News @ M-Media

Blog

  • ကမ္ဘာ့အမြန်ဆုံး အရေးပေါ်ဆိုင်ကယ်ကို ဒူဘိုင်းထုတ်ပြ

    ကမ္ဘာ့အမြန်ဆုံး အရေးပေါ်ဆိုင်ကယ်ကို ဒူဘိုင်းထုတ်ပြ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – ပြိုင်ကားတစ်စီးလောက်အရှိန်နဲ့ မောင်းနိုင်တဲ့ ဆိုင်ကယ်လူနာတင်ယာဉ်တစ်စီးကို ဒူဘိုင်း အရေးပေါ်ဌာန DCAS က ထုတ်ပြန်လိုက်ပါတယ်။

    မနေ့ကပြီးဆုံးခဲ့တဲ့ အာရပ်ဒေသ ကျန်းမာရေးဆိုင်ရာပြပွဲမှာ ထုတ်ပြလိုက်တာဖြစ်ပြီး ဒီ Polaris ဆိုင်ကယ်ဟာ အမြင့်ဆုံး တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော်လောက် မောင်းနိုင်မှာဖြစ်ပါတယ်။

    ဒီဆိုင်ကယ်အပါအ၀င် ဒူဘိုင်း အရေးပေါ်ဌာနမှာ တန်ဖိုးကြီး မြန်နှုန်းဖြင့် လူနာတင်ယာဉ်ဟာ ၁၀ စီးအထိ ရှိလာပြီး ကား ၆ စီးနဲ့ ဆိုင်ကယ် ၄ စီး ဖြစ်ပါတယ်။

    DCAS ရဲ့ အမှုဆောင်ဒါရိုက်တာ ခါလီဖာ ဘင် ဒရေးက အရေးပေါ်လူနာတွေဆီကို အလျင်အမြန်ရောက်နိုင်ဖို့အတွက် ဒီလို မြန်နှုန်းမြင့် အားကစားဆိုင်ကယ်တွေကို ပြင်ဆင်ပြီး လူနာတင်ယာဉ်အဖြစ် အသုံးပြုတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြပွဲမှာ ပြသခဲ့တဲ့ ဒီဆိုင်ကယ်ဟာ နောက်ဆုံးပေါ်ကိရိယာတွေ၊ ဉာဏ်ရည်တုစနစ်တွေလည်း ပါဝင်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆိုင်ကယ်မှာ အရေးပေါ်လူနာတွေအတွက် သက်ကယ်ပစ္စည်း အပြည့်အစုံပါဝင်ပြီး ဒူဘိုင်းရဲ့ အထင်ကရနေရာတွေမှာ ဒီဆိုင်ကယ်တွေကို ထားရှိသွားမှာဖြစ်ပါတယ်။

    ဘင် ဒရေးကတော့ ဆိုင်ကယ်ဟာ လူနာတွေဆီကို ၄ မိနစ်ကနေ ၈ မိနစ်အတွင်း ရောက်ရှိမှာဖြစ်ပြီး ကမ္ဘာ့ လူနာတင်ယာဉ် အမြန်ဆုံးမြို့တွေကို ကျော်ဖြတ်သွားမှားဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref : Alarabiya

  • လန်ဒန်ဗလီအား တိုက်ခိုက်ခဲ့သူကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း ဗြိတိန်တရားရုံး ဆုံးဖြတ်

    လန်ဒန်ဗလီအား တိုက်ခိုက်ခဲ့သူကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း ဗြိတိန်တရားရုံး ဆုံးဖြတ်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – လန်ဒန်က ဗလီဝတ်ကျောင်းတော်တစ်လုံးရဲ့ရှေ့မှာ မွတ်စလင်တွေကို ကားနဲ့ဝင်တိုက်ခဲ့သူကို ဗြိတိန်တရားရုံးက ယမန်နေ့မှာ လူသတ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဒီကနေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။

    အသက် ၄၈ နှစ်အရွယ် ဒါရင် အော့စ်ဘုန်းဟာ ၂၀၁၇ ခုနှစ် ဇွန်လက ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး လူတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    အော့စ်ဘုန်းက သူ့အနေနဲ့ ဒီတိုက်ခိုက်မှုအတွက် တာဝန်မရှိဘူးလို့ လျှောက်လဲခဲ့ပေမယ့် အတိုက်အခံလေဘာပါတီခေါင်းဆာင် ဂျယ်ရီမီ ကော်ရ်ဘန်နဲ့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းတို့ကို သတ်ဖြတ်ချင်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

