News @ M-Media

Blog

  • အမေရိကန် အထက်တန်းကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံး

    အမေရိကန် အထက်တန်းကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံး

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ပါ့က်လန်းမြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် ကျောင်းသားများ အပါအ၀င် အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    Marjory Stoneman Douglas High School ကျောင်းတွင် အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်း နီကိုလက်စ် ခရုဇ်က ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်မှာ ခေတ်သစ်အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု ၁၀ ခုတွင် ပါဝင်လာခဲ့သည်။

    ခရုဇ်မှာ လူအများအပြား သေကြေစေရန် ရည်ရွယ်၍ မီးဘေး အရေးပေါ်အချက်ပေးခလုပ်ကို နှိပ်ကာ ကျောင်းသားများ စာသင်ခန်းပြင်ပသို့ ထွက်လာစေရန် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း မနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်လေ့ကျင်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းသားတစ်ချို့မှာ မှားယွင်းသော အချက်ပေးသံဟု
    ယူဆခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    သေနတ်သမား နီကိုလက်ဇ်ခရ်ုဇ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

    ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရစ် စကော့က ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တနင်္လာနေ့အထိ အလံတိုင်တစ်ဝက် လွှင့်ထူရန် အမိန့်ပေးခဲ့သည်။ ကျောင်းသား ၃၀၀၀ ခန့် တက်ရောက်နေသည့် အဆိုပါ အထက်တန်းကျောင်းကိုလည်း လာမည့်သီတင်းပတ်အထိ ပိတ်ထားမည်ဖြစ်သည်။

    ခရုဇ်မှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကျောင်းမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး အွန်လိုင်းအသုံးပြုမှုအား ခြေရာခံရာတွင် တုန်လှုပ်ဖွယ်ရာများကို တွေ့ခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်ကတည်းက အမေရိကန်တွင် စာသင်ကျောင်းများ၌ သေနတ်ပစ်ခတ်မှု ၃၀၀ နီးပါး ဖြစ်ပွားခဲ့သည်။ ဇန်န၀ါရီ ၂၃ ရက်နေ့အထိ မှတ်တမ်းများအရ ယခုနှစ်အတွင်း စာသင်ကျောင်းများတွင် သေနတ်ဖြင့်ပစ်ခတ်မှုပေါင်း ၁၁ ခု ဖြစ်ပွားခဲ့သည်ဟု နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: CNN, Aljazeera

  • ထရမ့်ရှုပ်ခဲ့သည့် အပြာမယ်တစ်ဦးကို ၎င်း၏ရှေ့နေက ငွေပေးနှုတ်ပိတ်ခဲ့

    ထရမ့်ရှုပ်ခဲ့သည့် အပြာမယ်တစ်ဦးကို ၎င်း၏ရှေ့နေက ငွေပေးနှုတ်ပိတ်ခဲ့

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အရင်ကရှုပ်ခဲ့တဲ့ အပြာမယ်တစ်ဦးကို သူ့ရဲ့ ကိုယ်ပိုင်ငွေ ပေးခဲ့တယ်ဆိုတာ မှန်တယ်လို့ ထရမ့်ရဲ့ ရှေ့နေ မီခေးလ် ဒီ ကိုဟင်က မနေ့မှာ နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောကြားလိုက်ပါတယ်။

    အမည်အရင်း စတီဖနီ ကလစ်ဖို့ဒ်လို့ခေါ်ပြီး စတော်မီ ဒန်နီယဲလ်လို့ လူသိများတဲ့ အဲဒီအပြာမင်းသမီးက ထရမ့်ဇနီး မီလာနီယာ သားဖြစ်သူ ဘာရွန်ကို မွေးဖွားပြီးတဲ့နောက် သူမနဲ့ ထရမ့်တို့ ဇာတ်လမ်းတွေဖြစ်ခဲ့တယ်လို့ ၂၀၁၁ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ဒီလိုမျိုး နောက်ထပ်မပြောဘူးဆိုတဲ့ သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးဖို့အတွက် ထရမ့်ဟာ ကန်ဒေါ်လာ ၁၃၀၀၀၀ ကို ကလစ်ဖို့ဒ်ထံ ၂၀၁၆ ခုနှစ်မှာ လက်သိပ်ထိုးပေးခဲ့တယ်လို့ ဇန်န၀ါရီလမှာ အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

    ထရမ့်က အဲဒီ အပြာမင်းသမီးနဲ့ ဘာဇာတ်လမ်းမှ မရှိဘူးလို့ ငြင်းဆိုခဲ့ကြောင်း ကိုဟင်က အရင်က ပြောကြားခဲ့ဖူးပါတယ်။

    ဒါပေမယ့် မနေ့က အင်တာဗျူးမှာ ကိုဟင်က ၂၀၁၆ ခုနှစ်အတွင်း ကလစ်ဖို့ဒ်ကို သူ့ရဲ့ ကိုယ်ပိုင်ငွေပေးခဲ့တယ်ဆိုတာ ၀န်ခံခဲ့ပါတယ်။

