News @ M-Media

Blog

  • ဟဂ်ျခရီးသွားများအတွက် သင်္ဘောခရီးစဉ်ကို အိန္ဒိယ ပြန်လည်စီစဉ်

    ဟဂ်ျခရီးသွားများအတွက် သင်္ဘောခရီးစဉ်ကို အိန္ဒိယ ပြန်လည်စီစဉ်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    ဟဂ်ျသွားရောက်မည့် သားဖြစ်သူကို နှုတ်ဆက်နေသော အိန္ဒိယအဘွားအို

    – ဟဂ်ျဘုရားဖူးခရီးစဉ်ကို စားရိတ် သက်သက်သာသာနဲ့ ရေလမ်းကြောင်းကနေ သွားရောက်နိုင်မယ့် အစီအစဉ်တစ်ခုကို အိန္ဒိယက စီစဉ်နေပြီး ဆော်ဒီအာရေဗျကလည်း ဒီအစီအစဉ်ကို သဘောတူလိုက်ပါတယ်။

    အိန္ဒိယမွတ်စလင်တွေဟာ အရင်က ဟဂ်ျပြုဖို့အတွက် ဆော်ဒီအာရေဗျကို သွားတဲ့အခါ မွမ်ဘိုင်းကနေ ဂျစ်ဒါကို သင်္ဘောနဲ့ သွားရောက်ခဲ့ကြတာပါ။

    ၁၀ ရက်နေက ၁၂ ရက်အထိ ကြာမြင့်လေ့ရှိတဲ့ ဒီလမ်းကြောင်းကို ၁၉၉၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံပိုင် သင်္ဘောတွေရဲ့ ကြံ့ခိုင်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာ လေယာဉ်နဲ့ သွားရောက်ရတာ ဖြစ်ပါတယ်။

    ဒီနှစ်ကနေစပြီး အိန္ဒိယအစိုးရဟာ ခေတ်မီသင်္ဘောကြီးတွေနဲ့ မွတ်စလင်တွေကို မွမ်ဘိုင်း၊ ကိုလ်ကတားနဲ့ ကိုချီတို့ကတစ်ဆင့် ဆော်ဒီကို ပို့ဆောင်ပေး စီစဉ်နေပါတယ်။ သင်္ဘောတစ်စီးကို လူပေါင်း ၅၀၀၀ ၀န်းကျင် စီးနိုင်မှာဖြစ်ပြီး ၂ ရက်ကနေ ၃ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    အိန္ဒိယ လူနည်းစုရေးရာဝန်ကြီး မွခ်တာရ် အဘတ်စ် နက်ဗီက ဒီလို ရေကြောင်းခရီးစဉ်ကြောင့် ဟဂ်ျပြုသူတွေဟာ ကုန်ကျစားရိတ် ၅၀ ရာခိုင်နှုန်းကျော်လောက် သက်သာမှာဖြစ်ကြောင်း၊ ဟဂ်ျသွားမယ့်သူတွေအနေနဲ့ သူတို့ရဲ့ တတ်နိုင်မှုကိုလိုက်ပြီး လေယာဉ် ဒါမှမဟုတ် သင်္ဘောနဲ့ သွားမလားဆိုတာကို ချိန်ဆနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဟဂ်ျသွားမယ့်သူတွေအတွက် နိုင်ငံပိုင် Air India က မြို့ ၂၃ မြို့ကနေ ဂျစ်ဒါကို တိုက်ရိုက်ပျံသန်းပေးနေတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ကွန်မြူနစ်ဖိနှိပ်မှုအလွန် ပြန်လည်ရှင်သန်လာတဲ့ အဇာဘိုင်ဂျန်က အစ္စလာမ်သာသနာ

    ကွန်မြူနစ်ဖိနှိပ်မှုအလွန် ပြန်လည်ရှင်သန်လာတဲ့ အဇာဘိုင်ဂျန်က အစ္စလာမ်သာသနာ

    ဇန်န၀ါရီ ၈၊ ၂၀၁၇
    M-Media

    အဇာဘိုင်ဂျန် ကျေးလက်ဂီတ အဆိုတော်ဖြစ်တဲ့ ဂါဆီမိုဗာဟာ ဂီတနယ်ပယ်မှာ နာမည်ကျော်တဲ့ အလမ် ဂါဆီမော့ဗ်ရဲ့ သမီးဖြစ်ပါတယ်။

