

    သူပုန်များထိန်းချုပ်ထားသည့် အရှေ့ဂူတာဒေသကို ရုရှားကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယား အစိုးရတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစ၍ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး သေဆုံးသူမှာ မနေ့ကအထိ ၅၀၀ ကျော် ရှိလာခဲ့သည်ဟု စောင့်ကြည့်အဖွဲ့များက ပြောကြားခဲ့သည်။

    အာဆတ်တပ်ဖွဲ့မှာ တနင်္ဂနွေနေ့တွင် မြေပြင်တိုက်ခိုက်မှုများကိုပါ ပြုလုပ်လာခဲ့ပြီး၊ အရှေ့ဂူတာရှိ အလ်-ရှီဖာနီယာဟ်မြို့တွင် ကလိုရင်းဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆရာဝန်များက ပြောကြားထားသည်။

    Ref: Aljazeera

  • အတုယူရမယ့် ပြင်သစ်က အစားအသောက် အလဟသဖြစ်မှု ထိန်းချုပ်ရေးဥပဒေ

    အတုယူရမယ့် ပြင်သစ်က အစားအသောက် အလဟသဖြစ်မှု ထိန်းချုပ်ရေးဥပဒေ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media

    – ပဲရစ်မြို့လယ်ကောင်က Auchan လို့ခေါ်တဲ့ စူပါမားကတ်မှာ မဂ်ဒါလီနာ ဒေါ့စ် ဆန်းတို့စ်ဟာ မနက်တိုင်း ‘ပြင်သစ် ရိက္ခာဘဏ်’ က ကားဆရာ အဟ်မဒ် ဒူဒူ ဂျာဘရာနီနဲ့ တွေ့ဆုံပါတယ်။

    စူပါမားကတ်ရဲ့ ပို့ဆောင်ရေးပိုင်းကို တာဝန်ယူရတဲ့ ဒေါ့စ်ဆန်းတို့စ်ဟာ မားကတ်ရဲ့ အစားအသောက် လှူဒါန်းမှုကိုလည်း ကြီးကြပ်ပါတယ်။ သူမဟာ မကြာခင် သက်တမ်းကုန်တော့မယ် ချက်ပြုတ်ပြီးသား အစားအသောက်တွေကို ဖယ်ထားပါတယ်။

    ဒေါ့စ်ဆန်းတို့စ်တစ်ယောက် ဧရာမ ရေခဲသေတ္တာကြီးကို ဖွင့်လိုက်ပြီးတဲ့နောက် လှူဒါန်းမယ့် ဒိန်ချဉ်တွေ၊ ပီဇာတွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ချီးစ်တွေကို ပြသပါတယ်။

    ပြင်သစ်မှာ မကုန်ဘဲကျန်ရစ်တဲ့ အစားအသောက်တွေကို လှူဒါန်းတာမျိုးဟာ စေတနာသဒ္ဒါတရား သက်သက်မဟုတ်ဘဲ စားလို့ရသေးတဲ့ အစားအစာတွေ လွှင့်ပစ်တာကို ပိတ်ပင်ထားတဲ့ ၂၀၁၆ ခုနှစ် ဥပဒေအရ လုပ်နေတာလည်း ဖြစ်ပါတယ်။

    မကုန်ဘဲကျန်တဲ့ အစားအသောက်ကို လွှင့်ပစ်မယ်ဆိုရင် တစ်ခုစီတိုင်းအတွက် စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေဟာ ကန်ဒေါ်လာ ၄၅၀၀ ဒဏ်ငွေပေးဆောင်ရမှာပါ။

    အစားအသောက်တွေ အလဟသဖြစ်မှုဟာ ကမ္ဘာနဲ့ချီတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ထုတ်လုပ်တဲ့အဆင့်မှာပဲ အစားအသောက်တွေ ပျက်ဆီးတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ စားသုံးတဲ့ အချိန်မျိုးမှာ လွှင့်ပစ်ကြပါတယ်။ အစားအသောက် အလဟသဖြစ်မှု အများစုဟာ အစားအသောက်အရောင်းဆိုင်
    တွေမှာ ဖြစ်နေကြတာပါ။ ပြင်သစ်ကတော့ ဒီအခြေအနေကို ၂ နှစ်သက်တမ်းရှိတဲ့ ဥပဒေနဲ့ ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။

