News @ M-Media
Blog
  • ဂျာမနီရှိ မွတ်စလင်မုန်းတီးသူ ထိပ်တန်းနိုင်ငံရေးသမား အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်
    ဂျာမနီရှိ မွတ်စလင်မုန်းတီးသူ ထိပ်တန်းနိုင်ငံရေးသမား အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်
    ဇန်န၀ါရီ ၂၄၊ ၂၀၁၈
    M-Media
    – ဂျာမနီက မွတ်စလင်ဆန့်ကျင်ရေး နာမည်ကြီး လက်ယာစွန်းပါတီ AfD က ထိပ်တန်း နိုင်ငံရေးသမားတစ်ယောက်ဟာ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ယုံကြည်ခဲ့ပြီး တာဝန်ယူထားတဲ့ ရာထူးကနေလည်း နှုတ်ထွက်သွားတယ်လို့ ပါတီက အတည်ပြု ပြောကြားလိုက်ပါတယ်။
    အာသာ ၀ဂ်နာဆိုသူဖြစ်ပြီး နိုင်ငံရှေ့ပိုင်း Brandenburg ပြည်နယ်မှာ အခြေစိုက်တဲ့ ဒီ လက်ယာပါတီမှာ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။
    ဂျာမနီနိုင်ငံပိုင်သတင်းဌာန Deutsche Welle က ၀ဂ်နာဟာ ပုဂ္ဂိုလ်ရေး အကြောင်းအရင်းတွေကြောင့် နှုတ်ထွက်သွားတာဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက အတည်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျာမနီ နေ့စဉ်သတင်းစာ Tagesspiegel က ၀ဂ်နာကို မေးမြန်းရာမှာ ‘ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကိစ္စပါ’ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    Brandenburg ပြည်နယ် AfD ပါတီ ကော်မတီမှာ ၀ဂ်နာဟာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ အာရုံစိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
    ၂၀၁၇ ခုနှစ် စက်တင်ဘာ ရွေးကောက်ပွဲမှာ AfD ဟာ သမိုင်းဝင်အောင်ပွဲအဖြစ် ထောက်ခံမဲ ၁၂.၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဂျာမနီလွှတ်တော်မှာ ပထမဆုံးအကြိမ် ပါဝင်နိုင်ခဲ့ကာ နီလွှတ်တော်မှာ တတိယမြောက် အင်အားအကြီးဆုံးပါတီ ဖြစ်လာပါတယ်။
    ပါတီမှာ အရေးပါသူတစ်ဦးဖြစ်တဲ့ ၀ဂ်နာဟာ ယခင်က ဂျာမနီမှာ အစ္စလာမ်ဘာသာဝင်တွေ ရှိနေတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။
    Ref: Aljazeera
  • မြန်မာနှင့် ကမ္ဘောဒီယားလုပ်သားများ လူကုန်ကူးခံရမှုကို ထိုင်းက မတားဆီးနိုင်ဟု HRW ပြော
    မြန်မာနှင့် ကမ္ဘောဒီယားလုပ်သားများ လူကုန်ကူးခံရမှုကို ထိုင်းက မတားဆီးနိုင်ဟု HRW ပြော
    ဇန်န၀ါရီ ၂၄၊ ၂၀၁၈
    M-Media
    – ငါးဖမ်းလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ အထူးသဖြင့် မြန်မာနဲ့ ကမ္ဘောဒီးယားတို့က လုပ်သားတွေ လူကုန်ကူးခံရတာ၊ အဓမ္မခိုင်းစေခံနေရတာတွေ ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိက၀တ်ကို ထိုင်းနိုင်ငံက ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က မနေ့မှာ ပြာကြားလိုက်ပါတယ်။
    Hidden Chains: Forced Labor and Rights Abuses in Thailand’s Fishing Industry ခေါင်းစဉ်နဲ့ ၁၃၄ မျက်နှာ ပါဝင်တဲ့ HRW ရဲ့ အစီရင်ခံစာမှာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ လူကုန်ကူးခံရမှုနဲ့အတူ ထိုင်းငါးဖမ်းလုပ်ငန်းမှာ အဓမ္မ လုပ်အားခိုင်းစေမှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပဲလို့ ဖော်ပြထားပါတယ်။
    ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ ကျွန်ပြုခံရမှုရှိနေတဲ့ အခြေအနေကို ၂၀၁၄ ခုနှစ်မှာ မီဒီယာတွေက အကျယ်တ၀င့် ဖော်ပြခဲ့ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို အရေးယူဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ လုပ်ခဲ့ပါတယ်။
    HRW ကတော့ ဒီလုပ်ဆောင်ချက်တွေဟာ အလုပ်သမားတွေ ညှင်းပမ်းနှိပ်စက်ခံရမှုကို ထိထိရောက်ရောက် မတားဆီးနိုင်ဘူးလို့ ဆိုပါတယ်။
    အလုပ်သမား ဥပေဒကို ထိထိရောက် အသုံးမချတာ၊ အဓမ္မ လုပ်အားခိုင်းစေမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ သီးသန့်ဥပဒေမရှိတာ အပါအ၀င် ဥပဒေပိုင်းဆိုင်ရာ လစ်ဟာမှုတွေ၊ ငါးဖမ်းလုပ်သားတွေ ညှမ်းပမ်းခံရမှုကို ကာကွယ်ပေးမယ့် အဖွဲ့အစည်းကောင်းကောင်း မရှိတဲ့အချိန် ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့်မပေးတာတွေကိုလည်း HRW က ထောက်ပြပါတယ်။
    အစီရင်ခံစာအတွက် HRW ဟာ ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ ငါးဖမ်းစက်လှေပိုင်ရှင်တွေ၊ မာလိန်မှူးတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ငါးဖမ်းအသင်း တာဝန်ရှိသူတွေ၊ ကုလ၀န်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနဲ့ ကမ္ဘောဒီယားတို့က အလုပ်သမားအများစုပါဝင်တဲ့ ငါးဖမ်းလုပ်သား ၂၅၀ နီးပါးနဲ့လည်း စကားပြောခဲ့ပါတယ်။
    ငါးဖမ်းလုပ်သားတွေက စက်လှေပိုင်ရှင်တွေဟာ သူတို့ရဲ့ အသိအမှတ်ပြုကတ်ပြားတွေကို သိမ်းထားပြီး တစ်နေ့ကို ၁၄ နာရီကျော် ဆက်တိုက် အလုပ်လုပ်ရကြောင်း၊ လုပ်ခလစာကလည်း အနိမ့်ဆုံးသတ်မှတ်ချက်ထက် နည်းကြောင်း၊ လစာကို လစဉ်မပေးဘဲ ၆ လတစ်ကြိမ်သာပေးကြောင်း၊ အလုပ်ပြောင်းခွင့်မပေးကြောင်း၊ ညစ်ပတ်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာပါ အဓမ္မ အလုပ်ခိုင်းကြောင်း ပြောကြားခဲ့ပါတယ်။
    တွေ့ဆုံမှုတွေကို ထိုင်းနိုင်ငံရဲ့ အဓိက ငါးဖမ်းလုပ်ငန်းရှိရာ ဆိပ်ကမ်းတွေမှာ ၂၀၁၅ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အရင်က လူကုန်ကူးခံရတဲ့သူ ၁၀၀ ၀န်းကျင်ပါဝင်ကာ ကျန်တဲ့သူတွေကတော့ လက်ရှိမှာ ငါးဖမ်းလုပ်သားအဖြစ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
    အလုပ်လုပ်ကိုင်ရာမှာ လုပ်ခလစာ၊ လုပ်ကိုင်ရမယ့် အခြေအနေတွေကို ဖော်ပြထားတဲ့ ဘောင်ဝင်တဲ့ စာချုပ်စာတမ်းတွေနဲ့ လုပ်ရတာမျိုးမဟုတ်ဘူးလို့ ရွှေ့ပြောင်း ငါးဖမ်းလုပ်သား တော်တော်များများက ပြာကြားခဲ့ပြီး တစ်ချို့ဆိုရင် ဒီလို စာချုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတာကို မသိရှိကြဘူးလို့လည်း HRW က ပြောပါတယ်။
    ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ ညှင်းပမ်းနှိပ်စက်မှုတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ထိုင်းအစိုးရက နိုင်ငံတကာမှာ အမြင်ကောင်းအောင် ဟန်ပြအနေနဲ့ပဲ အရေးယူဆောင်ရွက်မှုတွေလုပ်တယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    အလုပ်သမားတွေ ကျွန်ပြုခံရတဲ့သတင်း ၂၀၁၄ ခုနှစ်က ထွက်လာပြီးတဲ့နောက် အမေရိကန်နဲ့ ဥရောပတို့က ထိုင်းနိုင်ငံက တင်သွင်းတဲ့ ပင်လယ်စာတွေကို ပိတ်ပင်မယ်လို့ သတိပေးခဲ့တာပါ။
    HRW ကတော့ ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးမှု၊ ကျွန်ပြုခံရမှုကို တားဆီးဖို့အတွက် ဥပဒေတင်းကြပ်မှုတွေ၊ စီမံကိန်းတွေကို လုံလောက်အောင် ဆောင်ရွက်ခြင်းမရှိကြောင်း၊ ငါးဖမ်းလုပ်သားတွေကို အသိအမှတ်ပြုတဲ့ ပန်းရောင်ကဒ် ထုတ်ပေးမှုကလည်း ‘ခေါင်းပုံဖြတ်’ မှု အခြေအနေကိုသာ ဖြစ်စေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    တရားမ၀င် ငါးဖမ်းမှုတိုက်ဖျက်ရေး ထိန်းချုပ်မှုစင်တာရဲ့ ဒုတိယဥက္ကဌ Wanaphol Klomkaew က HRW ရဲ့ ဒီအစီရင်ခံစာဟာ တစ်ဖက်သတ်အချက်အလက်ကို အခြေခံထားတာဖြစ်ပြီး မယုံကြည်ရကြောင်း၊ မိမိတို့ကို သိက္ခာချတယ်လို့သာ မှတ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: RFA
  • တောင်ပိုင်းဒေသကို ကတိအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ဖိလစ်ပိုင် အမြန်ဆုံးဆောင်ရွက်မည်
    တောင်ပိုင်းဒေသကို ကတိအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ဖိလစ်ပိုင် အမြန်ဆုံးဆောင်ရွက်မည်
    ဇန်န၀ါရီ ၂၄၊ ၂၀၁၈
    M-Media
    ၂၀၁၄ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးစဉ်က
    – ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းက မွတ်စလင်လူနည်းစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ကြန့်ကြာနေတဲ့ မူကြမ်းကို အမြန်ဆုံး အတည်ပြုသွားမယ်လို့ ဖိလစ်ပိုင် အောက်လွှတ်တော်က ပြောကြားလိုက်ပါတယ်။
    အောက်လွှတ်တော်ရဲ့ ဆပ်ကော်မတီ ၃ ခုက လက်ရှိမှာ ဒီ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်း ၇ ခုက သဘောထားအမြင်တွေ စုဆောင်းတာ၊ အစီရင်ခံစာတွေကို ဆန်းစစ်တာတွေကို လုပ်နေပြီး ဒီမူကြမ်းကို မတ်လ အလယ်ပိုင်းလောက်မှာ အတည်ပြုဖို့ ရှိနေတယ်လို့ နိုင်ငံတောင်ပိုင်း တာဝီ-တာဝီပြည်နယ်က အောက်လွှတ်တော်အမတ် ရူဘီ ဆာဟာလီက ပြောပါတယ်။
    “ဒီမူကြမ်းကို အတည်ပြုရေး အလျင်အမြန်လိုအပ်တယ်ဆိုတာကို ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူး။ အစိုးရအနေနဲ့ မိုရိုအစ္စလာမ့်လတ်မြောက်ရေးတပ်ဦး MILF နဲ့ လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ပါ ကတိက၀တ်တွေကို မဖြစ်မနေ ဖြည့်ဆည်းပေးရမှာပါ”
    အောက်လွှတ်တော်က ဒီမူကြမ်းကို အတည်ပြုပြီးသွားရင် အထက်လွှတ်တော်ကလည်း အတည်ပြုလိမ့်မယ်လို့ ဆာဟာလီက မျှော်လင့်နေပါတယ်။
    MILF ဟာ မင်ဒါနာအိုမှာ မွတ်စလင်လူနည်းစုတွေ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်ရရေး တိုက်ပွဲဝင်နေတဲ့ အကြီးဆုံး နိုင်ငံရေးနဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။
    ၁၇ နှစ်ကြာ တိုက်ခိုက်မှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမှာတော့ ၂၀၁၄ ခုနှစ်မှာ ဒီအဖွဲ့ဟာ သမ္မတအကွီနိုနဲ့ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
    Bangsamoro Basic Law (BBL) ဥပဒေအရ တောင်ပိုင်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် MILF က လက်နက်ဖြုတ်သိမ်းဖို့ သဘောတူခဲ့ပါတယ်။
    ဒါပေမယ့် ၂၁၅ ခုနှစ်မှာ ရဲတပ်ဖွဲ့ကွန်မန်ဒိုတွေ သေဆုံးခဲ့တဲ့ စစ်ဆင်ရေးတစ်ခုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးကိစ္စဟာ ရပ်ဆိုင်းခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ် သမ္မတ ဒူတာတေးလက်ထက်မှာ ဒီကိစ္စဟာ ပြန်လည်ရှင်သန်လာခဲ့ပြီး မာရာဝီကို IS အကြမ်းဖက်သမားတွေ သိမ်းပိုက်မှုကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။
    MILF အဖွဲ့ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့အတူ IS အကြမ်းဖက်သမားတွေကို မာရာဝီကနေ တိုက်ထုတ်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ ဒူတာတေးက မွတ်စလင်လူနည်းစုတွေအပေါ် သမိုင်းနဲ့ချီပြီး ရှိခဲ့တဲ့ မတရားမှုတွေကို ပြင်ဆင်ဖို့ အချိန်ကျပြီလို့ ပြောကြားခဲ့ပါတယ်။
    BBL မူကြမ်းကို အတည်မပြုနိုင်ရင် မင်ဒါနာအိုမှာ စစ်ထပ်ဖြစ်နိုင်တယ်လို့လည်း ဒူတာတေးက သတိပေးခဲ့ပါတယ်။
    Ref: Aljazeera
  • စုပေါင်းသေကြောင်းကြံမှုကို ရာဇ၀တ်မှုအဖြစ် တောင်ကိုရီးယားသတ်မှတ်
    စုပေါင်းသေကြောင်းကြံမှုကို ရာဇ၀တ်မှုအဖြစ် တောင်ကိုရီးယားသတ်မှတ်
    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media
    ပြီးခဲ့သည့်လက သေကြောင်းကြံစည်သွားသည့် ကင်ဂျွန်ဟွန်း
    – လူတွေ စုပေါင်းပြီး အချိန်းအချက်လုပ် သေကြောင်းကြံစည်တာကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ဖို့ တောင်ကိုရီးယားနိုင်ငံက စီစဉ်နေပြီး နိုင်ငံအတွင်း မိမိကိုယ်ကို သတ်သေမှု လျှော့ချရေး ကြိုးပမ်းမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
    အာရှရဲ့ စတုတ္ထ စီးပွားရေးအကြီးဆုံး တောင်ကိုရီးယားနိုင်ငံမှာ မိမိကိုယ်ကို သတ်သေမှုဟာ ၂၀၀၀ ခုနှစ်ကတည်းစလို့ သိသိသာသာ မြင့်တက်လာပြီး လက်ရှိ တစ်နှစ်ကို လူတစ်သိန်းမှာ ပျမ်းမျှ ၂၅.၆ ဦး ရှိနေကာ ကမ္ဘာ့ အမြင့်ဆုံးနှုန်းတွေထဲမှာ ပါဝင်နေပါတယ်။
    မိမိကိုယ်ကို သတ်သေမှုထဲမှာ လတ်တလော ထင်ရှားသူကတော့ ကေပေါ့ပ်စတား ကင် ဂျွန်ဟွန်းဖြစ်ပြီး ပြီးခဲ့တဲ့လမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ လူမှုဖူလှုံရေးစနစ် အားနည်းတာကြောင့် မိမိကိုယ်ကို သတ်သေသူ အများစုဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။
    ဒီကနေ့မှာ တောင်ကိုရီးယား ကက်ဘိနတ်က သေကြောင်းကြံစည်မှုကို ထိန်းချုပ်ဖို့ ဆောင်ရွယ်မယ့် လုပ်ငန်းတော်တော်များများကို အတည်ပြုခဲ့ပြီး စုပေါင်းသကြောင်းကြံစည်မှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်မှုအပြင်၊ သေကြောင်းကြံစည်ဖို့ အားပေးတဲ့ ရုပ်ရှင်တွေ၊ အွန်လိုင်း ကာတွန်းတွေကို တားမြစ်ဖို့၊ စစ်သားအားလုံးကို သေကြောင်းကြံစည်မှု တားဆီးရေး အသိအပညာပေးဖို့လည်း ပါဝင်ပါတယ်။
    ၂၀၂၂ ခုနှစ်မှာ သေကြောင်းကြံစည်မှုဦးရေဟာ လူတစ်သိန်းမှာ ၁၇ ဦးအထိ လျော့ကျစေဖို့ တောင်ကိုရီးယားက ပစ်မှတ်ထား ဆောင်ရွက်နေပါတယ်။
    အစိုးရကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့လူ ၉၀ ရာခိုင်နှုန်းဟာ မသေဆုံးခင်မှာ သတိပေးမှုတွေ လုပ်တတ်ပြီး သူတို့ကို ဂရုစိုက်နေတဲ့သူတွေက ဒါကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။
    Ref: CNA