    – ဖာရ်ဂနာ ဂါဆီမိုဗာတစ်ယောက် ဆိုဗီယက်ခေတ်မှာ အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး မှတ်မှတ်သားသားရှိတာက သာသနာကို လူမသိ၊ သူမသိ ကျင့်သုံးခဲ့ရတာ ဖြစ်ပါတယ်။

    သူ့ရဲ့ ဘိုးဘွားတွေဟာ ဆိုဗီယက်အာဏာပိုင်တွေရဲ့ အမျိုးစုံသော စောင့်ကြည့်မှုတွေကို ရှောင်ကွင်းပြီး ၀တ်ပြုတာ၊ ဥပုသ်သီလဆောက်တည်တာတွေကို ပြုလုပ်ကာ ဟန်မပျက်အောင် ဂရုတစိုက် နေထိုင်ခဲ့ကြရပါတယ်။

    “ဆိုဗီယက်လက်ထက်တုန်းက အဇာဘိုင်ဂျန်မှာ ၀တ်ပြုဆုတောင်းတာတွေ၊ ပုဝါဆောင်းတာတွေကို လုပ်လို့မရပါဘူး။ အဇာဘိုင်ဂျန်အပါအ၀င် ဆိုဗီယက်ယူနီယံတစ်ဝှမ်းလုံးမှာ ဘုရားမဲ့ဝါဒကိုပဲ ၀ါဒဖြန့်ခဲ့ကြတာပါ” လို့ သူမက ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်သာသနာဟာ အဇာဘိုင်ဂျန်မှာ ၇ ရာစုကတည်းက အခြေကျခဲ့ပေမယ့် ဆိုဗီယက်အုပ်စိုးမှုအတွင်းမှာ ဆိုးဆိုးဝါးဝါး ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ရပါတယ်။

    ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး လွတ်လပ်တဲ့ သမ္မတနိုင်ငံအဖြစ် ပြန်လည်ပေါ်ထွက်လာတဲ့ နောက်ပိုင်းမှာ ဘာသာရေး ကန့်သတ်ချုပ်ချယ်မှုတွေ တော်တော်များများ လျော့ပါးသွားခဲ့ပြီး၊ အစ္စလာမ့် ဘ၀တည်ဆောက်မှုလမ်းစဉ်ကို နေ့စဉ်ဘ၀မှာ ပြန်လည်မြင်လာခဲ့ကြပါတယ်။

    “၁၉၉၁ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် (ဘာသာတရားကို ကျင့်သုံးဖို့) ကျွန်မတို့ အခွင့်အရေး တော်တော်များများ ရခဲ့ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်လည်း ရလာပါတယ်။ တီဗီအစီအစဉ်တွေနဲ့ အခမ်းအနားပွဲတွေမှာ ပုဝါကို လွတ်လွတ်လပ်လပ် ဆောင်းလို့ရခဲ့ပါတယ်” လို့ ဂါစီမိုဗာက ဆိုပါတယ်။

    အဇာဘိုင်ဂျန် ကျေးလက်ဂီတ အဆိုတော်ဖြစ်တဲ့ ဂါဆီမိုဗာဟာ ဂီတနယ်ပယ်မှာ နာမည်ကျော်တဲ့ အလမ် ဂါဆီမော့ဗ်ရဲ့ သမီးဖြစ်ပါတယ်။

    အသက် ၂၀ အရွယ်ရောက်မှ အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးခွင့်ရခဲ့ပြီး ၄ နှစ်အကြာမှာ ပုဝါဆောင်းခဲ့ပါတယ်။

    “ကျွန်မတိုင်းပြည်မှာ ဘယ်လိုကန့်သတ်မှုမျိုးမှ မကြုံတွေ့ရတော့ပါဘူး”

