News @ M-Media

Blog

  • ဆီးရီးယားတွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့နိုင်သည်ဟု တူရကီ သတိပေး

    ဆီးရီးယားတွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့နိုင်သည်ဟု တူရကီ သတိပေး

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    – ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ YPG အား ထောက်ပံ့ပေးသည့် မည်သူမဆို မိမိတို့၏ ပစ်မှတ်ဖြစ်လာမည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် ဘီကီရ် ဘော့ဇ်ဒဂ်က ပြောကြားလိုက်ပြီး အမေရိကန်ကို သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

    ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားမြောက်ပိုင်းမှ အက်ဖ်ရင်မြို့ကို မြေပြင်တပ်များဖြင့် ၀င်ရောက်တိုက်ခိုက်နေသည့် တူရကီမှာ အနီးအနားရှိ မန်ဘစ်ဂ်ျမြို့ကိုပါ ထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယမန်နေ့တွင် ဒုတိယ၀န်ကြီးချုပ်၏ ယခုသတိပေးမှု ပေါ်ထွက်ာခြင်းဖြစ်သည်။

    အက်ဖ်ရင်မြို့ အရှေ့ဖက် ကီလိုမီတာ ၁၀၀ ခန့်တွင် တည်ရှိသည့် မန်ဘစ်ဂ်ျမြို့တွင် IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ခဲ့သည့် YPG ကို အကူအညီပေးနေသော အမေရိကန်စစ်သား ၂၀၀၀ ခန့် တပ်စွဲထားသည်။

    အမေရိကန်အနေဖြင့် တူရကီနှင့် ရင်ဆိုင်ရမှုကို ရှောင်ရှားလိုပါက အကြမ်းဖက်သမားများကို ကူညီပေးမှုအား ရပ်ဆိုင်းရမည်ဟု ဘော့ဇ်ဒဂ်က တူရကီ သတင်းဌာန A Haber သို့ ပြောကြားခဲ့သည်။

    “အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့ သူတွေဟာ ဒီတိုက်ပွဲမှာ ပစ်မှတ်ဖြစ်လာမှာပါ။ တူရကီနဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားချင်ရင် အမေရိကန်အနေနဲ့ သူတို့ရဲ့ စစ်သားတွေ၊ တပ်အစိတ်အပိုင်းတွေဟာ မြေပြင်မှာ အကြမ်းဖက်သမားတွေကို ပံ့ပိုးပေးနေလားဆိုတာ သုံးသပ်ဖို့လိုပါတယ်”

    ၎င်း၏ စကားများအတွက် အမေရိကန်ဖက်မှ မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

    မန်ဘစ်ဂ်ျမြို့ရှိ အမေရိကန်မဟာမိတ်တပ်က မိမိတို့စစ်သားများအနေဖြင့် တိုက်ခိုက်ခံရလျှင် ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တူရကီအနေဖြင့် အမေရိကန်တပ်များကို ရွှေ့ပေးရန် ပြောကြားမှုများ မီဒီယာ၌ တွေ့ရကြောင်း သို့သော်လည်း ထိုကိစ္စအား စဉ်းစားနေလားဆိုသည်ကို မသိရှိရသေးကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။

    တူရကီမှာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ YPG ကို ပြီးခဲ့သည့်တစ်ပတ်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး စစ်ဆင်ရေးစတင်ကတည်းက ကာ့ဒ်တိုက်ခိုက်ရေးသမား ၃၀၀ ကျော်ကို လက်နက်ဖြုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အားကစားမယ်များကို လိင်စော်ကားသည့် အမေရိကန်ဆရာဝန် ထောင် နှစ် ၁၆၀ နီးပါး ချမှတ်ခံရ

    အားကစားမယ်များကို လိင်စော်ကားသည့် အမေရိကန်ဆရာဝန် ထောင် နှစ် ၁၆၀ နီးပါး ချမှတ်ခံရ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    – အားကစားမယ် ၁၆၀ လောက်ကို နည်းမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ အားကစားဆရာဝန်ကို အမေရိကန်တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် နှစ် ၁၆၀ နီးပါး ချမှတ်လိုက်ပါတယ်။

    လယ်ရီ နက်ဆာရ်ဆိုသူဖြစ်ပြီး အမေရိကန် အိုလံပစ် gymnastic အသင်းရဲ့ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

    မိန်းကလေးငယ်တွေ၊ အိုလံပစ် ကစားသမားတွေအပါအ၀င် အမျိုးသမီးတွေကို ကျန်းမာရေးစစ်ဆေးစဉ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့မှုနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး စွဲချက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း သူက ၀န်ခံခဲ့ပါတယ်။

    အသက် ၅၄ အရွယ် လယ်ရီကို ကလေးတွေရဲ့ ညစ်ညမ်းပုံတွေ လက်ဝယ်ထားရှိမှုနဲ့လည်း ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့ပါတယ်။

    လယ်ရီရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံခဲ့ရတဲ့ အားကစားမယ်တွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လုံး တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ကြပါတယ်။

    သူ့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ကြောင်း လယ်ရီက ပြောကြားခဲ့ပေမယ့် တရားသူကြီး ရိုစမာရီ အကွီလီနာက ပယ်ချခဲ့ပြီး ဘ၀တစ်လျှောက်လုံး အမှောင်ထဲမှာပဲ နေရမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    “လွတ်မြောက်လာတဲ့ ညီမလေးတွေရဲ့ ဇာတ်လမ်းကို နားထောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို ရှင့်ကို ပြစ်ဒဏ်ချမှတ်ခွင့် ရတဲ့အတွက်လည်း ကျွန်မ ဂုဏ်ယူမိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရှင်ဟာ ထောင်ကနေ ထွက်သွားဖို့ ထိုက်တန်သူတစ်ဦး မဟုတ်လို့ပါ”

    အစောပိုင်းက သူမကို ပေးတဲ့စာမှာ လယ်ရီက သူ့ကိုစွပ်စွဲသူတွေဟာ ငွေကြေးနဲ့ ကျော်ကြားမှုရဖို့အတွက် လုပ်ကြံဖန်တီး ပြောဆိုနေကြကြောင်း၊ သူ့ကို စွပ်စွဲနေတဲ့ ပါးစပ်တွေကပဲ တစ်ချိန်က သူတို့ တစ်ဖွဖွ ချီးကျူးခဲ့ကြောင်း ရေးသားထားတယ်လို့ တရားသူကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လယ်ရီဟာ အားကစားသမားတွေကိုအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ၂၀၁၄ ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမေရိကန် gymanastic အားကစားအဖွဲ့ချုပ်က လယ်ရီကို ရာထူးကနေ တိတ်တိတ်လေး ထုတ်ပယ်ခဲ့ပါတယ်။

    Indianapolis Star သတင်းစာက သူ့အကြောင်းဖွင့်ချခဲ့တဲ့ ၂၀၁၆ ခုနှစ် လယ်ရီဟာ အလုပ် ဆက်လက်လုပ်ကိုင်နေသေးပြီး နောက်ပိုင်းမှာတော့ ဖမ်းဆီးခံခဲ့ရတာပါ။

    အမေရိကန် အိုလံပစ်ကော်မတီကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က တရားရုံးမှာ ပြောဆိုခဲ့ပါတယ်။

    Ref : BBC

  • အကြမ်းဖက်ဆိုင်ရာ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ ၆ နိုင်ငံ လက်မှတ်ထိုး

    အကြမ်းဖက်ဆိုင်ရာ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ ၆ နိုင်ငံ လက်မှတ်ထိုး

    ဇန်န၀ါရီ ၂၅၊ ၂၀၁၈
    M-Media

    – ဒေသတွင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ရည်ရွယ်သည့် ထောက်လှမ်းရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို အာဆီယံ ၆ နိုင်ငံက ယနေ့တွင် လက်မှတ်ရေးထိုး ခဲ့သည်ဟု သိရသည်။

