News @ M-Media

Blog

  • လူမျိုးရေးခွဲခြားမှုအတွက် ပြန်တောင်းပန်ရန် ထရမ့်ကို အာဖရိကနိုင်ငံများ တောင်းဆို

    လူမျိုးရေးခွဲခြားမှုအတွက် ပြန်တောင်းပန်ရန် ထရမ့်ကို အာဖရိကနိုင်ငံများ တောင်းဆို

    ဇန်န၀ါရီ ၁၃၊ ၂၀၁၈
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အာဖရိကန်တွေအပေါ် လူမျိုးရေးခွဲခြားခဲ့တဲ့ လတ်တလောမှတ်ချက်အတွက် ပြန်လည်တောင်းပန်ဖို့ အာဖရိကနိုင်ငံတွေက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

    ကြာသာပတေးနေ့က အိမ်ဖြူတော်မှာ အောက်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အလ်ဆာဗေဒိုး၊ ဟေတီနဲ့ အာဖရိကတိုက်က အမေရိကန်ကို ပြောင်းရွှေ့ခြေချသူတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ အာဖရိကန်နိုင်ငံတွေကို ‘ချီးထုပ်နိုင်ငံတွေ’ လို့ ထရမ့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ကုလက အာဖရိကသံအမတ်တွေကတော့ ဒီလို လူမျိုးရေးခွဲခြားမှုမှတ်ချက်အတွက် လူသိရှင်ကြား ပြန်လည်တောင်းပန်ဖို့ ထရမ့်ကို တာင်းဆိုလိုက်ပါတယ်။

    “မီဒီယာတွေက ကျယ်ကျယ်ပြန့်ဖော်ပြနေကြတဲ့ အမေရိကန်သမ္မတရဲ့ ရိုင်းစိုင်းတဲ့၊ လူမျိုးရေးခွဲခြားတဲ့၊ လူမျိုးခြားကြောက် မှတ်ချက်တွေအတွက် အာဖရိက သံအမတ်များအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချသလို၊ အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ ကုလဆိုင်ရာ ဂါနာသံအမတ် မာသာ အေမာ အက်ယာ ပိုဘီက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်နေနဲ့ ဒီစကားကို ရုပ်သိမ်းဖို့၊ ပြန်လည်တောင်းပန်ဖို့လည်း သူတို့တွေက တောင်းဆိုခဲ့ကြပါတယ်။

    ကုလက အာဖရိကန်သံအမတ်တွေဟာ အရေးပေါ် ဆွေးနွေးမှုလည်း လုပ်ခဲ့ပြီး အာဖရိကနဲ့ လူဖြူမဟုတ်သူတွေကို အပုပ်ချဖို့အတွက် အမေရိကန်အစိုးရက တိုးမြှင့်လုပ်ဆောင်လာနေတာတွေကို အလွန်အမင်းစိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။

    အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာဖရိကသမဂ္ဂကတော့ သူတို့အနေနဲ့ ‘အလွန်အမင်းစိုရိမ်မိတယ်’ လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီလူမျိုးရေးခွဲခြားမှုကို သူ့ရဲ့ ရီပက်ဘလစ်ကန် ပါဝင်တီဝင်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

    ထရမ့်က အစည်းအဝေးမှာ ကြမ်းတမ်းတဲ့စကားလုံးမျိုးကို ပြောဆိုခဲ့ပေမယ့် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်မျိုး မပါဘူးလို့ မနေ့မှာ Twitter စာမျက်နှာကနေတစ်ဆင့် ရေးသားခဲ့ပါတယ်။

    Ref: Aljazeera

     

  • စိုက်ပျိုးရေးဆန်းသစ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၃)

    စိုက်ပျိုးရေးဆန်းသစ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၃)

    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    အလယ်ခေတ် စပိန်မွတ်စလင် လယ်သမားများ၏ဘ၀ကို ပုံဖော်ထားမှု

    – ဥယာဉ်တစ်ခြံဖြစ်ဖြစ်၊ စပါးတစ်ခင်းဖြစ်ဖြစ် ရှင်သန်ကြီးထွားဖို့မှာ ဂေဟဗေဒစနစ်တွေ မျှတဖို့ လိုအပ်ပါတယ်။ အသီးအနှံတွေ အောင်မြင်ဖြစ်ထွန်းဖို့မှာ မြေဆီအရည်အသွေး၊ ရေရရှိမှု၊ လူသားတွေရဲ့ ပြုစုပျိုးထောင်မှုတွေ အချိုးကျကျ ပေါင်းစပ်ပါဝင်ရပါတယ်။ အလေအလွင့်မရှိဘဲ ကောက်ပဲသီးနှံတွေ အထွက်နှုန်းကောင်းစေဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအရင်က စပိန်မွတ်စလင်တွေဟာ စိုက်ပျိုးရေးနည်းလမ်းတွေ၊ မြေဆီမြေနှစ်ရဲ့ သဘောသဘာဝတွေကို စနစ်တကျ လေ့လာခဲ့ကြပါတယ်။

    အဲဒီအချိန်က သူတို့တွေရဲ့ စိုက်ပျိုးမှုနည်းလမ်းဟာ ခေတ်ရှေ့ပြေးခဲ့ပြီး ဂေဟစနစ်နဲ့လျော်ညီတဲ့၊ အင်မတန် အကျိုးဖြစ်ထွန်းတဲ့ စနစ်တွေ ဖြစ်ခဲ့ပါတယ်။ ထယ်ထိုးတာ၊ မြောင်းဖော်တာ၊ ထွန်ချတာတွေနဲ့ လယ်မြေတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာ အသေးစိတ်ဖော်ပြထားတဲ့ စာအုပ်တွေကိုလည်း ရေးသား ခဲ့ကြပါတယ်။ မြေဆီနဲ့ ရေကို အရည်အသွေးအလိုက် အဆင့်ခွဲတာတွေကိုလည်း မွတ်စလင်လယ်သမားတွေက စတင်ခဲ့တာဖြစ်ပါတယ်။ တော်လေဒိုဒေသ အုပ်ချုပ်ရေးမှူးရဲ့ ဥယျာဉ်မှူး အစ်ဗနေ့ ဘာဆဲလ် (Ibn Bssal) ဟာ ၁၀၈၅ ခုနှစ်မှာ Book of Agriculture (စိုက်ပျိုးရေးဆိုင်ရာကျမ်း) ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ဘာဆဲလ်က ရာသီအလိုက် မြေဆီကြွယ်ဝမှုကိုအခြေခံပြီး စိုက်ပျိုးမြေ အမျိုးအစား ၁၀ မျိုးကို သတ်မှတ်ခဲ့ပါတယ်။ မြေလွတ်မြေရိုင်းတွေကို ဇန်န၀ါရီနဲ့ မေလအတွင်း ၄ ကြိမ်လောက် ထွန်ယက်ဖို့၊ မြေထဲပင်လယ်ဒေသမှာ အဓိကစိုက်ပျိုးတဲ့ ၀ါပင်တွေအတွက်ဆိုရင် အနည်းဆုံး ၁၀ ကြိမ်လောက်ထွန်ယက်ဖို့ ဘာဆဲလ်က အကြံပြုထားပါတယ်။

    ဆီးဗီးလားက ၁၂ ရာစု ရုက္ခဗေဒပရှင် အစ်ဗနေ့ အလ်-အောင်ဝမ် (Ibn al-Awwam) က ဂရိ၊ အီဂျစ်နဲ့ ပါရှန်ပညာရှင်တွေ အရင်က လေ့လာဖော်ထုတ်မှုတွေကို စုစည်းကာ ကဏ္ဍပေါင်း ၃၄ ခုပါတဲ့ စိုက်ပျိုးရေးကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပါတယ်။ အပင်တွေအကြောင်းအပြင် ဒီစာအုပ်မှာ တရိစ္ဆာန်မွေးမြူခြင်းဆိုင်ရာ နည်းလမ်းတွေ၊ လယ်သမားတွေအတွက် အဖိုးတန်အကြံပြုချက်တွေလည်း ပါဝင်ပါတယ်။ အပင်ပေါင်း ၅၈၅ ခုအကြောင်း ဖော်ပြထားရာမှာ သီးပင်စားပင်ပေါင်း ၅၀ ပါဝင်ပြီး ကိုင်းကူးကိုင်းဆက်နည်း၊ မြေဆီပြုပြင်မှု၊ သဘာဝမြေသြဇာ အသုံးပြုမှု၊ အပင်ဖျက်ပိုးအကြောင်းနဲ့ နှိမ်နှင်းမှုနည်းလမ်းတွေ၊ ခြံစိုက်နည်း၊ ရေးပေးနည်း၊ ပျိုးထောင်နည်းတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ သံလွင်ပင် စိုက်ပျိုးနည်းအကြောင်းကိုတော့ အလ်-အောင်ဝမ်က အပြည့်စုံဆုံး ရေးသားထားပါတယ်။

    ထယ်ထိုးမှုနည်းစနစ်၊ ပျိုးကြဲမှုကာလ၊ ပျိုးကြဲနည်း၊ ရေသွင်းမှု၊ အပင်ပေါက်လာပြီးတဲ့နောက် ထိန်းသိမ်း ပျိုးထောင်မှု၊ ရိတ်သိမ်းမှု စတဲ့ နည်းစနစ်ကိုတွေကို ဖော်ပြထားတဲ့ အခန်းတစ်ခုလည်း ဒီကျမ်းမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် အလ်-အောင်ဝမ်ရဲ့ ဒီစာအုပ်ာဟာ လယ်သမားတွေရဲ့ လက်စွဲစာအုပ်ဖြစ်ခဲ့ပြီး ၁၈ ရာစုအဆုံးပိုင်းနဲ့ ၁၉ ရာစု အလယ်ပိုင်းအထိ ပြင်သစ်၊ စပိန်ဘာသာစကားတွေနဲ့ အကြိမ်ကြိမ် ရိုပ်နှိပ်ထုတ်ဝေခဲ့ရပါတယ်။

    အီရန်မှ ခိုမျှော်စင်

    သက္ကရာဇ် ၉၆၁ ခုနှစ် ကော်ဒိုဘာမှာ တော်တော်လေးကိုတိကျတဲ့ လယ်သမားသုံး ပြက္ခဒိန်တစ်ခု ပေါ်ထွက်ခဲ့ပါတယ်။ တစ်လချင်းစီမှာ လယ်သမားတွေ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ သီးနှံစိုက်ပျိုးရမယ့် အချိန်တွေ၊ ဂေဟစနစ်ပြောင်းလဲမှုတွေကို ဒီပြက္ခဒိန်မှာ အပြည့်အစုံ ထည့်သွင်းထားပါတယ်။ ဥပမာအားဖြင့် မတ်လမှာ သဖန်းပင်တွေကို ကိုင်းကူးကိုင်းဆက်လုပ်ရမယ်၊ မျိုးစေ့တွေကနေ အညှောင့်ပေါက်မယ် ဆိုတာမျိုး၊ ဒီလဟာ ကြံစိုက်ရမယ့်လ၊ နှင်းဆီတွေ၊ တမာတွေ အဖူးဖူးတဲ့လ၊ ငုံးတွေ ပေါ်လာပြီး၊ ပိုးမျှင်ကောင်တွေ ဥဥတဲ့၊ ပင်လယ်ငါးတွေ မြူးတဲ့လ စသဖြင့် ဖော်ပြထားတာ ဖြစ်ပါတယ်။ သခွားတွေ၊ ၀ါတွေ၊ ကုံကုမံ၊ ခရမ်းသီးတွေလို ဒီလအတွင်း စိုက်ရမယ့် သီးနှံစာရင်းတွေလည်း ဒီပြက္ခဒိန်မှာ ဖော်ပြထားပါတယ်။ စစ်တပ်အတွက် တိုက်မြင်းတွေဝယ်ယူပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဆီကို အစိုးရက ဒီလအတွင်း စာပို့လေ့ရှိတာ၊ စိုက်ခင်းတွေမှာ ကျိုင်းကောင်တွေ ကျတတ်တာကြောင့် ဒီကျိုင်းကောင်းတွေကို နှိမ်နှင်းဖို့ အမိန့်ထုတ်တာ သံပုရာနဲ့ မာဂျိုရမ်လို့ခေါ်တဲ့ မြေထဲပင်လယ်က ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး စိုက်ရမယ့်ကာလ ဖြစ်တယ်ဆိုတာမျိုးတွေကိုလည်း ဖော်ပြထားပါတယ်။

