News @ M-Media
Blog
  • မိုဇမ်ဘတ်တွင် ဧရာမအမှိုက်ပုံ ပြိုကျမှုကြောင့် လူ ၁၇ ဦး သေဆုံး
    မိုဇမ်ဘတ်တွင် ဧရာမအမှိုက်ပုံ ပြိုကျမှုကြောင့် လူ ၁၇ ဦး သေဆုံး
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media
    – အာဖရိကတိုက် တောင်ပိုင်း မိုဇမ်ဘက်နိုင်ငံ မြို့တော် မာပူတိုမှာ ဧရာမ အမှိုက်ပုံကြီး ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး အမှိုက်ပုံအောက် ပိမိနေသူတွေ အများအပြား ရှိနေတာကြောင့် သေဆုံးသူအရေအတွက် တိုးလာဖွယ် ရှိနေပါတယ်။
    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တော်ရဲ့ ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်တစ်ခုမှာ တနင်္လာနေ့ မနက် စောစော ၃ နာရီလောက်က အမှိုက်ပုံကြီးတစ်ခုဟာ ဘေးနားမှာရှိတဲ့ အိမ်တွေအပေါ် ပြိုကျခဲ့တာပါ။
    အစိုးရရဲ့ ပြည်သူ့လုံခြုံရေးဌာန တာဝန်ရှိသူတစ်ဦးက လူတော်တော်များများ အမှိုက်ပုံအောက်မှာ ပိတ်မိနေဖွယ်ရှိနေပြီး သေဆုံးသူပမာဏဟာ လက်ရှိရရှိထားတဲ့ အရေအတွက်ထက် မြင့်မားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အမှိုက်ပုံကြီးက ၃ ထပ်တိုက်အရွယ်အစားလောက်ရှိပြီး အမှိုက်ပုံတစ်ဝိုက် ကျူးကျော်အိမ်ယာတွေကို ဖယ်ရှားပေးဖို့ အာဏာပိုင်တွေ သတိပေးခဲ့ပေမယ့် နေထိုင်သူတွေက လိုက်နာခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
    လူတော်တော်များများဟာ အဲဒီအမှိုက်ပုံမှာ အစားအသောက်တွေ၊ ပြန်လည်ရောင်းချနိုင်မယ့် ပစ္စည်းတွေ လာရောက်ရှာဖွေကြတာတွေလည်း ရှိပါတယ်။
    အခုပြိုကျသွားတဲ့ အမှိုက်ပုံနေရာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ပစ်ရမှာ ဖြစ်ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုထားခဲ့ကြပြီး အမှိုက်တွေ ထပ်ထပ်ပုံနေတာကြောင့် ဧရာမ အမှိုက်ပုံကြီး ဖြစ်သွားခဲ့တာလို့ ဒေသခံတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    မိုဇမ်ဘတ်နိုင်ငံ လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၄ သန်းလောက်ဟာ ဆင်းရဲမွဲတွေမှုအောက်မှာ နေထိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
    Ref: Aljazeera
  • မိမိတို့၏ ဆီးရီးယားထိုးစစ်ကို ဟန့်တားပါက ဒေသတွင်း ဖြစ်ရပ်ဆိုးနှင့်ကြုံမည်ဟု တူရကီခြိမ်းခြောက်
    မိမိတို့၏ ဆီးရီးယားထိုးစစ်ကို ဟန့်တားပါက ဒေသတွင်း ဖြစ်ရပ်ဆိုးနှင့်ကြုံမည်ဟု တူရကီခြိမ်းခြောက်
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media
    အက်ဖရင်ရှိ တူရကီတင့်ကားတစ်စီး
    – ကာ့ဒ်ဖွဲ့များအပေါ် ပြုလုပ်နေသည့် မိမိတို့၏ ထိုးစစ်ကို နှောက်ယှက်ဟန့်တားပါက ဒေသတွင်း ဖြစ်ရပ်ဆိုးကြီးနှင့် တွေ့ကြုံရမည်ဟု တူရကီက သတိပေးလိုက်ပြီး ကာ့ဒ်တပ်ဖွဲ့များဖက်မှ ဆီးရီးယားအစိုးရတပ်က တိုက်ခိုက်ပေးမည်ဆိုသည့် သတင်းအပေါ် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
    ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ YPG ထိန်းချုပ်ထားရာ အက်ဖရင်ဒေသကို အာဆတ်အစိုးရတပ်များ ၂ ရက်အတွင်း လာရောက်ကာ တူရကီတပ်ဖွဲ့များအား တွန်းလှန်သွားမည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ယမန်နေ့ အစောပိုင်းတွင် ဖော်ပြခဲ့သည်။
    YPG အား အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားသည့် တူရကီမှာ အက်ဖရင်ဒေသအား ပြီးခဲ့သည့်လမှစတင်ကာ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    တူရကီဒုတိယ၀န်ကြီးချုပ် ဘိုဇ်ဒဂ်က ဆီးရီးယားတပ်ဖွဲ့များ YPG ဖက်မှ တိုက်ခိုက်ပေးမည်ဆိုသည့် သတင်းမှာ သတင်းမှားဖြစ်ပြီး မိမိတို့ကို ဟန့်တားလာပါက ဒေသတွင်း ကြီးမားသည့် ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ရမည်ဟု ယမန်နေ့ အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် YPG ကျဆုံးသည်အထိ လေကြောင်းနှင့် ကြည်းကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
    YPG အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အနေဖြင့် အာဆတ်အစိုးရနှင့် မည်သည့်သဘောတူညီချက်မှ ရရှိထားခြင်းမရှိသေးဟု ပြောကြားခဲ့သည်။
    ၂၀၁၂ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု စတင်ကတည်းက အာဆတ်တပ်ဖွဲ့မှာ ဆီးရီးယားမြောက်ပိုင်းရှိ နေရာတော်တော်များများမှ ဆုတ်ခွာခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့ SDF ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော YPG က IS အကြမ်းဖက်အဖွဲ့အား တွန်းလှန်မှုအတွင်း ထိုဒေသများကို ထိန်းချုပ်နိုင်ခဲ့သည်။
    တူရကီမှာ အက်ဖရင်နှင့် မန်ဘစ်ဂ်ျမြို့ရှိ ကာ့ဒ်တပ်ဖွဲ့အား ပံ့ပိုးပေးနေသည့် အမေရိကန် တပ်ဖွဲ့များ ထွက်သွားရန်နှင့် မထွက်ပါက မိမိတို့နှင့် ထိပ်တိုက်တွေ့မည်ဟုလည်း ယခင်က ခြိမ်းခြောက်ခဲ့သည်။
    Ref: Aljazeera
  • ဗြိတိန်ကဗလီတွေ ပတ်ဝန်းကျင်နဲ့ ဘယ်လို နားလည်မှုတည်ဆောက်သလဲ
    ဗြိတိန်ကဗလီတွေ ပတ်ဝန်းကျင်နဲ့ ဘယ်လို နားလည်မှုတည်ဆောက်သလဲ
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media
    လန်ဒန်မြို့မြောက်ဖက်က Finsbury Park ဗလီဝတ်ကျောင်းတော်ကို ဗြိတိန်မွတ်စလင်ကောင်စီရဲ့ အကြီးအကဲ ဟာရွန်ခန်း၊ ဒေသတွင်း လွှတ်တော်အမတ် အီမီလီ သောန်ဘာရီ၊ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်တို့အပါအ၀င် လူတော်တော်များများ လာရောက်ခဲ့ကြပါတယ်။
    – အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး အထင်မှား အမြင်မှား ဖြစ်နေတာတွေကို တိုက်ဖျက်ဖို့အတွက် ဗြိတိန်မွတ်စလင်ကောင်စီက ဦးဆောင်ကာ Visit My Mosque Day လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ဗြိတိန်တစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀၀ ကျော်လောက် ပါဝင်ခဲ့ပါတယ်။
    အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်နိုင်အောင်၊ အစ္စလာမ်နဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေကို မေးမြန်းနိုင်အောင် စီစဉ်ပေးတဲ့ ဒီလှုပ်ရှားမှုဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရဖို့၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    လန်ဒန်မြို့မြောက်ဖက်က Finsbury Park ဗလီဝတ်ကျောင်းတော်ကို ဗြိတိန်မွတ်စလင်ကောင်စီရဲ့ အကြီးအကဲ ဟာရွန်ခန်း၊ ဒေသတွင်း လွှတ်တော်အမတ် အီမီလီ သောန်ဘာရီ၊ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်တို့အပါအ၀င် လူတော်တော်များများ လာရောက်ခဲ့ကြပါတယ်။
    “ဒီတနင်္ဂနွေ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ Visit My Mosque Day ဟာ ပြီးခဲ့တဲ့နှစ်က ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်မှုနောက်ပိုင်း ထိလွယ်ရှလွယ်အနေအထားမျိုးမှာ ပြုလုပ်တဲ့ ပထမဆုံး လှုပ်ရှားမှုပါပဲ။ ဗလီဝတ်ကျောင်းတော်အတွက်တော့ ဒါဟာ ဒေသတွင်းလူ့အဖွဲ့အစည်းနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အရေးပါတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပြီး၊ Finsbury Park ဗလီဝတ်ကျောင်းတော်ဟာ သာမန် ၀တ်ပြုရာနေရာတစ်ခုထက် ပိုတယ်ဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်” လို့ ဂေါပကဥက္ကဌ မိုဟာမက် ကော့ဇ်ဘာက ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်မှာ ဒါရန် အော့စ်ဘုန်းဆိုသူက ဒီဗလီဝတ်ကျောင်းတော်ကနေ ထွက်လာသူတွေကို ကားနဲ့ဝင်တိုက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ၊ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
    ဘရိုက်တန်မြို့က အလ်မဒီနာဗလီဝတ်ကျောင်းတော်
    အင်္ဂလန်တောင်ပိုင်း ဘရိုက်တန်မြို့က အလ်မဒီနာဗလီဝတ်ကျောင်းတော်ကို လာရောက်လေ့လာ လည်ပတ်သူဟာ ရာနဲ့ချီ ရှိခဲ့ပါတယ်။
    တာဝန်ရှိသူတွေက ဗလီဝတ်ကျောင်းတော်ကို လှည့်လည်ပြသခဲ့ပြီး နေ့လည်စာ တည့်ခင်းကျွေးမွေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
    ဘရက်ဖို့ဒ်မြို့က မဒ်နီ ဗလီဝတ်ကျောင်းတော်ကို ဘရက်ဖို့ဒ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆရာတော် တိုနီ ဟောင်းဝါ့သ်အပါအ၀င် လူတော်များများ လာရောက်လည်ပတ်ခဲ့ကြပါတယ်။
    အင်္ဂလန်နိုင်ငံအလယ်ပိုင်း အနောက်ယော့ခ်ရှိုင်းယားဒေသ ဘရက်ဖို့ဒ်မြို့က မဒ်နီ ဗလီဝတ်ကျောင်းတော်ကို ဘရက်ဖို့ဒ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆရာတော် တိုနီ ဟောင်းဝါ့သ်အပါအ၀င် လူတော်များများ လာရောက်လည်ပတ်ခဲ့ကြပါတယ်။
    ဘရက်ဖို့ဒ်ခရိုင်က အခြားဗလီဝတ်ကျောင်းတော်တွေကိုလည်း လာရောက်သူ ရာနဲ့ချီ ရှိခဲ့ပါတယ်။