    Under the Our Eyes Initiative (OEI) ဟု အမည်ပေးထားသည့် အဆိုပါ သဘောတူညီချက်အရ အဖွဲ့ဝင် နိုင်ငံများမှာ “အကြမ်းဖက်ဝါဒ၊ အစွန်းရောက်မှု၊ အကြမ်းဖက် အစွန်းရောက်ဝါဒဆိုင်ရာ မဟာဗျူဟာကျသည့် သတင်းအချက်အလက်များ ဖယ်လှယ်ရေး နည်းလမ်များ ရှာဖွေသွားမည်” ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ကာကွယ်ရေးဌာန်ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူ ဒေါက်တာ မာလီကီ အိုစမန်က မြင့်တက်လာသည့် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို တိုက်ဖျက်ရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် စင်ကာပူမှာ အလေးထား ဆောင်ရွက်သွားမည်ဟု Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    စင်ကာပူ၊ ဘရူးနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ သဘောတူညီချက်အရ အကြီးတန်း ကာကွယ်ရေး တာဝန်ရှိသူများမှာ နှစ်ပတ်တစ်ကြိမ် စစ်သွေးကြွ အုပ်စုများနှင့် ပတ်သက်သည့် သတင်းအချကအလက်များကို လဲလှယ်ခြင်း၊ အစွန်းရောက်များစာရင်းကို ပြုစုရန် ပူးပေါင်း ဒေတာဘေ့စ်တစ်ခု တည်ထောင်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

    Ref: CNA

  • အငြင်းပွားရုပ်ရှင်ကြောင့် အိန္ဒိယတွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွား

    အငြင်းပွားရုပ်ရှင်ကြောင့် အိန္ဒိယတွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွား

    ဇန်န၀ါရီ ၂၅၊ ၂၀၁၈
    M-Media

    – ၁၄ ရာစုက မွတ်စလင်ဘုရင်တစ်ပါးနှင့် ဟိန္ဒူဘုရင်မတစ်ဦးတို့အကြောင်း ရိုက်ကူးထားသည့် Padmaavat ရုပ်ရှင်ကို ရုံတင်ပြသမှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဟိန္ဒူ လက်ယာစွန်းရောက်များက ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အာဏရ BJP ပါတီ ကြီးစိုးသည့် ပြည်နယ်များတွင် ထိုရုပ်ရှင်နှင့်ပတ်သက်၍ ကာရ်နီ ဆီနာ မျိုးနွယ်က ဆန့်ကျင်မှုရှိသောကြောင့် လုံခြုံရေး တိုးမြှင့်ထားရသည်။

    ရုပ်ရှင် ရုံတင်သည့် ယနေ့တွင် ရာဂျက်စတန်နှင့် ဘီဟာရ်ပြည်နယ်များ၌ ကာရ်နီ ဆီနာ လူမျိုးများမှာ ဓားများကိုင်ဆောင်ကာ လျှောက်သွားခြင်း၊ တာယာများ မီးရှို့ခြင်း၊ ဘတ်စ်ကားများကို နှောက်ယှက်ခြင်း၊ ဆိုင်များကို ဖျက်ဆီးခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ၁၄ ရာစုက သမိုင်းကြောင်းကို ရိုက်ကူးထားသည့် အဆိုပါရုပ်ရှင်ကို ဒီဇင်ဘာတွင် ရုံတင်ရန် စီစဉ်ထား သော်လည်း ဆန္ဒပြမှုများကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး တရားရုံးချုပ်၏ ခွင့်ပြုချက် ယနေ့တွင် ရုံတင်ခြင်းဖြစ်သည်။

    နယူးဒေလီဆင်ခြေဖုံးတွင် ကျောင်းကားတစ်စီးကို ဟိန္ဒူ လက်ယာသမားများက တိုက်ခိုက်ခဲ့ခြင်းကြောင့် အာဏာပိုင်များမှာ စာသင်ကျောင်းများကို ပိတ်ပစ်ခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ၁၈ ဦးကို ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ခဲ့သည်။

    ဆူပူမှုများကြောင့် အိန္ဒိယအစိုးရမှာ ပြည်နယ်အချို့၌ ရုပ်ရှင်ရုံများတွင် လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။

    အင်္ဂါနေ့လည်း ဂူဂျာရတ်ပြည်နယ်တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က လူအုပ်အား သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် အဆိုပါ လူအုပ်မှာ ဆိုင်ကယ်များအား မီးရှို့ခြင်း၊ ရုပ်ရှင်ရုံများကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်သံအမတ်ဟောင်း ရခိုင်အကြံပေးဘုတ်အဖွဲ့မှနှုတ်ထွက်ပြီး အတိုင်ပင်ခံကို ဝေဖန်

    အမေရိကန်သံအမတ်ဟောင်း ရခိုင်အကြံပေးဘုတ်အဖွဲ့မှနှုတ်ထွက်ပြီး အတိုင်ပင်ခံကို ဝေဖန်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ်ဟေင်း ဘီလ် ရစ်ချက်ဆန်

    – မြန်မာအစိုးရက တာဝန်ပေးထားတဲ့ ရခိုင်ပြည်နယ်ကိစ္စ အကြံပေးဘုတ်အဖွဲ့ဟာ အစိုးရဘက်ယိမ်းတဲ့ ‘အမွှမ်းတင်အဖွဲ့’ ဖြစ်တဲ့အတွက် အဲဒီအဖွဲ့ကနေ နှုတ်ထွက်ကြောင်း အမေရိကန် သံတမန်ဟောင်း ဘီလ် ရစ်ချက်ဆန်က ပြောကြားလိုက်ပြီး အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြင်း
    ပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

    ရစ်ချက်ဆန်ဟာ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အခုလို လူသိရှင်ကြား ဝေဖန်မှုက ထူးခြားတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။

    “သူဟာ အာဏာဂုဏ်မောက်သွားပြီဗျ။ သူ့ကို ကျွန်တော် သိတာကြာပြီ၊ လေးလည်းလေးစားပါတယ်။ ဒါပေမယ့် တကယ်တော့ သူမဟာ သတင်းဆိုးတွေကို နားထောင်လိုစိတ်မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ဒီလို ဆင်သေကို ဆိတ်သားရေနဲ့ဖုံးမယ့်ကိစ္စမှာ မပါဝင်ချင်ပါဘူး” လို့ အမေရိကန်ကို အပြန်လမ်း တိုကျိုမှာ တစ်ထောက်နားစဉ် တယ်လီဖုန်းကနေတစ်ဆင့် နယူးယောက်တိုင်မ်းစ်ကို ပြောကြားခဲ့တာပါ။

    ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်က အစီရင်ခံစာတွေကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာအစိုးရဟာ ထိုင်းနိုင်ငံရေးသမား ဆူရာကီယတ် ဆက်သီရာထိုင်း ဦးဆောင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး အဲဒီအထဲမှာ မစ္စတာ ရစ်ချက်ဆန်ကို ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဘီလ်ကလင်တန်လက်ထက်က ကုလဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ဆောင်ရွက်ခဲ့ဘူးတဲ့ ရစ်ချက်ဆန်ဟာ အကြပ်အတည်းတွေကို ဖြေရှင်းပေးရာမှာ ဂုဏ်သတင်းကျော်ဇောသူတစ်ဦး ဖြစ်ပါတယ်။

    နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပြောကြားရာမှာ သူမက ‘ရန်စွယ်ငေါငေါ’ နဲ့ တုန့်ပြန်ခဲ့တယ်လို့ ရစ်ချက်ဆန်က ဆိုပါတယ်။

    “သူ့မျက်နှာကို လုပ်ထားလိုက်တာဗျာ။ ကျွန်တော်ထိုင်တဲ့နေရာနဲ့ နည်းနည်းလေးသာ နီးရင် ကျွန်တော့ကို ရိုက်မလားတောင် မသိဘူး။ တော်တော်ကို ဒေါသထွက်နေတာ”

    ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်အစိုးရဟာ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေ ၀င်ရောက်ခွင့်၊ နိုင်ငံတကာမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်တွေကို ငြင်းပယ်ထားကာ အကူအညီပေးရေးအဖွဲ့တွေကိုလည်း ကန့်သတ်ထားပါတယ်။

    မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီကိုလည်း တိုင်းပြည်အတွင်း ၀င်ရောက်ခွင့်ကို ပြီးခဲ့တဲ့လမှာ မြန်မာအစိုးရက ပိတ်ပင်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် မြန်မာနိုင်ငံကို လာရောက်စဉ်အချိန်က ရစ်ချက်ဆန်ဟာ သူ့အနေနဲ့ ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံလိုက်ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီအဖွဲ့မှာ ပါဝင်ရတဲ့ ရည်ရွယ်ချက်တွေထဲကတစ်ခုက လက်တွေ့ကျပြီး ရေရှည်ခံမယ့် အဖြေမျိုး ကြိုးစားရှာဖွေရေး အကူအညီပေးဖို့ပါ။ ဒါပေမယ့် အစိုးရကို အမွှမ်းတင်ဖို့အတွက် ဒီဘုတ်အဖွဲ့ကို အသုံးချနေတယ်ဆိုတာ ကျွန်တော် တွေ့ခဲ့ရပါတယ်” လို့ ရစ်ချက်ဆန်က နယူးယောက်တိုင်မ်းစ်ကို ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလနဲ့ နိုင်ငံတကာ သတင်းဌာနနေတွေရဲ့ ရိုဟင်ဂျာကိစ္စ ကမ္ဘာကြီးကို တင်ပြမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဘုတ်အဖွဲ့ဝင်တွေက ရှုတ်ချပြောဆိုတာကို တွေ့ရတဲ့အတွက် ‘အလွန်တုန်လှုပ်မိကြောင်း’ လည်း ရစ်ချက်ဆန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အကြံပေးဘုတ်အဖွဲ့ဥက္ကဌ ဆူသီရာထိုင်းကိုလည်း ရစ်ချက်ဆန်က ဝေဖန်ခဲ့ပြီး ဘုတ်အဖွဲ့ဝင်တွေဟာ ‘သူတို့အကျိုးဆောင်ပေးရမယ့် ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေနဲ့ အရာရောက်မယ့် ထိတွေ့ ဆက်ဆံမှုမျိုး လုံးဝ ကင်းမဲ့နေတယ်’ လို့ လည်း ပြောကြားခဲ့ပါတယ်။

    ဆူသီရာထိုင်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိပါဘူး။

    မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မစ္စတာ ရစ်ချက်ဆန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ဘုတ်အဖွဲ့ရဲ့ ‘စည်းမျဉ်းစည်းကမ်းတွေကို’ နားလည်ခြင်းမရှိဘဲ ဘောင်ကျော်ပြောဆိုခဲ့တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “မြန်မာနိုင်ငံက အခြားကိစ္စတွေအတွက်မဟုတ်ဘဲ ရခိုင်ကိစ္စတစ်ခုတည်းအတွက်သာ အကြံပေးရမယ်ဆိုတာကို သူ့အနေနဲ့ ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ သူပြောချင်တာပဲ ပြောလို့မရပါဘူး”

    ရစ်ချက်ဆန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဝေဖန်ခဲ့ပါတယ်။

    “ဘုန်းတော်ဘွဲ့တွေကိုသာ အမြဲတမ်းပြောနေတဲ့ ၀န်းကျင်မှာ သူမ ပျော်မွေ့နေတာပါ။ သတင်းဆိုးတွေကို မကြားချင်တဲ့၊ သူတို့ပတ်ဝန်းကျင်မှာ တကယ့်အဖြစ်အပျက်အမှန်တွေကို ပြောမယ့်သူမရှိတဲ့ အရင်က နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေရဲ့ အခြေအနေမျိုးထဲမှာပဲ သူမ ရှိနေပါတယ်”

    သူ့ရဲ့ နှုတ်ထွက်မှုဟာ သူမကို သတိပေးရာရောက်မယ်လို့ မျှော်လင့်ပေမယ့် ဒီလိုဖြစ်လာမယ်လို့ မထင်ကြောင်း၊ သူမဟာ ကုလ၊ နိုင်ငံတကာမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ သူ့ကို ရန်သူစာရင်း သွင်းပြီးပြီလို့ထင်ကြောင်း ရစ်ချက်ဆန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref: NY Times