    စူပါမားကတ်မှာ အစားအသောက်တွေပေးတဲ့နေရာ ရောက်တာနဲ့ ဂျာဘရာနီဟာ အပူချိန်တိုင်း ကိရိယာကိုထုတ်ပြန်ပြီး ဒိန်ချဉ်ထဲကို နှစ်ကြည့်ပါတယ်။

    “နို့ထွက်ပစ္စည်းတွေကို အအေးခန်းထဲမှာ သိမ်းထားလားဆိုတာကို သိရအောင် ကျွန်တော် အပူချိန် တိုင်းတာပါ” လို့ သူက ပြောပါတယ်။

    ဂျာဘရာနီဟာ အစားအသောက်တွေကို သူ့ရဲ့ ဗင်ကားပေါ်တင်ပြီး မြို့ပြင်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကိုပို့ဆောင်ပေးပါတယ်။ အဲဒီဘုရားကျောင်းမှာ ချို့တဲ့တဲ့ မိသားစုတွေကို ပြန်လည်ဝေငှပါတယ်။

    ဂီလိုင်နီ ဒီမြူလက်စ်ဆိုတဲ့ အမျိုးသမီးဟာ St. Vincent de Paul အလှူဒါနအဖွဲ့မှာ စေတနာ့ဝန်ထမ်း ပါဝင်နေသူတစ်ယောက် ဖြစ်ပါတယ်။ အပတ်စဉ် အစားအသောက်ဝေငှပေးတဲ့အစီအစဉ်အတွက် သူမ အဆင်သင့်ဖြစ်နေပါပြီ။

    “ဒီနေ့ သူတို့လာပေးသွားတာထဲက စွပ်ပြုတ်တွေ၊ ငါးသေတ္တာဘူးတွေနဲ့ လတ်ဆတ်တဲ့အရာတွေကို မနက်ဖြန်ကျရင် ကျွန်မတို့ ဝေပေးသွားမှာပါ။ သူတို့ဘာယူလာမလဲဆိုတာကို ကျွန်တို့ ကြိုမသိပါဘူး”

    ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာ ရိက္ခာဘဏ်ကွန်ယက်ကို မှီခိုနေရတဲ့ ပရဟိတအဖွဲ့ ၅၀၀၀ လောက် ရှိနေပါတယ်။ ရိက္ခာဘဏ်တွေကတော့ သူတို့ရဲ့ လှူဒါန်းမှု ထက်ဝက်လောက်ကို အစားအသောက် အရောင်းဆိုင်တွေကနေ ရရှိတယ်လို့ ပြင်သစ်အခြေစိုက် ရိက္ခာဘဏ်ကွန်ယက် Banques Alimentaires ရဲ့ အကြီးအကဲ ဂျာကက်စ် ဘိုင်လတ်က ပြောပါတယ်။ အစားအသောက်တွေ အလဟသ မလုပ်ပစ်ရဘူးဆိုတဲ့ ဥပဒေအသစ်က လှူဒါန်းမှု ပမာဏအရရော၊ အရည်အသွေးကိုပါ တိုးလာစေကာ သက်တမ်းတော်တော်ကျန်သေးတဲ့ အစားအသာက်တွေကို ပိုရလာပါတယ်။

    ဘိုင်လတ်က စူပါမားကတ်တွေနဲ့ အစားအသောက်ထုတ်လုပ်သူတွေကြားမှာ ရှိနေတဲ့ တင်းကြပ်တဲ့ သဘောတူညီချက်တွေကို လျှော့ချခြင်းအားဖြင့်လည်း အစားအသောက်တွေ အလဟသမဖြစ်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    “စူပါမားကတ်တစ်ခုအတွက် သူတို့ထုတ်လုပ်တဲ့ အသားညှပ်မုန့်ကို လှူတန်းခွင့်မပေးတဲ့ စက်ရုံတစ်ခု ရှိခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ဆီကနေ တစ်လကို အသားညှပ်မုန့် ၃ သောင်းလောက် ကျွန်တော်တို့ ရပါတယ်။ အဲဒီမုန့်တွေကို အရင်က အမြဲလိုလို လွှင့်ပစ်ရတာပါ” လို့ ဘိုင်လတ်က ပြောပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ ထုတ်လုပ်တဲ့ အစားအသောက်တွေရဲ့ ၃ ပုံ ၁ ပုံဟာ အလဟသ အမြဲဖြစ်နေပြီး ပြင်သစ်မှာ တစ်နှစ်ကို လူတစ်ယောက်ဟာ အစားအစာ ၆၆ ပေါင်လောက် စွန့်ပစ်နေပါတယ်။ အမေရိကန်မှာတော့ နှစ်စဉ် အစားအစာ ပေါင် ဘီလီယံ ၂၀၀ လောက် အလဟသ ဖြစ်နေပါတယ်။ အဲဒီပမာဏဟာ လူပေါင်း ၉ သောင်းလောက်ကို နေ့စဉ် ကျွေးမွေးနိုင်တဲ့ ပမာဏဖြစ်တယ်လို့ အမေရိကန်မှာ အစားအသောက် အလဟသဖြစ်မှုအကြောင်း ရေးသားထားတဲ့ American Wasteland စာအုပ်ရဲ့ စာရေးဆရာ ဂျိုနသန် ဘလွန်းက ဆိုပါတယ်။ ဒီလို အလဟသဖြစ်မှုကို လျှော့ချဖို့နည်းလမ်းတွေ အများကြီးရှိတယ်လို့လည်း သူက ပြောပါတယ်။

    ဘလွန်းက ပြင်သစ်ရဲ့ဥပဒေဟာ ကောင်းမွန်ပြီး အမေရိကန်မှာလည်း ဒီလိုအပြောင်းအလဲမျိုး မြင်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေမျိုးမှာ ဒါဟာ ခက်ခဲမှုတွေရှိကြောင်း၊ အစိုးရက ဘာလုပ်ရမယ်လို့ ပြောတာမျိုးကို အမေရိကန်တွေက သိပ်ဂရုမစိုက်တာကို သူသိကြောင်း ဘလွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ပြင်သစ်က ဒီဥပဒေဟာ ဆိုရှယ်လစ်သိပ်ဆန်တယ်။ ဒါပေမယ့် ချို့တဲ့သူတွေကို စားလို့ရတဲ့ အစားသောက်တွေ ပေးတာ၊ အစားအသောက်တွေကို မြေပြင်မှာပစ်တာကြောင့် အန္တရာယ်ရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဒါက လျှော့ချပေးတာလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေရဖို့ စူပါမားက တ်တွေအတွက် လမ်းကြောင်းတစ်ခု ဖော်ပေးတာမျိုး ဖြစ်တာကြောင့် ဒါဟာ တော်တော်ကို ကောင်းတဲ့ကိစ္စလို့ ပြောရမှာပါ”

    ပြင်သစ်က ဒီဥပဒေဟာ အစားအသောက်အရောင်းဆိုင်တွေ သူတို့ရဲ့ ကုန်စည်တွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲကာ၊ အစားအသောက် အလဟသဖြစ်မှုကို လျော့ကျစေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကောင်းကျိုးကို ရှေးရှုတဲ့ ဥပဒေမျိုးလည်း ဖြစ်ပါတယ်။

    ဥပဒေကို ရေးဆွဲခဲ့တဲ့ ပြင်သစ်လွှတ်တော်အမတ် ဂီလူမီ ဂါရော့က အစားအသောက် အလဟသဖြစ်မှုကို ဆန့်ကျင်တာဟာ ကားမောင်းရင် ခါးပတ်ပတ်ခိုင်းသလိုမျိုး တစ်နိုင်ငံလုံးနဲ့ဆိုင်ပြီး အလေးထားသင့်ကိစ္စမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဂါရော့က ကမ္ဘာတစ်ဝှမ်း ဒါမျိုးလုပ်ချင်တဲ့သူ တော်တော်များများဟာ သူ့ကို ဆက်သွယ်ကြတယ်လို့လည်း ပြောပါတယ်။

    “ဒါဟာ စူပါမားကတ်တွေရဲ့ လုပ်နည်းလုပ်ဟန်ကို ပြောင်းလဲပေးပါတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်ကို ပိုပြီး အာရုံထားလာက ပိုပြီး လှူဒါန်းလာကြပါတယ်”

    ဒါပေမယ့် အရေးအကြီးဆုံး အချက်တစ်ခုက စူပါမားကတ်တွေကို အကျိုးအမြတ်ရှာတဲ့ နေရာတစ်ခုအဖြစ်ထက် လူသားဆန်တဲ့ နေရာတစ်ခုအဖြစ် အမြင်ပြောင်းသွားတာ ဖြစ်တယ်လိုပလည်း ဂါရော့က ပြောကြားခဲ့ပါတယ်။

    Ref: npr.org

  • အစ္စရေးက ဂျေရုစလင်တွင် ခရစ်ယာန်ပပျောက်အောင်လုပ်မှုအတွက် Holy Sepulchre ဘုရားကျောင်းကို ပိတ်ပစ်ရန် ခရစ်ယာန်အသင်းတော်များ ဆုံးဖြတ်

