News @ M-Media

Blog

  • ကုရ်အာန်ကျမ်းစာ မီးရှို့မှုကို ဥပဒေဖြင့်တားဆီးနိုင်ရေး ဒိန်းမတ်နှင့် ဆွီဒင် စီစဥ်နေ

    ကုရ်အာန်ကျမ်းစာ မီးရှို့မှုကို ဥပဒေဖြင့်တားဆီးနိုင်ရေး ဒိန်းမတ်နှင့် ဆွီဒင် စီစဥ်နေ

    ဇူလိုင် ၃၁၊ ၂၀၂၃

    M-Media 


    -အခြားနိုင်ငံ သံရုံးတွေရှေ့မှာ ကုန်အာန်ကျမ်းစာ မီးရှို့တဲ့ လုပ်ရပ်တွေကို ဥပဒေထုတ် တားဆီးနိုင်ဖို့ အစိုးရက ဆောင်ရွက်မယ်လို့ ဒိန်းမတ် နိုင်ငံခြားရေး၀န်ကြီး Lars Lokke Rasmussen က ပြောကြားလိုက်ပါတယ်။

    “ဒီလိုမီးရှို့တာတွေဟာ လူတစ်ချို့က ဆောင်ရွက်တဲ့ အဆင်ခြင်မဲ့ စော်ကားတဲ့ လုပ်ရပ်တွေပါ။ အဲဒီလူတစ်ချို့ဟာ ဒိန်းမတ်လူ့အဖွဲ့အစည်းကို တည်ဆောက်ထားတဲ့ တန်ဖိုးတွေကို ကိုယ်စား မပြုပါဘူး” လို့ နိုင်ငံခြားရေး၀န်ကြီးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အခြားနိုင်ငံတွေရဲ့ ယဥ်ကျေးမှု၊ ဘာသာတရားတွေကို စော်ကားတဲ့ လုပ်ရပ်မျိုး၊ လုံခြုံရေးကိစ္စသာမကဘဲ ဒိန်းမတ်နိုင်ငံအတွက် အနှုတ်လက္ခဏာဆောင်စေတဲ့ လုပ်ရပ်မျိုးလို အထူးအခြေအနေအမျိုးတွေမှာ အစိုးရက ၀င်ရောက်ဟန့်တားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း Rasmussen က ထည့်သွင်းပြောဆိုခဲ့ပါတယ်။  

    ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံတွေမှာ လက်ယာအစွန်းရောက်တွေက ကုရ်အာန်ကျမ်းစာ မီးရှို့မှုတွေ မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။ ဒီအတွက် ကမ္ဘာတစ်၀ှမ်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ ရှိလာတာကြောင့် အခုလို ဥပဒေနဲ့ တားမြစ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ 

    ဆွီဒင်၀န်ကြီးချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ကုရ်အာန်ကျမ်းစာ မီးရှို့မှုကို ဥပဒေနဲ့ တားဆီးနိုင်ရေးအတွက် ဒိန်းမတ်နိုင်ငံနဲ့ ပူးပေါင်းကာ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။ 

    ဒိန်းမတ်နိုင်ငံခြားရေး၀န်ကြီးက ဥပဒေနဲ့ တားဆီးမှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်စေမယ့် ရှုထောင့်မျိုးကနေ လုပ်ဆောင်သွားမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    ဇူလိုင် ၃၁၊ ၂၀၂၃

    M-Media 


    -သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မော်ရိုကို အမျိုးသမီးအသင်း သမိုင်းမှတ်တမ်းသစ်တွေ တစ်ခုပြီးတစ်ခု ရရှိနေပါတယ်။ 

    မော်ရိုကိုအမျိုးသမီးအသင်းဟာ ၁၉၉၈ ခုနှစ်လောက်ကမှ စတင်ပြီး ကမ္ဘာ့ဘောလုံးလောကထဲကို ၀င်ရောက်လာတာပါ။ တတိယအကြိမ်မြောက် အာဖရိကဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ပံ့ကူညီမှု လုံလုံလောက်လောက် မရခဲ့တာကြောင့် ဒေသတွင်း အိမ်ဖြည့်အသင်း အဆင့်ထက် မပိုခဲ့ပါဘူး။ 

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အခြေအနေဟာ အကောင်းဖက်ကို ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် တူနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဖရိက ၅ နိုင်ငံ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ တန်ဇန်းနီးယားကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဖရိကဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မော်ရိုကိုအမျိုးသမီးအသင်းဟာ အသေအချာ ပြင်ဆင်ခဲ့ပြီး အောင်မြင်မှုလည်း ရခဲ့ပါတယ်။ 

    ပထမဆုံးအသင်း 

    အာဖရိကဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုအမျိုးသမီးအသင်းဟာ ၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ခွင့်ရတဲ့ ပထမဆုံး မြောက်အာဖရိကနဲ့ အာရပ်နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် အာဖရိကဖလားမှာ မော်ရိုကိုအမျိုးသမီးအသင်းဟာ ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး တောင်အာဖရိကအသင်းကို ရှုံးကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