    ဒါပေမယ့် ဒီကိစ္စမှာ ထရမ့်ထောင်ထားတဲ့ အသင်းအဖွဲ့တွေ၊ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့တွေ မပါဝင်ကြောင်း၊ အစိုးရစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စတိုင်ကြားတဲ့အချိန် သူ့အနေနဲ့ ဒီအတိုင်းပဲ ထွက်ဆိုခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “ကလစ်ဖို့ဒ်ကို ငွေပေးခဲ့တာဟာ ဥပဒေနဲ့ ညီပြီး မဲဆွယ်ရေးအဖွဲ့က ကူညီတာ၊ အဲဒီကပိုက်ဆံတွေကို သုံးတာမျိုး မဟုတ်ပါဘူး”

    ဒါပေမယ့် ဘာ့ကြောင့် ဒီငွေကိုပေးတာလဲ၊ သူပေးတာကို ထရမ့်က သိလားဆိုတဲ့ မေးခွန်းတွေကိုတော့ ကိုဟင်က ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    ၂၀၁၁ ခုနှစ်က Touch မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ကလစ်ဖို့ဒ်က ၂၀၀၆ ခုနှစ်အတွင်း သူနဲ့ထရမ့်ရဲ့ ဆက်ဆံရေးဟာ အိပ်ရာပေါ်အထိ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီသတင်းကို အခုနှစ် ဇန်န၀ါရီလအတွင်းမှာ Wall Street ဂျာနယ်က ထပ်မံဖော်ပြခဲ့ပြီး ဒီကိစ္စကို ထပ်မပြောဖို့ဆိုတဲ့ လျှို့ဝှက်သဘောတူညီချက်နဲ့ ကလစ်ဖို့ဒ်ဟာ ပိုက်ဆံတစ်ချို့ ရခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါပေမယ့် ကလစ်ဖို့ဒ်ကတော့ အဲဒီအချိန်မှာ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး သူနဲ့ထရမ့် ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • တူရကီသမ္မတက အမေရိကန်ကို ထပ်မံစိန်ခေါ်ပြန်

    တူရကီသမ္မတက အမေရိကန်ကို ထပ်မံစိန်ခေါ်ပြန်

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈
    M-Media

    – ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ကာ့ဒ်တပ်ဖွဲ့ YPG အား အမေရိကန်က ထောက်ပံ့နေမှုကို တူရကီသမ္မတ အာဒိုဂန်က ထပ်မံဝေဖန်ခဲ့ပြီး၊ အမေရိကန်၏ ထိုလုပ်ရပ်က နေတိုးအဖွဲ့နှင့်ပတ်သက်၍ တူရကီ၏ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု သတိပေးလိုက်သည်။

    “YPG ကို ဘဏ္ဍာရေးထောက်ပံ့မှုလုပ်ဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ တူရကီရဲ့ အနာဂတ် ဆုံးဖြတ်ချက်မှာ မုချ သက်ရောက်ပါလိမ့်မယ်။ ဒီနေ့ သူတို့ ထောက်ပံ့ပေးနေတဲ့ အကြမ်းဖက်သမားတွေနဲ့အတူ မရပ်တည်တာ ပိုကောင်းပါတယ်။ အမေရိကန်ပြည်သူတွေကို တိုက်တွန်းချင်တာက အမေရိကန်အစိုးရရဲ့ ဘက်ဂျက်တွေဟာ ခင်ဗျားတို့အိတ်ထဲကလာတဲ့ ပိုက်ဆံတွေဖြစ်တယ် ဆိုတာပါပဲ” ဟု အာဒိုဂန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဆီးရီးယားရှိ စစ်ရေးလှုပ်ရှားမှုများအတွက် ကန်ဒေါ်လာ သန်း ၅၅၀ ခွဲပေးမည့် အမေရိကန်၏ ကာကွယ်ရေး ဘက်ဂျက်သစ်ကို အာဒိုဂန်က တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

    တူရကီမှာ ပြီးခဲ့သည့်လမှ စတင်ကာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသသို့ ၀င်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့သည်။

    ထို့ပြင် YPG ဦးဆောင်သည့် သူပုန်တပ်ဖွဲ့များက ထိန်းချုပ်ထားသည့် မန်ဘစ်ဂ်ျမြို့အထိ ၀င်ရောက်တိုက်ခိုက်မည်ဟု တူရကီအစိုးရ ထိပ်တန်းပုဂ္ဂိုလ်များက ခြိမ်းခြောက်ထားပြီး အမေရိကန်တပ်ဖွဲ့များအနေဖြင့် ထိုဒေသမှ အလျင်အမြန် ထွက်ခွာရန်လည်း သတိပေးခဲ့သည်။

    အမေရိကန်ကမူ မန်ဘစ်ဂ်ျမြို့မှ ထွက်ခွာရန် အစီအစဉ်မရှိဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    Ref: Aljazeera

