News @ M-Media

Blog

  • ဘယ်လ်ဂျီယံက ပါလက်စတိုင်းကို ကန်ဒေါ်လာ ၂၃ သန်း ထပ်မံထောက်ပံ့မည်

    ဘယ်လ်ဂျီယံက ပါလက်စတိုင်းကို ကန်ဒေါ်လာ ၂၃ သန်း ထပ်မံထောက်ပံ့မည်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၈
    M-Media

    – အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်း ဒုက္ခသည်များကို ကူညီရန်အတွက် ကုလ အကူအညီပေးရေးအဖွဲ့ UNRWA ကို ယူရို ၁၉ သန်း (ကန်ဒေါ်လာ ၂၃ သန်း) ထပ်မံ ထောက်ပံ့သွားမည်ဟု ဘယ်လ်ဂျီယံက ကတိပြုလိုက်သည်။

    အမေရိကန်က UNRWA အား ပုံမှန်ထောက်ပံ့နေမှုမှ ကန်ဒေါ်လာ သန်း ၆၀ ကျော် လျှော့ချလိုက်ပြီးနောက် ဘယ်လ်ဂျီယံက ယခုကဲ့သို့ ရန်ပုံငွေ ထပ်မံထည့်ဝင်ခြင်း ဖြစ်သည်။

    ဘယ်လ်ဂျီယံ ဒုတိယ၀န်ကြီးချုပ် အလက်ဇန်ဒါ ဒီ ခရူးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ယခု ထောက်ပံ့မှုကို ၃ နှစ်အတွင်း ပေးသွားမည်ဖြစ်ပြီး “လက်ရှိ UNRWA က ရင်ဆိုင်နေရသည့် ဘဏ္ဍာရေးအခက်အခဲကြောင့် ပထမအရစ်ကို ချက်ခြင်းပေးအပ်သွားမည်” ဟု ဖော်ပြထားသည်။

    သန်းနှင့်ချီသည့် ပါလက်စတိုင်း ဒုက္ခသည်များအား ထောက်ပံ့ပေးနေသော UNRWA ၏ ကော်မရှင်နာမင်းကြီးက ၎င်းတို့အား ကူညီရန် ဆော်အော်မှုကြောင့် ဘယ်လ်ဂျီယံအစိုးရက ကူညီမှု အရှိန်မြှင့်ခဲ့သည်ဟုလည်း ခရူးက ထည့်သွင်းပြောဆိုခဲ့သည်။

    “UNRWA ရဲ့ လုပ်ကိုင်မှုတွေကို ကျွန်တော် တော်တော်လေး လေးစားပါတယ်။ သူတို့ဟာ အခက်ခဲဆုံးနဲ့ အန္တရာယ်အရှိဆုံး အနေအထားမှာ လုပ်ရကိုင်ရတာပါ။ ဂါဇာ၊ ဆီးရီးယား၊ အနောက်ဖက်ကမ်းနဲ့ ဒေသတွင်းက အခြားနေရာတွေမှာ နေထိုင်ရတဲ့ အခြေအနေတွေဟာ မလွယ်ကူပါဘူး။ ပါလက်စတိုင်း ဒုက္ခသည် တော်တော်များများအတွက် UNRWA ဟာ နောက်ဆုံးကောက်ရိုးတစ်မျှင်ပါ။ UNRWA ရဲ့ ကူညီမှုနဲ့ ပါလက်စတိုင်းကလေးငယ် သန်းဝက်လောက်ဟာ ကျောင်းတက်နိုင်လာပါတယ်”

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းများအား ကူညီထောက်ပံ့မှုကို ဖြတ်တောက်မည်ဟု ဇန်န၀ါရီ ၂ ရက်နေ့တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် UNRWA ကို အမေရိကန်က ထောက်ပံ့မှု လျှော့ချခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အတွက် နိုင်ငံတာအသိုင်းအ၀ိုင်းက အမေရိကန်ကို ရှုတ်ချခဲ့သည်။

    Ref: Aljazeera

  • မီဇိုရမ်တွင် မြန်မာစစ်သားများက အိန္ဒိယနိုင်ငံသားကို မှားယွင်းပစ်ခတ်

    မီဇိုရမ်တွင် မြန်မာစစ်သားများက အိန္ဒိယနိုင်ငံသားကို မှားယွင်းပစ်ခတ်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    မီဇိုရမ်ပြည်နယ်

    – အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က အသက် ၆၇ နှစ်အရွယ် လယ်သမားတစ်ဦးကို မြန်မာစစ်သားတွေက သူပုန်လို့ထင်မှတ်ကာ မှားယွင်းပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာန The Hindu က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ဖော်ပြပါတယ်။

    ဘရူလူမျိုးစုက မိုနွန်ဒိုနဲ့ သူ့ရဲ့ ဇနီး ဘာနာတီတို့ဟာ Lawngtlai ခရိုင်က နှစ်နိုင်ငံနယ်စပ်မှာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့ညနေပိုင်းက ဆေးပင်တွေ ရှာနေတဲ့အချိန် မြန်မာစစ်သားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

    ဘာတာနီက သူတို့ဟာ သူပုန်တွေမဟုတ်ဘဲ အိန္ဒိယနိုင်ငံသားတွေဖြစ်တယ်လို့ ဟစ်အော်ခဲ့တဲ့နောက်ပိုင်း ပစ်ခတ်မှုကို ရပ်တန့်ကာ စစ်သားတွေက သူတို့နားလာပြီး ဆေးဝါးတွေပေးခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    မိုနွန်ဒိုကတော့ ပစ်ခတ်မှုကြောင့် ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

    မြန်မာနဲ့ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေဟာ မီဇိုရမ်နဲ့ ချင်းပြည်နယ် နယ်စပ်တစ်လျှောက် နှစ်နိုင်ငံ ပူးပေါင်းကာ ကင်းလှည့်မှုတွေ လုပ်လေ့ရှိပါတယ်။

    Ref: The Hindu, coconut yangon

  • ကမ္ဘာ့ပထမဆုံး ဒရုန်းဖြင့်လူကယ်မှုကို သြစတေးလျတွင် ပြုလုပ်ခဲ့

    ကမ္ဘာ့ပထမဆုံး ဒရုန်းဖြင့်လူကယ်မှုကို သြစတေးလျတွင် ပြုလုပ်ခဲ့

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    – သြစတေးလျနိုင်ငံက ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ လူငယ်နှစ်ဦးကို ဒရုန်းနဲ့ အသက်ကယ်ပစ္စည်းတွေ ပေးပို့ကာ ကယ်တင်နိုင်ခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဒရုန်းနဲ့ လူကယ်တဲ့ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဒီကနေ့ နယူးဆောက်ဝေးလ်ပြည်နယ်က ပင်လယ်ပြင်မှာ ရေကူးနေစဉ်အတွင်း အဲဒီလူငယ်နှစ်ဦးဟာ ၁၀ ပေနီးပါးလောက်မြင့်တဲ့ လှိုင်းကြားမှာ ရေနစ်မလိုဖြစ်ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။

    ကမ်းခြေက တစ်ခြားသူတွေဟာ ဒီအဖြစ်အပျက်ကို မြင်ခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေကို သတိပေးခဲ့ပြီး တစ်ခဏအတွင်းမှာ ဒရုန်းနဲ့ သက်ကယ်ပစ္စည်းတွေ ပေးပို့နိုင်ခဲ့တာကြောင့် လူငယ်နှစ်ဦးဟာ အထိအခိုက်မရှိဘဲ ကမ်းခြေကို ပြန်လာနိုင်ခဲ့ပါတယ်။

    “တစ်မိနစ်ကနေ နှစ်မိနစ်အတွင်းမှာ ကျွန်တော်ဟာ ဒရုန်းကို ပျံသန်းစေကာ လိုအပ်တဲ့ပစ္စည်းတွေကို သွားပေးနိုင်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ ကယ်ဆယ်ရေးသမားတွေဟာ မိနစ်အနည်းငယ်လောက် ကြာကြာသွားရပါတယ်” လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဂျိုင် ရှီရီဒန်က ပြောကြားခဲ့ပါတယ်။

    သြစတေးလျဟာ နိုင်ငံတစ်ဝှမ်း ကမ်းခြေတွေမှာ ပင်လယ်ပြင် ကယ်ဆယ်ရေးအတွက် ဒရုန်းတွေကို ဖြန့်ကျက်ချထားပါတယ်။