    “ကမ္ဘာ့ဖလားမှာ ၀င်ရောင်ယှဥ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အာရပ်အသင်း ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပုံရိပ်ကောင်းရဖို့၊ ရရှိထားတဲ့ အောင်မြင်မှုတွေကို ချဲ့ထွင်ဖို့ ကျွန်မတို့ ပုခုံးပေါ်မှာ တာ၀န်တစ်ခု ရှိနေပြီဆိုတာကိုလည်း နားလည်ပါတယ်” လို့ မော်ရိုကို အသင်းခေါင်းဆောင် ဂီဇ်လာနီ ချက်ဘက်က ပြောပါတယ်။ 

    ပထမဆုံးနိုင်ပွဲ 

    ဇူလိုင်လ နောက်ဆုံးပတ်ကစတင်ကာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ ကိုလံဘီယာ၊ ဂျာမနီ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ 

    အတွေ့အကြုံနည်းတဲ့ မော်ရိုကိုအသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ မလွယ်ကူတဲ့ အခြအနေမျိုးဖြစ်ပြီး အုပ်စုဖွင့်ပွဲမှာလည်း ဂျာမနီအသင်းကို ၆ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

    ဒါပေမယ့် ဒုတိယပွဲတော့ ခြင်္သေ့မတွေဟာ သမိုင်း၀င်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

    တောင်ကိုရီးယားအသင်းကို အကြိတ်အနယ်ကစားပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်မှာ မော်ရိုကိုအသင်းရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ 

    ပထမဆုံး ပု၀ါဆောင်း ကစားသမား

    မော်ရိုကိုအမျိုးသမီးတွေအတွက် နောက်ထပ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သူကတော့ နောက်ခံလူ နူဟိုင်လာ ဘန်ဇီနာ ဖြစ်ပါတယ်။ 

    ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟီဂျဘ်ပု၀ါဆောင်းပြီး ၀င်ကစားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် ဘန်ဇီနာတစ်ယောက် မှတ်တမ်း၀င်ခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲစဥ် ၂ ပွဲစလုံး ပထမ ၁၁  ယောက်စာရင်းမှာ ပါ၀င်ခဲ့ပြီး ခြေစွမ်းကောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ 

    “ဘန်ဇီနာနေရာကို ငါလည်းရောက်နိုင်တာပဲလို့ (မော်ရိုကို) မိန်းကလေးတွေ တွေးလာကြမယ်။ မူ၀ါဒ ချမှတ်သူတွေ၊ ဆုံးဖြတ်ချက် ချမှတ်သူတွေကလည်း ဒီအောင်မြင်မှုကို အသိအမှတ်ပြုပြီး၊ ပြိုင်ပွဲမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ ပိုမိုပါ၀င်လာအောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို လိုအပ်နေပြီလို့ ပြောလာကြတော့မှာပါ” လို့ Muslim Women in Sports Network အဖွဲ့ကို ပူးတွဲတည်ထောင်သူ အက်စ်မာ ဟီလာလ်က ပြောပါတယ်။ 

    မော်ရိုကို အမျိုးသမီးအသင်းဟာ သြဂုတ်လ ၃ ရက်နေ့မှာ အုပ်စုဗိုလ် ကိုလံဘီယာအသင်းနဲ့ နောက်ဆုံးပွဲစဥ် ကစားရမှာဖြစ်ပြီး နောက်ထပ် သမိုင်းသစ် ရေးထိုးနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: Olympics.com/Wiki

  • မီဇိုရမ်တွင် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ ကောက်ယူနေ

    မီဇိုရမ်တွင် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ ကောက်ယူနေ

    ဇူလိုင် ၃၀၊ ၂၀၂၃

    M-Media 


    -အိန္ဒိယ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်အရ နိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဇီ၀အချက်အလက်တွေကို ကောက်ယူနေပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ မီဇိုရမ်ဖက်ကို ထွက်ပြေးရသူ ၃ သောင်းကျော် ရှိပါတယ်။

    မြန်မာနိုင်ငံသားတွေရဲ့ ဇီ၀အချက်အလက် ကောက်ယူမှုကို မီဇိုရမ်မှာ ပြီးခဲ့တဲ့တစ်ပတ်က စတင်ပြီး လုပ်ဆောင်ခဲ့တာပါ။ ကပ်နေတဲ့ မဏိပူရ ပြည်နယ်မှာလည်း ဒီလို ကောက်ယူမှုတွေ လုပ်ဆောင်နေပါတယ်။ 

    မီဇိုရမ်မှာ မြန်မာနိုင်ငံသားတွေကို စာရင်းကောက်ယူပြီး သက်သေခံလက်မှတ်ထုတ်ပေးတာမျိုး အရင်က လုပ်ဆောင်ဖူးပါတယ်။

    အာဏာရ ဟိန္ဒူအစွန်းရောက်ပါတီ BJP အစိုးရဟာ မြန်မာနိုင်ငံက ၀င်ရောက်လာသူတွေကို နိုင်ငံရေးအတွက် အသုံးချတာမျိုး ရှိနေပါတယ်။ 

