News @ M-Media
Blog
  • ဒစ်ဂျစ်တယ်ငွေကြေးကြော်ငြာများကို Facebook ပိတ်ပင်
    ဒစ်ဂျစ်တယ်ငွေကြေးကြော်ငြာများကို Facebook ပိတ်ပင်
    ဇန်န၀ါရီ ၃၁၊ ၂၀၁၈
    M-Media
    – Bitcoin အပါအ၀င် ဒစ်ဂျစ်ငွေကြေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ကြော်ငြာတွေကို Facebook က ပိတ်ပစ်လိုက်ပြီး အွန်လိုင်းပေါ်က လိမ်လည်မှုတိုက်ဖျက်ရေး ဆောင်ရွက်မှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
    ဒီလိုပိတ်ပင်တာဟာ “ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းတွေအနေနဲ့ ဈေးကွက်မြှင့်တင်ရေးမှာ မရိုးသားတဲ့၊ လမ်းလွဲစေတဲ့ နည်းလမ်းတွေကို အသုံးပြုနေတာကြောင့်ဖြစ်တယ်” လို့ Facebook က ထုတ်ပြန်ပါတယ်။
    ကုမ္ပဏီတွေဟာ သူတို့လုပ်ငန်း လည်ပတ်ဖို့အတွက် ဒစ်ဂျစ်တယ်ငွေကြေးတွေကို ထုတ်ရောင်းတဲ့ ICO နည်းလမ်းဟာ အခုအချိန်မှာ တော်တော်လေး ခေတ်စားနေပြီး၊ Bitcoin လို ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းတွေမှာ လိမ်လည်မှုတွေ ပုံမှန်လိုလိုဖြစ်နေတာ ဖြစ်ပါတယ်။
    အခုသီတင်းပတ်အတွင်း အမေရိကန် အိတ်ချိန်းကော်မရှင်ဟာ တက္ကဆက်ကုမ္ပဏီ AriseBank က ICO လုပ်ငန်းဆောင်ရွက်မှုကို ပိတ်ပစ်ခဲ့ပါတယ်။
    Facebook က စီမံခန့်ခွဲရေးဒါရိုက်တာ ရော့ဘ် လီသန်က သူတို့အနေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်တဲ့ ကြေငြာတွေကို နောက်ပိုင်းမှာ စီစစ်ပြီး ပြန်လည်ထည့်သွင်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အစ္စရေးလက်ချက်ကြောင့် ဒဏ်ရာရခဲ့သည့် ပါလက်စတိုင်းကလေးငယ် ၃ နှစ်ကြာပြီးနောက် သေဆုံး
    အစ္စရေးလက်ချက်ကြောင့် ဒဏ်ရာရခဲ့သည့် ပါလက်စတိုင်းကလေးငယ် ၃ နှစ်ကြာပြီးနောက် သေဆုံး
    ဇန်န၀ါရီ ၃၀၊ ၂၀၁၈
    M-Media
    – ၂၀၁၅ ခုနှစ်က အစ္စရေး၏ ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်မှုအတွင်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့သည့် ပါလက်စတိုင်းကလေးငယ်တစ်ဦးမှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။
    အစ္စရေး၏ ထိုတိုက်ခိုက်မှုအတွင်း ဒုံးကျည်ထိမှန်မှုကြောင့် ထိုစဉ်က အသက် ၆ နှစ်အရွယ် မိုဟာမက် ဟာဒတ်မှာ မျက်လုံးကွယ်သွားကာ၊ အောက်ပိုင်းသေသွားပြီး စကားလည်း မပြောနိုင်တော့ပေ။
    ဝေဒနာကို ၃ နှစ်ကြာ ခံစားခဲ့ရပြီးနောက် အသက် ၉ နှစ်အရွယ် ဟာဒက်မှာ ရရှိထားသော ဒဏ်ရာများကြောင့် ဒီဇင်ဘာ ၆ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
    “ကျွန်တော်ကြုံရတဲ့ အခြေအနေမျိုး ဘယ်သူမှ မကြုံရပါစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်။ သားလေးကို ပိုက်ကနေတစ်ဆင့် ကျွန်တော် အစာကျွေးရတယ်။ ကိုယ့်ရဲ့သားသမီး ဒီလို ခံစားနေရတာမျိုး မြင်ရရင် ဘယ်မိဘက ခံနိုင်ရည်ရှိမလဲဗျာ” ဟု ဖခင်ဖြစ်သူ ဆာလေဟ်က ပြောကြားခဲ့သည်။