    ၈ ရက်ကြာ ကြားနာမှုအပြီးမှာ ၀ူးလ်ဝစ်ခ်ျခရောင်းတရားရုံးက အော့စ်ဘုန်းကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အမိန့်ချမှတ်မှုကိုတော့ ဒီကနေ့မှာ ပြုလုပ်မှာပါ။

    သက်သေအထောက်အထားတွေအရ အော့စ်ဘုန်းဟာ အစွန်းရောက်နေခဲ့တယ်ဆိုတာကို ပြသနေတယ်လို့လည်း တရားရုံးက ပြောကြားခဲ့ပါတယ်။

    အော့စ်ဘုန်းဟာ ဗြိတိန်က လက်ယာစွန်းရောက်အဖွဲ့ Britain First ဒုတိယခေါင်းဆောင် ဂျေဒါ ဖရန်ဆန်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်တွေ Twitter ကနေတစ်ဆင့် ရရှိခဲ့တယ်လို့လည်း စုံစမ်းစစ်ဆေးမှုတွေမှာ တွေ့ခဲ့ရပါတယ်။

    Ref: NY Times

  • ရခိုင်ပြည်နယ် ဂူဒါပြင်အပြုံလိုက်သတ်ဖြတ်မှု သတင်းအတွက် စောင့်ကြည့်နေသည်ဟု အမေရိကန်ပြော

    ရခိုင်ပြည်နယ် ဂူဒါပြင်အပြုံလိုက်သတ်ဖြတ်မှု သတင်းအတွက် စောင့်ကြည့်နေသည်ဟု အမေရိကန်ပြော

    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media

    ဂူဒါပြင်ကျေးရွာအား ဂြိုဟ်တုမှ မြင်ရပုံ

    – ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ ထပ်တွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် မိမိတို့အနေနဲ့ ‘အလွန့်အလွန် စိုးရိမ်ရတယ်’ လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။

    ပြည်နယ်မြောက်ပိုင်း ဂူဒါပြင်ကျေးရွာမှာ အရင်က သတင်းမထွက်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားရာနေရာ အနည်းဆုံး ၅ ခုလောက် တွေ့တယ်လို့ အေပီသတင်းဌာနက အခုတစ်ပတ်မှာ ဖော်ပြခဲ့တာပါ။

    “သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်မတို့အနေနဲ့ အလွန့်အလွန်ကို စိုးရိမ်သောက ဖြစ်ရပါတယ်။ ဒီကိစ္စကို ကျွန်မတို့ အထူးဂရုစိုက် စောင့်ကြည့်နေပါတယ်။ လူ့အခွင့်အရေး ချိုဖောက်မှုတွေ၊ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အာရုံစိုက် ကူညီပေးသွားမှာပါ” လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီသာ နူအာ့တ်က မနေ့က ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ရှိတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး မြန်မာအာဏာပိုင်တွေက ပူးပေါင်း ဆောင်ရွက်ဖို့လည်း နူအာ့တ်က တိုက်တွန်းခဲ့ပါတယ်။

    ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ဒီသတင်းတွေဟာ ‘အလွန်အမင်း စိုးရိမ်စရာကောင်းတယ်” လို့ ပြောကြားခဲ့ပြီး သတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ နေရာတွေကို ၀င်ရောက်ခွင့်ပေးဖို့ မြန်မာအစိုရကို တိုက်တွန်းခဲ့ပါတယ်။

    နောက်ပြီး ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ဒါဟာ ကုလက ရခိုင်ပြည်နယ်ကို ၀င်ရောက်ဖို့ လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရိုဟင်ဂျာလက်နက်ကိုင်တွေ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းမှာ အပြစ်မဲ့ ရိုဟင်ဂျာတွေ အသတ်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မကျင့်ခံရတာတွေ ရှိတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာပါ။

    မြန်မာအစိုးရကတော့ ဂူဒါပြင်လို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ မရှိဘူးလို့ အရင်က ငြင်းထားပါတယ်။

    ဒါပေမယ့် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာတစ်ခုတွေ့ရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် စစ်တပ်က ဒီသတ်ဖြတ်မှုမှာ စစ်သားတွေ ပါဝင်တယ်လို့ ၀န်ခံခဲ့ပါတယ်။ သေဆုံးသွားသူတွေဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဂူဒါပြင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ အနည်းဆုံး နေရာ ၅ ခုမှာ လူ ၄၀၀ လောက်ရှိမယ်လို့ AP သတင်းဌာနက အသက်ရှင်သူတွေရဲ့ ပြောစကားတွေ၊ ဗီဒီယိုမှတ်တမ်းတွေကို ကိုးကားပြီးဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    Ref: The Guardian

