News @ M-Media
Blog
  • အီရန်ဆန္ဒပြမှုကို အမေရိကန်က အမြတ်ထုတ်နေသည်ဟု ရုရှားစွပ်စွဲ
    အီရန်ဆန္ဒပြမှုကို အမေရိကန်က အမြတ်ထုတ်နေသည်ဟု ရုရှားစွပ်စွဲ
    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media
    – အီရန်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို အမြတ်ထုတ်ကာ နျူသဘောတူညီချက်ကို ဖျက်သိမ်းရန် အမေရိကန်က ဆောင်ရွက်နေသည်ဟု ကုလဆိုင်ရာ ရုရှားသံအမတ်က စွပ်စွဲပြောကြားလိုက်သည်။
    ဒီဇင်ဘာနှောင်ပိုင်းကတည်းက အီရန်နိုင်ငံတွင် စတင်ခဲ့သည့် လူထုအုံကြွမှုနှင့် ပတ်သက်၍ အမေရိကန်၏ ဆော်သြမှုဖြင့် ယမန်နေ့က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်စဉ် ရုရှားသံအမတ် ဗာဆီလီ နီဘန်ဇီယာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “လုံခြုံရေးကောင်စီဆိုတာကို အမေရိကန်က အလွဲသုံးစားလုပ်နေတာပါ။ အီရန်က သူ့ပြဿနာကို သူဖြေရှင်းပါစေ။ ဒီကနေ့လုပ်တဲ့ အစည်းအဝေးဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ အီရန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မဟုတ်ဘဲ အီရန်ရဲ့ နျူသဘောတူညီချက်ကို ပျက်ပြားစေဖို့ တစ်ဖက်လှည့် ကြိုးပမ်းမှုပါ”
    ဗီတိုအာဏာကိုင်ထားသော တရုတ်၊ မျက်နှာသစ်နိုင်ငံ အီကွေတိုရီယဲလ်ဂီနီတို့ကလည်း လုံခြုံရေးကောင်စီအနေဖြင့် အီရန်ကိစ္စ ဆွေးနွေးမှုအတွက် မေးခွန်းထုတ်ခဲ့ကြသည်။
    ကုန်ဈေးမှုကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့ များပြားခြင်းတို့ကို မကျေနပ်၍ အီရန်ပြည်သူများ၏ ဆန္ဒပြမှုမှာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်။
    အီရန်ကမူ ထိုဆန္ဒပြမှုမှာ အမေရိကန်၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောကြားထားသည်။
    Ref : Aljazeera
  • ဟိန္ဒူအစွန်းရောက်များ၏ဒဏ်ကို မခံနိုင်၍ ဒါလစ်ဗုဒ္ဓဘာသာများ အကြီးအကျယ် ဆန္ဒပြ
    ဟိန္ဒူအစွန်းရောက်များ၏ဒဏ်ကို မခံနိုင်၍ ဒါလစ်ဗုဒ္ဓဘာသာများ အကြီးအကျယ် ဆန္ဒပြ
    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media
    ဒါလစ်များ၏ ဆန္ဒပြပွဲ မြင်ကွင်းတစ်ခု
    – နှစ်အစပိုင်းကတည်းက ဟိန္ဒူအစွန်းရောက်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခပ်စိပ်စိပ် ခံလာခဲ့ရတာကြောင့် အိန္ဒိယက ဒါလစ်ဇာတ်နိမ့်တွေဟာ စီးပွားရေးမြို့တော် မွမ်ဘိုင်းနဲ့ မဟာရက်ရှ်ထရာ ပြည်နယ်တစ်ဝှမ်းမှာ အခုတစ်ပတ်အတွင်း အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။
    သူတို့ကို တိရစ္ဆာန်တွေလို သဘောထားတဲ့ ဇာတ်မြင့်တွေကို ဗြိတိသျှနဲ့ပေါင်းပြီး တွန်းလှန်နိုင်ခဲ့တဲ့ နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မဟာရက်ရှ်ထရာပြည်နယ်ရဲ့ ဒုတိယမြို့တော် ပူနေးမှာ ဇန်န၀ါရီ ၁ ရက်နေ့က ချီတက်လှည့်လည်စဉ် ဟိန္ဒူအမျိုးသားရေးသမားတွေရဲ့ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက်ပိုင်း ဒါလစ်ဇာတ်နိမ့်တွေ ဒီလို အုံကြွလာတာ ဖြစ်ပါတယ်။
    ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုအတွင်း အများအပြား ဒဏ်ရာရရှိခဲ့ကာ ကားတွေ မီးရှို့ဖျက်ဆီးတာ၊ ဗုဒ္ဓသာသနာ့အလံတွေကို ဆုတ်ဖြဲတာတွေလည်း ရှိခဲ့ပါတယ်။
