News @ M-Media
Blog
  • တာလီဘန်ကိစ္စအတွက် ပါကစ္စတန်နှင့် အမေရိကန်အကြား စကားစစ်ထိုးမှု အရှိန်မြင့်
    တာလီဘန်ကိစ္စအတွက် ပါကစ္စတန်နှင့် အမေရိကန်အကြား စကားစစ်ထိုးမှု အရှိန်မြင့်
    ဇန်န၀ါရီ ၂၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား တာလီဘန်ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စကားစစ်ထိုးပွဲတွေ အရှိန်မြင့်လာပါတယ်။
    အာဖဂန်မှာ အကြမ်းဖက်သမားတွေကို လိုက်လံရှင်းလင်းရာမှာ ပါကစ္စတန်ဟာ အမေရိကန်ကို အကူအညီ မပေးသလောက်ပဲလို့ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာကတစ်ဆင့် ဝေဖန်ပစ်တင်ခဲ့ပါတယ်။
    “လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အမေရိကန်ဟာ ပါကစ္စတန်အပေါ် ကန်ဒေါ်လာ ၃၃ ဘီလီယံ အကူအညီကို မိုက်မဲစွာနဲ့ ပေးခဲ့မိတယ်။ သူတို့ကတော့ အလိမ်အညာတွေ၊ တစ်ပတ်ရိုက်တာတွေကလွဲလို့ ဘာမှ ပြန်မပေးပါဘူး။ ကျွန်တော်တို့ခေါင်းဆောင်တွေဟာ ကြပ်မပြည့်ဘူးလို့ သူတို့ထင်ကြတာ။ အာဖဂန်မှာ ကျွန်တော်တို့ လိုက်နေတဲ့ အကြမ်းဖက်သမားတွေကို သူတို့က ခိုလှုံခွင့်ပေးထားပြီး ကျွန်တော်တို့ကို မကူညီဘူး။ လုံးဝမကူညီတာပါ” လို့ ရေးသားခဲ့တာပါ။
    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ခွာဂျာ အာဆစ်ဖ်က အာဖန်မှာ စစ်ပွဲမနိုင်တဲ့ ကိစ္စအတွက် ထရမ့်ဟာ ပါကစ္စတန်ကို အပြစ်တင်ဖို့ ကြိုးစားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    “အာဖဂန်နစ္စတန်မှာ အမေရိကန်တွေ အခြေမလှတာကို ထရမ့်က စိတ်ပျက်နေပြီး ပါကစ္စတန်ကို သွားပုပ်လေလွင့်ပြောနေတာတွေဟာ ဒီအကြောင်းအရင်းကြောင့်ပါပဲ။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဘာမှမလုပ်ပေးနိုင်တော့ဘူးလို့ အမေရိကန်ကို ပြောထားပြီးသားပါ။ ဒါ့ကြောင့် ထရမ့်ရဲ့ ‘လုံးဝပဲ’ ဆိုတဲ့စကားဟာ အရေးကို မပါတော့ပါဘူး”
    အမေရိကန်က သူတို့ကိုပေးထားတဲ့ အကူအညီအတွေအတွက် စာရင်းအင်း အသေးစိတ်ကို လူသိရှင်ကြား ချပြဖို့ အဆင်သင့်ပဲလို့လည်း အာဆစ်ဖ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခိုရမ် ဒက်စ်တာဂီရ်က သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။
    အစ္စလာမ်မာဘတ်က အမေရိကန်သံအမတ်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ဆင့်ခေါ်ခဲ့ပြီး ထရမ့်ရဲ့ Twitter မှတ်ချက်အတွက် တရားဝင် ကန့်ကွက်ခဲ့ပါတယ်။
    ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံရုံးက ပြောရေးဆိုခွင့်ရှိသူ ရစ်ချက် ဆနဲလ်ဆိုင်ယာကလည်း ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။
