News @ M-Media
Blog
  • ၀န်ကြီးချုပ်နာဂျစ်ကို ရုပ်ပြောင်ဆွဲသည့် မလေးအနုပညာရှင်တစ်ဦး ထောင် ၁ လ ချမှတ်ခံရ
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အား လူရွှင်တော်ပုံစံ ရုပ်ပြောင်ရေးဆွဲခဲ့သည့် ထင်ရှားသော အနုပညာရှင်ကို မလေးရှားက ယနေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်လိုက်သည်ဟု သိရသည်။
    အနုပညာရှင် ဖဟ်မီ ရီဇာမှာ “အခြားသူတစ်ဦးတစ်ယောက်အား စိတ်ညိုညင်စေရန်၊ စော်ကားရန်၊ ခြိမ်းခြောက်ရန်၊ အရှက်ရစေရန် ရည်ရွယ်၍ မသင့်လျော်သည့်” အရာတစ်ခုကို အွန်လိုင်းတွင် ဖြန့်ချီမှုဆိုင်ရာ ဆက်သွယ်ရေးဥပဒေဖြင့် ယခုကဲ့သို့ ထောင်ချခံရခြင်း ဖြစ်သည်။
    ဖဟ်မီမှာ ဒဏ်ငွေ မလေးရှားရင်းဂစ် ၃၀၀၀၀ လည်း ပေးဆောင်ရမည်ဖြစ်သည်။ ၎င်း၏ ရှေ့နေ ရှာရဒ်ဇန် ဂျိုဟန်က တရားသူကြီးမှာ ယခုဆုံးဖြတ်ချက်အတွက် ခိုင်မာသည့် အကြောင်းပြချက် ပေးနိုင်ခြင်းမရှိဟု ပြောကြားခဲ့သည်။
    အစိုးရဆန့်ကျင်ရေးသမား၊ အတိုက်အခံခေါင်းဆောင်နှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဖဟ်မီမှာ ယခုစွဲချက်ဖြင့်ပင် နောက်ထပ်တစ်မှုကို ရင်ဆိုင်သည်။
    နိုင်ငံ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့သည်ဆိုသည့် သတင်းများကြောင့် ၀န်ကြီးချုပ်နာဂျစ်မှာ ပြီးခဲ့သည့်နှစ်ကတည်းက ဝေဖန်ခံခဲ့ရသည်။
    မလေးရှားအစိုးရက ၎င်းတို့အနေဖြင့် စာနယ်ဇင်းနယ်ပယ်တွင် ဆင်ဆာလုပ်မည်မဟုတ်ဟု ကတိပြုထားသော်လည်း ၀န်ကြီးချုပ် ခြစားမှုနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြသည့် ၀ဘ်ဆိုက်များ၊ သတင်းဌာနများကို ပိတ်ပစ်ခဲ့သည်။
    Ref: CNA
  • ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်တစ်ခု ဂျပန်ကုမ္ပဏီက တည်ဆောက်မည်
    ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်တစ်ခု ဂျပန်ကုမ္ပဏီက တည်ဆောက်မည်
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media
    အဆောက်အဦးဒီဇိုင်း
    – ၂၀၄၁ ခုနှစ်မှာ ကျရောက်မယ့် တည်ထောင်မှု နှစ် ၃၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်တစ်ခုကို တည်ဆောက်သွားမယ်လို့ ဂျပန်ကုမ္ပဏီ Sumitomo Forestry က ကြေ ငြာလိုက်ပါတယ်။
    ၃၅၀ မီတာမြင့်မယ့် အဲဒီ အဆောက်အဦးကို W350 လို့ အမည်ပေးထားပြီး သံမဏိ ၁၀ ရာခိုင်နှုန်းသာ သုံးစွဲမှာဖြစ်ကာ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို ကျွန်းသစ် ကုဗမီတာ ၁၈၅၀၀၀ နဲ့ ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။
    ငလျင်နဲ့ လေပြင်းတွေလို ဖြစ်ရပ်တွေကြောင့် အဆောက်အဦး ပုံမပျက်သွားစေဖို့အတွက် ဒီအဆောက်အဦးမှာ သံမဏိတိုင်တွေ ထောင့်ဖြတ် တုန်ခါမှုစနစ်ကို ထည့်သွင်းမှာပါ။
    အထပ် ၇၀ ရှိမယ့် အဲဒီအဆောက်အဦးမှာ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ၊ ဟိုတယ်တွေနဲ့ အိမ်ခန်း ၈ ထောင်လောက် ပါဝင်မှာဖြစ်ပါတယ်။ အထပ်တိုင်းမှာ လသာဆောင်တွေ၊ ပန်းခြံတွေလည်း ထည့်သွင်းတည်ဆောက်ဖို ရှိနေပါတယ်။
    W350 အဆောက်အဦးအတွက် ယန်း ဘီလီယံ ၆၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး သာမန် အဲဒီလို အဆောက်အဦးရဲ့ ကုန်ကျစားရိတ်ထက် ၂ ဆလောက် များနေတာ ဖြစ်ပါတယ်။
    Nikken Sekkei ကုမ္ပဏီနဲ့ ပူးပေါင်းတည်ဆောက်မယ့် ဒီအဆောက်အဦးကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ဖန်တီးမှာဖြစ်ပြီး မြို့တွေမှာ သစ်သားအခြေပြု ဗိသုကာကို တိုးမြှင့်အသုံးပြုလာတာက သစ်တောတွေဆက်လက်ရှင်သန်နေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ Sumitomo ကုမ္ပဏီက ဆိုပါတယ်။
    “လုံလောက်တဲ့ ထိန်းသိန်းစောင့်ရှောက်မှုတွေ မရှိတာကြောင့် ပြည်တွင်းက သစ်တောတွေ ပြုန်းတီးတာဟာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကျွန်းသစ်ဝယ်လိုအား မြင့်တက်လာတာမျိုးက သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့၊ သစ်တောတွေကို အသက်သွင်းဖို့ တွန်းတားတစ်ခု ဖြစ်လာမှာပါ”
    Ref: CNA
  • ကမ္ဘာတစ်ဝှမ်း မွေးမွေးပြီးချင်း ကလေးများသေဆုံးမှု တစ်နှစ်လျှင် ၁ သန်းအထိ ရှိနေ
    ကမ္ဘာတစ်ဝှမ်း မွေးမွေးပြီးချင်း ကလေးများသေဆုံးမှု တစ်နှစ်လျှင် ၁ သန်းအထိ ရှိနေ
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media
    – မွေးမွေးပြီးချင်း သေဆုံးတဲ့ ကလေးငယ်အရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်း တစ်နှစ်ကို တစ်သန်းလောက်ရှိနေပြီး အချိန်မတန်ခင် မွေးဖွားတာ၊ မွေးဖွားမှုခက်ခဲတာနဲ့ မွေးဖွားစဉ် ကူးစက်ရောဂါ ၀င်သွားတာတွေဟာ ဒီပြဿနာရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်တယ်လို့ ယူနီဆက်ဖ်က ပြောကြားလိုက်ပါတယ်။
    ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာဖြစ်ပြီး မွေးကင်းစကလေးငယ်တွေ အသက်ရှင်သန်ခွင့် အနည်းဆုံးတိုင်းပြည်တွေစာရင်းမှာ ပါကစ္စတန်၊ ဗဟိုအာဖရိကနဲ့ အာဖဂန်နစ္စတန်တို့က ဦးဆောင်နေပါတယ်။
    မွေးဖွားပြီး ပထမဆုံးလမှာ သေဆုံးတဲ့အရေအတွက်ဟာ တစ်နှစ်ကို ၁.၆ သန်း ရှိပြီး ဒီလို သေဆုံးမှုတွေ မဖြစ်အောင် ကောင်းမွန်စွာ လေ့ကျင့်ပေးထားတဲ့ ၀မ်းဆွဲတွေ၊ ရေသန့်ရှင်းမှု၊ ကိရိယာတန်ဆာပလာတွေကို လုံလောက်အောင် ထားပေးမှုတွေနဲ့ ဖြေရှင်းနိုင်တယ်လို့လည်း ယူနီဆက်ဖ်က အကြံပြုခဲ့ပါတယ်။
    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မွေးကင်းစကလေးငယ်တွေ လိုအပ်တဲ့ အကူအညီတွေ မရတာဟာ ဆင်းရဲမွဲတွေမှု၊ ပဋိပက္ခတွေနဲ့ အစိုးရအဖွဲ့အစည်းတွေ အားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ပြစ်တင်ပြောကြားခဲ့ပါတယ်။
    ယူနီဆက်ဖ် ကျန်းမာရေးဌာန အကြီးအကဲ စတီဖန် ပတ္တာဆန်က ကမ္ဘာတစ်ဝှမ်း မွေးကင်းစကလေးငယ်တွေ သေဆုံးမှု၊ ကိုယ်ဝန်ဆောင်မိခင်တွေ သေဆုံးမှုမှာ မိန်းကလေးငယ်တွေ အချိန်မတန်သေးဘဲ အိမ်ထောင်ပြုတဲ့အရေအတွက်၊ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်တဲ့ အရေအတွက် များပြားနေမှုကလည်း အဓိက အကြောင်းအရင်းတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ကလေးငယ်များ လက်ထပ်မှု တိုက်ဖျက်ရေးအဖွဲ့ Girls Not Brides ရဲ့ စစ်တမ်းအရ ကမ္ဘာတစ်ဝှမ်းမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ လက်ထပ်မှုဟာ တစ်နှစ်ကို ၁၅ သန်းလောက်ရှိကြောင်း၊ အမျိုးသမီးနဲ့ မိန်းကလေးငယ် သန်း ၇၀၀ ကျော်လောက်ဟာ အသက် ၁၈ နှစ်မတိုင်ခင် အိမ်ထောင်သည်ဘ၀ ရောက်နေကြောင်း သိရပါတယ်။
    Ref: Aljazeera
  • လက်နက်ကိုင်ဆောင်ခွင့်တင်းကြပ်ရေး အမေရိကန်လူငယ်များ အိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြ
    လက်နက်ကိုင်ဆောင်ခွင့်တင်းကြပ်ရေး အမေရိကန်လူငယ်များ အိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြ
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media
    – သေနတ်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်ရန်အတွက် အမေရိကန်လူငယ်များမှာ ယမန်နေ့က အိမ်ဖြူတော်အရှေ့တွင် စုရုံး ဆန္ဒပြခဲ့ကြပြီး ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်းတွင် ၁၇ ဦး သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုအပြီး တစ်ပတ်အကြာတွင် ယခုလှုပ်ရှားမှု ပေါ်ထွက်လာခြင်းဖြစ်သည်။
    ဆန္ဒပြလူငယ်များမှာ “တော်လောက်ပြီ” “သေနတ်ဥပဒေကို ပြင်မလား၊ လွှတ်တော်တစ်ခုလုံးကို ချိန်းမလား” ဆိုသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။
    ပြီးခဲ့သည်တစ်ပတ် ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါပြည်နယ်ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းတစ်ခု၌ အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်းတစ်ဦးက အခြားကျောင်းသားများနှင့် ဆရာများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။
    နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး ကျောင်းတွင်းသေနတ်ပစ်ခတ်မှုများထဲမှ တစ်ခုဖြစ်ခဲ့သည့် အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို တင်းကြပ်ရန်အတွက် သမ္မတထရမ့်နှင့် လွှတ်တော်အမတ်များအား တိုက်တွန်းမှု မြင့်တက်လာခဲ့သည်။
    ယမန်နေ့က အိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြသည့် လူငယ်များမှာ ဖလော်ရီဒါ ပစ်ခတ်မှုအတွင်း သေဆုံးသွားသည့် ကျောင်းသားများ၏ အမည်စာရင်းကို ဖတ်ပြခဲ့ကြသည်။
    လက်နက်ကိုင်ဆောင်ခွင့်ရရေး အားပေးနေသော ထိပ်တန်းအဖွဲ့ National Rifle Association (NRA) နှင့် ပတ်သက်ဆက်နွယ်မှုအတွက် သမ္မတထရမ့်နှင့် အခြားသော အမေရိကန်တာဝန်ရှိသူများမှာ ဝေဖန်မှုကို ခံနေရသည်။
    လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို ထိန်းချုပ်ရေး ကန့်ကွက်မှုအတွက် NRA မှာ ပြစ်တင်ခံနေရသည့် အဖွဲ့လည်းဖြစ်သည်။
    ယမန်နေ့ ဆန္ဒပြမှုတွင် “ကျုပ်တို့ကလေးတွေကိုသတ်နေတာ ရပ်တော့ NRA” ဟူသည့် ဆိုင်းဘုတ်တစ်ခုလည်း ပါဝင်ခဲ့သည်။
    ထရမ့်မှာ ဖလော်ရီဒါသေနတ်ပစ်ခတ်မှုအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့သော်လည်း လက်နက်ကိုင်ဆောင်ခွင့်ဥပဒေ ပြင်ဆင်ရေးအတွက် မည်သည့်ပြောဆိုမှုမှ မလုပ်ခဲ့ပေ။
    Ref: Aljazeera
  • မိုဇမ်ဘတ်တွင် ဧရာမအမှိုက်ပုံ ပြိုကျမှုကြောင့် လူ ၁၇ ဦး သေဆုံး
    မိုဇမ်ဘတ်တွင် ဧရာမအမှိုက်ပုံ ပြိုကျမှုကြောင့် လူ ၁၇ ဦး သေဆုံး
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media
    – အာဖရိကတိုက် တောင်ပိုင်း မိုဇမ်ဘက်နိုင်ငံ မြို့တော် မာပူတိုမှာ ဧရာမ အမှိုက်ပုံကြီး ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး အမှိုက်ပုံအောက် ပိမိနေသူတွေ အများအပြား ရှိနေတာကြောင့် သေဆုံးသူအရေအတွက် တိုးလာဖွယ် ရှိနေပါတယ်။
    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တော်ရဲ့ ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်တစ်ခုမှာ တနင်္လာနေ့ မနက် စောစော ၃ နာရီလောက်က အမှိုက်ပုံကြီးတစ်ခုဟာ ဘေးနားမှာရှိတဲ့ အိမ်တွေအပေါ် ပြိုကျခဲ့တာပါ။
    အစိုးရရဲ့ ပြည်သူ့လုံခြုံရေးဌာန တာဝန်ရှိသူတစ်ဦးက လူတော်တော်များများ အမှိုက်ပုံအောက်မှာ ပိတ်မိနေဖွယ်ရှိနေပြီး သေဆုံးသူပမာဏဟာ လက်ရှိရရှိထားတဲ့ အရေအတွက်ထက် မြင့်မားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အမှိုက်ပုံကြီးက ၃ ထပ်တိုက်အရွယ်အစားလောက်ရှိပြီး အမှိုက်ပုံတစ်ဝိုက် ကျူးကျော်အိမ်ယာတွေကို ဖယ်ရှားပေးဖို့ အာဏာပိုင်တွေ သတိပေးခဲ့ပေမယ့် နေထိုင်သူတွေက လိုက်နာခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
    လူတော်တော်များများဟာ အဲဒီအမှိုက်ပုံမှာ အစားအသောက်တွေ၊ ပြန်လည်ရောင်းချနိုင်မယ့် ပစ္စည်းတွေ လာရောက်ရှာဖွေကြတာတွေလည်း ရှိပါတယ်။
    အခုပြိုကျသွားတဲ့ အမှိုက်ပုံနေရာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ပစ်ရမှာ ဖြစ်ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုထားခဲ့ကြပြီး အမှိုက်တွေ ထပ်ထပ်ပုံနေတာကြောင့် ဧရာမ အမှိုက်ပုံကြီး ဖြစ်သွားခဲ့တာလို့ ဒေသခံတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    မိုဇမ်ဘတ်နိုင်ငံ လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၄ သန်းလောက်ဟာ ဆင်းရဲမွဲတွေမှုအောက်မှာ နေထိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
    Ref: Aljazeera