    နောက်ဆက်တွဲအဖြစ် မွန်ဘိုင်းမြို့ ဆင်ခြေဖုံးနဲ့ မဟာရက်ရှ်ထရာပြည်နယ်က ဒါလစ်ဇာတ်နိမ့်တွေ အများစုရှိတဲ့ နေရာတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး ဒါလစ်တွေရဲ့ သမိုင်းအမွေအနှစ်တွေ၊ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံခဲ့ရပါတယ်။
    အန်ဒါပရာဒက်ရှ်ပြည်နယ်က ဂူဂျာရက်ခရိုင်မှာလည်း ဇန်န၀ါရီ ၁ ရက်နေ့မှာ ဒါလစ်တွေကို ပစ်မှတ်ထားတဲ့ ဒီလိုတိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့ပါတယ်။
    ဆန္ဒပြ
    ဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ ဒါလစ်ဇာတ်နိမ့်တွေဟာ မွမ်ဘိုင်းမှာ တနင်္လာနေ့ညနေပိုင်းက စတင်ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းမှာ မဟာရက်ရှ်ထရာ ပြည်နယ်တစ်ဝှမ်လုံးမှာ ဒီဆန္ဒပြမှုက ပြန့်နှံ့သွားခဲ့ပါတယ်။
    ဇန်ဝါရီ ၃ ရက် ဗုဒ္ဓဟူးနေ့အထိ မွမ်ဘိုင်းမှာ ဆန္ဒပြမှုတွေ ဆက်ရှိခဲ့ပြီး ပါဝင်သူတွေဟာ လမ်းတွေ၊ ရထားလိုင်းတွေကို ပိတ်ဆို့တာ၊ ဘတ်စ်ကားတွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
    ပြည်နယ်တစ်ဝှမ်း ဒါလစ်ဇာတ်နိမ့်တွေရဲ့ ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့က အင်အားသုံးခဲ့တာကြောင့် ဆယ်ကျော်သက်တစ်ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
    အရေးမယူ
    မွမ်ဘိုင်းအခြေစိုက် ဒါလစ်အရေး တက်ကြွလှုပ်ရှားသူ ဆာဂါ ဇန်ဒီက ဇန်န၀ါရီ ၁ ရက်နေ့ ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုအတွက် ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးတာမျိုး မလုပ်ယုံသာမကဘဲ အမှုဖွင့်တဲ့သူတွေကို ပြန်လည် ဖမ်းဆီးတာမျိုးတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြည်တွင်းဂျာနယ်လစ်တွေအနေနဲ့ ဒါလစ်တွေရဲ့ ထိခိုက်ခံစားရမှုတွေကို မျက်ကွယ်ပြုပြီး ဟိန္ဒူဇာတ်မြင့်တွေဖက်ကို ဘက်လိုက်ရေးသားတယ်လို့ ဒါလစ်တွေဖက်က စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
    ဒါလစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပရာကက်ရှ် အမ်ဘဒ်ကာက ဆန္ဒပြမှုအဆုံးသတ်ဖို့ ဗုဒ္ဓဟူးနေ့မှာ ဆော်သြခဲ့ပြီး မဟာရက်ရှ်ထရာ ပြည်နယ်ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖဒ်နာဗစ်က တနင်္လာနေ့ အကြမ်းဖက်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
    အိန္ဒိယမှာ ဒါလစ်ဇာတ်နိမ့်အရေအတွက် သန်း ၂၀၀ လောက် ရှိနေပြီး ဇာတ်မြင့်တွေရဲ့ ခွဲခြားမှု နှိပ်စက်ညှင်းပမ်းမှုဒဏ်ကို မခံနိုင်တာကြောင့် အများစုဟာ ဟိန္ဒူဘာသာကနေ ဇာတ်ခွဲခြားမှုမရှိတဲ့ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြပါတယ်။
    ၁၉၅၀ ခုနှစ် အိန္ဒိယဖွဲ့စည်းပုံမှာ ဇာတ်ခွဲခြားမှုစနစ်ကို တရားဝင် ဖျက်သိမ်းခဲ့ပေမယ့် မြေပြင်မှာတော့ လက်ရှိအချိန်အထိ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
    Ref: The Guardian, Independent, Newsclick
  • မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်ထပ်လုပ်ရေး အမေရိကန်ကို ဂျူးအဖွဲ့အစည်းများ တောင်းဆို
    မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်ထပ်လုပ်ရေး အမေရိကန်ကို ဂျူးအဖွဲ့အစည်းများ တောင်းဆို
    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media
    – ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့အတွက် အမေရိကန်က ဂျူးအသင်းအဖွဲ့တွေက အမေရိကန် အထက်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။
    အကြီးဆုံး ဂျူးအသင်းတော် ၃ ခုအပါအ၀င် ဂျူးအဖွဲ့ပေါင်း ၂၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ အဲဒီ တိုက်တွန်းစာမှာ The Burma Human Rights and Freedom Act လို့ခေါ်တဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမယ့် ဥပဒေမူကြမ်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။
    ဒီဥပဒေမူကြမ်းမှာ နိုင်ငံတစ်ဝှမ်း ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ဖို့၊ မြန်မာနိုင်ငံ အနောက်ပိုင်းမှာ အကြမ်းဖက်မှုကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို နည်းလမ်းအသစ်တွေနဲ့ ကူညီပေးသွားဖို့ ပါဝင်ပြီး အမေရိကန် အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ မကြာခင် မဲခွဲအတည်ပြုဖို့ ရှိနေပါတယ်။
    တစ်ခြားနိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်ဂျူးအဖွဲ့အစည်းတွေ စုပေါင်း ဆန့်ကျင်တာဟာ ရှားပါးပြီး အခုတိုက်တွန်းစာမှာ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေထဲမှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ American Jewish World Service အဖွဲ့ အပါအ၀င် အမေရိကန်က ထိပ်တန်းဂျူးအဖွဲ့အစည်းတွေ အားလုံးနီးပါး ပါဝင်ပါတယ်။
    ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်လိုက်ခြင်းအားဖြင့် ‘ဆိုးဆိုးဝါးဝါး ရက်စက်ကြမ်းကြုတ်မှုတွေအတွက် နိုင်ငံတကာလူ့အဖွဲ့အစည်းနဲ့ အမေရိကန်တို့ဟာ နှုတ်ဆိတ်နေတာမျိုး၊ ဘာမှမလုပ်ဘဲနေတာမျိုး မရှိဘူးဆိုတာ မြန်မာစစ်တပ်ကို သတိပေးလိုက်တာမျိုး ဖြစ်တယ်’ လို့ တိုက်တွန်းစာမှာ ဖော်ပြထားပါတ
    ယ်။
    နောက်ပြီး ဂျူးတွေအနေနဲ့ ဒီလိုကိစ္စအတွက် နှုတ်ဆိတ်နေမှာမဟုတ်ဘဲ ရိုဟင်ဂျာတွေ အသက်ရှင်ရပ်တည်ခွင့်၊ ဘေးန္တရာယ်ကင်းရှင်းရေးနဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ အမေရိကန်အနေနဲ့ အခုချခြင်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။
    အခုနှစ်အစောပိုင်းမှာလည်း အမေရိကန်က ဂျူးဘုန်းကြီး ၃၀၀ ကျော်လောက်ဟာ အစ္စရေးအစိုးရထံကို စာတစ်စောင် ပေးပို့ခဲ့ပြီး မြန်မာစစ်တပ်အပေါ် လက်နက်တွေရောင်းနေတာကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
    Ref: Haaretz
  • သူ့အကြောင်းရေးသူနဲ့ ရန်ဖြစ်ပြန်တဲ့ အမေရိကန်သမ္မတထရမ့်
    သူ့အကြောင်းရေးသူနဲ့ ရန်ဖြစ်ပြန်တဲ့ အမေရိကန်သမ္မတထရမ့်
    ဇန်န၀ါရီ ၅၊ ၂၀၁၇
    M-Media
    – Fire and Fury: Inside the Trump White House ဆိုတဲ့အမည်နဲ့ ထရမ့်အကြောင်းရေးထားတဲ့ စာအုပ်အတွက် စာရေးဆရာ မီခေးလ်ဝုလ်ဖ်နဲ့ ထရမ့်တို့အကြား အပြန်အလှန် စွပ်စွဲမှုတွေနဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
    ထရမ့်ရဲ့ ရှေ့နေကလည်း ဒီစာအုပ်ကို ထုတ်ဝေမှုကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီကနေ့ည ၁၂ နာရီမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