  • ပါလက်စတိုင်းနိုင်ငံထူထောင်ရေး အသုံးပြုရန် အီးယူက ဒေါ်လာ သန်း ၅၀ ကျော် ထောက်ပံ့မည်

    ပါလက်စတိုင်းနိုင်ငံထူထောင်ရေး အသုံးပြုရန် အီးယူက ဒေါ်လာ သန်း ၅၀ ကျော် ထောက်ပံ့မည်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်းပိုင်နက်အား နိုင်ငံခြားဂျူးများက ကျူါ်ကျော်သိမ်းပိုက်မှုအဆင့်ဆင့်

    – လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးမှာ အသုံးပြုဖို့အတွက် ကန်ဒေါ်လာ ၅၃ သန်းနီးပါး ထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂက မနေ့မှာ ကြငြာလိုက်ပါတယ်။

    ဘရပ်ဆဲလ်မှာလုပ်တဲ့ ပါလက်စတိုင်း ဖွံ့ဖြိုးတိုးတက်ရေးမှုဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေးကော်မတီရဲ့ အရေးပေါ်အစည်းအဝေးမှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက ဒီလိုပြောကြားလိုက်တာပါ။

    အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးရဖို့ ကြိုးစားရာမှာ အမေရိကန်အနေနဲ့ တစ်ဖက်သတ်မလုပ်ဖို့ တိုက်တွန်းခဲ့ပြီး အဲဒီလိုလုပ်မယ်ဆိုရင် ဆုံးရှုံးမှုနဲ့သာ ရင်ဆိုင်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။

    “ဘယ်လို ဆွေးနွေးညှိနှိုင်းမှု မူဘောင်မျိုးမဆို အများပါဝင်ဖို့၊ သက်ဆိုင်သူတွေအားလုံးနဲ့ ဒီကိစ္စမှာ အရေးပါသူတွေအားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက် မပါဝင်ဘူးဆိုရင် ဒီလုပ်ငန်းစဉ်က အလုပ်ဖြစ်မှာ မဟုတ်သလို လက်တွေ့ကျမှာလည်း မဟုတ်ပါဘူး။ အမေရိကန်မပါရင်မဖြစ်သလို၊ အမေရိကန်တစ်နိုင်ငံတည်းနဲ့လည်း မဖြစ်ပါဘူး” လို့ ဖက်ဒရီကာက ပြောကြားခဲ့ပါတယ်။

    အရေးပေါ်အစည်းအဝေးကို အစ္စရေးနဲ့ အီဂျစ်တို့က အစိုးရ၀န်ကြီးတွေ၊ ပါလက်စတိုင်းဝန်ကြီးချုပ်၊ အမေရိကန်အစိုးရက အကြီးတန်းတာဝန်ရှိသူတစ်ဦးတို့ တက်ရောက်ခဲ့ပါတယ်။

    နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ ဆန့်ကျင်ပြီး ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပြီးနောက်ပိုင်း ဒီလိုအစည်းဝေးမျိုး ပထမဆုံး ပြုလုပ်တာ ဖြစ်ပါတယ်။

    ဖက်ဒရီကာက လက်ရှိအနေအထားဟာ အရှေ့အလယ်ပိုင်းဒေသအတွက် ခက်ခဲတဲ့အခြေအနေမျိုးဖြစ်ကြောင်း၊ ဒီအစည်းအဝေးဟာ နှစ်နိုင်ငံတည်ရှိရေး အခြေခံတဲ့ အဖြေစ်တစ်ခုပေါ်ထွက်လာရေး တွန်းအားပေးဖို့ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အစည်းအဝေးအစမှာပဲ အီးယူက ပါလက်စတိုင်းတွေ မြို့တော်အဖြစ် သတ်မှတ်ချင်တဲ့ အရှေ့ဂျေရုစလင်ကို ရေရှည်ထောက်ပံ့ရေးအပါအ၀င် ပါလက်စတိုင်းအတွက် အကူညီပေးဖို့အစီအစဉ်ကို ကြေငြာခဲ့တာဖြစ်ပါတယ်။

    ပါလက်စတိုင်းဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးနေတဲ့ ကုလရဲ့ UNRWA အဖွဲ့ကို ပံ့ပိုးနိုင်မယ့် နည်းလမ်းတွေကိုလည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

    UNRWA ကို အဓိကကူညီနေတဲ့ အမေရိကန်ဟာ သူတို့ရဲ့ထည့်ဝင်ငွေကို လျှော့ချသွားမယ်လို့ ဒီဇင်ဘာမှာ ကြေငြာခဲ့ပြီးနာက်ပိုင်း ဒီအဖွဲ့ဟာ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera