News @ M-Media
Blog
  • ၀ီဂါမွတ်စလင်တွေအပြီး ဟွေမွတ်စလင်တွေဖက်လှည့်လာတဲ့ တရုတ်ရဲ့ ဘာသာရေးဖိနှိပ်မှု
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    လင်ရှာမြို့ မြင်ကွင်းတစ်ခု
    – ဗလီဝတ်ကျောင်းတော်တွေက ဘာသာရေးသင်ကြားမှုတွေမှာ လူငယ်တွေ ပါဝင်လို့မရဘူးလို့ တရုတ်အာဏာပိုင်တွေရဲ့ မကြာသေးခင်က တားမြစ်မှုဟာ တရုတ်နိုင်ငံက လူနည်းစု ဟွေမွတ်စလင်တွေအတွက် လက်မခံနိုင်စရာဖြစ်ပြီး သူတို့ရဲ့ဘ၀ ရှင်သန်ရပ်တည်မှုအပေါ် ၀င်ရောက်စွက်ဖက် ဟန့်တားမှုပဲလို့ ရှုမြင်နေကြပါတယ်။
    သူတို့ရဲ့ ကြောက်ရွံ့မှုကြီးတစ်ခုက တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ရာမှာ အသုံးပြုတဲ့ နည်လမ်းတွေထဲက တစ်ချို့ကို နိုင်ငံအနောက်မြောက်ပိုင်း ဂန်းဆူပြည်နယ်မှာ လုပ်ဆောင်လာမလားဆိုတာပဲ ဖြစ်ပါတယ်။
    လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်နေပြီး ဆယ်စုနှစ်များစွာ အစိုးရနဲ့ ချောမွေ့တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ဟွေလူမျိုးတွေဟာ ရှင်ကျန်းပြည်နယ်မှာ လက်နက်ကိုင် ရဲတွေနဲ့ စစ်ဆေးရေးဂိတ်တွေ၊ ဦးနှောက်ကျင်းစင်တာတွေ၊ လူထုရဲ့ DNA စုဆောင်းမှုတွေနဲ့ မာရှယ်လောနီးပါး လုပ်ထားတဲ့အခြေအနေကို ကောင်းကောင်း မြင်တွေ့ခဲ့ရသူတွေပါ။
    ဒါပေမယ့် ဇန်န၀ါရီလက ဟွေမွတ်စလင်အများစုတည်ရှိရာ ဂွမ်ဟီ ခရိုင်မှာ တရုတ်နှစ်ကူးအတွင်း ကလေးငယ်တွေ ဓမ္မသင်တန်း တက်ရောက်မှုကို ဒေသတွင်း အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့က စတင်ခဲ့တဲ့ ဒီ နှစ်သစ်ကူးကာလဟာ သီတင်းပတ်ချီ ကြာမြင့်မှာဖြစ်ပြီး အစိုးရကလည်း တစ်ပတ်တာ ပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
    ဂွမ်ဟီဒေသအနောက်ဖက် ကီလိုမီတာ ၅၀ အကွာမှာ တည်ရှိပြီး ဟွေလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးထားတဲ့ ဂန်းဆူပြည်နယ်ရဲ့ မြို့တော် လင်ရှာမှာလည်း ဒီလို ကန့်သတ်မှုတွေကို လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
    “အဓိပ္ပါယ်မရှိတာတွေ၊ အံ့အားသင့်စရာတွေလို့ ကျွန်တော်တို့ ခံစားရပါတယ်” လို့ အရှေ့ပိုင်း ဟီနန်ပြည်နယ်က ဟွေလူမျိုး ရှေ့ဆောင်အီမာမ် လီဟိုင်ယန်က ပြောကြားခဲ့ပါတယ်။ ဒီလို အမိန့်ထုတ်မှုဟာ တရုတ်နိုင်ငံရဲ့ အခြေခံဥပဒေကို ဆန့်ကျင်တာဖြစ်တယ်ဆိုပြီး ဝေဖန်ရှုတ်ချတဲ့ ဆောင်းပါးတစ်ပုဒ်ကို လီက ရေးသားခဲ့ပြီး အွန်လိုင်းစာမျက်နှာတွေမှာ တော်တော်လေး ပြန့်နှံ့နေပါတယ်။
    ဒီလို ပိတ်ပင်တားဆီးမှုမျိုးတွေကို ပြီးခဲ့တဲ့နှစ်တွေမှာ နှုတ်မိန့်နဲ့ ပြုလုပ်ခဲ့ပြီး လက်တွေ့ အကောင်အထည်ဖော်တာမျိုးတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီနှစ်မှာ ပိုမိုတင်းကြပ်တဲ့ ပုံစံမျိုးနဲ့ လုပ်လာတာက အာဏာပိုင်တွေဟာဒီကိစ္စကို အမှန်တကယ် အကောင်အထည်ဖော်လာတော့မယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ လီက ပြောပါတယ်။