  • အီရတ်ပြန်လည်ထူထောင်ရေး ကမ္ဘာတစ်ဝှမ်းက ဒေါ်လာ ဘီလီယံချီ ထည့်ဝင်

    အီရတ်ပြန်လည်ထူထောင်ရေး ကမ္ဘာတစ်ဝှမ်းက ဒေါ်လာ ဘီလီယံချီ ထည့်ဝင်

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈
    M-Media

    – IS အကြမ်းဖက်အဖွဲ့နှင့် ၄ နှစ်တာ စစ်ပွဲအပြီးနောက်ပိုင်း အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းက ကန်ဒေါ်လာ ဘီလီယံနှင့်ချီ ထည့်ဝင်ရန် ကတိပြုခဲ့ကြသည်ဟု သိရသည်။

    ကူဝိတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အီရတ်နိုင်ငံ ပြန်လည်တည်ဆောက်ရေး ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၆၇ နိုင်ငံမှ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    ကာတာ၊ ဆော်ဒီ၊ ကူဝိတ်နှင့် တူရကီတို့ နှစ်ရှည်ချေးငွေများ ထုတ်ပေးကာ တိုက်ရိုက် ရင်းနှီးမြှုပ်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့ကြသည်။

    ကူဝိတ်နိုင်ငံအကြီးအကဲ ရှိခ် ဆာဘာဟ် အလ် အဟ်မဒ် အလ် ဆာဘာဟ်က ကန်ဒေါ်လာ ၂ ဘီလီယံဖိုး နှစ်ရှည်ချေးငွေများ ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီက အီရတ်နိုင်ငံအတွက် ကန်ဒေါ်လာ ၁ ဘီလီယံခွဲ၊ ကာတာက ၁ ဘီလီယံ လှူဒါန်းမည်ဟု ပြောကြားခဲ့ပြီး တူရကီက ကန်ဒေါ်လာ ၅ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

    အစည်းအဝေး ပထမနေ့တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကန်ဒေါ်လာ သန်းပေါင်း ၃၃၀ ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။

    အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေးဆိုင်ရာ အစည်းအဝေးကို ကူဝိတ်၊ အီရတ်။ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့က ဦးစီးကာ နိုင်ငံအတွင်း ပျက်ဆီးသွားသော ကျောင်းများ၊ ဆေးရုံများ၊ နေအိမ်များ၊ အခြေခံအဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ဆောင်ရွက်ရေး ရန်ပုံငွေရရှိရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

    အီရတ်နိုင်ငံတွင် ခြစားမှုမှာ အဓိကစိုးရိမ်စရာတစ်ခု ဖြစ်နေပြီး ၀န်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက အစိုးရအနေဖြင့် ခြစားမှုကို တိုက်ဖျက်သွားမည်ဟု ကတိပြုခဲ့သည်။

    Ref : Aljazeera

  • ရခိုင်တွင် ကျူးလွန်မှုများကို မြန်မာစစ်တပ်က တာဝန်ခံရေး ဆောင်ရွက်ရန် ကုလကို အမေရိကန် တိုက်တွန်း

    ရခိုင်တွင် ကျူးလွန်မှုများကို မြန်မာစစ်တပ်က တာဝန်ခံရေး ဆောင်ရွက်ရန် ကုလကို အမေရိကန် တိုက်တွန်း

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – ရိုဟင်ဂျာတွေ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရတာကို မြန်မာနိုင်ငံက ငြင်းဆိုနေတာဟာ ‘အလွန်အမင်း မိုက်မဲတဲ့’ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်က ပြောကြားလိုက်ပြီး ကျူးလွန်ခဲ့တာတွေအတွက် မြန်မာစစ်တပ်က တာဝန်ခံရေး၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကြောက်မယ်ဖွယ်ရာ အခြေအနေတွေကို ၀န်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးရေး လုံခြုံရေးကောင်စီကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာအစိုးရထဲက အာဏာပါဝါရှိတဲ့ အင်အားစုတွေဟာ ရခိုင်ပြည်နယ်က လူမျိုးစုလိုက် ရှင်းလင်းသုတ်သတ်မှုကို ငြင်းဆိုထားပါတယ်။ သူတို့ရဲ့ ဒီမိုက်မဲတဲ့ ငြင်းဆိုမှုတွေနဲ့ ကွဲလွဲတဲ့စကားတွေ ထွက်မလာစေဖို့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်တွေ့သွားနိုင်တဲ့ ကုလလုံခြုံရေးကောင်စီအပါအ၀င် ဘယ်သူ့ကို၊ ဘယ်အဖွဲ့အစည်းကိုမှ ရခိုင်ပြည်နယ်ကို ၀င်ရောက်ခွင့်မပေးတာ ဖြစ်ပါတယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာမွတ်စလင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို သတင်းလိုက်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း ဟာလေးက တိုက်တွန်းခဲ့ပါတယ်။

    ကုလဆိုင်ရာ ပြင်သစ်သံအမတ် Francois Delattre က ရိုက်တာသတင်းဌာနကနေ ဖော်ထုတ်တဲ့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုဟာ ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ်’ သတ်မှတ်လို့ရနေပြီလို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုထားပါတယ်။

    လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ ရခိုင်ပြည်နယ်က အခြေအနေဟာ တည်ငြိမ်နေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ ကိစ္စတွေအတွက် စိုးရိမ်ကြောင်း ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ကာဇက်စတန်နဲ့ ဆွီဒင်တို့ကလည်း လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters