News @ M-Media

Blog

  • အစွန်းရောက်အန္တရာယ် မြင့်တက်လာမှုကို စင်ကာပူသမ္မတ သတိပေး

    အစွန်းရောက်အန္တရာယ် မြင့်တက်လာမှုကို စင်ကာပူသမ္မတ သတိပေး

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media
    – အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို စင်ကာပူက တိုးမြှင့် ခံစားလာရပြီး နိုင်ငံခြား တရားဟောဆရာများ၏ အမုန်းတရား ဟောကြားမှုများကို ပိုမို မြင်တွေ့လာရနိုင်သည်ဟု စင်ကာပူသမ္မတ ဟာလီမာယာကွဘ်က ပောကြားလိုက်သည်။
    စင်ကာပူနိုင်ငံတွင် ယနေ့ပြုလုပ်သည့် လူမျိုးစုံ ဘာသာစုံ ယုံကြည်မှုတည်ဆောက်ရေးအ၀န်းအ၀ိုင်း (IRCC) ညီလာခံ အဖွင့်မိန့်ခွန်းတွင် သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် IS အကြမ်းဖက်အဖွဲ့က စင်ကာပူနိုင်ငံအား တိုက်ခိုက်ရန် ကြံစည်မှုမျိုး ထပ်ဖြစ်လာနိုင်သည်ဟုလည်း သတိပေးခဲ့သည်။
    “၂၀၁၆ ခုနှစ်မှာ IS က ကြံစည်းထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခုကို ကျွန်မတို့ရဲ့ လုံခြုံရေးအဖွဲ့တွေကြောင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီခြိမ်းခြောက်မှုဟာ နောက်ဆုံး ခြိမ်းခြောက်မှုမျိုး မဟုတ်ပါဘူး”
    အင်ဒိုနီးရှားနိုင်ငံ ဘန်တန်အခြေစိုက် အကြမ်းဖက်သမားများက စင်ကာပူ မရီနာဘေးအား ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြံစည်မှုကို အင်ဒိုအာဏာပိုင်များ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဖော်ထုတ်နိုင်ခဲ့သည်။ ထိုအဖြစ်အပျက်မတိုင်ခင် လအနည်းငယ် အရင်ကလည်း နိုင်ငံခြား IS စစ်သွေးကြွများက စင်ကာပူ၌ တိုက်ခိုက်ရန် ကြံစည်မှုကို စင်ကာပူ တာဝန်ရှိသူများက ဖော်ထုတ်ခဲ့သည်။
    ဟာလီမာ ယာကွဘ်က အွန်လိုင်းတွင် အကြမ်းဖက်အုပ်စုများ၊ အစွန်းရောက်အဖွဲ့များ၏ သွေးဆောင်မှုကြောင့် အစွန်းရောက် သဘောထားများ ၀င်ရောက်၍ ဖမ်းဆီးခဲ့ရသည့် စင်ကာပူနိုင်ငံသား ၄ ဦးအကြောင်းကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး လူမျိုးစုံ ဘာသာစုံ နားလည်မှုတည်ဆောက်ရန်လည်း တိုက်တွန်းခဲ့သည်။
    “အပြင်အလှန် ဆက်ဆံမှု၊ ရင်းနှီးကျွမ်းဝင်မှုတို့လိုပဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကလည်း လူ့အဖွဲ့အစည်းတွေအကြား လေးစားမှုတည်ဆောက်ဖို့အတွက် အရေးကြီးပါတယ်”
    Ref : CNA
  • အာဖဂန်မြို့တော်တွင် တာလီဘန်က လူနာတင်ယာဉ်ဖြင့် ဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    အာဖဂန်မြို့တော်တွင် တာလီဘန်က လူနာတင်ယာဉ်ဖြင့် ဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် တာလီဘန်အဖွဲ့က လူနာတင်ယာဉ်ဖြင့် အသေခံဗုံးခွဲမှု ပြုလုပ်ခဲ့သည့်အတွက်ကြောင့် အနည်းဆုံး လူ ၆၀ ကျော် သေဆုံးပြီး ၇၀ ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် ကျန်းမာရေးဝန်ကြီး ၀ါဟစ် မဂ်ျရူက ပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာန ၀င်ပေါက်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာလီဘန်က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။ အသေခံဗုံးခွဲသမားမှာ လူနာတစ်ဦးပါလာသည်ဟု ပြောဆိုကာ စစ်ဆေးရေးဂိတ်တစ်ခုကို ကျော်လွန်ခဲ့ပြီး ဒုတိယမြောက် စစ်ဆေးရေးဂိတ်တွင် ဖောက်ခွဲခဲ့ခြင်ဖြစ်သည်။

    ပေါက်ကွဲသည့်နေရာတစ်ဝိုက်တွင် အစိုးရရုံးများ၊ စီးပွားရေးလုပ်ငန်းများ၊ စာသက်ကျောင်းတစ်ခုနှင့် ဆေးရုံတစ်ခုတို့ ရှိနေသည်။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း တာလီဘန်အဖွဲ့မှာ ကဘူးလ်မြို့ရှိ နာမည်ကြီးဟိုတယ်ဖြစ်သော Intercontinental Hotel တွင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး လူ ၁၈ ဦး သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုမတိုင်ခင် ရက်အနည်းငယ်အရင်က ဂျလာလာဘတ်ရှိ Save the Children ရုံးကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်။

    Ref : Aljazeera

  • ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှု အလုပ်ဖြစ်မည်မဟုတ်ဟု ပါလက်စတိုင်းခေါင်းဆောင်ပိုင်း ပြော

    ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှု အလုပ်ဖြစ်မည်မဟုတ်ဟု ပါလက်စတိုင်းခေါင်းဆောင်ပိုင်း ပြော

    ဇန်န၀ါရီ၊ ၂၆၊ ၂၀၁၈
    M-Media

    – အစ္စရေးနှင့် ဆွေးနွေးရန် ငြင်းဆိုလျှင် အကူအညီရပ်တန့်မည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုကို ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက ရှုတ်ချလိုက်သည်။

    “ဒီလို ခြိမ်းခြောက်တဲ့ ပေါ်လစီမျိုးဟာ ပါလက်စတိုင်း ပြည်သူတွေထံမှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဂျေရုစလင်ပြဿနာဟာ မြင့်မြတ်တဲ့ ကိစ္စပါ။ ဒေသတွင်း စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကသော့ ချက်လည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ငွေကြေးတွေနဲ့ ရောင်းလို့၊ ၀ယ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဂျေရုစလင်ကိစ္စ စားပွဲဝိုင်းမှာ မပါတော့ဘူးဆိုရင်။ အမေရိကန်လည်း ပါတော့မှာ မဟုတ်ပါဘူး” ဟု ပါလက်စတိုင်းသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာဟ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်ရှိ ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းအနေဖြင့် အစ္စရေးနှင့် ငြိမ်ချမ်းရေးဆွေးနွေးမှု မပြုလုပ်လျှင် အမေရိကန်၏ ကူညီထောက်ပံ့မှု ရမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရမှာ ၂၀၀၈ ခုနှစ်မှစ၍ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ နှစ်စဉ် ကန်ဒေါ်လာ သန်း ၄၀၀ ကူညီထောက်ပံ့ပေးနေသည်။

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုများကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများကို ကူညီနေသည့် ကုလအေဂျင်စီ UNWA သို့ ပေးအပ်နေသည့် ငွေများမှ ထက်ဝက်ကျော်ကို လျှော့ချကြောင်း အမေရိကန်က ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေငြာခဲ့သည်။

    အခုသီတင်းပတ်အစောပိုင်းက အစ္စရေးသို့ သွားရောက်ခဲ့သည့် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်အား ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက မတွေ့ဆုံမှုမှာ အမေရိကန်ကို ‘မလေးမစားလုပ်ခြင်း’ ဖြစ်သည်ဟု ထရမ့်က ဒါဗို့စ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအစိုးရ တာဝန်ရှိသူ ဟာနန် အက်ရှ်ရာဝီက ‘ဖိနှိပ်သူအား တွေ့ဆုံရန် ငြင်းဆိုမှုမှာ မလေးစားမှု လက္ခဏာမဟုတ်ဘဲ မိမိကိုယ်ကို လေးစားမှု လက္ခဏာဖြစ်သည်’ ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    ဒီဇင်ဘာ ၆ ရက်နေ့တွင် ထရမ့်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ကြေငြာပြီးနောက်ပိုင်း ပါလက်စတိုင်းအာဏာပိုင်များနှင့် အမေရိကန်တို့၏ ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

    Ref: Aljazeera

  • မြန်မာအစိုးရက တာဝန်မှရပ်စဲကြောင်း မပြောခဲ့ဘဲ၊ မပြန်ရန် လာတားမှုသာရှိဟု ရစ်ချက်ဆန်ပြော

    မြန်မာအစိုးရက တာဝန်မှရပ်စဲကြောင်း မပြောခဲ့ဘဲ၊ မပြန်ရန် လာတားမှုသာရှိဟု ရစ်ချက်ဆန်ပြော

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    ကန်သံတမန်ဟောင်း ရစ်ချက်ဆန်

    – ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီကနေ မြန်မာအစိုးရက သူ့ကို ရပ်စဲလိုက်တယ်ဆိုတာ မဟုတ်ဘူးလို့ အမေရိကန်ဆိုင်ရာ ကုလသံအမတ်အဟောင်း ဘီလ် ရစ်ချက်ဆန်က ပြောကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ကြာသပတေးည နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ရစ်ချက်ဆန်ဟာ ‘ပုဂ္ဂလိကအကျိုးကို’ ရှေးရှုတဲ့အတွက်ကြောင့် အကြံပေးကော်မတီမှာ ပါဝင်မှုကို ရပ်စဲဖို့ အစိုးရက ဆုံးဖြတ်တယ်လို့ ဖော်ပြထားတာပါ။

