News @ M-Media

Blog

  • ဂျေရုစလင်ကိစ္စ ကန်၏ဆုံးဖြတ်ချက်ကို မည်သည့်အခါမှလက်မခံဟု ပါလက်စတိုင်းသမ္မတ ထပ်ပြော

    ဂျေရုစလင်ကိစ္စ ကန်၏ဆုံးဖြတ်ချက်ကို မည်သည့်အခါမှလက်မခံဟု ပါလက်စတိုင်းသမ္မတ ထပ်ပြော

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    PLO ဗဟိုကောင်စီ၏ အစည်းအဝေးမြင်ကွင်း

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ပြင်းပြင်းထန်ထန် ထပ်မံဝေဖန်ခဲ့ပြီး မိမိတို့အနေဖြင့် ထိုဆုံးဖြတ်ချက်ကို မည်သည့်အခါမှ လက်ခံမည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က ရာမာလာတွင် ယမန်နေ့က စတင်ပြုလုပ်ပြီး ၂ ရက်တာကြာမြင့်မည့် ဗဟိုကောင်စီ အစည်းအဝေးတွင် အဘတ်စ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “နိုင်ငံရေးအရဆိုရင် ဂျေရုစလင်ဟာ ကျွန်တော်တို့ရဲ့မြို့တော်၊ ဘာသာရေးအချက်အခြာ ဖြစ်ပါတယ်။ မြေမျက်နှာသွင်ပြင်အရလည်း ကျွန်တော်တို့မြို့တော် ဖြစ်ပါတယ်။ ဒါပမယ့် မစ္စတာထရမ့်ရဲ့ Twitter ရေးသားမှုကြောင့် မြေပုံကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ထရမ့်လုပ်ရပ်ကို မကြိုက်ဘူး၊ ဒီအစီအစဉ်ကို လက်မခံဘူးဆိုတာ အခု ကျွန်တော်တို့ ပြောပါမယ်။ သူက ‘ရာစုနှစ်ရဲ့သဘောတူချက်’ လို့ပြောတဲ့ အဲဒါဟာ ကျွန်တော်တို့အတွက်တော့ ‘ရာစုနှစ်ရဲ့ စော်ကားမှုပါပဲ’ ”

    ထို့ပြင် ယခုလုပ်ရပ်ကြောင့် ၁၉၉၀ ပြည့်နှစ်က အော်စလိုငြိမ်းချမ်းရေးသဘောတူညီချက်ကို အစ္စရေးက ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပြီး ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးနှင့် အစ္စရေးသံအမတ် ဒေးဗစ် ဖရီဒ်မန်တို့ကိုလည်း ‘အမင်္ဂလာ’ အဖြစ် ပါလက်စတိုင်းသမ္မတက ကင်ပွန်းတပ်ခဲ့သည်။

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဒေါ်နယ်ထရမ့်၏ ကြေငြာမှုကို ကမ္ဘာတစ်ဝှမ်းက ရှုတ်ချခဲ့ပြီး၊ ထို အသိအမှတ်ပြုမှုကို လက်မခံသည့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ကုလတွင် အတည်ပြုခဲ့သည်။

    ရာမာလာတွင် ပြုလုပ်နေသည့် PLO ၏ ဗဟိုကောင်စီအစည်းအဝေးတွင် အမေရိကန်၏ ရပ်တည်ချက်အား တုန့်ပြန်ရန် မဟာဗျူဟာတစ်ရပ်ကို ချမှတ်ဖွယ် ရှိနေသည်။

    Ref: Aljazeera

  • ဒေလီရောက် နေတန်ယာဟုကို အိန္ဒိယပြည်သူများ ဆန္ဒပြ

    ဒေလီရောက် နေတန်ယာဟုကို အိန္ဒိယပြည်သူများ ဆန္ဒပြ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သောအားဖြင့် အစ္စရေ၀န်ကြီးချုပ် နေတန်ယာဟုကို မြို့တော် နယူးဒေလီတွင် အိန္ဒိယပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ယနေ့တွင် ရောက်ရှိလာသည့် နေတန်ယာဟု အိန္ဒိယတွင် ၆ ရက်ကြာမြင့်မည်ဖြစ်ပြီး ၁၅ နှစ်အတွင်း ပထမဆုံးလာရောက်သည့် အစ္စရေးဝန်ကြီးချုပ်ဖြစ်သည်။

    ဆန္ဒပြသူများမှာ နေတန်ယာဟု၏ ဓာတ်ပုံကို ကြက်ခြေခတ်ခြစ်ထားကာ ‘ပြန်တော့ နေတန်ယာဟု’ ဟု ဟင်ဒီ၊ အင်္ဂလိပ်ဘာသာများဖြင့် ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။ ထို့ပြင် အစ္စရေးဆန့်ကျင်ရေး ကြွေးကျော်သံများ ကြွေးကျော်ခြင်း၊ နေတန်ယာဟု၏ ဓာတ်ပုံအား မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီမှာ နေတန်ယာဟုအား လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး ‘သမိုင်းဝင်သော အထူးလည်ပတ်မှု’ ဟု ကင်ပွန်းတက်ခဲ့သည်။

    နေတန်ယာဟု၏ ခရီးစဉ်အတွင်း ဆိုက်ဘာလုံခြုံရေး၊ စွမ်းအင်နှင့် အာကာသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးဖွယ် ရှိနေသည်။

    အိန္ဒိယမှာ ၁၉၉၂ ခုနှစ်ကမှ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ပါလက်စတိုင်းများအား ထောက်ခံသောအနေဖြင့် အစ္စရေးနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်၏ ကြေငြာမှုကို ဆန့်ကျင်သော ကုလ၏ ဆုံးဖြတ်ချက်အား ထောက်ခံမဲပေးခဲ့သည့် ၁၂၇ နိုင်ငံထဲတွင် အိန္ဒိယလည်း ပါဝင်ခဲ့သည်။

    Ref: RT

  • အစိုးရိမ်လွန်မှုက အလ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာဖြစ်

    အစိုးရိမ်လွန်မှုက အလ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာဖြစ်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၈
    M-Media

    – စိုးရိမ်လွန်မှုဟာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ အလ်ဇိုင်းမားရဲ့ ရှေ့ပြေးလက္ခဏာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ဘော့စတွန်မြို့ အမျိုးသမီးဆေးရုံ Brigham and Women’s Hospital က ဒေါက်တာ နန်စီ ဒိုနိုဗန်နဲ့ အဖွဲ့က ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး မကြာသေးခင်ကပဲ The American Journal of Psychiatry ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    အလ်ဇိုင်းမားရောဂါဆိုတာ အသက်အရွယ်ကြီးရင့်သူတွေမှာ မှတ်ဉာဏ်ချို့ယွင်းတာ၊ အတွေးအခေါ်ပျောက်ဆုံးတာ၊ အပြုအမူတွေ မူမမှန်တော့တာတွေဖြစ်ပြီး ရောဂါရဲ့ အကြောင်းအရင်း တိတိကျကျကိုတော့ အခုအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

    ယေဘူယျအားဖြင့် ဦးနှောက်ထဲက ပရိုတိန်းတစ်မျိုးဖြစ်တဲ့ beta-amyloid ဟာ အာရုံကြောတွေ ဆက်သွယ်မှုကို ပိတ်ဆို့လို့ဖြစ်တယ်လို့ ယူဆထားပါတယ်။

    အခု လေ့လာမှုအသစ်အရ အစိုးရိမ်လွန်ကဲမှုဟာ beta-amyloid ပရိုတိန်းကို တိုးပွားလာစေတယ်ဆိုတာကို တွေ့ရပါတယ်။

    အရင်က လေ့လာမှုတွေမှာ စိတ်ကျခြင်းနဲ့ အစိုးရိမ်လွန်ခြင်းတို့ဟာ အလ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်တယ်ဆိုတာ တွေ့ထားပါတယ်။