    လင်ရှာမြို့နဲ့ ဂွမ်ဟီခရိုင်တို့ကို ကြီးကြပ်နေတဲ့ ဒေသခံအစိုးက ပေါ်လစီ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပမယ့် တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
    “ဘာသာတရားတွေ တရုတ်စစ်စစ်ဖြစ်ရေး လမ်းညွှန်ချက်တွေကို ဘာသာရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က လိုက်နာဆောင်ရွက်တာ၊ အစွန်းရောက် ဘာသာရေးအယူအဆ ၀င်ရောက်ပြန့်နှံ့မှုကို ခိုင်ခိုင်မာမာ တားဆီးကာကွယ်တာမျိုးကို လုပ်ဆောင်တာပါ။ ဥပဒေအရ စီမံခန့်ခွဲမှုဟာ ဘာသာတရားကို ကာကွယ်ရာမှာ အရေးပါဆုံး
    ဆောင်ရွက်ချက်ပါပဲ” လို့ လင်ရှာအစိုးရရဲ့ ပြန်ကြားရေးဌာနက ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ သူတို့အနေနဲ့ တည်ငြိမ်အေးချမ်းရေးကို အလေးထားတယ်လို့လည်း ဆိုပါတယ်။
    ဂွမ်ဟီ ပညာရေးဗျူရိုရဲ့ ၀ါဒဖြန့်ချီရေးဌာနကို ရိုက်တာက အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
    တရုတ် သာသနာရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ပြန်လည် တုန့်ပြန်ခြင်းမရှိပေမယ့် နိုင်ငံတော်ကောင်စီရဲ့ သတင်းအချက်အလက်ရုံးက တရုတ်နိုင်ငံဟာ ကလေးငယ်တွေအပါအ၀င် နိုင်ငံသားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ဥပဒေအောက်မှာ အပြည့်အ၀ အာမခံပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    “တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်သာမက ဥပဒေအောက်မှာ ဥပဒေနဲ့ညီတဲ့ အခြားသော အခွင့်အရေးတွေကိုလည်း ကာကွယ်ပေးထားပါတယ်။ တရားမ၀င်လုပ်ရပ်တွေလုပ်ဖို့ ဘာသာရေးကို အသုံးချမှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဟာ တိတိကျကျ တားဆီးကာ ပြင်းပြင်းထန်ထန် နှိမ်နှင်းသွားမှာ ဖြစ်ပါတယ်” လို့ သတင်းအချက်အလက်ရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ငါတို့ အစွန်းရောက်များမဟုတ်
    တရုတ်အာဏာပိုင်တွေက ဟွေမွတ်စလင်တွေအပေါ် ဖိအားပေးလာမှုဟာ ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်လင်တွေ ခံစားနေရတာလောက် မဆိုးပါဘူး။ ရှင်ကျန်းမှာ တင်းကြပ်တဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေကြောင့် လူမျိုးရေးတိုက်ခိုက်မှုတွေအထိ ဖြစ်လာပြီး တရုတ်အစိုးရက အစွန်းရောက်တွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
    ဒါပေမယ့် ဟွေလူမျိုးတွေ နေထိုင်ရာဒေသက ဗလီဝတ်ကျောင်းတော်တွေမှာ နိဗ္ဗာန်ဆော်ရာမှာ အသုံးပြုတဲ့လော်စပီကာတွေကို ဆူညံမှုတားဆီးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖယ်ရှားတဲ့သတင်းကို နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    ဧပြီလမှာ အစိုးလက်အောက်ခံ တရုတ်အစ္စလာမ်အသင်းက ဗလီဝတ်ကျောင်းတော် အသစ်တွေမှာ အာရပ်အငွေ့အသက်ပါတဲ့ ဗိသုကာလက်ရာတွေကို မသုံးစွဲဖို့၊ အလွန်အမင်းကြီးကျယ်ခမ်းနားတဲ့ ပုံစံတွေ မဆောက်လုပ်ဖို့၊ တရုတ်ရိုးရာဒီဇိုင်းတွေကိုသာ အသုံးပြုဖို့ ပြောကြားခဲ့ပါတယ်။