    အလယ်ခေတ် မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ သူတို့ရဲ့ ပညာရပ်တွေကို အိတ်သွန်ဖာမှောက် မျှဝေခဲ့ကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် စပါးစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး အစ်ဗနေ့ ဘာဆဲလ်က စိုက်မယ့်လယ်ကွက်ဟာ နေထွက်ရာ အရှေ့ဖက်ကို မျက်နှာမူရမယ်၊ ထွန်ယက်ပြီးတော့ မြေကို ပြုပြင်ရမယ်၊ (စပိန်ရာသီဥတုနှင့်အညီ) ဖေဖော်ဝါရီလကနေ မတ်လအတွင်းမှာ စိုက်ပျိုးရမယ် ဆိုတာတွေကို အကြံပြုခဲ့ပါတယ်။ အလ်-အောင်ဝမ်ကလည်း မြေကိုလိုက်ပြီး စိုက်ရမယ့် စပါးအမျိုးအစား၊ အရေအတွက်တွေ၊ စိုက်ပျိုးနည်းတွေကို ဖော်ထုတ်မှတ်တမ်းတင်ခဲ့ပါတယ်။ ပျိုးမကြဲခင်မှာ လယ်ကွက်ထဲကို ရေအမြင့်တစ်ခုအထိရောက်အောင် သွင်းကာ မြေက ရေကိုစုပ်ယူပြီးတဲ့နောက်မှ ပျိုးကြဲဖို့၊ အဲဒီနောက် ထပ်ပြီး ရေသွင်းဖို့ စသဖြင့် ရေသွင်းနည်းစနစ်တွေအကြောင်းကို ရေးသားခဲ့ပါတယ်။

    မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ အပင်ဖျက်ပိုးမွှား နှိမ်နှင်းမှု၊ ပေါင်းသင်မှု၊ ရိတ်သိမ်းမှုနဲ့ သိုလှောင်သိမ်းဆည်းမှု နည်းလမ်းတွေကိုလည်း လေ့လာဖော်ထုတ်ခဲ့ပါတယ်။ ဆန်ကို ပုံစံအမျိုးမျိုး ချက်ပြုတ်မှုနဲ့ပတ်သက်ပြီး အစ်ဗနေ့ အလ်-အောင်ဝမ်ဟာ ထောပတ်၊ အုန်းဆီ၊ နို့တွေနဲ့ ချက်ပြုတ်စားသောက်တာဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုခဲ့ပါတယ်။ အလ်မိုဟဒ်မင်းဆက် (Almohad) လက်ထက်မှာ အမည်မသိ စာရေးဆရာတစ်ဦးဟာ Cookery Book of Maghrib and Andalusia (မဂ်ရစ်ဘ်နှင့် အန်ဒါလူစီယာမှ ချက်နည်းပြုတ်နည်း) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး  အရသာရှိကာ လူကြိုက်များတဲ့ ဆန်မုန့် ၅ မျိုး အပါဝင် ချက်နည်းပြုတ်နည်း တော်တော်များများ ပါဝင်ပါတယ်။

    လယ်ယာစိုက်ပျိုးရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက မြေဆီသြဇာ မျှတဖို့ဖြစ်ပါတယ်။ ဒီ နည်းလမ်းကို စိတ်ဝင်တစားနဲ့ သေသေချာချာ လေ့လာဖော်ထုတ်နေကြပေမယ့် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကထက် များများစားစား ခြားနားသွားတာမျိုး မရှိပါဘူး။ အလယ်ခေတ် မွတ်စလင်တွေဟာ သဘာဝမြေသြဇာအတွက် ခိုချေးတွေကို အသုံးပြုပြီး ဒီကနေ့ခေတ် အသုံးအနှုန်းအရတော့ သဘာပတ်ဝန်းကျင်နဲ့ မျှတဆီလျော်ပြီး အော်ဂဲနစ်စစ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

     

    အီရန်နိုင်ငံတစ်ဝှမ်းမှာ ခိုတွေနားနေဖို့အတွက် ရွှံ့နဲ့ ဆောက်လုပ်ထားတဲ့ မျှော်စင်ကြီးတွေ အမြောက်အများရှိပြီး ဒီမျှော်စင်တွေမှာ ခိုအိမ်လေးတွေကို ဖန်တီးပေးထားပါတယ်။ ၁၈ မီတာကနေ ၂၁မီတာ (ပေ ၆၀ မှ ၇၀) အထိ မြင့်စွင့်ပြီး သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်တဲ့ ခိုမစင်တွေကို ရယူဖို့၊ ခိုတွေ သားပေါက်စေဖို့ ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

    ဒီမျှော်စင်တွေကို တစ်နှစ်တစ်ခါ သန့်ရှင်းလေ့ရှိပြီး ရရှိတဲ့ခိုချေးတွေကို အနီးအနားက လယ်ယာတွေမှာ မြေသြဇာအဖြစ် အသုံးပြုပါတယ်။ တစ်ချိန်က အီရန်နိုင်ငံ အစ္စဖာဟန်မြို့အပြင်ဖက်မှာ ဒီလို မျှော်စင်ပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ ပြောစမတ်ရှိပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • အာဖရိကန်များကို လူမျိုးရေးခွဲခြားသည့် စကားအတွက် ထရမ့်ကို နိုင်ငံတကာက ဝေဖန်

    အာဖရိကန်များကို လူမျိုးရေးခွဲခြားသည့် စကားအတွက် ထရမ့်ကို နိုင်ငံတကာက ဝေဖန်

    ဇန်န၀ါရီ ၁၂၊ ၂၀၁၈
    M-Media

    – အာဖရိကန်တွေအပေါ် လူမျိုးရေးခွဲခြားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်ကို ကုလ အပါအ၀င် ကမ္ဘာတစ်ဝှမ်းက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

    မနေ့က အောက်လွှတ်တော်အမတ်တွေနဲ့ တွေဆုံစဉ်အတွင်းမှာ အလ်ဆာဗေဒိုး၊ ဟေတီနဲ့ အာဖရိကတိုက်ကနေ အမေရိကန်ကို ပြောင်းရွှေ့အခြေချသူတွေနဲ့ပတ်သက်ပြီး ထရမ့်က ပြောဆိုရာမှာ ‘ချီးထုတ်နိုင်ငံတွေ’ လို့ သုံးနှုန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။

    “ချီးထုတ်နိုင်ငံတွေက ဒီကို ဘာ့ကြောင့် လာနေကြတာလဲ” လို့ ပြောကြားခဲ့ကြောင်း အစည်းအဝေးကို တက်ရောက်သူတွေက မီဒီယာတွေကို ဖွင့်ဟခဲ့ပါတယ်။

    ပြောင်းရွှေ့အခြေချသူတွေဝင်ရောက်ရေးကိစ္စမှာ နော်ဝေလိုနိုင်ငံမျိုးရဲ့ ပေါ်လစီကို အတုယူသင့်တယ်လို့ ထရမ့်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က နော်ေ၀၀န်ကြီးချုပ် အာရ်နာ ဆိုလ်ဘာ့ဂ်နဲ့ တွေ့ဆုံခဲ့တာပါ။

    ကုလ လူ့အခွင့်အရေးရုံးက ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလီက ထရမ့်ရဲ့ပြောကြားမှုကို ရှုတ်ချခဲ့ပါတယ်။

    “နိုင်ငံတွေ၊ တိုက်ကြီးတွေကို သိမ်းကြုံးပြီး ချီးထုတ်လို့ပြောကာ ဖယ်ကျဉ်လို့မရပါဘူး။ ပြောရမှာအားနာပေမယ့် ဒီစကားလုံးထက်ပိုပြီး လူမျိုးရေးခွဲခြားတဲ့စကားလုံးမျိုး နောက်မရှိတော့ပါဘူး”

    ဒီလိုပြောဆိုတာဟာ စော်ကားပြောဆိုတာတင်မကဘဲ၊ လူသားတွေရဲ့ ဆိုးရွားတဲ့ သမိုင်းကို ပြန်လှန်လိုက်တာဖြစ်တယ်လို့လည်း ကိုလ်ဗီလီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဖရိကသမဂ္ဂကတော့ တော်တော်လေးကို စိုးရိမ်မှုတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်ကို ကျွန်တွေအဖြစ် အာဖရိကန် တော်တော်များများ ရောက်လာတယ်ဆိုတဲ့ ငြင်းလို့မရတဲ့သမိုင်း ရှိတာကြောင့် (ထရမ့်ရဲ့) ဒီပြောကြားမှုဟာ အားလုံး လက်ခံထားတဲ့ အပြုအမူတွေ၊ ကျင့်သုံးမှုကို ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်”

    တောင်အာဖရိကနိုင်ငံရဲ့ အာဏာရပါတီ ANC က ထရမ့်ရဲ့ ဒီမှတ်ချက်ဟာ ‘ဆိုးဆိုးရွားရွား စော်ကားမှု’ ဖြစ်ပြီး ဒီလို နှိမ်ချတဲ့ ပြောဆိုမှုတွေကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    မော်ရိုကိုအခြေစိုက် အာဖရိကရေးရာ လေ့လာဆန်းစစ်သူ အဒါမာ ဂါယီက ထရမ့်ဟာ အာဖရိက ပြည်သူတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ သဘောထားကို ထပ်ခါတလဲလဲ ပြသနေတယ်လို့ ပြောကြားခဲပါတယ်။

    ထရမ့်ဟာ ဒီလို လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောဆိုတယ်လို့ သတင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာ အိမ်ဖြူတော်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထရမ့်အနေနဲ့ အမှန်တကယ် ဒီလိုပြောဆိုခဲ့လားဆိုတာကို တိုက်ရိုက်ဖော်ပြခြင်း မရှိပါဘူး။

    “၀ါရှင်တန်က တစ်ချို့နိုင်ငံရေးသမားတွေဟာ နိုင်ငံခြားတိုင်းပြည်အတွက် တိုက်ပွဲဝင်ဖို့ ရွေးချယ်ထားပါတယ်။ ဒါပေမယ့် သမ္မတထရမ့်ကတော့ အမေရိကန်ပြည်သူတွေအတွက် အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ” လို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    ထရမ့်က သူ့အနေနဲ့ အစည်းအဝေးမှာ ပြောခဲ့တဲ့စကားလုံးဟာ ကြမ်းတမ်းပေမယ့် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်မျိုး မဟုတ်ဘူးလို့ Twitter စာမျက်နှာကနေတစ်ဆင့် ဒီနေ့မှာ ငြင်းဆိုခဲ့ပါတယ်။ နောက်ပြီး ‘အကျိုးဖြစ်ထွန်းမယ့်၊ တိုင်းပြည်ကို နောက်တစ်ဆင့်ရောက်အောင် ဆွဲတင်ပေးနိုင်မယ့်လူတွေ ၀င်လာနိုင်မယ့် လူဝင်မှုကြီးကြပ်ရေးစနစ်’ ဖြစ်လာဖို့လည်း ထရမ့်က တိုက်တွန်းခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီလို လူမျိုးရေးခွဲခြားမှုမှတ်ချက်အတွက် သူ့ရဲ့ ရီပက်ဘလစ်ကန်ပါတီက အမတ်တွေကပါ ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

    Ref: Aljazeera

  • နေရပ်ပြန်ရိုဟင်ဂျာများအား ကူညီရန် ဂျပန်က မြန်မာကို ကန်ဒေါ်လာ ၃ သန်း ပေးမည်

    နေရပ်ပြန်ရိုဟင်ဂျာများအား ကူညီရန် ဂျပန်က မြန်မာကို ကန်ဒေါ်လာ ၃ သန်း ပေးမည်

    ဇန်န၀ါရီ ၁၂၊ ၂၀၁၈
    M-Media

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

    – ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ ၎င်းတို့၏ သဘောဆန္ဒအလျောက် လုံခြုံစွာ နေရပ်ပြန်နိုင်ရေး အာမခံချက်ပေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းလိုက်သည်။

    မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုမှာ နေရပ်ပြန် ရိုဟင်ဂျာများအား ကူညီထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ ၃ သန်း လှူဒါန်းမည်ဟုလည်း ကြေငြာခဲ့သည်။

    ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ နိုဝင်ဘာ ၂၃ ရက်နေ့က သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဇန်န၀ါရီ ၂၃ ရက်နေ့တွင် လုပ်ငန်းစဉ်ကို စတင်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ပထမအသုတ်တွင် အရေအတွက် မည်မျှပါဝင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    “နေရပ်ပြန်ရေးကိစ္စကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး နိုင်ငံတကာနဲ့အတူ ထောက်ခံအားပေးတဲ့အနေနဲ့ရော မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်ကို တုန့်ပြန်တဲ့အနေနဲ့ပါ အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ရှီနိုဘူ ယာမာဂူချီက ပြောကြားခဲ့သည်။

    ၃ ရက်တာကြာမြင့်မည့် နိုင်ငံခြားရေးဝန်ကြီးကိုနို၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မှုလည်း ပါဝင်မည်ဖြစ်သည်။

    သြဂုတ်လနှောင်းပိုင်းတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က ပြုလုပ်သည့် စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၆၅၀၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးခဲ့ရသည်။

    နိုင်ငံတော်အတိုင်ပင်ခံနှင့် ယနေ့တွေ့ဆုံမှုအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထိခိုက်ခံစားခဲ့ရသည့် ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်၊ သတင်းမီဒီယာများ ၀င်ရောက်ခွင့်ပြုရေး၊ နေရပ်ပြန်လာသည့် ဒုက္ခသည်များအား နေရာချထားရေး၊ ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရေး စသည်တို့ကို တိုက်တွန်းခဲ့သည်။

    ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ တိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ သန်း ၂၀ ထပ်မံထောက်ပံရန် အစီအစဉ်ရှိသည်ဟုလည်း ကိုနိုက ပြောကြားခဲ့သည်။

    “ရေတို၊ ရေရှည် လိုအပ်ချက်တွေအတွက် ကူညီဖို့ ဂျပန်နိုင်ငံက ဆန္ဒရှိတာကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ယာမာဂူချီက ၎င်းတို့အနေဖြင့် နေရပ်ပြန်လာရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်မည်ဖြစ်ပြီး တိုးတက်မှုများကိုလိုက်၍ အကူအညီများ ပေးသွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: AP

  • အီရန်နှင့် နျူသဘောတူညီချက်ကို အပြစ်ရှာသည့် ထရမ့်ကို ဗြိတိန်ဝေဖန်

    အီရန်နှင့် နျူသဘောတူညီချက်ကို အပြစ်ရှာသည့် ထရမ့်ကို ဗြိတိန်ဝေဖန်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၈
    M-Media

    နိုင်ငံခြားရေးဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲ

    – အီရန်နျူသဘောတူညီချက်အား ဖျက်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားမှုကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဝေဖန်လိုက်ပြီး ထိုထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းမျိုးကို ပြသရန်လည်း ပြောကြားလိုက်သည်။

    အီရန်၊ အီးယူနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများနှင့် ယနေ့တွင် ဆွေးနွေးပြီးနောက် ဂျွန်ဆင်က ၂၀၁၅ ခုနှစ် သဘောတူညီချက်မှာ အီရန်က နျူလက်နက်ရရှိရန် ကြိုးပမ်းမှုကို ဟန့်တားရာ၌ ထိရောက်သည့် အောင်မြင်မှုဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    အီရန်မှာ ထိုသဘောတူညီချက်ကို အပြည့်အ၀ လိုက်နာနေသည်ဟုလည်း ၎င်းက ဆိုသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အဆိုပါ သဘောတူညီချက်ကို ပြင်ဆန်ရန် သို့မဟုတ် သဘောတူညီချက်မှ နှုတ်ထွက်ရန် ဆောင်ရွက်ချင်နေသည်။

    အီရန်မှာ စာချုပ်ကို လိုက်နာနေသည်ဆိုသည်ကို လက်ခံရန် အောက်တိုဘာလတွင် ထရမ့်က ငြင်းဆိုခဲ့ပြီး စာချုပ်၏ သဘောတရားအတိုင်း လိုက်နာခြင်းမရှိဟု စွပ်စွဲခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က အီးယူ၊ ယူကေ၊ ပြင်သစ်နှင့် ဂျာမနီတို့မှာ နျူသဘောတူညီချက်ကို ထောက်ခံကြောင်း ထပ်မံပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟခဲ့သည်။

    Ref: BBC