    “ရာထူးကနေ ရပ်စဲတယ်ဆိုတာ အုပ်ချုပ်ရေးမှူးကို မြန်မာအစိုးရက တစ်ယောက်ယောက် ဒါမှမဟုတ် အကြံပေးကော်မတီဥက္ကဌက လူချင်းတွေ့ပြီးပြောတာ ဒါမှမဟုတ် စာနဲ့ပြောတာမျိုး လုံးဝမရှိပါဘူး။ ဒါနဲ့ ဆန့်ကျင်ဖက်အဖြစ် မပြန်ခင်တစ်နေ့က သူတို့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟာ မပြန်ဖို့ လာတားပြီး စီစဉ်ထားတဲ့အတိုင်း ဆက်နေဖို့ ဆွယ်တာမျိုးပဲ ရှိပါတယ်” လို့ ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကေး ဘာဂ်မန်းက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရဟာ ထိုင်းနိုင်ငံရေးသမား ဆူရာကီယတ် ဆက်သီရာထိုင်း ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ကာ အဲဒီအထဲမှာ ရစ်ချစ်ဆန်လည်း ပါဝင်ခဲ့တာပါ။

    ဒါပေမယ့် အမေရိကန် သံတမန်ဟောင်းဟာ ကော်မတီကနေ နှုတ်ထွက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပြီး Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ဒီကော်မတီဟာ အစိုးရကို ‘ကာကွယ်ပေးဖို့’ ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ‘စာရိတ္တပိုင်းဆိုင်ရာ ခေါင်းဆောင်မှု’ ကင်းမဲ့နေကြောင်း ပြောကြားခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ရစ်ချက်ဆန်ရဲ့ အခုလိုပြောကြားမှုဟာ ရိုဟင်ဂျာပြဿနာကို မြန်မာအစိုးရရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုတိုးလာစေကြောင်း၊ လက်ရှိမှာတော့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ် အကန့်အသတ်နဲ့သာ ဖိအားပေးသွားမှာဖြစ်ပြီး၊ အခြေအနေတွေ မတည်မငြိမ်ဖြစ်တာမျိုးကို ရှောင်ရှားဖို့အတွက် ကြီးမားတဲ့ဖိအားတွေ ပေးမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ‘ပုဂ္ဂလိကအကျိုးကို’ ရှေးရှုတယ်လို့ အစိုးရရဲ့ ကြေငြာချက်မှာ ဖော်ပြထားမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ရစ်ချက်ဆန်က ဖမ်းဆီးခံထားရတဲ့ ရိုက်တာ ဂျာနယ်လစ်နှစ်ယောက်အကြောင်း ပြောကြားမှုကို ရည်ညွှန်းတာဖြစ်မယ်လို့ ဘာဂ်မန်းက ဆိုပါတယ်။

    ရစ်ချက်ဆန်က တနင်္လာနေ့ညက သူ့အနေနဲ့ ဒီကိစ္စကို ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ဒေါသဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကော်မတီမှာ သူပါဝင်ဖို့ သဘောတူခဲ့တဲ့အချိန်ဟာ ရိုက်တာ ဂျာနယ်လစ်တွေ အဖမ်းမခံရခင် တစ်လအရင်ကဖြစ်တယ်ဆိုတဲ့အချက်ကို သိထားဖို့ အရေးကြီးပါတယ်” လို့ ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဘာဂ်မန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • တောင်ကိုရီးယားဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပြီး ၃၀ ကျော် သေဆုံး

    တောင်ကိုရီးယားဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပြီး ၃၀ ကျော် သေဆုံး

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    – တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း မီရ်ယန်းမြို့ရှိ ဆေးရုံတစ်ခု မီးလောင်မှုကြောင့် အနည်းဆုံး ၃၇ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    Sejong ဆေးရုံဖြစ်ပြီး အရေးပေါ်ခန်းတွင် ယနေ့မနက်ပိုင်း ၇ နာရီခွဲမှ စတင်၍ မီးလောင်ခဲ့ခြင်းဖြစ်ကာ မီးငြှိမ်းသတ်ရန် ၃ နာရီ ကြာမြင့်ခဲ့သည်။ အဆိုပါ မီးလောင်မှုမှာ ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယား၌ အဆိုးဝါးဆုံး မီးလောင်မှုလည်း ဖြစ်သည်။

    မီးသတ်သမားများကမူ သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်သည်ဟု ပြောကြားခဲ့သည်။

    သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်သည်ဟု ယုံကြည်ရပြီး ဆရာဝန်တစ်ဦးနှင့် သူနာပြု ၂ ဦးပါဝင်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    မီရ်ယန်းမြို့ မီးသတ်ဌာနမှ အကြီးအကဲက အဆိုပါ ဆေးရုံတွင် အလိုအလျောက် မီးငြှိမ်းသတ်သည့် စနစ် မပါဝင်ဟု ပြောကြားခဲ့သည်။

    မီးလောင်မှုဖြစ်ပွားပြီးနောက် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်မှာ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူကာ ထိုကိစ္စအတွက် ဆွေးနွေးခဲ့သည်။

    ယခုလအစောပိုင်းကလည်း နိုင်ငံတောင်ပိုင်းရှိ အားကစားစင်တာတစ်ခုတွင် မီးလောင်မှုကြောင့် အနည်းဆုံး ၂၉ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera