News @ M-Media

Blog

  • ဆော်ဒီအမျိုးသမီးများ စစ်မှုမထမ်းမနေရစနစ် ဆောင်ရွက်ရန် ရှူရာကောင်စီဝင်တစ်ဦး တိုက်တွန်း

    ဆော်ဒီအမျိုးသမီးများ စစ်မှုမထမ်းမနေရစနစ် ဆောင်ရွက်ရန် ရှူရာကောင်စီဝင်တစ်ဦး တိုက်တွန်း

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    ဆော်ဒီတပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်

    – အကြပ်အတည်း၊ စစ်ပွဲနဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့လာတဲ့အခါ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့အတွက် အမျိုးသမီးတွေ ၃ လကနေ ၁ နှစ်အထိ စစ်မှုမထမ်းမနေရ စနစ်ကို အကောင်အထည်ဖော်ဖို့ ဆော်ဒီအစိုးရဲ့ အတိုင်ပင်ခံကောင်စီ (ရှူရာကောင်စီ) အဖွဲ့ဝင် အစ်က်ဘာလ် ဒါရန်ဒါရီက တိုက်တွန်းလိုက်ပါတယ်။

    အလ် အာရေဗျသတင်းဌာနနဲ့ အင်တာဗျူးမှာ ဒါရန်ဒါရီက နိုင်ငံသားတွေအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေရမှာဖြစ်သလို၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိနေရမယ်လို့ ပြောကြားခဲ့တာပါ။

    အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ကွာခြားမှု သိပ်မရှိလှဘဲ ကြံ့ခိုင်မှု၊ အတွေ့အကြုံနဲ့ တိုက်ခိုက်ရေးပညာတွေကိုသာ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

    စစ်မှုထမ်းတယ်ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဝတ္တရားဖြစ်တာကြောင့် အမျိုးသား၊ အမျိုးသမီး၊ နိုင်ငံအတွင်းရှိနေတဲ့ လူ့အဖွဲ့အစည်းအားလုံး ပါဝင်ကာ တိုင်းပြည်ကို ကာကွယ်နိုင်ရမယ်လို့ ဒါရန်ဒါရီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်က ဆော်ဒီနိုင်ငံသား အမျိုးသားတွေ၊ အမျိုးသမီးတွေ အားလုံး စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းသင့်တယ်လို့ ယခင်က ပြောကြားမှု ရှိခဲ့ပေမယ့် ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ် အဘ်ဒူလ် ဟာဒီ အလ်-အမ်ရီက ပယ်ချခဲ့ဖူးပါတယ်။

    Ref: Alarabiya

  • အမေရိကန်၏ အာဖဂန်ဗျူဟာသစ်အတွက် မဟာမိတ်ဟောင်း တာလီဘန်က ဝေဖန်

    အမေရိကန်၏ အာဖဂန်ဗျူဟာသစ်အတွက် မဟာမိတ်ဟောင်း တာလီဘန်က ဝေဖန်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    – အမေရိကန်၏ အာဖဂန်ဗျူဟာသစ်ကို တာလီဘန်အဖွဲ့က ဝေဖန်လိုက်ပြီး စစ်ပွဲ နှစ် ၁၀၀ ကြာသွားလည်း ရလဒ်ထွက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    တာလီဘန်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည့် ၁၀ မျက်နှာပါသော ကြေငြာချက်တွင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇဘီအူလာ မူဂျာဟစ်က အမေရိကန်အစိုးရအနေဖြင့် တာလီဘန်နှင့် ဆွေးနွေးရေး အမေရိကန်ပြည်သူများ၊ ငြိမ်းချမ်းရေးမြတ်နိုးသော လွှတ်တော်အမတ်များက တိုက်တွန်းပေးရန် ဆော်သြထားသည်။