    ဒရုန်းတွေကို ပင်လယ်ပြင်မှာ ရေကူးတဲ့သူတွေရဲ့ နေရာကို ရှာဖွေဖော်ထုတ်တာ၊ အသက်ကယ်ပစ္စည်းတွေ ပေးပို့တာတွေအပြင် ရေအောက်က ငါမန်းတွေ၊ ဂျယ်လီငါးတွေကို ရှာဖွေတာမျိုးတွေမှာလည်း အသုံးပြုနေပါတယ်။

    Ref: CNA

  • အငြင်းပွားရုပ်ရှင်အား မပြသရန်တောင်းဆိုမှုကို အိန္ဒိတရားရုံးချုပ် ပယ်ချ

    အငြင်းပွားရုပ်ရှင်အား မပြသရန်တောင်းဆိုမှုကို အိန္ဒိတရားရုံးချုပ် ပယ်ချ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    – မွတ်စလင်ဘုရင်တစ်ပါးနဲ့ ဟိန္ဒူဘုရင်မတစ်ဦးတို့ ချစ်ကြိုးသွယ်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ Padmaavat ရုပ်ရှင်ကို မပြသဖို့ တောင်းဆိုမှုကို အိန္ဒိယ တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

    ၁၄ ရာစုက ရာဂ်ျပွတ်လူမျိုး ဘုရင်မ ပဒ်မီနီအကြောင်း ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ မိဖုရားကို ပုံဖျက်ထားတယ်လို့ လယ်ယာစွန်း ဟိန္ဒူအုပ်စုက စွပ်စွဲထားပြီး၊ ရာပွတ်မျိုးနွယ်အုပ်စုကတော့ ဒါဟာ သူတို့မျိုးနွယ်ကို မလေးစားရာရောက်တယ်လို့ ပြောကြားထားပါတယ်။

    ဆန့်ကျင်မှုတွေ ရှိခဲ့တာကြောင့် ဒီရုပ်ရှင်ကို ပြည်နယ် ၆ ခုမှာ ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။ ရုပ်ရှင် ထုတ်လုပ်သူတွေဟာ တရားရုံးချုပ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်ကြားခဲ့ကာ ဒီကနေ့မှာတော့ တရားရုံးက ပြသမှု ပိတ်ပင်ထားတာတွေ တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    ပြသခွင့်ပိတ်ပင်ထားတဲ့ ပြည်နယ်တွေက ဟာရ်ယာနာ၊ ဂူဂျာရတ်၊ ဟီမာချာလ် ပရာဒက်ရှ်၊ မဒ်ယာ ပရာဒက်ရှ်၊ ရာဂျက်စတန်နဲ့ အူတရာခန်း ပြည်နယ်တို့ဖြစ်ပြီး တစ်ခြားပြည်နယ်တွေအနေနဲ့ ဒီရုပ်ရှင်ကို ပိတ်ပင်မှုမလုပ်ရ ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    ဒီဇင်ဘာ ၁ ရက်နေ့မှာ ရုံတင်ဖို့ လုပ်ထားပေမယ့် ဆန္ဒပြမှုတွေ၊ ဒါရိုက်တာနဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေ၊ အဓိက ဇာတ်ဆောင်မင်းသမီး ဒီပီကာ ပါဒူကိုနီကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေကြောင့် ရက်ရွှေ့ခဲ့ရပြီး ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ခဲ့ပါတယ်။

    နိုဝင်ဘာလတုန်းက အာဏာရ BJP ပါတီရဲ့ တာဝန်ရှိသူတစ်ဦးဟာ မင်းသမီးနဲ့ ဒါရိုက်တာတို့ရဲ့ခေါင်းကိုဖြတ်နိုင်ရင် ဆုငွေ ကန်ဒေါ်လာ ၁.၅ သန်းပေးမယ်လို့ ကြေငြာခဲ့ပါတယ်။

    တရားရုံးချုပ်က ပြသခွင့်ပြုခဲ့ပေမယ့် ဆန့်ကျင်သူတွေကတော့ ဒီရုပ်ရှင်ကို ပိတ်ပင်ဖို့ ဗဟိုအစိုးရကို တိုက်တွန်းကာ ဆန္ဒပြမှုတွေ လုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera