News @ M-Media

Blog

  • သမ္မတဒူတာတေးအား ဝေဖန်သည့် သတင်းဌာနကို ဖိလစ်ပိုင်က အကြောင်းရှာ ပိတ်ပစ်

    သမ္မတဒူတာတေးအား ဝေဖန်သည့် သတင်းဌာနကို ဖိလစ်ပိုင်က အကြောင်းရှာ ပိတ်ပစ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၈
    M-Media

    မနီလာရှိ Rappler သတင်းဌာန ရုံးခန်း

    – သမ္မတ ရော်ဒရီဂို ဒူတာတေးအား ဝေဖန်ပြောဆိုသည့် လွတ်လပ်သော သတင်းဝဘ်ဆိုက်တစ်ခုကို ဖိလစ်ပိုင်အစိုးရက ပိတ်ပစ်လိုက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို တိုက်ခိုက်မှုဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

    ဖိလစ်ပိုင် ငွေချေး သက်သေခံလက်မှတ်လဲလှယ်ရေနှင့် အိတ်ချိန်းကော်မရှင် SEC က ၎င်းတို့အနေဖြင့် Rappler သတင်းဌာန မှတ်ပုံတင်ထားမှုကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံခြားသား ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    SEC မှာ နိုင်ငံတွင်း ငွေချေးသက်သေခံလက်မှတ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ ကုမ္ပဏီ မှတ်ပုံတင်မှုဆိုင်ရာများကို ကိုင်တွယ်ရသည့် အဖွဲ့ဖြစ်သည်။ ယခုလုပ်ရပ်မှာ SEC အနေဖြင့် မီဒီယာကုမ္ပဏီတစ်ခုကို ပထမဆုံးအကြိမ် ပိတ်ပစ်ခြင်းလည်းဖြစ်သည်။

    အွန်လိုင်းမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Rappler ၏ စီအီးကို မာရီယာ ရက်ဆာက ထိုဆုံးဖြတ်ချက်မှာ အလွန်အမင်း နိုင်ငံရေးသဘော ဆောင်နေကြောင်း၊ မှန်ကန်သည့် ဆောင်ရွက်မှုများ မလုပ်ဘဲ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ မိမိတို့ကို ဖြေရှင်းခွင့်မပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

    Rappler မှာ ဒူတာတေး၏ မူးယစ်နှိမ်နှင်းမှု လုပ်ငန်းအတွက် ဝေဖန်မှုများကို တောက်လျှောက်ပြုလုပ်ခဲ့ပြီး၊ ဒူတာတေးက ပထမဆုံး ခန့်အပ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး၏ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ ဝေဖန်ရေးသားခဲ့သည်။ ထို့ကြောင့် အဆိုပါ နိုင်ငံခြားရေးဝန်ကြီးမှာ ရာထူးမှတ် နှုတ်ထွက်သွားခဲ့ရသည်။

    Ref: Aljazeera

  • ယူအေအီးအမျိုးသမီးက ဖိလစ်ပိုင်ကလေးထိန်းကို အိမ်တစ်လုံးလက်ဆောင်ပေး

    ယူအေအီးအမျိုးသမီးက ဖိလစ်ပိုင်ကလေးထိန်းကို အိမ်တစ်လုံးလက်ဆောင်ပေး

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    မက်ပိုက် (၀ဲ) နှင့် တွေ့ရသည့် ဒီနာ

    – အသက် ၄၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်သူ ကလေးထိန်းဟာ ယူအေအီးက အလုပ်ရှင် သူမအတွက် ဖိလစ်ပိုင်မှာ အိမ်တစ်လုံး လက်ဆောင်ပေးတယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေပါတယ်။

    အိမ်ရှင် မီလီဆာ မက်ပိုက်ကတော့ ကလေးထိန်း ဒီနာ တီနီရိုက်ဖ် ဆဲလ်လိုကို ဘာ့ကြောင့် ဒီလို ချီးမြှင့်ရလဲဆိုတာ အခုလို ပြောပြခဲ့ပါတယ်။

    “စတွေ့တဲ့နေ့ကတည်းက သူ့ရဲ့ စိတ်နေစိတ်ထားကို သတိပြုမိခဲ့တာရှင့်။ သူမဟာ အရမ်းရိုးသားတယ်၊ အရမ်းလည်း ကျိုးနွံပါတယ်” လို့ မက်ပိုက်က ပြောပါတယ်။