    ဂွမ်ဟီနဲ့ လင်ရှာမြို့တွေမှာ ပညာရေးဆိုင်ရာ တင်းကြပ်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရှိနေပါတယ်။
    “ဆန့်ကျင်လို့မရဘူးဗျ။ လိုက်နာရတာမျိုး” လို့ အသက် ၄၆ နှစ်အရွယ် မာရှာကျင်းက ပြောကြားခဲ့ပါတယ်။ ဂွမ်ဟီမြို့က Halal China ဗလီဝတ်ကျောင်းတော်အနီးမှာ ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်ထားတဲ့ မာက သူဟာ တိုင်းချစ်ပြည်ချစ် မွတ်စလင်တစ်ယောက်ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    New China Mosque ဗလီဝတ်ကျောင်းတော်ကနေ နေ့လည်ခင်း ၀တ်ပြုဆုတောင်းမှုအပြီး ထွက်လာတဲ့ အခြားအမျိုးသားတစ်ဦးက ဒေသတွင်းအာဏာပိုင်တွေဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ပေါ်လစီတွေကို မှားယွင်း ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
    “ဘာသာတရားဟာ ပြဿနာတွေ ယူလာလိမ့်မယ်ဆိုတဲ့ ကြောက်ရွံ့မှုကြောင့် မိသားစုတွေဟာ သူတို့ကလေးတွေကို ဘာသာတရားအကြောင်း သင်ပေးဖို့အတွက် ကြောက်ရွံ့လာပါတယ်။ ဒါမျိုးဆိုရင် ရိုးရာယဉ်ကျေးမှုတွေကို ဘယ်လို လက်ဆင့်ကမ်းရတော့မလဲ”
    အာရှ၊ ဥရောပနဲ့ အာဖရိကကို ဆက်သွယ်တဲ့ ဒေါ်လာဘီလီယံချီ အခြေခံအဆောက်ဦးတွေ ရင်းနှီးမြှုပ်နှံမယ့် သမ္မတရှီရဲ့ Belt and Road အစီအစဉ်ကို တရုတ်နိုင်ငံက အင်တိုက်အားတိုက် ဆောင်ရွက်နေတဲ့အချိန် ကမ္ဘာ့တစ်ဝှမ်းမွတ်စလင်လူ့အဖွဲ့အစည်းတွေအကြား တရုတ်နိုင်ငံရဲ့ ပုံရိပ်ဟာ အရေးပါလာပါတယ်။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံအတွင်းက သန်း ၂၀ သော် မွတ်စလင်တွေထဲမှာ ပါဝင်တဲ့ ဟွေတွေကို ဘာသာရေးဆန်မှု လျော့ကျဖို့အတွက် ပိုမိုလုပ်ဆောင်လာနေပြီး စက်တင်ဘာလက ဟွေလူမျိုးတွ အများစုနေထိုင်တဲ့ နင်ရှာမှာ တရုတ်-အာရပ် ကုန်စည်ပြပွဲတစ်ခု လုပ်ခဲ့မှုက ဒါကို မီးမောင်းထိုးပြခဲ့ပါတယ်။
    ရှေ့ဆောင်အီမာမ်တစ်ပါးဖြစ်ဖို့အတွက် ၁၀ နှစ်ကျော်ကြာ ပညာသင်ကြားခဲ့ရပြီး မိသားစုနာမည် ဇူလို့ခေါ်တဲ့ အသက် ၃၀ နားနီး အမျိုးသားတစ်ဦက လင်ရှာမြို့မှာ နိုင်ငံရေးအခြေအနေဟာ အလွန်အမင်း တင်းကြပ်ပြီး ရိုက်တာသတင်းဌာနနဲ့ စကားပြောဖို့တောင် ဗလီဝတ်ကျောင်းတော်ရဲ့ ၀င်းတံးခါးပေါက်နဲ့ဝေးတဲ့ နေရာမှာသာ ခွင့်ပြုခဲ့ပါတယ်။
    ဇူက ဟွေလူမျိုးတွေကြားထဲမှာ အကြမ်းဖက်ဝါဒ ပြန့်နှံ့မယ်ဆိုတဲ့ အစိုးရရဲ့ စိုးရိမ်မှုတွေဟာ တစ်လွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
    “ဒါမျိုးဖြစ်နိုင်ချေဟာ လုံးဝကို မရှိတာဗျ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးက ဒီလမ်းစဉ်ကို မယုံကြည်လို့ပါ။ ကျွန်တော်တို့ဟာ အစွန်းရောက်တွေမဟုတ်ပါဘူး”