    ထရမ့်ကမူ တာလီဘန်အဖွဲ့နှင့် ဆွေးနွေမည်မဟုတ်ဟု ယခင်က ပြောကြားထားသည်။

    အာဖဂန်တွင် အမေရိကန်နှင့် နိုင်ငံခြားသားစစ်သာ ၃၅၄၆ ဦး သေဆုံးမှု၊ ၂၀၁၇ ခုနှစ်တွင် ဘိန်းဖြူထုတ်လုပ်မှု ၈၇ ရာခိုင်နှုန်းအထိ တိုးလာမှုတို့ကို ထောက်ပြကာ လွန်ခဲ့သည့် ၆ လက စတင်ခဲ့သည့် ဗျူဟာမျိုး နောက်ထပ် နှစ် ၁၀၀ ကျင့်သုံးလျှင်လည်း လက်ရှိအနေအထားအတိုင်းသာ ကြုံတွေ့ရမည်ဟုလည်း တာလီဘန်က သတိပေးခဲ့သည်။

    အာဖဂန်တွင် နောက်ထပ် စစ်သား ၃၀၀၀ ကျော် ထပ်ချထားရန်နှင့် ဗျူဟာသစ်ကျင့်သုံးရန် ထရမ့်က ပြီးခဲ့သည့်နှစ်တွင် အမိန့်ပေးခဲ့ပြီး မိမိတို့သာ အဆုံးသတ်နိုင်သည့် ကိစ္စကို မိမိတို့ပင် အဆုံးသတ်သွားမည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၆ လ ဗျူဟာသစ် စတင်ပြီးကတည်းက လေကြောင်းမှ တိုက်ခိုက်မှု ၇၅၁ ခု ပြုလုပ်ခဲ့သော်လည်း တာလီဘန်လက်ထဲမှ မြေတစ်လက်မကိုပင် သိမ်းယူနိုင်လား၊ သို့မဟုတ် တာလီဘန်က ပိုမို အင်အားကြီးလားသလားဟုလည်း ကြေငြာချက်တွင် မေးခွန်းထုတ်ထားသည်။

    အာဖဂန်တွင် အမေရိကန်က သုံးစွဲခဲ့သည့် ဘီလီယံနှင့်ချီသော ဒေါ်လာများမှာ ပြညသူများ၏ အခွန်ငွေများ ဖြစ်သည်ဟု အမေရိကန်ပြည်သူများကို ရည်ညွှန်း၍ တာလီဘန်က ပြောကြားခဲ့သည်။

    “ယေဘူယျအားဖြင့် ကမ္ဘာကြီးနဲ့၊ အထူးသဖြင့် အာဖဂန်ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုး ခင်ဗျားတို့ လိုချင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ သမ္မတနဲ့ စစ်ဆာနေတဲ့ လွှတ်တော်အမတ်၊ ပင်တဂွန်တာဝန်ရှိသူတွေ လက်တွေ့ကျတဲ့အခြေအနေကို နားလည်အောင်၊ အာဖဂန်နစ္စတန်နဲ့ပတ်သက်ပြီး ယုတ္တိရှိတဲ့ ပေါ်လစီမျိုး ချမှတ်အောင် လုပ်ခိုင်းပါ” ဟု ကြေငြာချက်က ဆိုသည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အာဖဂန်အစိုးရနှင့် ဆွေးနွေးရန် တာလီဘန်ကို လက်ကမ်းထားကြောင်း၊ မကြာသေးခင်က ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ သေဆုံးခဲ့သည့် တာလီဘန်များ၏ တိုက်ခိုက်မှုက ယခုစာနှင့် မအပ်စပ်ကြောင်း ပြောကြားခဲ့သည်။

    ၁၉၈၀ ပြည့်နှစ်များတွင် ဆိုဗီယက်က အာဖဂန်နစ္စတန်အား ကျူးကျော်စဉ် အမေရိကန်နှင့် တာလီဘန်မှာ မဟာမိတ်ဖြစ်ပြီး အမေရိကန်က တာလီဘန်အား လက်နက်များ၊ ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။ ဆိုဗီယက်တပ်များ ထွက်ခွာသွားပြီးနောက် အာဖဂန်တွင် တာလီဘန် အာဏာရရှိအောင်လည်း အမေရိကန်ကေ
    ဆာင်ရွက်ပေးခဲ့သည်။