    မက်ပိုက်ဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး အဘူဒါဘီမှာ နေထိုင်နေတာ ၂၆ နှစ်ရှိပါပြီ။ စအီးဒ်နဲ့ စအစ်ဖ် အ လ် မူဟိုင်ရီလို့ခေါ်တဲ့ သားနှစ်ယောက်ရှိပြီး နှစ်ယောက်စလုံးကို ဒီနာက ထိန်းကျောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

    ကနဦးအနေနဲ့ မက်ပိုက်ဟာ ဖိလစ်ပိုင်နိုင်ငံ ကာမာရင်း ဆူရ်ဒေသမှာ မြေကွက်တစ်ကွက်ဝယ်ဖို့အတွက် ကန် ၆၂၆၁ ဒေါ်လာကို ဒီနာထံ ပေးအပ်ခဲ့ပါတယ်။ မြေကွက်မှာ အိမ်ဆောက်ဖို့အတွက်ကိုတော့ သားဖြစ်သူ စအီးဒ်က ဖိလစ်ပိုင်အထိ သွားရောက်ကြီးကြပ်မှာ ဖြစ်ပါတယ်။

    “ဒီနာက နည်းနည်းတော့ တုန်လှုပ်နေတယ်ရှင့်။ အရမ်းကို ရက်ရောလွန်းတယ်လို့ သူက ထင်နေတာ။ ‘မလုပ်နဲ့ သိပ်များနေပြီ’ လို့ သူက ဆက်တိုက်ပြောနေတာ” လို့ မက်ပိုက်က ဖွင့်ဟခဲ့ပါတယ်။

    အိမ်ဆောက်ဖို့အတွက် နောက်ထပ် ကန်ဒေါ်လာ ၄ ထောင်ကျော်ကို စအီးဒ်က ဒီနာရဲ့ ဘဏ်စာရင်းထဲ လွှဲပေးခဲ့ပြီး ‘ဖြစ်သလိုဆောက်မှာမဟုတ်ပါဘူး။ ရှယ်ဆောက်မှာပါ’ လို့ စအီးဒ်က ပြောကြားခဲ့ပါတယ်။

    မက်ပိုက်က သူ့အနေနဲ့ အရင်တုန်းကလည်း ဒီနာကို ငွေသား၊ လက်ကိုင်အိတ်လိုမျိုး လက်ဆောင်တွေပေးဖူးပြီး နောက်ပိုင်းမှာ ဒီနာက သူ့မိသားစုတွေကို ပြန်ပေးခဲ့ကြောင်း၊ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ဒီနာရဲ့ဘ၀ ပြောင်းလဲသွားစေမယ့် လက်ဆောင်မျိုးကို ပေးဖို့ စိတ်ကူးရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    ဒီနာကတော့ ဖိလစ်ပိုင်က ကျေးလက်ပြည်သူတွေရဲ့ ဆန္ဒဟာ တိုက်နဲ့တာနဲ့ နေထိုင်ချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

    စအီးဒ်နဲ့ စအစ်ဖ်တို့ ၆ နှစ်နဲ့ ၄ နှစ်အရွယ်မှာ ဒီနာကို မက်ပိုက်တို့က ကလေးထိန်းအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကလေးထိန်းထားတဲ့ဓလေ့ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အရှေ့အလယ်ပိုင်းမှာ ကလေးထိန်းတွေဟာ မိဘတွေအပေါ် မကျေနပ်မှုကြောင့် ကလေးတွေကို လက်တုန့်ပြန်တာမျိုး ဖြစ်လေ့ရှိပေမယ့် ဒီနာဟာ လုံးဝ ယုံကြည်ရသူမျိုးဖြစ်တယ်လို့ မက်ပိုက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီနာဟာ ကျွန်မရဲ့ ဘဏ်စာရင်းအသေးစိတ်နဲ့ အိမ်မှာရှိသမျှအားလုံးကို ကိုယ်တွယ်ရသူပါ။ သူရှိလို့ သော့ခတ်ရမယ်ဆိုတဲ့ စိတ်မျိုး ဘယ်တုန်းကမှ ကျွန်မ မဖြစ်ခဲ့ဖူးပါဘူး ”

    Ref: Alarabiya

  • အိန္ဒိယတွင် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရပြန်

    အိန္ဒိယတွင် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရပြန်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံတွင် အသက် ၁၅ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့်အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဟာရ်ယာနာပြည်နယ်မှ အဆိုပါ အမျိုးသမီးငယ်မှာ ဇန်န၀ါရီ ၉ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ယခုတစ်ပတ်တွင် မြို့တော်ဒေလီ၏ အနောက်ဖက် ဂျင်ဒ်ခရိုင်တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ဆရာဝန်များက မိန်းကလေးငယ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရကာ ကိုယ်လက်အင်္ဂါလည်း ဖြတ်တောက်ခံထားရသည်ဟု ပြောကြားခဲ့သည်။

    “သူမဟာ ၂ ဦးထက်မကတဲ့ လူတွေရဲ့ လိင်စော်ကားမှုကို ခံထားရပုံရပါတယ်။ အဲဒီလူတွေဟာ သူမရဲ့ မိန်းမကိုယ်ထဲကို အရာဝတ္ထုတစ်ချို့ ထည့်ဖို့ ကြိုးစားထားတယ်။ အသည်းကလည်း ပေါက်ထွက်နေပါတယ်။ ခန္ဓာကိုယ်၊ မျက်နှာ၊ လည်ပင်း၊ နှုတ်ခမ်းနဲ့ ရင်ပတ် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပရပွရှိနေပါတယ်။ သေဆုံးသူဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကနေ လွတ်မြောက်အောင် အတင်းရုန်းကန်ထားပုံ ရပါတယ်” ဟု အလောင်းစစ်ဆေးမှုလုပ်ခဲ့သည့် ဒေါက်တာ အက်စ်ကေ ဒတ္တာဝါလ်က ပြောကြားခဲ့သည်။

    ဖခင်ဖြစ်သူက ၎င်း၏ သမီးမှာ ပုံမှန်အတိုင်း ကျူရှင်သွားခဲ့ပြီး ၎င်းက ညဘက်တွင် သွားကြိုသည့်အခါတွင် ဆရာမက သမီးငယ်မှာ ကျူရှင်သို့ လာရောက်ခြင်းမရှိဟု ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ထို့နောက် ည ၁၀ နာရီတွင် ရဲစခန်း၌ အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော့်သမီးပျောက်တဲ့နေ့မှာ ရဲတွေကသာ သူတို့အလုပ် သူတို့လုပ်ခဲ့ရင် ကျွန်တော့်သမီးလေး အသက်ရှင်ကောင်း ရှင်ပြီး၊ ဆိုးဆိုးရွားရွားတွေလည်း ဖြစ်မှာမဟုတ်ပါဘူး”

    ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ရှိတွင် လူများအပြားကို ထိန်းသိမ်းကာ စစ်ဆေးမှုပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    အိန္ဒိယတွင် အရွယ်မရောက်သေးသူများနှင့် မိန်းကလေးငယ်များကို အဓမ္မကျင့်မှုမှာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက နိုင်ငံတွင် အဓမ္မကျင့်ရောဂါ စွဲကပ်နေသည်ဟုပြောဆိုကြသည်။

    ၂၀၁၂ ခုနှစ်က ဒေလီတွင် ဖြစ်ပွားခဲ့သည့် ဆေးကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်မှုမှာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ နိုင်ငံတစ်ဝှမ်းလည်း လူထုအုံကြွမှု ဖြစ်လာကာ ထိထိရောက်ရောက် အရေးယူရန်၊ ဥပဒေကို ပိုမိုတင်းကြပ်ရန်၊ ကျူးလွန်သူကို ဒဏ်ပေးရန် တောင်းဆိုခဲ့သည်။

    သို့သော်လည်း ထိုကဲ့သို့ အဖြစ်အပျက်များမှာ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဆက်လက် ဖြစ်ပွားလျက် ရှိနေဆဲဖြစ်သည်။

    Ref: Aljazeera

  • ဂျာမနီမဂ္ဂဇင်းတစ်ခုက အမေရိကန်သမ္မထရမ့်ကို မျောက်နှင့်ခိုင်းနှိုင်းကာ လှောင်ပြောင်

    ဂျာမနီမဂ္ဂဇင်းတစ်ခုက အမေရိကန်သမ္မထရမ့်ကို မျောက်နှင့်ခိုင်းနှိုင်းကာ လှောင်ပြောင်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    – ဂျာမနီနိုင်ငံက မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Der Spiegel ဟာ အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်ကို မျောက်အဖြစ် ဖော်ပြကာ လှောင်ပြောင်လိုက်ပါတယ်။

    ဒီတစ်ပတ်အတွင်း ထွက်လာမယ့် မဂ္ဂဇင်းမျက်နှာဖုံးမှာ ထရမ့်ကို ဒီလို လှောင်ပြောင်လိုက်တာဖြစ်ပြီး သူတို့ရဲ့ Twitter စာမျက်နှာမှာ မနေ့က မျှဝေခဲ့ပါတယ်။ ခေါင်းစဉ်ကိုတော့ ‘In the age of Fire and Fury’ လို့ ဂျာမန်ဘာသာနဲ့ ပေးထားပြီး မကြာခင်ကမှ ထွက်ထားတဲ့ ထရမ့်အကြောင်းစာအုပ် Fire and Fury: Inside the Trump White House ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

    သိပ္ပံနယ်ပယ်မှာ March of Progress လို့ လူသိများတဲ့ မျောက်ကနေ လူအဖြစ် အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုကို လူကနေ မျောက်အဖြစ် အဆင့်ဆင့်နိမ့်ကျသွားတဲ့ ပုံစံမျိုး ပြောင်းပြန် သရုပ်ဖော်ကာ နောက်ဆုံး မျောက်နေရာမှာ ထရမ့်ရုပ်ပုံကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    ထရမ့်ဟာ ပြီးခဲ့တဲ့ကြာသာပတေးနေ့က အိမ်ဖြူတော်အစည်းအဝေးတစ်မှာ အာဖရိကန်တွေကို လူမျိုးရေးခွဲခြားမှုကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ပေါ်ပေါက်ပြီး ၂ ရက်အကြာမှာ ပြင်သစ်မဂ္ဂဇင်းက ဒီလို ဖော်ကျူးခဲ့တာပါ။

    အာဖရိကနိုင်ငံတွေဟာ ဒီစော်ကားမှုကို ပြန်ရုပ်သိမ်းပေးဖို့၊ လူသိရှင်ကြား ပြန်လည်တောင်းပန်ဖို့ ထရမ့်ကို တောင်းဆိုထားပါတယ်။

    လစ်ဘရယ်အမြင်တွေကို ဖော်ပြလေ့ရှိတဲ့ Der Spiegel မဂ္ဂဇင်းဟာ အရင်ကလည်း ထရမ့်ကို လှောင်ပြောင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လတုန်းက မျက်နှာဖုံးမှာ လူဖြူအစွန်းရောက်ဂိုဏ်း Ku Klux Klan အဖွဲ့ ဦးထုပ်ဆောင်းထားတဲ့ ထရမ့်ပုံကို ဖော်ပြခဲ့ပြီး ဗားဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမှာဖြစ်တဲ့ အကြမ်းဖက်မှုမှာ လူဖြူအစွန်းရောက်တွေကို ကာကွယ်တဲ့ ထရမ့်ရဲ့မှတ်ချက်ကို တုန့်ပြန်တာ ဖြစ်ပတယ်။

    Ref: The Hill

     

  • ဘဂ္ဂဒတ်တွင် အသေခံဗုံးခွဲမှုများဖြစ်ပွားပြီး လူအများအပြား သေဆုံး

    ဘဂ္ဂဒတ်တွင် အသေခံဗုံးခွဲမှုများဖြစ်ပွားပြီး လူအများအပြား သေဆုံး

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    ဖောက်ခွဲမှုဖြစ်ပွားပြီးနောက် မြင်ကွင်း

    – အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်တွင် ယနေ့မနက်ပိုင်းက အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃၈ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မြို့လယ်ကောင်ရှိ အလ်တေယာရန်ရင်ပြင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးခွဲသမားနှစ်ဦးက ဖောက်ခွဲခြင်းဖြစ်ကာ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၆၅ ဦး ရှိသည်ဟု အီရတ် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆအဒ် မာအန်က ပြောကြားခဲ့သည်။

    ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသူ များပြားမှုကြောင် သေဆုံးသူအရေအတွက် တိုးလာနိုင်သည်ဟု ဆိုသည်။

    အလ်တေယာရန်ရင်ပြင်မှာ ဘဂ္ဂဒတ်အရှေ့ပိုင်း ဆဒါရ်မြို့နှင့် အလ်ဂျူမာရီယာတံတားအကြား အဓိက အချက်အခြာနေရာဖြစ်သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယခြင်း မရှိသေးပေ။

    ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဘဂ္ဂဒတ်မြို့တွင် ဆိုးဆိုးဝါးဝါး ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ စနေနေ့ကလည်း ဘဂ္ဂဒတ်မြောက်ဖက် အေဒင်ရင်ပြင်အနီး စစ်ဆေးရေးဂိတ်တွင် အသေခံဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် လူအများအပြား သေဆုံးခဲ့သည်။

    Ref: Aljazeera