    ၅၁ ရက်တာ ကြာမြင့်ခဲ့သည့် အစ္စရေး၏ အဆိုပါ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး ကလေးငယ် ၅၀၀ ကျော် ပါဝင်ခဲ့သည်။
    အစ္စရေးတိုက်လေယာဉ်မှာ ဆာလေဟ်၏ အိမ်ရှေ့သို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က လမ်းပေါ်တွင် ရှိနေသည့် ၎င်း၏ အိမ်နီးချင်း အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် ယောက်ျား လေးနှစ်ဦးမှာ နေရာတွင် သေဆုံးခဲ့သည်။
    ဆာလေဟ်၊ ဇနီးဖြစ်သူ နီဆရင်နှင့် သားသမီး ၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
    ဆာလေဟ်၏ အသက် ၃ နှစ်အရွယ်သားဖြစ်သူ အေယက်ရှ်မှာ ကိုယ်တစ်ခြမ်းသေသွားခဲ့ပြီး၊ ၅ နှစ်အရွယ် ရီမက်စ်မှာ ဦးခေါင်းခွံတွင် ဒဏ်ရာရရှိခဲ့သည်။
    အစ္စရေးမှာ ဂါဇာအား တိုက်ခိုက်မှုအတွင်း ကလေးငယ်များ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လူအိုရုံများကို ပစ်မှတ်ထားခဲ့သောကြောင့် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုတ်ချခဲ့သည်။
    Ref: Aljazeera
  • ကလေးဖျက်ချမှုနှင့် အခြားကြောင်းများကြောင့် အိန္ဒိယတွင် အမျိုးသမီး ၆၃ သန်းကျော် ဆုံးရှုံး
    ကလေးဖျက်ချမှုနှင့် အခြားကြောင်းများကြောင့် အိန္ဒိယတွင် အမျိုးသမီး ၆၃ သန်းကျော် ဆုံးရှုံး
    ဇန်န၀ါရီ ၃၀၊ ၂၀၁၈
    M-Media
    – ကလေးဖျက်ချမှု၊ ရောဂါဘယ၊ လစ်လျူမှု၊ အဟာရချို့တဲ့မှုတွေကြောင့် အိန္ဒိယနိုင်ငံမှာ အမျိုးသမီး ၆၃ သန်းကျာ် ဆုံးရှုံးနေတယ်လို့ အိန္ဒိယအစိုးရရဲ့ စစ်တမ်းတစ်ခုက ဆိုပါတယ်။
    အဲဒီစစ်တမ်းကို မနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံသားတွေထဲမှာ ယောက်ျားလေးကို ဦးစားပေးတဲ့ဓလေ့ကြောင့် အမျိုးသမီးသန္ဓေသားတွေ ၂၁ သန်းလောက် ဖျက်ချခံရကြောင်း၊ နှစ်စဉ် အမျိုးသမီး ၂ သန်းလောက် ဆုံးရှုံးနေကြောင်း ဖော်ပြထားပါတယ်။
    “အိန္ဒိယမိဘတွေဟာ သားယောက်ျားလေးတွေ လိုချင်သလောက်ရတဲ့အထိ ကလေးယူတာတွေ ရှိပါတယ်။ မိန်းကလေးမွေးတဲ့ မိသားစုထက် သားယောက်ျားလေးမွေးတဲ့ မိသားစုတွေက ကလေးယူရပ်တာမျိုး ပိုပြီးအဖြစ်များပါတယ်။ ဒါက သူတို့ လိုချင်တဲ့ သားယောက်ျားလေးအရေအတွက် ရတဲ့အထိ မိဘတွေက ကလေးယူလေ့ရှိတယ်ဆိုတာကို ညွှန်းနေတာပါ” လို့ စစ်တမ်းက ဆိုပါတယ်။
    UN Women အဖွဲ့က အိန္ဒိယဆိုင်ရာ ဌာနေကိုယ်စားလှယ် ရေဘက်ကာ ရစ်ခ်ျမန်း တာဗာရက်စ်က ယောက်ျားလေးမှယူမယ်ဆိုပြီး သတ်မှတ်တာဟာ ဖွဲ့စည်းပုံနဲ့မညီကြောင်း၊ ဒါပေမယ့် ပညာတတ်တွေ၊ ၀င်ငွေကောင်းသူတွေအပါအ၀င် အိန္ဒိယနိုင်ငံမှာ ဒီဓလေ့ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြောင်း ထောက်ပြခဲ့ပါတယ်။
    အိန္ဒိယအစိုးရဟာ လိင်ညီမျှမှုအတွက် စိမံကိန်းတွေလုပ်နေပေမယ့် နိုင်ငံအတွင်း ကျား၊ မအချိုး ကွဟာမှု ဆိုးရွားလာနေတဲ့အချိန် အခုလိုစစ်တမ်း ထွက်ပေါ်လာတာပါ။
    Ref: Aljazeera
  • ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းကပွဲပြုလုပ်မည့်အစီအစဉ်ကို မြောက်ကိုရီးယား ဖျက်သိမ်း
    ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းကပွဲပြုလုပ်မည့်အစီအစဉ်ကို မြောက်ကိုရီးယား ဖျက်သိမ်း
    ဇန်န၀ါရီ ၃၀၊ ၂၀၁၈
    M-Media
    တောင်ကိုရီးယားသို့ ရောက်ရှိလာသည့် မြောက်ကိုရီးယား ဟော်ကီ အားကစားသမားများ
    – တောင်ကိုရီးယားမှ အနုပညာရှင်များနှင့် ပူးပေါင်းပြုလုပ်ရန် စီစဉ်ထားသည့် ယဉ်ကျေးမှုကပွဲကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်းလိုက်သည်ဟု သိရသည်။
    ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ကပွဲမှာ ပြုံချမ်း ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲအထိမ်းအမှတ်အဖြစ် ပြုလုပ်မည့် အခမ်းအနားများမှ တစ်ခုဖြစ်ပြီး မြောက်ကိုရီးယားက ဖျက်သိမ်းကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ယမန်နေ့တွင် အတည်ပြုခဲ့သည်။
    အဆိုပါ တစ်ဖက်သတ်ရုပ်သိမ်းမှုက အလွန်ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟုလည်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။
    မြောက်ကိုရီးယားကမူ မီဒီယားများက ၎င်းတို့နှင့်ပတ်သက်၍ တစ်ဖက်သက် သတင်းများကို ဖော်ပြသည့်အတွက်ကြောင့် ကပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    တောင်-မြောက် နှစ်နိုင်ငံမှ အနုပညာရှင်များပါဝင်မည့် ကပွဲမှာ မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားသည့် ကုလလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းဖြစ်မည်ဆိုသည့် စိုးရိမ်မှုများရှိကြောင်း တောင်ကိုရီးယား မီဒီယာများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖော်ပြခဲ့သည်။
    ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျရောက်မည့် မြောက်ကိုရီးယား တပ်မတော်နေ့အတွက် စစ်ရေးပြမှုနှင့် ပတ်သက်၍ တောင်ကိုရီးယားမီဒီယာများက ရည်ညွှန်းဖော်ပြမှုကိုလည်း မြောက်ကိုရီးယားက ကျေနပ်ခြင်းမရှိပေ။
    တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိမြောင်ဂျွန်းက မြောက်ကိုရီးယားအနေဖြင့် အိုလံပစ်ပြိုင်ပွဲမတိုင်ခင် တစ်ရက်အလို၌ ထိုကဲ့သို့ စစ်ရေးပြရန် စီစဉ်မှုမှာ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ကိုရီးယားနှစ်နိုင်ငံမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြန်လည်ရင်ကြားစေ့ရေလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး ဇန်န၀ါရီလ ၉ ရက်နေ့တွင် ၂ နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်ဖက် အဆင့်မြင့်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။
    Ref: Aljazeera
  • တိုင်းပြည်တွင် အစ္စလာမ်ကြောက်ရောဂါအတွက် နေရာမရှိဟု ကနေဒါဝန်ကြီးချုပ်ပြော
    တိုင်းပြည်တွင် အစ္စလာမ်ကြောက်ရောဂါအတွက် နေရာမရှိဟု ကနေဒါဝန်ကြီးချုပ်ပြော
    ဇန်န၀ါရီ ၃၀၊ ၂၀၁၈
    M-Media
    ပြီးခဲ့သည့်နှစ် ဗလီဝတ်ကျောင်းတော် အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများ၏ ဈာပနတွင် တွေ့ရသည့် ကနေဒါဝန်ကြီးချုပ် (ယာအစွန်)