    အဇာဘိုင်ဂျန်ရဲ့ယဉ်ကျေးမှုကို ပုံဖော်ရာမှာ အစ္စလာမ်သာသနာဟာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး လူဦးရေ ၉၃ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ရှီအာက လူများစုဖြစ်ပြီး ဆွန်နီက လူနည်းစုပါ။

    အဇာဘိုင်ဂျန်မှ ၀တ်ပြုဆုတောင်းနေကြသည့် မွတ်စလင်များ

    ကက်စပီယံပင်လယ်ရဲ့ အနောက်ဖက်အစွန်းမှာရှိတဲ့ အဇာဘိုင်ဂျန်ဟာ ၁၉၁၈ ခုနှစ်မှာ ရုရှားထံကနေ လွတ်လပ်ရေးရပြီး ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံတဲ့ ဘာသာရေးမနွယ်တဲ့ နိုင်ငံတစ်ခုအဖြစ် ထူထောင်ခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းကို လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ အဆင့်အတန်း၊ ရာထူးဂုဏ်ဒြပ် မခွဲခြားဘဲ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး အပြည့်ပေးထားပါတယ်။

    ဒါပေမယ့် တပ်နီတော်ဟာ ၁၉၂၀ ခုနှစ်မှာ အဇာဘိုင်ဂျန်ကို ကျူးကျော်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုအတွင်းသွတ်သွင်းကာ အဲဒီကာလက နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့ပါတယ်။

    ဆိုဗီယက်ပြည်ထောင်စုက ဂျူးတွေ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေလို အဇာဘိုင်ဂျန်က မွတ်စလင်တွေကဟာလည်း ဘာသာရေး လိုက်နာကျင့်သုံးမှုကို ဆိုးဆိုးရွားရွား ပိတ်ပင်ခံခဲ့ရပါတယ်။

    “ဓမ္မသင်တန်းတွေကို သင်ကြားခွင့်မပြုဘူး။ ဆိုဗီယက်ပြည်ထောင်စု တစ်ခုလုံးမှာ မဒ်ရာဆာ ဓမ္မသင်တန်းကျောင်း ၂ ခုသာရှိပြီး အဲဒီနှစ်ခုစလုံးက ဥဇဘက်ကစ္စတန်မှာ ဖြစ်ပါတယ်” လို့ ကော့ကေးရှပ် မွတ်စလင်ရေးရာရုံး (CMO) ရဲ့ ဒုတိယဥက္ကဌ ဟာဂျီ ဆလ်မန် မူဆာယက်ဗ်က ပြောကြားခဲ့ပါတယ်။

    ဥဇဘက်ကစ္စတန် ဘူခါရာမြို့က မီရ်အာရပ် မဒ်ရာဆာမှာ သူသင်ကြားခဲ့ရတုန်းက ကျောင်းရဲ့ သင်ကြားမှုနဲ့ပတ်သက်ပြီး အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတယ်လို့ မူဆာယက်ဗ်က ဆိုပါတယ်။

    ဒီလိုထိန်းချုပ်မှုဟာ နိုင်ငံအတွင်း ဘာသာရေးတွေ လိုက်နာကျင့်သုံးမှုကို ဆိတ်သုဉ်းသွားစေဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    ဆိုဗီယက်ရဲ့ ဘာသာတရားတွေအပေါ် နှိပ်ကွပ်မှုဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပေမယ့် အဇာဘိုင်ဂျန်ပြည်သူတွေရဲ့ ဘ၀အသက်တာမှာ ဘာသာတရားရဲ့ အခန်းကဏ္ဍကို မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။

    “အရင်က ဟဂ်ျဘုရားဖူးခရီးကို တစ်ယောက်၊ နှစ်ယောက်လောက်သွားရဖို့ တော်တော်ခက်ပါတယ်။ အခုတော့ ကြိုက်သလောက်သွားနိုင်ပါပြီ” လို့ မူဆာယက်ဗ်က ပြောကြားခဲ့ပါတယ်။

    ထွန်းကားမှု

    ဆိုဗီယက်အုပ်စိုးမှုအတွင်း အဇာဘိုင်ဂျန်မှာ ၀တ်ပြုခွင့်ရတဲ့ ဗလီဝတ်ကျောင်းတော် အရေအတွက်ဟာ ၁၈ လုံးသာရှိပေမယ့် ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်းမှာ ၂၀၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။

    ၁၉၉၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အဇာဘိုင်ဂျန်အစိုးရဟာ ဘာသာရေးလွတ်လပ်ခွင့်ကို တိုင်းပြည်ရဲ့ အခြေခံဥပဒေမှာ အာမခံပေးထားပြီး၊ ဗလီဝတ်ကျောင်းတော် ရာပေါင်းများစွာကို ပြင်ဆင်ဖို့ စီမံကိန်း ဆွဲခဲ့ပါတယ်။

    “ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် တစ်ချို့ပြည်သူတွေဟာ ဗလာကျင်းနေတဲ့ စိတ်နှလုံးကို ဘာသာတရားနဲ့ဖြည့်ဆည်းဖို့ ကြိုးစားလာကြပါတယ်” လို့ Marmara တက္ကသိုလ်က ပါမောက္ခ အကွီလ် ရှီရီနော့ဗ်က ပြောကြားခဲ့ပါတယ်။

    လွတ်လပ်ရေးရပြီးနာက်ပိုင်း အဇာဘိုင်ဂျန်မှာ သာသနာ ပြန်ထွန်းကလာတာကို သူက ရှင်းပြတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ကမ္ဘာနဲ့တော့ ရင်ဘောင်မတန်းနိုင်သေးပါဘူး။

    “ဘာသာရေးဖက်ကို တစ်ရှိန်ထိုး ပြန်လှည့်လာကြတော့ တစ်ချို့တွေက စိုးရိမ်ကြပါတယ်။ အစွန်းရောက်အုပ်စုတွေအထဲ သူတို့ကလေးတွေ ရောက်သွားမလားဆိုပြီး တစ်ချို့မိဘတွေက စိုးရိမ်ကြတယ်။ တစ်ချို့ကျတော့လည်း သားသမီးတွေကို ၀တ်ပြုခွင့်မပေးကြဘူး။ ဒီလူတွေက မွတ်စလင်လို့တော့ အမည်ခံထားတယ်။ လက်တွေ့မှာ ဘုရားဝတ်ပြုတာမျိုး မလုပ်ကြဘူး” လို့ ရှီရီနော့ဗ်က ပြောပါတယ်။

    ဆိုဗီယက်အလွန် ဆယ်စုနှစ်တွေမှာ အခြားမွတ်စလင်နိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် အဇာဘိုင်ဂျန်မှာ သာသနာ ထွန်းကားမှုနှုန်းဟာ နိမ့်ပါးနေပါသေးတယ်။

    Caucasus Barometer ရဲ့ သုတေသနအရ အဇာဘိုင်ဂျန်ပြည်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းကသာ ဘာသာရေးကို ပုံမှန်ဆောင်ရွက်ကြပြီး ၄၀ ရာခိုင်နှုန်းအောက်က ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်တွေကို မလုပ်ကြဘူးလို့ သိရပါတယ်။

    ဒါပေမယ့် ဖာရ်ဂါနာ ဂါစီမိုဗာကတော့ အခြားသူတွေရဲ့ ဘာသာရေး ကိုင်းရှိုင်းမှု၊ မကိုင်းရှိုင်းမှုကို စိတ်ထဲမထည့်ဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ရနေသမျှတစ်လျှောက်လုံး ဘာသာတရားရဲ့ ဆိုဆုံးမမှုအတိုင်း လိုက်နာနေထိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

    အဇာဘိုင်ဂျန်မှာ လူသိများထင်ရှားသူ တစ်ယောက်အဖြစ် ဂါစီမိုဗာဟာ ဘာသာတရားအတွက် စံနမူနာ ယူစရာ ပုဂ္ဂိုလ်၊ လူငယ်တွေ လေးစားအားကျစရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိနေတာကို ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။