    Ref: RT

  • ICC အနေဖြင့် ရိုဟင်ဂျာများအားသတ်သူကို မိမိထက်ပို၍ ရွေးချယ်သင့်ဟု ဒူတာတေးပြော

    ICC အနေဖြင့် ရိုဟင်ဂျာများအားသတ်သူကို မိမိထက်ပို၍ ရွေးချယ်သင့်ဟု ဒူတာတေးပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    – ဖိလစ်ပိုင်အစိုးရပြုလုပ်တဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း ပြည်သူတွေကို တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်တွေအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က စီစစ်နေမှုကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဝေဖန်လိုက်ပြီး၊ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံနေရတာကိုတော့ လစ်လျူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်ဟာ ICC က စွပ်စွဲမှုကိုခံရတဲ့ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပါ။ ရိုဟင်ဂျာတွေလည်း သတ်ဖြတ်ခံနေရတာပဲ။ ဒါပေမယ့် ကျွန်တော့်ကိုပဲ သူတို့က ရွေးပြီး စွပ်စွဲကြတယ်” လို့ အင်္ဂါနေ့က စီဘူးမှာပြုလုပ်တဲ့ သီးသန့်ဆွေးနွေးပွဲတစ်ခုမှာ ဒူတာတေးက ပြောကြားခဲ့တာပါ။

    ဒီပြောကြားမှုမှတ်တမ်းကို ဖိလစ်ပိုင်သမ္မတရုံးက ဗုဒ္ဓဟူးနေ့ညမှာ မီဒီယာတွေကို ပေးခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်း ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်က လုပ်တဲ့ စစ်ဆင်ရေးမှာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို အဓမ္မကျင့်မှု၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ရှိနေပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒါတွေကို ငြင်းဆိုထားပါတယ်။

    ပြီးခဲ့တဲ့ ဇန်န၀ါရီလ အိန္ဒိယမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ် ဒူတာတေးက ရခိုင်ပြည်နယ်ကိစ္စ နှုတ်ဆိတ်နေတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကို ဂရုမစိုက်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

    ဒူတာတေး အာဏာရပြီးတဲ့နောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဖိလစ်ပိုင်မှာ စတင်ခဲ့တဲ့ မူယစ်နှိမ်နှင်းမှုအတွင်း ပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။

    ဒီကိစ္စနဲပပတ်သက်လို့ ကနဦးသုံးသပ်မှုတွေလုပ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ICC က ကြေငြာခဲ့ပါတယ်။

    အခုလုပ်မယ့် ကနဦးသုံးသပ်မှုဟာ တရားဝင်ပြုလုပ်တဲ့ ကနဦးသုံးသပ်မှုမျိုးနဲ့ မတူပေမယ့် ဒီအဖြစ်အပျက်တွေဟာ ICC ရဲ့ တရားစီရင်ရေးဘောင်အတွင်း ၀င်နေလားဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။

    ဒူတာတေးက ကုလသမဂ္ဂဟာ အသုံးမ၀င်တဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ဘယ်လိုစစ်ပွဲမျိုးကိုမှ မတားဆီးနိုင်ကြောင်း၊ မိမိအနေနဲ့ ICC မှာ ဒီကိစ္စကို ဖြေရှင်းဖို့အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်သမ္မတရုံးက ဒီမူးယစ်နှိမ်နှင်းမှုဟာ ဥပဒေနဲ့ညီတဲ့ ရဲတပ်ဖွဲ့စစ်ဆင်ရေးဖြစ်ပြီး၊ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအဖြစ် မှတ်ယူလို့မရဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: manilainformer