    – အစ္စလာမ်ကြောက်ရောဂါနဲ့ လူမျိုးရေးခွဲခြားမှုအတွက် ကနေဒါမှာ နေရာမရှိဘူးလို့ ကနဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူက မနေ့မှာ ပြောကြားလိုက်ပါတယ်။
    ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့က ကူဘတ်ပြည်နယ် စိန့်ဂျွန်းမြို့က မတ်စ်ဂျစ်ဒ် အလ် နူရ် ဗလီဝတ်ကျောင်းတော် အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ်မြောက် ဆုတောင်းပွဲအခမ်းအနား မတက်ရောက်ခင်မှာ ၀န်ကြီးချုပ်က ဒီလိုပြောကြားလိုက်တာပါ။
    ညနေပိုင်း ၀တ်ပြုဆုတောင်းနေစဉ်အတွင်းမှာ သေနတ်သမားတစ်ယောက်က ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
    မနေ့က ဒီဗလီဝတ်ကျောင်းတော်မှာပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ၀န်ကြီးချုပ် ထရူဒူအပါအ၀င် အစိုးရတာဝန်ရှိသူတွေ၊ အတိုက်အခံပါတီက တာဝန်ရှိသူတွေအပါအ၀င် လူပေါင်း ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
    တနင်္လာနေ့မနက်ပိုင်း လွှတ်တော်မိန့်ခွန်းမှာ ထရူဒူက အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး ရပ်တည်ဆောင်ရွက်သွားကြဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
    “သေဆုံးသွားသူတွေအပေါ် ကျွန်တော်တို့ အကြွေးတင်နေတာက အစ္စလာမ်ကြောက်ရောဂါနဲ့ ဒီလို ခွဲခြားဆက်ဆံမှု ပုံစံအားလုံးကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ ဆန့်ကျင်သွားဖို့ ဖြစ်ပါတယ်”
    အောက်မေ့ဖွယ်အခမ်းအနားမှာ နယူးဖောင်လန်းနဲ့ လာဘရာဒို မွတ်စလင်အသင်းဥက္ကဌ မန်ဆူရ် ပီရ်ဇာဒါက ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ဆိုပါတယ်။
    “ခင်ဗျားတို့ ဒီနေရာကို ရောက်ရှိနေတာဟာ အမုန်းတရား၊ စနစ်တကျ လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်ကြောက်ရောဂါ၊ ဘာသာရေးခွဲခြားမှုနဲ့ အမုန်းရာဇ၀တ်မှုတွေအားလုံးကို လက်မခံဘူးဆိုတဲ့ ပြယုဂ်ပါ။ ဖယ်ကျဉ်းရေးဝါဒထက် စုစည်းရေးဝါဒကို မြှင့်တင်ပေးတာ၊ မတရားမှုထက် တရားမျှတမှု၊ သည်းမခံမှုထက် သည်းခံမှု၊ ကြောက်ရွံ့မှုထက် သတ္တိရှိမှု၊ မျှော်လင့်ချက်မဲ့ခြင်းထက် မျှော်လင့်ချက်ရှိခြင်း၊ လက်ခြစားခြေချင်းထက် သည်းခံခွင့်လွှတ်ပေးခြင်းတွေဟာ ပိုမိုကောင်းမွန်ပါတယ်”
    အခမ်းအနားမှာ ဗလီဝတ်ကျောင်းတော်တည်ရှိရာ စိန့်ဂျွန်းမြို့ရဲ့ မြို့တော်ဝန်၊ လက်ထောက်မြို့တော်ဝန်၊ အဆင့်မြင့်ပညာရေးဝန်ကြီး၊ ဘာသာရေးလေ့လာမှုဆိုင်ရာ ပါမောက္ခနဲ့ အခြား ဘာသာရေးခေါင်း ဆောင်တွေကလည်း မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။
    သေဆုံးသွားသူတွေရဲ့ အမည်စာရင်းတွေကို ဖတ်ကြားအပြီးမှာတော့ ငြိမ်သက်ဆုတောင်းမှုတစ်ခုကို တက်ရောက်လာသူအားလုံးက ပြုလုပ်ခဲ့ကြပြီး သေဆုံးသွားသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကိုလည်း ပြသခဲ့ပါတယ်။
    Ref: The Telegram, ottawacitizen