    ဒေါက်တာ ဒိုနိုဗန်နဲ့ အဖွဲ့က ဒီကိစ္စမှာ beta-amyloid ပရိုးတိန်း ဆက်နွယ်ပတ်သက်မှု ဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်လို့ လေ့လာခဲ့တာဖြစ်ပြီး အသက် ၆၂ နှစ်ကနေ ၉၀ အရွယ်ရှိသူ ၂၇၀ ဦး သုတေသနမှာ ပါဝင်ခဲ့ပါတယ်။

    ဦးနှောက်ထဲက beta-amyloid ပရိုတင်း တိုးတက်မှုကို ၅ နှစ်ကြာ စောင့်ကြည့်ခဲ့ရာမှာ စိုးရိမ်ပူပန်လွယ်သူတွေမှာ ပရိုတိန်းပမာဏ မြင့်မားတာတွေကို တွေ့ခဲ့ရပြီး၊ အစိုးရိမ်လွန်မှုဟာ အလ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာဖြစ်တယ်လို့ လေ့လာသူတွေက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

    စိုးရိမ်စိတ်လွန်ကဲမှုနဲ့ အလ်ဇိုင်းမားရောဂါ အမှန်တကယ် ဆက်စပ်မှုရှိလားဆိုတာ နောက်ထပ် လေ့လာမှုတွေလုပ်ဖို့ လိုအုံးမယ်လို့ ဒေါက်တာ ဒိုနိုဗန်က ပြောကြားခဲ့ပါတယ်။

    Ref: Medical News Today

  • အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတွင် ဒုံးကျည်အန္တရာယ်ရှိသည်ဟု မှားယွင်းကြေငြာမှု ဖြစ်ပွား

    အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတွင် ဒုံးကျည်အန္တရာယ်ရှိသည်ဟု မှားယွင်းကြေငြာမှု ဖြစ်ပွား

    ဇန်န၀ါရီ ၁၄၊ ၂၀၁၈
    M-Media

    ဖုန်းတွင်းဝင်လာသည့် သတိပေးချက်

    – အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းတွင် ဒုံးကျည်အန္တရာယ်ရှိသည် မှားယွင်းစွာ သတိပေးကြေငြာမှုကြောင့် ပြည်သူများမှာ ၀ရုန်းသုန်းကား ဖြစ်သွားခဲ့သည်ဟု သိရသည်။

    “ဟာဝိုင်ယီကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တိုက်ခိုက်မှု ရှိနေကြောင်း အရေးပေါ် အသိပေးပါတယ်။ ဘေးလွတ်ရာနေရာကို ချက်ချင်းပုန်းရှောင်ကြပါ။ ဒါဟာ လေ့ကျင့်မှုမဟုတ်ပါဘူး” ဆိုသည့် စာတိုတစ်စောကို ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးဌာနက ယမန်နေ့ မနက်ပိုင်းတွင် ဟာဝိုင်ယီပြည်သူများ၏ ဖုန်းများသို့ ပေးပို့ခဲ့သည်။

    ထိုသတိပေးချက်အား ရုပ်သံဌာနများ၊ ရေဒီယိုများကလည်း တစ်ဆင့် ပြန်လည်၍ ဖော်ပြခဲ့ကြသည်။

    ထို့ကြောင့် ပြည်သူများမှာ ၀ရုန်းသုန်းကား ဖြစ်ခဲ့ကြပြီး နာရီဝက်အကျော်တွင် ထိုသတိပေးချက်မှာ မှားယွင်းမှုဖြစ်သည်ဟု စီမံခန့်ခွဲမှုဌာနက ပြန်လည်ကြေငြာခဲ့သည်။ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ကလည်း မည်သည့် အန္တရာယ်မှ မရှိဟု အတည်ပြုခဲ့သည်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေးဗစ် အိုင်ဂီက အဆိုပါမှားယွင်းမှုအတွက် ရုပ်သံမှတစ်ဆင့် တောင်းပန်ခဲ့ပြီး ဟာဝိုင်ယီ အရေးပေါ် စီမံခန့်ခွဲမှုဌာန၌ ၀န်ထန်းများ တာဝန်ချိန် အပြောင်းအလဲတွင် ခလုပ်မှားနှိပ်မိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “တာဝန်ချိန်အပြောင်းအလဲမှာ စနစ် အလုပ် လုပ်၊ မလုပ် သေသေချာချာ စစ်ဆေးစဉ်အတွင်း ဖြစ်ပွားခဲ့တာပါ။ ၀န်ထမ်းတစ်ဦးက ခလုပ်မှားနှိပ်ခဲ့တာဖြစ်ပါတယ်”