    “လာရောက်သူတွေကို ဗလီ၊ အစ္စလာမ့်စင်တာတို့ကို ကျွန်တော်တို့ လိုက်ပြတယ်။ ရှေ့ဆောင်အီမာမ်က ဗလီဝတ်ကျောင်းတော်ရဲ့ အခန်းကဏ္ဍ၊ ဗလီထဲမှာ အသုံးပြုနေတဲ့ အရာတွေအကြောင်းကို ရှင်းပြခဲ့ပါတယ်” လို့ မဒ်နီဗလီက တာဝန်ရှိသူ ရီဖာကသ်အလီက ပြောကြားခဲ့ပါတယ်။
    ဝေးလ်နိုင်ငံ နယူးပေါ့တ်မြို့က နယူးပေါ့အစ်ကရာဗလီနဲ့ ဂျာမီယာ ဗလီဝတ်ကျောင်းတော်တို့ဟာလည်း Visit My Mosque Day လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်မှာ အာရဘီ စာပန်းချီနဲ့ အခြား စိတ်ဝင်စားဖွယ် ပြခန်းတွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။
    ဂျာမီယာ ဗလီဝတ်ကျောင်းတော်ဟာ ဒီလှုပ်ရှားမှုမျိုးကို ပထမဆုံး ပြုလုပ်တာ ဖြစ်ပါတယ်
    ဂျာမီယာ ဗလီဝတ်ကျောင်းတော်ဟာ ဒီလှုပ်ရှားမှုမျိုးကို ပထမဆုံး ပြုလုပ်တာဖြစ်ပြီး ဗလီတာဝန်ရှိသူ မိုဟာမက်ရဟ်မန်က ဒီလှုပ်ရှားမှုကြောင့် လူ့အဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းစည်းမှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ဒီဗလီဝတ်ကျောင်းတော်ဟာ အမြဲတမ်း တံခါးဖွင့်ထားပြီး မွတ်စလင်မဟုတ်သူတွေလည်း ကြိုက်တဲ့အချိန် လာနိုင်ပါတယ်။ ဒီနေ့ဟာ လူ့အဖွဲ့အစည်းတွေ ကျွန်တော်တို့ဆီလာပြီး ကျွန်တော်တို့ ထုံးတမ်းတွေကို လေ့လာဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ လူတွေအားလုံးလာကြပြီး သူတို့စိတ်ထဲမှာ သိချင်နေတဲ့ မေးခွန်းတွေကို
    မေးမြန်းကြတာ ကျွန်တော်တို့အတွက်လည်း ကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ကြားထဲက လစ်ဟာမှုတွေ၊ အထင်အမြင်မှားမှုတွေကို လျော့ကျစေမှာပါ။ ဒီနေ့ဟာ လူတိုင်းအတွင်း ပျော်ရွှင်စရာ နေ့တစ်နေ့ပါပဲ”
    Ref: thetelegraphandargus, yenisafak,southwalesargus
  • ဆီးရီးယားအစိုးရတပ်ဖွဲ့များ ကာ့ဒ်ဖက်နေ၍ တူရကီကို တိုက်ခိုက်မည်
    ဆီးရီးယားအစိုးရတပ်ဖွဲ့များ ကာ့ဒ်ဖက်နေ၍ တူရကီကို တိုက်ခိုက်မည်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media
    – နိုင်ငံအနောက်မြောက်ပိုင်း နယ်စပ်ရှိ အက်ဖ်ရင်မြို့ကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်သည့် တူရကီတပ်ဖွဲ့များအား ပြန်လည်မောင်းထုတ်ရေးအတွက် ဆီးရီးယားအစိုးရတပ်များ ၀င်ရောက်ရန် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီဟု ကာ့တပ်ဖွဲ့ YPG က ပြောကြားလိုက်သည်။
    YPG မှ ပြောရေးဆိုခွင့်ရှိသူ နူရီ မဟ်မူးဒ်က ဆီးရီးယားပြည်ထောင်စုကို ထိန်းသိမ်းရန်အတွက် ဆီးရီးယားအစိုးရတပ်များကို ခေါ်ထားသည်ဟု ယနေ့တွင် ပြောဆိုခဲ့ပြီး တူရကီနှင့် ဆီးရီးယားတပ်များ ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေ ဖြစ်သည်။
    တူရကီတပ်ဖွဲ့များနှင့် တူရကီက ကျောထောက်နောက်ခံပြုထားသည့် FSA လက်နက်ကိုင်အဖွဲမှာ ပြီးခဲ့သည့်လမှစတင်ကာ အက်ဖရင်မြို့သို့ ၀င်ရောက်၍ အမေရိကန်ကျောထောက်နောက်ခံပြု YPG တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။
    အက်ဖရင်မြို့အား ထိန်းချုပ်ထားသော YPG ကို တူရကီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
    မဟ်မူးဒ်က လက်ရှိတွင် ဆီးရီးယားတပ်ဖွဲ့များ မရောက်သေးသော်လည်း ၂ ရက်အတွင်း ရောက်လာမည်ဟု မျှော်လင့်ထားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ တူရကီဖက်က မည်သည့်တုန့်ပြန်မှုမှ မလုပ်သေးချေ။
    Ref: Aljazeera
  • ၀ီဂါမွတ်စလင်အများစုရှိရာ ဒေသတွင် ဆင်းရဲမှုတိုက်ဖျက်ရေးစီမံကိန်း တရုတ်စတင်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media
    – နိုင်ငံအနောက်မြောက်ပိုင်း ၀ီဂါမွတ်စလင်တွေ အများစုနေထိုင်ရာ ရှင်ကျန်းပြည်နယ်က ဒေသအချို့မှာ ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံကိန်းကို တရုတ်အစိုးရက စတင်လိုက်ပါတယ်။
    ၃ နှစ်တာကြာမြင့်မယ့် ဒီစီမံကိန်းမှာ ရှင်ကျန်းပြည်နယ် ခရိုင် ၂၂ ခုနှစ်က လူပေါင်း ၄ သိန်းလောက် အကျုံးဝင်မှာဖြစ်တယ်လို့ Xhinhua သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ ၀ီဂါမွတ်စလင် ၁၀ သန်းလောက် နေထိုင်ပြီး ဗဟိုအစိုးရရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးဖိနှိပ်မှုတွေကို နေ့စဉ်နဲ့အမျှ ခံစားနေရတယ်လို့ ပြောပါတယ်။ တရုတ်အစိုးရကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။
    ရှန်ကျန်းမှာလုပ်မယ့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းမှာ အစိုးရက ငွေဘယ်လောက်သုံးစွဲမလဲဆိုတာကိုတော့ Xhinhua သတင်းဌာနက ဖော်ပြခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် တရုတ်အစိုးရဟာ ကန်ဒေါ်လာ သန်း ၉၆၀ အသုံးပြုခဲ့ပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းကို ရှန်ကျန်းပြည်နယ်က အဆင်းရဲဆုံး ဒေသတွေဖြစ်တဲ့ ဟာရှီ၊ ဟိုတန်၊ ကီဇီလီဆူ၊ အာ့ခယ်ဆူဒေသတွေအတွက် ခွဲပေးခဲ့ပါတယ်။
    ၂၀၂၀ ခုနှစ် နောက်ဆုံးသတ်မှတ်ထားတဲ့ အဲဒီ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ဒေသ ၁၉၂ ခုကို အစိုးရတာဝန်ရှိသူတွေ စေလွှတ်မှာ ဖြစ်ပါတယ်။
    ဒါဟာ တရုတ်ကွန်မြူနစ်ပါတီက လုပ်ဆောင်နေတဲ့ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ နိုင်ငံသားတိုင်းရဲ့ ၀င်ငွေဟာ အနိမ့်ဆုံးဖြစ်တဲ့ တစ်နှစ် ဒေါ်လာ ၃၆၀ ထက် ကျော်လွန်ဖို့ ရည်မှန်းထားတာပါ။
    တရုတ်နိုင်ငံရဲ့ တစ်ဦးချင်း ဂျီဒီပီဟာ ကန်ဒေါ်လာ ၈၁၃၂ ရှိတယ်လို့ ကမ္ဘာဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ၂၀၁၇ ခုနှစ်အတွင်း ကျေးလက်ဒေသက လူပေါင်း ၁၃ သန်းနီးပါးကို ဆင်းရဲတွင်းကနေ ထုတ်နိုင်ခဲ့ပါတယ်။
    Ref: Aljazeera