News @ M-Media

Blog

  • ၂၀၃၅ ခုနှစ်တွင် ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်ရေး တရုတ်ပစ်မှတ်ထား

    ၂၀၃၅ ခုနှစ်တွင် ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်ရေး တရုတ်ပစ်မှတ်ထား

    ဇန်န၀ါရီ ၃၊ ၂၀၁၈
    M-Media

    – ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၃၅ ခုနှစ်မှာ ကမ္ဘာ့ ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်လာရေး ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံဟာ လက်ရှိမှာ ယွမ် ၁၃.၈ ဘီလီယံ (ကန်ဒေါ်လာ ၂.၁ ဘီလီယံ) ကုန်ကျမယ့် ဉာဏ်ရည်တုစင်တာ AI Park ကို ဘေဂျင်းမှာ ဆောက်လုပ်ဖို့အပါအ၀င် နည်းပညာဆိုင်ရာ စီမံကိန်းတွေ တော်တော်များများလုပ်ဖို့ စီမံကိန်းဆွဲထားပါတယ်။

    လာမယ့်နှစ်တွေအတွင်း သတင်းအချက်အလက် နည်းပညာ၊ အင်တာနက်ဆိုင်ရာ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

    တရုတ် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး မြောင်ဝေက သူတို့အနေနဲ့ ၂၀၃၅ ခုနှစ်ကျရင် ဆိုက်ဘာလောကမှာ ထိပ်တန်းရောက်ဖို့အတွက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ဆိုပါတယ်။

    အင်တာနက်၊ အချက်အလက်နဲ့ ဉာဏ်ရည်တုနည်းပညာအကြား ပေါင်းစည်းမှုကို အားပေးရမှာဖြစ်ပြီး တစ်ဦးချင်း အချက်အလက်လုံခြုံရေး၊ အွန်လိုင်းအချက်အလက် လုံခြုံရေးတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

    World Internet Developing Report မှာ ဖော်ပြထားတဲ့အချက်အလက်အရ ၂၀၁၇ ခုနှစ် ဇွန်လအထိ ကမ္ဘာတစ်ဝှမ်း အင်တာနက်သုံးစွဲသူဦးရေ သန်းပေါင်း ၄ ထောင် ရှိရာမှာ တရုတ်နိုင်ငံက သန်း ၇၅၀ ရှိနေတယ်လို့ သိရပါတယ်။

    မြောင်ဝေက AI လို အဆင့်မြင့် နည်းပညာမျိုး ပြန့်နှံ့လာတာက သမရိုးကျ စက်မှုလုပ်ငန်းတွေကို ပြန်လည်ရှင်သန်လာစေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: RT

  • ဂျေရုစလင်မှာ ရောင်းစားရန်မဟုတ်ဟု ပါလက်စတိုင်းက အမေရိကန်၏ ခြိမ်းခြောက်မှုကို တုန့်ပြန်

    ဂျေရုစလင်မှာ ရောင်းစားရန်မဟုတ်ဟု ပါလက်စတိုင်းက အမေရိကန်၏ ခြိမ်းခြောက်မှုကို တုန့်ပြန်

    ဇန်န၀ါရီ ၃၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်ဟာ ‘ရောင်းစားဖို့မဟုတ်’ လို့ ပါလက်စတိုင်း သမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပြီး အမေရိကန်သမ္မတက ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းကို ပေးအပ်နေတဲ့ အကူအညီ ဖြတ်တောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    “ဂျေရုစလင်ဟာ ပါလက်စတိုင်းနိုင်ငံရဲ့ ထာဝရမြို့တော် ဖြစ်ပါတယ်။ ရွှေ၊ ဘီလီယံဒေါ်လာတွေနဲ့ ရောင်းစားရမယ့်အရာ မဟုတ်ပါဘူး” လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ဒီဇင်ဘာ ၆ ရက်နေ့မှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အလုပ်မဖြစ်တော့ဘူးလို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က တုန့်ပြန်ခဲ့ပါတယ်။

    ထရမ့်က သူတို့အနေနဲ့ ပါလက်စတိုင်းကို ဒေါ်လာသန်းနဲ့ချီ ပေးထားပေမယ့် ပါလက်စတိုင်းက သူတို့ကို လေးစားမှုမရှိဘဲ၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှု မလုပ်ချင်ဘူးဆိုရင် ဘာ့ကြောင့် အကူအညီတွေ ပေးရမလဲဆိုတဲ့ သဘောထားမျိုးကို မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်အတွင်းမှာ ပါလက်စတိုင်းကို အကူအညီ ကန်ဒေါ်လာ ၃၁၉ သန်း ပေးခဲ့တယ်လို့ အမေရိကန်အစိုးရ စာရင်းအင်းတွေအရ သိရပြီး ဒီပမာဏကို ထရမ့်က ရည်ညွှန်းတာလားဆိုတာ တိတိကျကျ မသိရပါဘူး။

    “ဆွေးနွေးညှိနှိုင်းမှုတွေကို ကျွန်တော်တို့ ကျောခိုင်းသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ အရှေ့ဂျေရုစလင်ကို မြို့တော်ထားပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံတကာ ဥပဒေတွေ၊ ဆုံးဖြတ်ချက်တွေကို အခြေခံတဲ့ ဆွေးနွေးမှုမျိုး ဖြစ်ရပါမယ်” လို့ ရူဒီနာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Alarabiya

  • ပိတ်ထားသည့် တောင်ကိုရီးယားနှင့် ဖုန်းလိုင်းကို မြောက်ကိုရီးယားက ပြန်ဖွင့်ပေး

    ပိတ်ထားသည့် တောင်ကိုရီးယားနှင့် ဖုန်းလိုင်းကို မြောက်ကိုရီးယားက ပြန်ဖွင့်ပေး

    ဇန်န၀ါရီ ၃၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားမှာ ယခင်က ပိတ်ထားသည့် နယ်စပ်ဖုန်းလိုင်းကို ဖွင့်ပေးလိုက်ပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ်တွင် မြောက်ကိုရီးယား ပါဝင်နိုင်ရေး ဆွေးနွေးမည်ဟု တောင်ကိုရီးယားက ပြောကြားပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    တောင်ကိုရီးယားနယ်စပ်နှင့် ဆက်သွယ်ထားသည့် အဆိုပါဖုန်းလိုင်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားဖက်က ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညနေ ၃ နာရီက ပြန်ဖွင့်ပေးခဲ့သည်။

    မြောက်ကိုရီးယားမှာ ဖုန်းလိုင်း ကောင်းမကောင်းနှင့်ပတ်သက်၍ တောင်ကိုရီးယားအာဏာပိုင်များကို ဆက်သွယ် မေးမြန်းခဲ့ကြောင်း၊ နှစ်ဖက်ပြောဆိုမှုမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း တောင်ကိုရီး ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ခေါင်းဆောင် ကင်ဂျုံအန်မှာ တောင်ကိုရီးယားနှင့် ဆက်သွယ်ဆွေးနွေးရန်နှင့် လာမည့်လတွင် တောင်ကိုရီးယား၌ ပြုလုပ်မည့် ဆောင်းရာသီအိုလံပစ်သို့ ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ရန် အမိန့်ပေးခဲ့သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးကော်မတီက မိမိတို့အနေဖြင့် တောင်ကိုရီးယားနှင့် စိတ်ထားမှန်ကန် ရိုးသားစွာ ဆက်သွယ်ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • စော်ကားသူကို မေတ္တာဖြင့်တုန့်ပြန်လိုက်တဲ့ အမေရိကန်က အလ်-စလာမ်ဗလီ

    စော်ကားသူကို မေတ္တာဖြင့်တုန့်ပြန်လိုက်တဲ့ အမေရိကန်က အလ်-စလာမ်ဗလီ

    ဇန်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု အာရ်ကန်းနက်စ်ပြည်နယ် ဖို့သ်စမစ်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကို လာရောက်စော်ကားသူကို ဒေသတွင်း မွတ်စလင်လူ့အဖွဲ့အစည်းက ခွင့်လွှတ်ကျေအေးပေးခဲ့ပြီး သူ့ရဲ့ အကြွေးတွေကိုလည်း ဆပ်ပေးခဲ့ပါတယ်။

    “ဒီအရိပ်မည်းကြီးက သူ့ဘ၀တစ်လျှောက်လုံး လိုက်နေတာမျိုး မဖြစ်သင့်ပါဘူး” လို့ တိုက်ခိုက်ခံရတဲ့ ဗလီဝတ်ကျောင်းရဲ့ ဥက္ကဌ အလ် စလာမ် လူအေ နာဆရီက ပြောကြားခဲ့ပါတယ်။

    ဖို့သ်စမစ်မြို့က မတ်စ်ဂျစ် အလ် ဆလာမ်ဗလီကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အေဘရာဟမ် ဒေးဗစ်ဆိုသူက ညဘက် လာရောက်ကာ နံရံမှာ နာဇီတံဆိပ်နဲ့ စော်ကားတဲ့စကားလုံးတွေကို စပရေးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ဗလီဝတ်ကျောင်းတော်ရဲ့ လုံခြုံရေးကင်မရာကနေတစ်ဆင့် ဒေးဗစ်ကို ဖမ်းမိခဲ့ပြီး စွဲချက်တင်ခံခဲ့ရပါတယ်။