    “အစ္စလာမ်နာမည်ကို တစ်ချို့တွေက အလွဲသုံးစားလုပ် ဖျက်ဆီးနေကြပါတယ်။ အကြမ်းဖက်ဝါဒနဲ့တွဲပြီး အစ္စလာမ်ကို အရုပ်ဆိုး အကျည်းတန်အောင် လုပ်နေကြပါတယ်။ နိုင်ငံရပ်ခြားက ဖျော်ဖြေပွဲတွေမှာ ကျွန်မကိုမြင်တဲ့အခါ သူတို့ရဲ့ သဘောထားတွေ ပြောင်းလဲသွားတယ်လို့ ကျွန်မခံစားရပါတယ်။ သူတို့တွေဟာ ကျွန်မဆီကို ကလေးတွေခေါ်လာပြီး ‘ရှင့်ရဲ့ အနုပညာနဲ့ စစ်မှန်တဲ့အစ္စလာမ်ဟာ ဘာလဲဆိုတာကို ပြသဖို့အတွက် ကျွန်မတို့ ကလေးတွေကို ခေါ်လာတာပါ’ လို့ ပြောကြပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Islam’s gradual resurgence in post-Soviet Azerbaijan ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မြန်မာအိမ်အကူကို နှိပ်စက်မှုအတွက် စင်ကာပူလင်မယားနှစ်ဦး တရားစွဲခံရ

    မြန်မာအိမ်အကူကို နှိပ်စက်မှုအတွက် စင်ကာပူလင်မယားနှစ်ဦး တရားစွဲခံရ

    ဇန်န၀ါရီ ၈၊ ၂၀၁၇
    M-Media

    မြန်မာအိမ်အကူကို နှိပ်စက်မှုအတွက် တရားစွဲခံထားရသည့် လင်မယား

    – မြန်မာအိမ်အကူကို ရေနွေးပူပူနဲ့ ခန္ဓာကိုယ်ပေါ် လောင်းချိုးစေတာ၊ ကြမ်းတိုက်ဆေးရည်ကို ရေနဲ့ရောပြီး သောက်ခိုင်းတာတို့အပါအ၀င် ညှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးကို စင်ကာပူက စွဲချက်တင်ကာ တရားစွဲဆိုထားပါတယ်။

    အသက် ၃၈ နှစ်အရွယ် အမျိုးသမီး Linda Seah Lei Sie ကို ၂၀၁၆ ခုနှစ်က ကျူးလွန်ခဲ့တဲ့ ကိစ္စတွေအတွက် စွဲချက် ၆ ခုနဲ့ တရားစွဲဆိုထားတာပါ။

    သူမဟာ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ မြန်မာအမျိုးသမီး မဖြူဖြူမာကို ဆံပင်တွေကျွတ်ထွက်တဲ့အထိ ဆံပင်ဆွဲဆောင့်တာ၊ ရေနွေးပူပူကို ကိုယ်ပေါ်ကနေ အတင်း လောင်းချိုးစေတာ၊ ကြမ်းတိုက်ဆေးရည်ကို ရေနဲ့ဖျော်ပြီး သောက်ခိုင်းတာတွေ လုပ်ခဲ့တယ်လို စွပ်စွဲခံထားရပါတယ်။

    Seah ရဲ့ ခင်ပွန်း အသက် ၄၃ နှစ်အရွယ် Lim Toon Leng က ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ မဖြူဖြူမာရဲ့ နဖူးကို နှစ်ကြိမ် ထိုးနှက်ခဲ့တဲ့အတွက် တရားရင်ဆိုင်နေရပါတယ်။

    ဒီလို နှိပ်စက်မှုကို Lim ရဲ့ အလှပြင်ဆိုင်က အလုပ်သမားဟောင်း အမျိုးသမီး Lee Lee Yen က ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ Seah တို့ ဇနီးမောင်နှံဟာ အရင်ကလည်း သူမကို ‘အငတ်ထားတယ်’ လို့ မဖြူဖြူမာက သူ့ကို ပြောပြခဲ့ကြောင်း Lee က ထွက်ဆိုထားပါတယ်။