    ပါကစ္စတန် ကာကွယ်ရေးဝ်ကြီးဌာနကတော့ ပါကစ္စတန်အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး မဟာမိတ်အဖြစ် အလ်ကိုင်းဒါးတိုက်ဖျက်ရေးမှာ အမေရိကန်ကို ကျည်း၊ ရေ၊ လေ ဆက်သွယ်ဆောင်ရွက်မှုတွေ အိတ်သွန်ဖာမှောက် လုပ်ပေးခဲ့ပြီး၊ စစ်အခြေစိုက်စခန်းအတွက် နေရာပေးတာ၊ ထောက်လှမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ပြန်ရတာကတော့ ပုတ်ခတ်မှုနဲ့ မယုံကြည်မှုသာဖြစ်ကြောင်း၊ အမေရိကန်ဟာ ပါကစ္စတန်တွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်သမားတွေ နယ်စပ်ဖြတ်ကျော်ဝင်လာတာကိုပဲ ကွက်ကြည့်ကြောင်း Twitter စာမျက်နှာကနေတစ်ဆင့် တုန့်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • ပါလက်စတိုင်းနှင့် မြန်မာနိုင်ငံမှ အဖိအနှိပ်ခံမွတ်စလင်များကို ဆက်လက်ကူညီမည်ဟု နာဂျစ်ပြော
    ပါလက်စတိုင်းနှင့် မြန်မာနိုင်ငံမှ အဖိအနှိပ်ခံမွတ်စလင်များကို ဆက်လက်ကူညီမည်ဟု နာဂျစ်ပြော
    ဇန်န၀ါရီ ၁၊ ၂၀၁၇
    M-Media
    – ပါလက်စတိုင်းနဲ့ မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့ မွတ်စလင် ညီအစ်ကို၊ မောင်နှမတွေကို ဆက်လက် ကူညီပံ့ပိုးပေးသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားလိုက်ပါတယ်။
    အဲဒီနှစ်နိုင်ငံက မွတ်စလင်တွေ ထိခိုက်ခံစားရမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ အဆုံးသတ်ရေးအတွက် မလေးရှားကမွတ်စလင်တွေ၊ အခြားနိုင်ငံက မွတ်စလင်တွေ စည်းလုံးညီညွတ်ရမယ်လို့လည်း နာဂျစ်က သူ့ရဲ့ ဘလော့စာမျက်နှာကနေ တိုက်တွန်းခဲ့ပါတယ်။
    “ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ပေါင်းစည်းဖို့၊ မလေးရှားမြေမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှု၊ ကောင်းချီးမင်္ဂလာတွေ အဆက်မပြတ် ကျရောက်ဖို့အတွက် အလ္လာဟ်အရှင် စောင်မတော်မူပါ။ ဒါမှ အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ စံပြ အစ္စလာမ့်နိုင်ငံဖြစ် ကမ္ဘာ့ဘယ်နေရာက ဖိနှိပ်ချုပ်ချယ်ခံရတဲ့ မွတ်စလင်တွေကိုမဆို ကာကွယ်ဖို့ ဆက်လက် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်”
    မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တစ်လျှောက်မှာ ကောင်းချီးမင်္ဂလာတွေနဲ့ သာသာဝပြောဆဲဖြစ်ပြီး၊ ငြိမ်းချမ်းတဲ့၊ သဟဇာတဖြစ်တဲ့ နိုင်ငံဖြစ်ခဲ့ကြောင်းလည်း ဘလော့ဂ်မှာ ရေးသားခဲ့ပါတယ်။
    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က သတ်မှတ်မှုကို မိမိတို့အနေနဲ့ ရှုတ်ချကြောင်းလည်း ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ ရင်ဆိုင်နေရတဲ့ ဒုက္ခ၊ သုက္ခတွေဟာ မလေးရှား မွတ်စလင်တွေအပေါ်မှာလည်း သက်ရောက်မှုရှိပြီး နိုင်ငံတကာအဆင့်အထိ ဒီကိစ္စရောက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အကူအညီပေးရေးအတွက် ငွေကြေးလည်း ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မလေးရှားရဲ့ ယခင် ထောက်ပံ့မှုတွေကိုလည်း နာဂျစ်က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
    ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ နာဂျစ်ဟာ မြန်မာအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ဖူးပြီး၊ နိုင်ငံအတွင်း ကျဆင်းနေတဲ့ သူ့ရဲ့ပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ ရိုဟင်ဂျာပြဿနာကို အသုံးချတာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
    Ref : Malaysian Insight
  • ကမ္ဘာကြီး၏ မတည်ငြိမ်မှုများအတွက် ကုလအတွင်းရေးမှူးချုပ် သတိပေး
    ကမ္ဘာကြီး၏ မတည်ငြိမ်မှုများအတွက် ကုလအတွင်းရေးမှူးချုပ် သတိပေး
    ဇန်န၀ါရီ ၁၊ ၂၀၁၈
    M-Media
    – ခြားနားမှုများကို အတူတကွ ပူးပေါင်းဖြေရှင်းခြင်း မရှိပါက ကမ္ဘာကြီးမှာ မညီမျှမှု၊ အမျိုးသားရေးဝါဒ၊ နိုင်ငံခြားသားကြောက်ရောဂါများကြောင့် ၀ရုန်းသုန်းကား ဖြစ်ဖွယ်ရှိနေပြီး နျူစစ်ပွဲပင် ဖြစ်လာနိုင်သည်ဟု ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်သည်။
    “လွန်ခဲ့တဲ့တစ်နှ်စ် ကျွန်တော် တာဝန်စထမ်းဆောင်စဉ်တုန်းက ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ လက်တွေ့အခြေအနေတွေအရ ကမ္ဘာကြီးဟာ ပြောင်းပြန်ဖြစ်နေပါတယ်။ ပဋိပက္ခတွေက နက်ရှိုင်းလာပြီး၊ အန္တရာယ်သစ်တွေလည်း ထွက်ပေါ်လာပါတယ်။ နျူလက်နက်နဲ့ပတ်သက်တဲ့ ကမ္ဘာကြီးရဲ့ စိုးရိမ်သောကရောက်မှုတွေဟာ စစ်အေးခေတ်နောက်ပိုင်းမှာ အမြင့်ဆုံးကို ရောက်လာပါတယ်”
    ထို့ပြင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုမှာ မိမိတို့ထက် ပိုမိုမြန်ဆန်နေကြောင်း၊ မညီမျှမှုများ မြင့်တက်လာပြီး  ဆိုးဆိုရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည် မြင်လာရကြောင်း ဂူတာရက်စ်က ထည့်သွင်း ပြောကြားခဲ့သည်။
    နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် အဆိုပါပဋိပက္ခများ ဖြေရှင်းခြင်း၊ မုန်းတီးမှုများကို ကျော်လွှာခြင်း၊ ဘုံတန်ဖိုးများကို ကာကွယ်ခြင်း စသည်တို့ကို လုပ်နိုင်မည်ဖြစ်သော်လည်း အတူတကွ ဆောင်ရွက်ရမည်ဟု အထွေထွေ အတွင်းရေးမှူးက ဆိုသည်။
    ထို့ပြင် ကွာဟချက်များကို ကျဉ်းမြောင်းစေရန်၊ မတူကွဲပြားမှုများအတွက် တံတားထိုးရန်၊ ဘုံရည်ရွယ်ချက်များအတွက် ပြည်သူများကို စုစည်းကာ ယုံကြည်ချက် ပြန်လည်တည်ဆောက်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။
    Ref : Alarabiya
  • အိန္ဒိယ-ပါကစ္စတန် နျူဆိုင်ရာစာရင်းများ အပြန်အလှန် လဲလှယ်
    အိန္ဒိယ-ပါကစ္စတန် နျူဆိုင်ရာစာရင်းများ အပြန်အလှန် လဲလှယ်
    ဇန်န၀ါရီ ၁၊ ၂၀၁၈
    M-Media
    – နိုင်ငံအတွင်းရှိ နျူကလီးယားဆိုင်ရာ အဆောက်အဦးများ၊ တပ်ဆင်ထားမှု စာရင်းများကို အန္ဒိယနှင့် ပါကစ္စတန်တို့က ယနေ့တွင် အပြန်အလှန် လဲလှယ်ခဲ့ကြသည်ဟု သိရသည်။
    လွန်ခဲ့သည့် နှစ် ၃၀ က ချုပ်ဆိုခဲ့သည့် ‘နျူဆိုင်ရာနေရာများအား တိုက်ခိုက်မှု တားဆီးရေး’ သဘောတူညီချက်အရ လဲလှယ်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
    ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ၁၉၉၁ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့သည့် အဆိုပါ သဘောတူညီချက်တွင် နှစ်စဉ် ဇန်န၀ါရီရောက်တိုင်း နိုင်ငံအတွင်းရှိ နျူဆိုင်ရာ အဆောက်အဦးများ စာရင်းကို အပြန်အလှန် လဲလှယ်ရမည်ဟု ဖော်ပြထားသည်။
    ၁၉၉၁ ခုနှစ်နှင့် ဇန်န၀ါရီ ၁ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် စာရင်းများ လဲလှယ်ခဲ့ပြီး ယခုအကြိမ်မှာ ၂၇ ကြိမ်ဆက်တိုက် လဲလှယ်မှုဖြစ်သည်။
    Ref : Alarabiya
  • ပါလက်စတိုင်းပိုက်နက်အား လုံးဝသိမ်းဆည်းရေး အစ္စရေး၏ကြိုးပမ်းမှု ပါလက်စတိုင်းပါတီများ ရှုတ်ချ
    ပါလက်စတိုင်းပိုက်နက်အား လုံးဝသိမ်းဆည်းရေး အစ္စရေး၏ကြိုးပမ်းမှု ပါလက်စတိုင်းပါတီများ ရှုတ်ချ
    ဇန်န၀ါရီ ၁၊ ၂၀၁၈
    M-Media
    – ပါလက်စတိုင်းပိုင်နက်ဖြစ်သော အနောက်ဖက်ကမ်းအား အစ္စရေး၏ အချုပ်အခြာအာဏာ သွတ်သွင်းရေး တိုက်တွန်းသော အစ္စရေး အာဏာရပါတီ Lukid ၏ ဆုံးဖြတ်ချက်ကို ပါလက်စတိုင်း နိုင်ငံရေးအဖွဲ့များက ရှုတ်ချလိုက်သည်။
    ပါလက်စတိုင်း နိုင်ငံရေးအဖွဲ့များဖြစ်သော ဖာတာနှင့် ဟားမက်စ်တို့မှာ Lukid ပါတီ၏ ထိုဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးသတ်ကာ ပါလက်စတိုင်းတို့၏ တော်လှန်မှုကို ပိုမိုမြင့်တက်လာစေလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
    “ဒီဆုံးဖြတ်ချက်ဟာ အရင်က ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ် အားလုံးကို အလကားဖြစ်စေခဲ့ပြီး အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်ဟာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းပိုင်နက်တွေ ဖြစ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက် ၂၃၃၄ အပါအ၀င် ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ခွင့်မလွှတ်နိုင်စရာ ချိုးဖောက်မှုလည်း ဖြစ်ပါတယ်” ဟု ပါလက်စတိုင်းသမ္မ တ မဟ်မူးဒ်အဘတ်စ်၏ ဖာတာအဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
    ဟားမက်စ်အဖွဲ့ကလည်း Lukid ပါတီ၏ ထိုလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အမေရိကန်၏ ဂျေရုစလင် ရပ်တည်ချက်ကို အခွင့်ကောင်းယူကာ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးကျော်မှု ပေါ်လစီဟု ပြောကြားခဲ့သည်။
    အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့မှာ အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ နယ်နမိတ်များအဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတ်မှတ်ထားပြီး အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုများ၊ တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်မှုများကို ရှုတ်ချထားသည်။
    Ref : Aljazeera