    “ဒီလူဟာ မကောင်းတာလုပ်ခဲ့ပြီး သူ့ရဲ့ လုပ်ရပ်တွေအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဘယ်သူ့အပေါ်ကိုမှ ကျွန်တော်တို့ မကောင်းတဲ့စိတ် မထားပါဘူး” လို့ နာဆရီက ဆိုပါတယ်။

    တရားရုံးက ဒေးဗစ်ကို လှုမှုရေးလုပ်ဖို့နဲ့ ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ဒဏ်ငွေပမာဏ များပြားတာကြောင့် ဒေးဗစ်တစ်ယောက် ပေးဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။

    ဒါ့ကြာင့် မတ်စ်ဂျစ်ဒ် အလ် ဆလာမ်ဗလီ ဥက္ကဌ နာဆရီက ဗလီပြင်ဖို့ ကောက်ခံရရှိထားတဲ့ အလှူငွေကနေ ဒဏ်ငွေကို စိုက်ထုတ်ပေးခဲ့ပါတယ်။

    “သူမှာ ငွေရေးကြေးရေး အခက်အခဲရှိတယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ ဒဏ်ငွေမပေးနိုင်ရင် ထောင် ၆ နှစ်ကျမှာပါ။ သူ ထောင်ထဲမှာ ၆ နှစ်နေရမှာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ အဲဒီနောက် (ငွေကြေးစိုက်ထုတ်ပေးပြီးနောက်) အားလုံး အဆင်ပြေသွားပါတယ်။ သူ ကြပ်ကြပ်တည်းတည်းနဲ့ နေထိုင်ရတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ပြောခဲ့သလိုပဲ သူ့ကို ပိုကောင်းတဲ့ အနာဂတ် ရစေချင်ပါတယ်” လို့ နာဆရီက ဆိုပါတယ်။

    ဒီလိုလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ထင်ကြောင်း၊ လူတစ်ယောက်က အမှားလုပ်ပြီးလို့ မှားကြောင်းဝန်ခံမယ်ဆိုရင် မိမိတို့က ခွင့်လွှတ်ရမှာဖြစ်ကြောင်းကိုလည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “(ဗလီနာမည်) အလ်-ဆလာမ်ဆိုတာဟာ ငြိမ်းချမ်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအနှစ်သာရကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ကျွန်တော်တို့အကြောင်း သိလာမယ်ဆိုရင် ဒါမျိုးတွေ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အပေါ် ဘယ်လိုပဲ မကျေမနပ်ဖြစ်ပါစေ၊ ကျွန်တော်တို့ သူ့ကို ကူညီဖို့ ကြိုးစားသွားမှာပါ။ ထိတွေ့ဆက်ဆံမှုဆိုတာ အရေးကြီးတယ်၊ ပညာရေးကလည်း အရေးကြီးပါတယ်”

    Ref: Arkanas Matters

  • အီရန်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း သေဆုံးသူ မြင့်တက်

    အီရန်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း သေဆုံးသူ မြင့်တက်

    ဇန်န၀ါရီ ၂၊ ၂၀၁၈
    M-Media

    – အီရန်နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း ယမန်နေ့က အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံပိုင်သတင်းဌာနက ကွာဒါရီဂျန်မြို့ရှိ ရဲစခန်းတစ်ခုကို ၀င်စီးမှုအတွင်း ဆန္ဒပြသူ ၆ ဦး သေဆုံးခဲ့သည်ဟု ယနေ့တွင် အတည်ပြုခဲ့သည်။ ဆူပူသူများမှာ လက်နက်များ ရယူရန်အတွက် ရဲစခန်းကို စီးနင်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

    ခိုမေနီရှားမြို့၌ သေဆုံးသူများတွင် အသက် ၁၁ နှစ်အရွယ် ယောက်ျာလေးတစ်ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးတို့ ပါဝင်သည်။

    မြို့တော် တီဟီရန်တောင်ဘက် ကီလိုမီတာ ၃၅၀ အကွာရှိ နဂျာဖာဘဒ်မြို့တွင် အီရန်တော်လှန်ရေးအစောင့်တပ်များကို ဆန္ဒပြသူတစ်ဦးက အမဲလိုက်ရိုင်ဖယ်ဖြင့် ပစ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ၆ရက်တာ ကြာမြင့်လာပြီဖြစ်သည့် အီရန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ၄၅၀ ခန့် ဖမ်းဆီးခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

    Ref: Aljazeera