    ဖြူဖြူမာတစ်ယောက် မျက်လုံးဖူးယောင်နေတာတွေ၊ ဒဏ်ရာဒဏ်ချက်ဖြစ်နေတာတွေကို တွေ့ခဲ့တာကြောင့် Lee က အိမ်ရှင်အမျိုးသမီးမသိအောင် မေးမြန်းကာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

    Lim ရဲ့ အလှပြင်ဆိုင်မှာ အလုပ်လုပ်တဲ့ အခြား အလုပ်သမားတစ်ဦးကလည်း မဖြူဖြူမာ နှိပ်စက်ခံရမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ပေးဖို့ တစ်ခြားတစ်ယောက်ကို အကူအညီတောင်းခဲ့ဖူးပါတယ်။

    ကြားနာမှုကို မနက်ဖြန်မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဧပြီလမှာလုပ်မယ့် ကြားနာမှုမှာတော့ မဖြူဖြူမာကိုယ်တိုင် ထွက်ဆိုမှာ ဖြစ်ပါတယ်။

    ပြစ်မှုထင်ရှားရင် Seah နဲ့ Lim တို့ ဇနီးမောင်နှံဟာ စွဲချက်တစ်ခုအတွက် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၇၅၀၀ ကျခံရမှာ ဖြစ်ပါတယ်။

    Ref: CNA

  • UNRWA ဖျက်သိမ်းရန် အစ္စရေးဝန်ကြီးချုပ်၏ ပြောကြားမှုကို ကုလ ရှုတ်ချ

    UNRWA ဖျက်သိမ်းရန် အစ္စရေးဝန်ကြီးချုပ်၏ ပြောကြားမှုကို ကုလ ရှုတ်ချ

    ဇန်န၀ါရီ ၈၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပြည်သူများအတွက် အကူအညီပေးရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကုလအေဂျင်စီတစ်ခုဖြစ်သော UNRWA က ကတိပြု ပြောကြားလိုက်ပြီး အစ္စရေးဝန်ကြီးချုပ်၏ ဖျက်သိမ်းရန်ဆော်သြမှုကို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

    “ပါလက်စတိုင်းဒုက္ခသည်တွေအတွက် မျှတတဲ့ အဖြေတစ်ခု ပေါ်ထွက်လာတဲ့အချိန်အထိ အကူအညီတွေ ဆက်ပေးသွားဖို့ UNRWA ကို ကုလ အထွေထွေညီလာခံက တာဝန်ပေးထားတာ ဖြစ်ပါတယ်” ဟု UNRWA မှ တာဝန်ရှိသူ ဆာမီ မူရှာရှာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက UNRWA မှာ ဒုက္ခသည်ဟန်ဆောင်ထားသူများကို ကူညီနေသည်ဟု ယမန်နေ့တွင် စွပ်စွဲကာ ထိုအဖွဲ့ကို ဖျက်သိမ်းရန် ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကြောင့် ဇာတိကို စွန့်ခွာထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်း ဒုက္ခသည်များ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှုများ၊ အလုပ်အကိုင်များ ရရှိရေးအတွက် UNRWA က အဓိက ကူညီပေးနေသည်။

    သမိုင်းဝင် ပါလက်စတိုင်းဒေသမှ သိန်းနှင့်ချီသော ပါလက်စတိုင်း ပြည်သူများမှာ ၁၉၄၈ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲတွင် ဇိုင်ယွန်ပြည်သူ့စစ်များ၊ ၁၉၆၇ ခုနှစ်စစ်ပွဲတွင် အစ္စရေးစစ်တပ်တို့၏ မောင်းထုတ်မှုကြောင့် ဇာတိမြေကို စွန့်ခွာထွက်ပြေးခဲ့ရသည်။

    အဆိုပါ ဒုက္ခသည်များနှင့် ၎င်းတို့မှ ဆင်းသက်သူများ၏ စုစုပေါင်းအရေအတွက်မှာ လက်ရှိတွင် ၅ သန်းကျော် ရှိနေသည်။

    Ref: Aljazeera