    NBC ရဲ့ Today Show အစီအစဉ်မှာ ၀ုလ်ဖ်က ထရမ့်ရဲ့ ၀န်ထမ်းအားလုံးက ‘ထရမ့်ဟာ ကလေးတစ်ယောက်လိုပဲ’ လို့ ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
    “သူဟာ လိုချင်တဲ့ဆန္ဒကို ချက်ခြင်းဖြည့်ဆည်းရမှ နေသာတယ်လို့ သူတို့ ဆိုလိုတာပါ။ ဒါက သူ့ဗီဇပါပဲ။ စာမဖတ်ဖူး၊ ပြောတာလည်း နားမထောင်တတ်ဘူး။ ဘယ်မှမထိဘဲ အောက်ကျသွားတဲ့ pinball လိုပါပဲ”
    နယူးယောက်က ထရမ့်တာဝါမှာ သားဖြစ်သူ ဒေါ်နယ် ဂျေအာရ်အပါအ၀င် ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ရုရှားရှေ့နေ့တစ်ဦးတို့ တွေ့ဆုံမှုဟာ ‘နိုင်ငံတော် သစ္စာဖောက်တဲ့လုပ်ရပ်’ ဖြစ်တယ်လို့ ထရမ့်အကြံပေးဟောင်း စတိဗ် ဘန်နွန်ရဲ့ ပြောကြားမှုကိုလည်း ၀ုလ်ဖ်ရဲ့စာအုပ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    သမ္မတရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရရှိသွားတာဟာ အံ့သြစရာဖြစ်ကြောင်း၊ သူ့ရဲ့ ဒီစာအုပ် ထုတ်ဝေတာကို ပိတ်ပင်ဖို့ အမေရိကန်သမ္မတက ကြိုးစားတာဟာ ‘ထူးထူးခြားခြား’ ဖြစ်ပြီး အလယ်အလတ် ကုမ္ပဏီက စီအီးအိုတောင် ဒီလိုလုပ်မှာမဟုတ်ကြောင်း ၀ုလ်ဖ်က ထည့်သွင်း ရေးသားထားပါတယ်။
    Fire and Fury: Inside the Trump White House စာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းအရာတွေရဲ့ မှန်ကန်မှု၊ တိကျမှုတွေအတွက် ထရမ့်က မေးခွန်းထုတ်ထားပေမယ့် ၀ုလ်ဖ်ကတော့ သူရေးထားတာတွေ အားလုံးအတွက် သူတာဝန်ယူတယ်လို့ NBC ကို ပြောကြားခဲ့ပါတယ်။
    ထရမ့်ကတော့ စာအုပ်အတွက် အိမ်ဖြူတော်ကို ၀င်ရောက်ဖို့၊ သူနဲ့ စကားပြောဆိုဖို့ ၀ုလ်ဖ်ကို သူက ခွင့်ပေးခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။
    စာအုပ်မှာ ဘာတွေပါလဲ
    ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရစဉ်က သူ့ရဲ့ မဲဆွဲရေးအဖွဲ့ဝင်တွေ အံ့သြမှင်သက်ခဲ့တဲ့အကြောင်း၊ ရွေးကောက်ပွဲညမှာ မနိုင်မှာဆိုးတဲ့အတွက် ထရမ့်ရဲ့ ဇနီး မီလာနီယာက ၀မ်းနည်းစွာ ငိုခဲ့တဲ့အကြောင်း၊ သမ္မတအဖြစ် ကျမ်းကျိန်ပွဲကို ထိပ်တန်းပုဂ္ဂိုလ်တွေက အရေးမစိုက်ခဲ့တဲ့အတွက် ထရမ့်က ဒေါသထွက်တဲ့အကြောင်း၊ အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ဖို့အတွက် ထရမ့်ရဲ့သမီး အိုင်ဗန်ကာက သူ့ယောက်ျား ဂျရတ် ကက်ရှ်နာနဲ့ စီမံကိန်းဆွဲထားတဲ့အကြောင်း စတာတွေ ပါဝင်ပါတယ်။
    စာအုပ်ကို လူပေါင်း ၂၀၀ ကျော်နဲ့ တွေ့ဆုံမေးမြန်းမှုကို အခြေခံရေးသားထားပေမယ့် ကျွမ်းကျင်သူ တစ်ချို့ကတော့ ဒီအပေါ်မှာ မေးခွန်းထုတ်မှုတွေ ဝေဖန်မှုတွေ ရှိနေပါတယ်။
    စာအုပ်ရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က ထရမ့်တာဝါမှာ ရုရှားရှေ့နေနဲ့ တွေ့ခဲ့တဲ့အကြောင်းကို ဘန်နွန်က ပြန်လည်ပြောပြမှု ဖြစ်ပါတယ်။
    ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ လက်ရှိမှာ ထရမ့်နဲ့ သူ့အဖွဲ့ဟာ တရားရေးဌာနရဲ့ စုံစမ်းမေးမြန်းမှုတွေကို ခံနေရပါတယ်။ ထရမ့်ကတော့ ဒီကိစ္စမှာ သူပါဝင်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
    ထရမ့်က ဒီစာအုပ်ဟာ အလိမ်အညာချည်းသာဖြစ်ပြီး၊ တကယ်မရှိတဲ့ ရင်းမြစ်တွေကို ကိုးကားထားတယ်လို့ စွပ်စွဲထားပါတယ်။ သူ့ရဲ့ ရှေ့နေဖြစ်သူကလည်း စာရေးဆရာနဲ့ ထုတ်ဝေသူတို့ကို ဥပဒေကြောင်းအရ တားမြစ်နိုင်ဖို့ စီစဉ်နေပါတယ်။
    Ref: BBC