    မဏိပူရက ကသည်းတွေနဲ့ ကူကီးလူမျိုးတွေရဲ့ ပဋိပက္ခမှာ မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ချင်းလူမျိုးတွေက ဆွပေးတယ်လို့ အိန္ဒိယအစိုးရ တာ၀န်ရှိသူတစ်ချို့က စွပ်စွဲထားပါတယ်။ 

    Ref: Deccan Herald 

  • သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    ဇူလိုင် ၂၈၊ ၂၀၂၃

    M-Media 


    -နိုင်ငံတော် လျှို့၀ှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ နောက်ထပ် ရာဇတ်မှုစွဲချက် ၃ ခု ထပ်တင်ခံလိုက်ရပါတယ်။

    စစ်ဆေးခံနေရတဲ့ Mar-a-Lago ဇိမ်ခံအိမ်မှာ လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းတွေကို ထရမ့်က သူ့အလုပ်သမားတွေကို ဖျက်ခိုင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ 

    အစိုးရရှေ့နေတွေက ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ စုံစမ်းစစ်ဆေးရေးကို နှောက်ယှက်မှု မြောက်တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    နောက်တိုးအမှု ၃ ခုပါရင် ထရမ့် လက်ရှိ ရင်ဆိုင်နေရတဲ့အမှုပေါင်း ၄၀ ရှိသွားပြီဖြစ်ပါတယ်။ 

    တရားရေးအဖွဲ့တွေ မျက်စိလည်သွားစေဖို့အတွက် ထရမ့်ဟာ Mar-a-Lago အိမ်က ဗီဒီယိုမှတ်တမ်း ဇာတ်လမ်းတွေကို ပြောင်းဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ၀န်ထမ်း ၃ ဦးလည်း တရားစွဲဆိုခံခဲ့ရပါတယ်။ 

    စွဲချက် ၄၀ ထဲမှာ အီရန်ကို ၀င်တိုက်ဖို့ အဆိုပြုထားတဲ့ ထိပ်တန်းလျှို့၀ှက်ချက်ကို ၂၀၂၁ ခုနှစ်က ဂေါက်ကလပ်တစ်ခုမှာ တစ်ခြားသူတွေကို ပြန်ပြောပြတဲ့ ကိစ္စလည်း ပါ၀င်ပါတယ်။ 

    ထရမ့်ကတော့ ဒီစွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။ 

    Ref: Reuters

  • အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    ဇူလိုင် ၂၅၊ ၂၀၂၃

    M-Media


    – အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ ထမင်းချက်ကို မနေ့က ရေကန်တစ်ခုထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။ 

    မက်ဆာချူးဆက်ပြည်နယ် လူကုံထံရပ်ကွက် Martha’s Vineyard က ရေကန်ထဲမှာ ဖြစ်ပါတယ်။ အဲဒီရပ်ကွက်မှာ အိုဘားမားနေအိမ်လည်း ရှိပါတယ်။ 

    အသက် ၄၅ နှစ်အရွယ် တာဖာရီ ကမ်းပဲလ်ဆိုသူဟာ အရင်က အိမ်ဖြူတော်မှာ ထမင်းချက်အဖြစ် အလုပ်လုပ်ကိုင်ပြီး သမ္မတ အိုဘားမား ရာထူးကဆင်းသွားတဲ့အချိန် မိသားစုထမင်းချက်အဖြစ် ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

    လူတစ်ယောက်သာ ရပ်လို့ရတဲ့ ဘုတ်ပြားကို မတ်တပ်ရပ်ပြီး တက်နဲ့လှော်တဲ့ အားကစား Paddle Boarding ပြုလုပ်နေစဥ် ကမ်းပဲလ်တစ်ယောက် ရေထဲပြုတ်ကျ သေဆုံးသွားတာပါ။ 

    မက်ဆာချူးဆက်စ် ရဲတပ်ဖွဲ့ကတော့ သက်ကယ်အင်္ကျီ မ၀တ်ထားတဲ့ ကမ်းပဲလ်ရဲ့အလောင်းကို ရေအောက် ၂ မီတာခွဲလောက်မှာ တွေ့ရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

    အိုဘားမားက ကမ်းပဲလ်ဟာ ချက်ရေးပြုတ်ရေးကို ၀ါသနာထုံသူဖြစ်ပြီး၊ တီထွင်ဉာဏ်ရှိကာ အပေါင်းအသင်းဆန့်သူဖြစ်ကြောင်း၊ ကမ်းပဲလ်သေဆုံးမှုအတွက် အလွန်၀မ်းနည်းကြေကွဲရကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အခင်းဖြစ်ပွားချိန်မှာ အိုဘားမားဟာ သူ့နေအိမ်မှာ ရှိမနေပါဘူး။ 

    ကမ်းပဲလ်နဲ့အတူ ရေထဲပြုတ်ကျ ပျောက်ဆုံးနေတဲ့ အခြားသူတစ်ဦးလည်း ရှိပြီး ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်။ 

    Ref: Reuters