    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် China’s Hui Muslims fearful Chinese New Year education ban a sign of curbs to come ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ရိုဟင်ဂျာများအား လက်ခံရန်အသင့်ဟု ပြည်ထဲရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်သမ္မတကို ပြော
    ရိုဟင်ဂျာများအား လက်ခံရန်အသင့်ဟု ပြည်ထဲရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်သမ္မတကို ပြော
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးတို့ တွေ့ဆုံစဉ်
    – ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ပထမအသုတ်အဖြစ် လူ ၈ ထောင်ကျော်ရဲ့ စာရင်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက သောကြောနေ့မှာ မြန်မာပြည်ထဲရေးဝန်ကြီးကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့ နိုဝင်ဘာလက ရရှိခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်အောက်မှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို စတင်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်းက အခုပေးလိုက်တဲ့စာရင်းဟာ အိမ်ထောင်စု ၁၆၇၃ စု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအိမ်ထောင်စုတွေကို ဘယ်လို ရွေးချယ်ခဲ့သလဲဆိုတာကိုတော့ သူက မပြောခဲ့ပါဘူး။
    သြဂုတ်လနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းနီးပါး နေရပ်ပြန်ရေးကိစ္စကို ပြီးခဲ့တဲ့လမှာ စတင်ဖို့ စီစဉ်ထားပေမယ့် ဒုက္ခသည်တွေ ဆန္ဒမပါဘဲ အတင်း ပြန်ခိုင်းတာ၊ လုံခြုံရေးအခြေအနေ စိတ်မချရတာတွေ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
    ခန်းက ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို ပထမအသုတ် နေရပ်ပြန်မယ့်သူတွေစာရင်း ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးနှစ်ဦးဟာ ဒီလုပ်ငန်းစဉ်အပြင် နယ်စပ်ဒေသနဲ့ပတ်သက်တဲ့ အခြားကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
    “မြန်မာဖက်က စာရင်းတွေကို လိုလိုလားလား လက်ခံခဲ့ပြီး ဒါကို အကောင်အထည်ဖော်ဖို့ အခြားအသော အကူအညီတွေလည်း ရှာဖွေခဲ့ပါတယ်” လို့ ခန်းက ပြောကြားခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဒီကိစ္စနဲ့ပတ်သက်လို့ မီဒီယာတွေကို ပြောကြားခဲ့ခြင်း မရှိပါဘူး။
    မြန်မာအာဏာပိုင်တွေဟာ အဲဒီအထဲက လူ ၆၅၀၀ ကို ရွေးချယ်ပြီး နောက်တစ်ပတ်အင်္ဂါနေ့မှာ စာရင်းကို ပြန်ပို့ပေးမယ်လို့ ခန်းက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို ဘယ်တော့စမလဲဆိုတာကို အတိအကျ မပြောခဲ့ပါဘူး။
    “ဒီလူတွေအားလုံးကို ၃ သုတ်ခွဲပြီး လက်ခံမယ်လို့ သူတို့က ပြောပါတယ်။ ဘယ်တော့ စပြီး လက်ခံမလဲဆိုတာနဲ့ပတ်သက်ပြီး တိကျတဲ့အချိန်ဇယားကို မဆုံးဖြတ်ရသေးပါဘူး”
    ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် လုံခြုံအေးချမ်းတဲ့အခြေအနေတွေ၊ သင့်တင့်တဲ့ အဆောက်အဦးတွေရှိနေဖို့ လိုလားတယ်လို့ ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကြာသာပတေးက ဘင်္ဂလားဒေ့ရှ်သမ္မတ အဘ်ဒူလ် ဟာမစ်နဲ့တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း၊ ကုလ အတွင်းရေးမှူးဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်က ထုတ်ပြန်ထားတဲ့ အကြံပြုချက်တွေကို အကောင်အ
    ထည်ဖော်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
    Ref : Washington Post
  • သက်ငယ်မုဒိမ်းသမားကို ပါကစ္စတန်က သေဒဏ် ၄ ကြိမ်ချ
    သက်ငယ်မုဒိမ်းသမားကို ပါကစ္စတန်က သေဒဏ် ၄ ကြိမ်ချ
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်မှာ လူထုအုံကြွမှုတွေဖြစ်ခဲ့တဲ့ ၇ နှစ်အရွယ်သမီးငယ် အဓမ္မပြုကျင့် သက်ဖြတ်မှုခံရမှုမှာ ကျူးလွန်သူကို တရားရုံးက သေဒဏ် ၄ ကြိမ် ချမှတ်လိုက်ပါတယ်။
    အင်မရန်းအလီလို့ခေါ်တဲ့ အဲဒီကျူးလွန်သူကို ကြိုးပေးကွပ်မျက်ဖို့ နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့က အကြမ်းဖက်တိုက်ဖျက်ရေး တရားရုံးမှာ ဒီကနေ့ အမိန့်ချမှတ်ခဲ့တာပါ။
    အသက် ၇ နှစ်အရွယ် ဇိုင်နပ်ဟာ ဒီဇင်ဘာနှောင်းပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် ဇန်န၀ါရီ ၉ ရက်နေ့က ပန်ဂျပ်ပြည်နယ် လာဟိုးမြို့အနီး ကာဆူရ်ဆိုတဲ့ ဒေသက အမှိုက်ပုံမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီအဖြစ်အပျက်ကြောင့် အစိုးရနဲ့ ရဲတပ်ဖွဲ့အပေါ် လူထုက မကျေနပ်မှုတွေ မြင့်တက်ခဲ့ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
    ကျူးလွန်သူ အင်မရန်းကို ၂ ပတ်အကြာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ လာဟိုးတစ်ဝိုက်မှာ အခြား မိန်းကလေးငယ်တွေကို အရင်ကလည်း အဓမ္မပြုကျင့် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    “တရားသူကြီးကို ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ်။ ဇိုင်နပ်ကို သူ့ရဲ့ သမီးအရင်းလို သဘောထားခဲ့တာပါ” လို့ ဇိုင်နပ်ရဲ့ဖခင် အေမင် အန်ဆာရီက ပြောကြားခဲ့ပါတယ်။
    အင်မရန်းဟာ စွဲချက်လေးခုအတွက် သေဒဏ်ကျခံရပေမယ့် ဇိုင်နပ်ရဲ့မိခင်က သူ့သမီးကွယ်လွန်တဲ့နေရာမှာ အင်မရန်းကို ၄ ကြိမ်တိတိ ကြိုးပေးကွပ်မျက်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သေဒဏ်အပြင် ဇိုင်နပ်ရဲ့ မိသားစုကို ပါကစ္စတန်ရူပီး ၁ သန်း နစ်နာကြေးပေးဖို့လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။
    ဇိုင်နပ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဟာ ကာဆူရ်ဒေသမှာ တစ်နှစ်အတွင်း ၁၂ ခုမြောက် သက်ငယ် မုဒိမ်းမှုဖြစ်ပါတယ်။
    Ref : Aljazeera
  • ဖလော်ရီဒါ လူသတ်သမားအကြောင်း သတင်းရသော်လည်း လစ်လျူရှုခဲ့ဟု FBI ၀န်ခံ
    ဖလော်ရီဒါ လူသတ်သမားအကြောင်း သတင်းရသော်လည်း လစ်လျူရှုခဲ့ဟု FBI ၀န်ခံ
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈
    M-Media
    သေနတ်သမား ခရုဇ်
    – ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းကို ၀င်ရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားနဲ့ပတ်သက်ပြီး ပြည်သူက တိုင်ကြားမှု ရှိခဲ့ပေမယ့် လစ်လျူရှုခဲ့တယ်လို့ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို FBI က ၀န်ခံပြောကြားလိုက်ပါတယ်။
    ပါ့ခ်လန်းမြို့က Marjory Stoneman Douglas High School ကျောင်းမှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီပစ်ခတ်မှုအတွင်း ကျောင်းသားအများစုအပါအ၀င် အနည်းဆုံး လူ ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တာပါ။
    သေနတ်သမားဟာ ကျောင်းသားဟောင်း အသက် ၁၉ နှစ်အရွယ် နီကိုလက်စ် ခရုဇ်ဆိုသူဖြစ်ပြီး သူနဲ့ပတ်သက်လို့ ဇန်န၀ါရီလမှာ တိုင်ကြားမှုတစ်ခု ရရှိခဲ့တယ်လို့ FBI က မနေ့မှာ ပြောကြားခဲ့ပါတယ်။
    ခရုဇ်နဲ့ တော်တော်လေးသိကျွမ်းတဲ့သူတစ်ဦးက တိုင်ကြားခဲ့တာဖြစ်ပြီး ခရုဇ်ဟာ ‘လူသတ်ဖို့ ဆန္ဒ ပြင်းပြနေသူ’ ‘ပုံမှန်မဟုတ်တဲ့ အပြုအမူရှိသူ’ ‘ဆိုရှယ်မီဒီယာမှာ ဆိုးဆိုးရွားရွားတွေ တင်လေ့ရှိသူ’ လို့ ပြောခဲ့ပါတယ်။
    FBI က သူတို့အနေနဲ့ ဒီတိုင်ကြားမှုကို မိုင်ယာမီက FBI မြေပြင်ရုံးကို ပေးပို့ကာ သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်သင့်ပေမယ့် ဒီလို လုပ်ဆောင်ခဲ့တာမျိုး မရှိဘူးလို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။
    ဒီကြေငြာချက် ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန်ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က FBI နဲ့ တရားရေးဌာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ဖို့ အမိန့်ပေးခဲ့ပြီး ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်စကော့က FBI ဒါရိုက်တာ ခရစ္စတိုဖာဂရေး နှုတ်ထွက်ပေးဖို့အထိ တောင်းဆိုခဲ့ပါတယ်။
    “လူသတ်သမားအပေါ် အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ FBI ရဲ့ လုပ်ရပ်ဟာ လက်မခံနိုင်စရာပါ။ အပြစ်မဲ့သူ ၁၇ ဦးက သေသွားပါပြီ။ အမှားကိုဝန်ခံပြီး မဆိုင်တော့ဘူး လုပ်လို့မရပါဘူး”
    သေဆုံးသူတွေအတွက် ၀မ်းနည်းမှုအထိမ်းအမှတ်အဖြစ် ထောင်နဲ့ချီတဲ့လူတွေဟာ ကြာသာပတေးနေ့က အဲဒီအထက်တန်းကျောင်းရှေ့မှာ စုရုံးခဲ့ကြပါတယ်။
    အခုနှစ်အစကတည်းက အမေရိကန်တစ်ဝှမ်း စာသင်ကျောင်းတွေမှာ သေနတ်နဲ့ပစ်ခတ်မှုပေါင်း ၁၁ ခုဖြစ်ပွား ခဲ့ပါတယ်။
    Ref: Aljazeera
  • သြစတြီးယား မွတ်စလင်များအား သွားပုပ်လေလွင့်စွပ်စွဲမှုကို တရားရုံးရောက်မှ လက်ယာပါတီ ပြန်ရုပ်သိမ်း
    သြစတြီးယား မွတ်စလင်များအား သွားပုပ်လေလွင့်စွပ်စွဲမှုကို တရားရုံးရောက်မှ လက်ယာပါတီ ပြန်ရုပ်သိမ်း
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈
    M-Media
    FPO ပါတီခေါင်းဆောင် စထရာချီအား ဆန္ဒပြနေမှု မြင်ကွင်း
    – သြစတြီးယား မွတ်စလင်လူငယ်အဖွဲ့ (MJO) ဟာ အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ စွပ်စွဲခဲ့တဲ့ လက်ယာစွန်းရောက်ပါတီ (FPO) ဟာ တရားရုံးမှာ ခိုင်လုံတဲ့ သက်သေအထောက်အထား မပြနိုင်တဲ့အတွက် စွပ်စွဲချက်ကို ရုပ်သိမ်းပြီး အမှုကျေအေးဖို့ လုပ်ဆောင်လာပါတယ်။
    ပြီးခဲ့တဲ့ဇွန်လမှာ FPO အဖွဲ့ဥက္ကဌ ဟိန့်ဇ်-ခရစ္စတီယန် စထရာချီက MJP ဟာ ‘အစွန်းရာက်အယူအဆတွေ’ ဖြန့်ဝေနေတဲ့ ‘အထောက်အထားတွေ’ အများကြီးရှိနေပြီး၊ နိုင်ငံရေးသမ်းတဲ့ အစ္စလာမ်အယူအဆရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။
    အဲဒီစွပ်စွဲချက်တွေကို FPO ရဲ့ ၀ဘ်ဆိုက်မှာလည်း ဖော်ပြခဲ့ပါတယ်။
    MJO က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး စထရာချီ၊ FPO ပါတီနဲ့ လွတ်လပ်သော လွှတ်တော်အမတ်များကလပ်တို့ကို တရားစွဲဆိုခဲ့တာပါ။
    ဗီယင်နာက တရားရုံးမှာ ကြားနာမှုအတွင်း စွပ်စွဲသူတွေဟာ သူတို့ရဲ့စကားတွေ မှန်ကန်ကြောင်း သက်သေမပြနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် စွပ်စွဲချက်တွေကို ပြန်လည်ရုပ်သိမ်းပြီ MJO ကို နစ်နာကြေးဖို့ ကမ်းလှမ်းကာ အမှုကျေအေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
    “နိုင်ငံရေးသမ်းတဲ့ အစ္စလာမ်အယူအဆ၊ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့တွေနဲ့ နီးစပ်မှုရှိတယ်ဆိုပြီး တစ်ချို့လူတွေက ရည်ရွယ်ချက်ရှိရှိ တမင်တကာ ၀ါဝဒဖြန်နေတဲ့ ဒီပြောကြားချက်တွေဟာ အခြေအမြစ် မရှိပါဘူး။ မှားယွင်းတဲ့ စွပ်စွဲချက်တွေ၊ လူ့အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်တို့ ဆယ်စုနှစ်ချီ စေတနာ့ဝန်ထမ်း ပေးဆပ် နေမှုကို ဖျက်ဆီးစေမယ့် သွားပုပ်လေလွင့်စကားတွေကို သြစတြီးယား မွတ်စလင်လူငယ်များအဖွဲ့က ဆက်လက်ကာကွယ်သွားမှာ ဖြစ်ပါတယ်” လို့ MJO က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    FPO ပါတီက ရရှိမယ့်နစ်နာကြေးကို သြစတြီးယားက လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်ကြောက်ရောဂါနဲ့ ဂျူးဆန့်ကျင်ရေးတွေကို တိုက်ဖျက်နေတဲ့ အဖွဲ့တွေဆီ လှူဒါန်းသွားဖို့ MJO က စီစဉ်နေပါတယ်။
    FPO ဟာ ‘ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သူ’ လို့ အမည်ခံထားပြီး ခေါင်းဆောင် စထရာချီကိုယ်တိုင် အရင်က အစ္စလာမ့်ဆန့်ကျင်ရေး သွားပုပ်လေလွင့်စကားတွေကို ပြောကြားခဲ့ဖူးပါတယ်။
    သြစတြီးယားဟာ အနောက်ဥရောပမှာ လက်ယာပါတီကြီးစိုးတဲ့ အစိုးရရှိတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။
    Ref: Aljazeera