    အစ္စရေးက ဂျေရုစလင်တွင် ခရစ်ယာန်ပပျောက်အောင်လုပ်မှုအတွက် Holy Sepulchre ဘုရားကျောင်းကို ပိတ်ပစ်ရန် ခရစ်ယာန်အသင်းတော်များ ဆုံးဖြတ်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၈
    M-Media

    Church of the Holy Sepulchre ဘုရားကျောင်း အတွင်းပိုင်း

    – ခရစ်ယာန်ဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံး ဘုရားကျောင်းတစ်ခုဖြစ်တဲ့ ဂျေရုစလင်က Church of the Holy Sepulchre ကို လုံးဝပိတ်ပစ်ကြောင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေက ဒီနေ့မှာ ကြေငြာလိုက်ပြီး မြင့်မြတ်ရာမြို့အတွင်း ခရစ်ယာန်ဘာသာဝင်တွေ တည်ရှိမှုကို အားနည်းသွားအောင်လုပ်တဲ့ အစ္စရေးရဲ့ ‘ခွဲခြားဆက်ဆံတဲ့’ ပေါ်လစီကြောင့် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ဘုရားကျောင်းခေါင်းဆောင်တွေက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးဟာ ခရစ်ယာသာသနာဝင်တွေရဲ့ အမြင့်မြတ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဂျေရုစလင်ရဲ့ လက်ရှိ အနေအထားကို ‘မကြံစဖူးအနေအထားနဲ့’ ပျက်ယွင်းအောင်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

    Church of the Holy Sepulchre ဘုရားကျောင်းဟာ ခရစ်တော် ကားစင်တင် အသတ်ခံရပြီး မြှုပ်နှံခဲ့ရာနေရာလို့ ခရစ်ယာန်တွေက ယုံကြည်ကြပြီး ခရစ်ယာန်ဘုရားဖူးတွေ လာရောက်လည်ပတ်ရာ နေရာလည်း ဖြစ်ပါတယ်။

    ဘုရားကျောင်းရဲ့ ပိုင်ဆိုင်မှုတွေကို အစ္စရေးအစိုးရက သိမ်းယူကာ ပုဂ္ဂလိကကုမ္ပဏီတွေကို ရောင်းချခွင့်ပြုတဲ့ မူကြမ်းကို အစ္စရေးလွှတ်တော်မှာ မကြာသေးခင်က အတည်ပြုခဲ့ပြီး ခရစ်ယာန်အသင်းတော်တွေက ဒီဥပဒေဟာ ‘ခရစ်ယာန်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေအပေါ် အစ္စရေးရဲ့ စနစ်တကျ ဖိနှိပ်မှုလုပ်ငန်း အမြင့်ဆုံးကို ရောက်စေကာ ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတဲ့ လူမျိုးရေးခွဲခြားမှုဥပဒေဖြစ်တယ်’ လို့ ပြောဆိုရှုတ်ချခဲ့ပါတယ်။

    အဲဒီကြေငြာချက်ကို ရိုမန်ကက်သလစ်အသင်းတော်၊ အာမေးနီးယားအသင်းတော်၊ ဂရိအော်သိုဒေါ့စ်အသင်းတော် ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးထားတာဖြစ်ပြီး ဘုရားကျောင်းပိုင် ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမယ့် အစ္စရေးအစိုးရရဲ့ အစီအစဉ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။

    “ဘုရားကျောင်းတွေရဲ့ အခွင့်အရေး၊ အခွင့်ထူးတွေနဲ့ပတ်သက်တဲ့ ရှိပြီးသား သဘောတူညီချက်တွေ၊ နိုင်ငံတကာ စည်းမျဉ်းတွေကို ဒီလုပ်ရပ်တွေက ချိုးဖောက်နေပြီး ဂျေရုစလင်မှာ ခရစ်ယာန်သာသနာ တည်ရှိမှုကို အားနည်းသွားအောင်လုပ်တဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်” လို့ ခရစ်ယာန်ခေါင်းဆောင်တွေရဲ့ ကြေငြာချက်မှာ
    ဖ်ာပြထားပါတယ်။

    Church of the Holy Sepulchre ခရစ်ယာန်ဘုရားကျောင်းဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းမှာ တည်ရှိတာပါ။

    ပါလက်စတိုင်း ညှိနှိုင်းရေးမှူး ဆအီစ်ဘ် အီရီကတ်က ခရစ်ယာန်အသင်းတော်တွေရဲ့ ဒီတုန့်ပြန်မှုဟာ ‘အစ္စရေးက ပါလက်စတိုင်းပိုက်နက်တွေ ကျူးကျော်သိမ်းပိုက်မှုကို အဆုံးသတ်ဖို့ လိုအပ်တယ်ဆိုတာကို သတိပေးမှု’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သမ္မတသက်တမ်း ကန့်သတ်ချက်ကို တရုတ်က ပယ်ဖျက်ရန် ရှိနေ

    သမ္မတသက်တမ်း ကန့်သတ်ချက်ကို တရုတ်က ပယ်ဖျက်ရန် ရှိနေ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၈
    M-Media

    – တိုင်းပြည်ရဲ့ သမ္မတသက်တမ်း ကန့်သတ်ထားတာကို ပယ်ဖျက်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီက တိုက်တွန်းဆော်သြလိုက်ပြီး ဒါဟာ လက်ရှိသမ္မတ ရှီကျင့်ဖျင် ၂၀၂၃ ခုနှစ်နောက်ပိုင်း သမ္မတအဖြစ် ဆက်လက်ရှိနေဖို့ လမ်းဖွင့်ပေးတာလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဟာ သမ္မတနဲ့ ဒုတိသမ္မတတွေအတွက် သက်တမ်း ကန့်သတ်ထားတာကို ပယ်ဖျက်ဖို့ အဆိုပြုခဲ့တာဖြစ်တယ်လို့ ဒီကနေ့မှာ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

    “တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ သမ္မတနဲ့ ဒုသမ္မတတွေဟာ သက်တမ်းနှစ်ကြိမ်ထက်ပိုပြီး တာဝန်မထမ်းဆောင်ရလို့ သတ်မှတ်ထားတာကို ပယ်ဖျက်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီက အဆိုပြုလိုက်ပါတယ်” လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

    အခြေခံဥပဒေမှာ ‘ခေတ်သစ်အတွက် တရုတ်ဝိသေလက္ခဏာနဲ့ ကိုက်ညီမယ့် ရှီကျင့်ဖျင်ရဲ့ ဆိုရှယ်လစ် အတွေးအခေါ်’ ဆိုတဲ့ စာကြောင်း ထည့်သွင်းဖို့လည်း ဗဟိုကော်မတီက အဆိုပြုခဲ့တယ်လို့ Xinhua က ဆိုပါတယ်။

    တရုတ်နိုင်ငံရဲ့ သမ္မတသက်တမ်းဟာ ၅ နှစ်ဖြစ်ပြီး အသက် ၆၄ နှစ်အရွယ် ရှီဟာ ပထမသက်တမ်းကို ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၅ ရက်နေ့မှာပြုလုပ်မယ့် ကွန်မြူနစ်ပါတီရဲ့ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှာ ရှီကို ဒုတိယသက်တမ်း ထမ်းဆောင်ဖို့အတွက် ထပ်မံရွေးချယ်ဖို့ ရှိပါတယ်။

    ပါတီနဲ့ စစ်ဖက်အကြီးအကဲ သက်တမ်းကို ကန့်သတ်ထားမှု မရှိပေမယ့် ၁၀ နှစ်ကာလဟာ စံနှုန်းတစ်ခု ဖြစ်ပါတယ်။ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ ၅ နှစ်တစ်ကြိမ် ကွန်ဂရက်မှာ ရှီဟာ ပါတီနဲ့ စစ်ဖက်အကြီးအကဲအဖြစ် ဒုတိယသက်တမ်းကို ပြန်လည် အရွေးခံခဲ့ရပါတယ်။

    ဖွဲ့စည်းပုံပြင်ဆင်ချက်ကို တရုတ်လွှတ်တော်က အတည်ပြုရတာဖြစ်ပေမယ့် ကွန်မြူနစ်ပါတီကို သစ္စာခံတဲ့သူတွေသာ လွှတ်တော်မှာ ခန့်ထားတာကြောင့် ဗဟိုကော်မတီရဲ့ ဒီအဆိုပြုချက်ကို ပယ်ချမှု ဖြစ်လာမှာ မဟုတ်ပါဘူး။

    ရှီဟာ ပုံမှန် သက်တမ်း ၂ ခုထက်ပိုပြီး သမ္မတရာထူးကို ရယူချင်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    Ref: CNA