  • နိုင်ငံအတွင်းရှိ တရုတ်လူ့အဖွဲ့အစည်းကို မလေးဝန်ကြီးချုပ် ချီးကျူး၊ မည်သည့်နိုင်ငံသားကိုမှ မခွဲခြားဟု ဆို

    နိုင်ငံအတွင်းရှိ တရုတ်လူ့အဖွဲ့အစည်းကို မလေးဝန်ကြီးချုပ် ချီးကျူး၊ မည်သည့်နိုင်ငံသားကိုမှ မခွဲခြားဟု ဆို

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    – လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်တည်ဆောက်ရေးမှာ နိုင်ငံအတွင်းက တရုတ်လူ့အဖွဲ့အစည်းဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်နှစ်ကူး စကားလက်ဆောင်အဖြစ် သူ့ရဲ့ ဘလော့ဂ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပြီး ယဉ်ကျေးမှုအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း တရုတ်လူမျိုးတွေရဲ့ ကြီးမားတဲ့ ကူညီလုပ်ဆောင်ပေးမှုတွေကို နိုင်ငံရဲ့ နယ်ပယ်တိုင်းမှာ တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။

    “တကယ်တော့ မလေးရှားဟာ ကြီးကျယ်တဲ့နိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြသူတွေရဲ့ ဇာတိပါ။ အထူးသဖြင့် မလေးရှားရဲ့ သားသမီးတွေဖြစ်ကြတဲ့ တရုတ်ညီအစ်ကို မောင်နှမတွေပါပဲ”

    မလေးရှားနိုင်ငံသားတွေ ဘယ်သူ့ကိုမှ နောက်ကောက်ကျအောင် မထားခဲ့ဘူးလို့လည်း နာဂျစ်က ပြောပါတယ်။

    “မလေးရှားနိုင်ငံသားတွေ ဘယ်သူမှ နောက်မှာ ကျန်မနေအောင်၊ ကျွန်တော်တို့ရဲ့ သားမြေးတွေရဲ့ အနာဂတ်ဟာ ကျွန်တော်တို့ထက် ပိုမိုကောင်းမွန်နေအောင် ဆောင်ရွက်သွားမယ်လို့ ကျွန်တော် စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျွန်တော်တို့ဟာ စည်းလုံးပြီး ပိုမိုတောင့်တင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်လက် ရှင်သန်သွားမှာပါ”

    မလေးရှားမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှုပွဲတော်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက်သာ မဟုတ်ဘဲ နိုင်ငံသားတိုင်း ပျော်ရွှင်ကြည်နူးရတဲ့ ပွဲတော်တွေဖြစ်တယ်လို့လည်း နာဂျစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ အမြင်တွေနဲ့ ဘာသာစုံလူမျိုးစုံ တည်ရှိမှုဟာ ကျွန်တော်တို့ကို ထူးခြားအောင်၊ လန်းဆန်းအောင်၊ လှုပ်ရှားရှင်သန်နေအောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်”

    Ref: CNA

  • ဖမ်းဆီးခံ ရိုက်တာသတင်းထောက်များကို PEN America အဖွဲ့က ဂုဏ်ပြုဆု ချီးမြှင့်မည်

    ဖမ်းဆီးခံ ရိုက်တာသတင်းထောက်များကို PEN America အဖွဲ့က ဂုဏ်ပြုဆု ချီးမြှင့်မည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    – ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံရမှုကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အတွက် မြန်မာအစိုးရရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အမေရိကန်အခြေစိုက် လွတ်လပ်တဲ့ ထိပ်တန်း စာနယ်ဇင်းအဖွဲ့ PEN America က ဂုဏ်ပြုဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

    ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့မှု၊ ပစ္စည်းတွေ လုယက်မှု၊ ရိုဟင်ဂျာ အရပ်သား ၁၀ ဦးကို သတ်ဖြတ်မြှုပ်နှံမှုတို့နဲ့ပတ်သက်ပြီး သတင်းရယူဖို့ ကြိုးစားနေစဉ်အတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရဲတပ်ဖွဲ့ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

    သူတို့ကို အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်မယ့် ကိုလိုနီခေတ် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

    Pen America ကတော့ သူတို့နှစ်ယောက်ရဲ့ဒီလို ကြိုးပမ်းအားထုတ်မှုအတွက် မေလ ၂၂ ရက်နေ့မှာ PEN/Barbey Freedom to Write Award ဆု ချီးမြှင့်သွားမယ်လို့ အင်္ဂါနေ့က သူတို့ရဲ့ ၀ဘ်ဆိုက်မှာ ကြေငြာခဲ့ပါတယ်။

    Freedom to Write Award ဆုဟာ အမှန်တရားကို ဖော်ထုတ်ရေးသားတာကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ ဂျာနယ်လစ်တွေ၊ စာရေးဆရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်ပြီး ၁၉၈၇ ခုနှစ်ကနေ ယနေ့အချိန်အထိ ၄၂ ဦးကို ချီးမြှင့်ထားပြီး ဖြစ်ပါတယ်။

    ဒီဆုဟာ ဖမ်းဆီးခံဂျာနယ်လစ်တွေ လွတ်မြောက်ရေး တွန်းအားပေးဖို့လည်း ရည်ရွယ်ပြီး ဆုချီးမြှင့်ခံရတဲ့ ၄၂ ဦးမှာ ၃၇ ဦးက ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

    PEN America အမှုဆောင်ဒါရိုက်တာ ဆူဇန်နီ နိုဆဲလ်က ဆုရတယ်ဆိုတဲ့ ဒီသတင်းဟာ ၀လုံးနဲ့ ကျော်စိုးဦးတို့ဆီကို ရောက်ရှိပြီး သူတို့ အားတက်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံက လူမျိုးရေးအကြမ်းဖက်မှုဟာ လူမှုအသိုက်အ၀န်း၊ နိုင်ငံရေးအသိုက်အ၀န်းမှာ ရှုပ်ထွေးမှုကို ဖြစ်စေပြီး၊ အနာဂတ်နဲ့ နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာပျက်စရာ ဖြစ်စေပါတယ်။ ဒီအဖြစ်အပျက်တွေကို ဖျောက်ဖျက်လိုက်လို့ မရပါဘူး။ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တွေပီပီ ဖျောက်ဖျက်ခံထားရတဲ့ အမှန်တရားတွေကို ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေအားလုံးထဲက မျက်မြင်သက်သေတွေကို သူတို့ အင်တာဗျူးတယ်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဓာတ်ပုံအထောက်ထားတွေကို ရယူခဲ့ကြပါတယ်”

    ဖြစ်ခဲ့တယ်လို့ သတင်းထွက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ထုတ်တဲ့အတွက် ၀လုံးနဲ့ ကျော်စိုးဦးတို့ကို ဖမ်းဆီးတရားစွဲဆိုလိုက်ခြင်းက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး တိုက်ပွဲဟာ မပြီးဆုံးသေးဘူးဆိုတာကို သတိပေးနေတာဖြစ်ကြောင်း နိုဆဲလ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “ဒီလို ဘာမထီတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျွန်မတို့ ဂုဏ်ယူမိပြီး၊ ဒီဆုဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေအတွက် နိုင်ငံတကာရဲ့ စိုးရိမ်မှု လျှော့ချလို့မရဘူးဆိုတာကို သိသာတဲ့ မီးမောင်းထိုးပြမှုတစ်ခု ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်”

    မြန်မာနိုင်ငံမှာ Freedom to Write Award ကို ရရှိခဲ့တဲ့ ဂျာနယ်လစ် ၄ ဦးရှိပြီး စစ်အာဏာရှင်လက်ထက်က ထောင်သွင်း အကျဉ်းချခံခဲ့ရသူတွေ ဖြစ်ပါတယ်။

    Ref: PEN America, Washingtonpost