    အရေးပေါ်ဌာန၌ တစ်နေ့လျှင် တာဝန်ချိန် ၃ ကြိမ် အပြောင်းအလဲရှိသည်ဟုလည်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

    နျူလက်နက်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှု မြင့်တက်နေချိန်တွင် ယခုကဲ့သို့ မှားယွင်းမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားက ၎င်းတို့တွင် အမေရိကန်၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ဒုံးကျည်မျိုး ပိုင်ဆိုင်ထားသည်ဟု ပြီးခဲ့သည့်နှစ်က ကြေငြာထားသည်။

    အရေးပေါ် အချက်ပေးမှုစနစ်ကို ကိုင်တွယ်သည့် အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင်က ၎င်းတို့အနေဖြင့် ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: CNA

  • Fire and Fury  စာရေးဆရာကို ထရမ့် ထပ်မံဝေဖန်

    Fire and Fury စာရေးဆရာကို ထရမ့် ထပ်မံဝေဖန်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၈
    M-Media

    – Fire and Fury ဆိုတဲ့အမည်နဲ့ သူ့အကြောင်း စာအုပ်ရေးတဲ့ စာရေးဆရာဟာ စိတ်ကစဥ့်ကလျား ဖြစ်နေသူဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီကနေ့မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။

    စာရေးဆရာ မီခေးလ်ဝုလ်ဖီဟာ ထရမ့်ရဲ့ အပြုအမူ အပြောဆိုတွေ၊ အိမ်ဖြူတော်အကြောင်းတွေကို သူ့ရဲ့ ဒီစာအုပ်မှာ ဖွင့်ဟရေးသားထားတာပါ။

    “လုပ်ကြံသတင်းတွေ အများကြီး ဖော်ပြထားပါတယ်။ မှားနေပမယ့်လည်း သူတို့ဟာ မှန်အောင် မကြိုးစားသလို၊ ပြင်လည်း မပြင်ဆင်ကြပါဘူး။ စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ စာရေးဆရာရဲ့ စာအုပ်ကို သူတို့ လော်ကြတယ်။ အဲဒီစာရေးဆရာဟာ သိသိကြီးနဲ့ အမှားတွေ ရေးခဲ့တာပါ။ ငါတို့ ရွေးကောက်ပွဲနိုင်တာကို မီဒီယာတွေက သွေးရူးသွေးတန်း ဖြစ်နေကြပါတယ်” လို့ ထရမ့်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသာခဲ့တာဖြစ်ပါတယ်။

    Fire and Fury စာအုပ်မှာ ထရမ့် မဲဆွယ်ရေးအဖွဲ့က ရုရှားနဲ့ ဆက်သွယ်ခဲ့မှု၊ အိမ်ဖြူတော်မှာ ထရမ့်က ထင်တိုင်းကြဲနေမှု၊ ထရမ့်အပေါ် ၀န်ထမ်းတွေက မနှစ်မြို့မှု၊ အယုံအကြည်မရှိမှု၊ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်အပေါ် ထရမ့်အဖွဲ့က ခြေထိုးမှုတွေကိုလည်း စာရေးဆရာဝုလ်ဖီက ဖော်ပြထားပါတယ်။

    ထရမ့်က ဒီစာအုပ်ကို ထုတ်ဝေခွင့်မရအောင် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အရင်ကလည်း စာအုပ်နဲ့ ၀ုလ်ဖီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

    Ref: The Guardian