News @ M-Media

Blog

  • ၄ နှစ်အရင်ကပျောက်သွားသည့် မလေးရှားလေယာဉ်ကို ရက် ၉၀ အတွင်း တွေ့အောင်ပြန်ရှာမည်

    ၄ နှစ်အရင်ကပျောက်သွားသည့် မလေးရှားလေယာဉ်ကို ရက် ၉၀ အတွင်း တွေ့အောင်ပြန်ရှာမည်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၈
    M-Media

    – ၂၀၁၄ ခုနှစ်က ပျောက်ဆုံးသွားတဲ့ ခရီးသည်တင်လေယာဉ် MH370 ကို ရက်ပေါင်း ၉၀ အတွင်း ရှာဖွေဖို့အတွက် ကန်ဒေါ်လာ သန်း ၇၀ တန် သဘောတူညီချက်တစ်ခုကို မလေးရှားဟာ အမေရိကန်ကုမ္ပဏီ Ocean Infinity နဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

    Ocena Infinity အနေနဲ့ MH370 ရဲ့ အပျက်အဆီးအပိုင်းအစ ဒါမှမဟုတ် Black Box ရှိနေတဲ့နေရာကို ဖော်ထုတ်ပေးဖို့ဟာ ရှာဖွေမှုရဲ့ အဓိကရည်ရွက်ချက် ဖြစ်တယ်လို့ မလေးရှား ပို့ဆောင်ရေးဝန်ကြီး Liow Tiong Lai က ပြောကြားခဲ့ပါတယ်။

    တောင်အိန္ဒိယသမုဒ္ဒရာထဲမှာ သြစတေးလျ ကျွမ်းကျင်သူတွေ သတ်မှတ်ပေးထားတဲ့ စကွဲယားကီလိုမာ ၂၅၀၀၀ အတွင်း ရှာလို့တွေ့ခဲ့ရင် မလေးရှားက ကန်ဒေါ်လာ သန်း ၅၀ ပေးရမှာဖြစ်ပြီး အဲဒီဧရိယာကျော်သွားမှ တွေ့ရင်တော့ သန်း ၇၀ ပေးရမှာ ဖြစ်ပါတယ်။

    မလေးရှားရဲ့ အခုသဘောတူညီချက်ဟာ အပျက်အဆီး ဒါမှမဟုတ် Black Box ကိုတွေ့မှ ပိုက်ဆံပေးရမယ့် သဘောမျိုးဖြစ်ပြီး ပထမဆုံးရှာတဲ့ စကွဲယားကီလိုမီတာ ၅၀၀၀ အတွင်းမှာတွေ့ရင် သန်း ၂၀ သာ ပေးရမှာ ဖြစ်ပါတယ်။

    ဇန်န၀ါရီ ၁၇ ရက်နေ့မှာစတင်မယ့် ဒီရှာဖွေမှုကို မလေးရှားနဲ့ အမေရိကန်က ၂ နိုင်ငံကိုယ်စားလှယ်တွေအပါအ၀င် စုစုပေါင်း ၆၅ ဦး ပါဝင်မှာဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မလေးရှားလေကြောင်းလိုင်းက MH 370 လေယာဉ်ဟာ ကွာလာလမ်ပူကနေ ဘေဂျင်းကိုအသွား လမ်းမှာ ပျောက်ဆုံးသွားတာဖြစ်ပြီး ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားပါတယ်။

    မေလးရှားဟာ သြစတေးလျနဲ့ပူးပေါင်းကာ ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် သဲလွန်စမရခဲ့ဘဲ အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့် သြစတေးလျပညာရှင်တွေက သတ်မှတ်ပေးထားတဲ့ အခု ဧရိယာအသစ်မှာ ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်မှုတွေ ရှိနေပါတယ်။

    Ref: CNA

  • နန်းတွင်းအရှုပ်တော်ပုံကို ဖွင့်ချသည့် တော်ဝင်မင်းသားတစ်ပါးကို ဆော်ဒီ ဖမ်းဆီး

    နန်းတွင်းအရှုပ်တော်ပုံကို ဖွင့်ချသည့် တော်ဝင်မင်းသားတစ်ပါးကို ဆော်ဒီ ဖမ်းဆီး

    ဇန်န၀ါရီ ၁၀၊ ၂၀၁၈
    M-Media

    အောက်တိုဘာလက ဆော်ဒီ အဏ္ဍ၀ါအားကစားအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရသည့် မင်းသား အဘ်ဒူလာ ဘင် ဆာအွဒ်ဖြစ်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ခါးပိုက်ဆောင်တပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    – တော်ဝင်မင်းသား ၁၁ ဦးအား ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲသည့်အမြင်မျိုးကို ပြောကြားခဲ့သည့် မင်းသားတစ်ပါးကို ဆော်ဒီက ရာထူးမှ ဖယ်ရှားကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    အောက်တိုဘာလက ဆော်ဒီ အဏ္ဍ၀ါအားကစားအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရသည့် မင်းသား အဘ်ဒူလာ ဘင် ဆာအွဒ်ဖြစ်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ခါးပိုက်ဆောင်တပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    အစိုးရက တော်ဝင်အသိုင်းအ၀ိုင်းအတွက် စားရိတ်လျှော့ချမှုကို မကျေနပ်၍ ဆန္ဒပြသောကြောင့် ဆော်ဒီမင်းသား ၁၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆော်ဒီအစိုးရက ပြီးခဲ့သည်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

    တက်ကြွလှုပ်ရှားသူများကမူ တော်ဝင်မိသားစုများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ အိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ် ပျောက်ဆုံးနေခြင်းတို့အား ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာများတွင် ရေးသားခဲ့ကြသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ အဘ်ဒူလာ ဘင် ဆာအွဒ်၏ အသံသွင်းထားမှုတွင် ဖမ်းဆီးခံရသည့် မင်းသား ၁၁ ဦးမှာ မတရားစွပ်စွဲခံရခြင်းဖြစ်ကြောင်း၊ ရာထူးမှ ဖယ်ရှားခံသည့် ဆွေမျိုးတစ်ဦးနှင့်အတူ နန်းတော်သို့ မင်းသားများက လိုက်သွားစဉ် ၀င်ရောက်ခွင့်မပေးသည့်အတွက် အစောင့်များနှင့် ရန်ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

    အဆိုပါအသံသွင်းထားသည့်ဖိုင် ထုတ်ပြန်ခဲ့ပြီးနောက် ဆော်ဒီ အားကစားဆိုင်ရာ အာဏာပိုင်အဖွဲ့က အဘ်ဒူလာအား ရာဖူးမှ ချက်ချင်း ဖယ်ရှားခဲ့သည်။

    လက်ရှိတွင် အဘ်ဒူလာကို ရီယာ့ဒ်တောင်ဘက်ရှိ အကျဉ်းထောင်တွင် အခြား ဖမ်းဆီးခံ ဆွေတော်မျိုးတော်များနှင့်အတူ ချုပ်နှောင်ထားသည်ဟု ဆော်ဒီဝဘ်ဆိုက်အများအပြားက ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • သွေးထိုးသည့် နိုင်ငံခြားတိုင်းပြည်များကို တုန့်ပြန်မည်ဟု အီရန်အဓိပတိပြော

    သွေးထိုးသည့် နိုင်ငံခြားတိုင်းပြည်များကို တုန့်ပြန်မည်ဟု အီရန်အဓိပတိပြော

    ဇန်န၀ါရီ ၁၀၊ ၂၀၁၈
    M-Media

    အီရန်အဓိပတိ အယာတိုလာ ခါမေနီ

    – နိုင်ငံအတွင်း လူထုအုံကြွမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်တို့ကို အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက ဝေဖန်လိုက်ပြီး အစိုးရကို ဖြုတ်ချရန် ကြိုးစားသည့် ပြည်ပတိုင်းပြည်များကို တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    ခါမေနီမှာ ယမန်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ဝေဖန်ခဲ့ပြီး ‘ထရမ့်မှာ ဂနာမငြိမ်သူ၊ ကယောက်ခြောက်ခြားလုပ်တတ်သူ’ ဟု ကင်ပွန်းတပ်ခဲ့သည်။

    လူနေမှုစားရိတ်ကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့ များပြားခြင်းတို့ကြောင့် အီရန်ပြည်သူများမှာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြခဲ့သည်။

    အဆိုပါဆန္ဒပြမှုမှာ နိုင်ငံရပ်ခြားမှ တိုက်ရိုက် သွေးထိုးမှုကြောင့်ဖြစ်သည့် ခိုင်မာသာ အထောက်အထားများရှိနေသည်ဟု အီရန်က ပြောကြားထားသည်။

    “အမေရိကန်အာဏာပိုင်တွေအနေနဲ့ ပထမဆုံး သိထားရမှာက သူတို့ရဲ့ ရည်မှန်းချက် အထမမြောက်ဘူး ဆိုတာပါ။ ဒုတိယအချက်က လတ်တလောမှာ အီရန်ကို ထိခိုက်အောင် သူတို့ သွေးထိုးပေးထားပြီး ဒါကို အီရန်က မတုန့်ပြန်ဘဲ ထားမှာမဟုတ်ဘူး ဆိုတာပါပဲ” ဟု ခါမေနီက ၎င်း၏ Twitter စာမျက်နှာတွင် ရေးသာခဲ့သည်။

    “အီရန် အစ္စလာမ့် ပြည်သူ့သမ္မတနိုင်ငံကို ဖြုတ်ချချင်တဲ့ အမေရိကန်၊ ဗြိတိန်နဲ့ အခြားသူတွေကို ထပ်ပြောချင်တာက ခင်ဗျားတို့ ဒီတစ်ကြိမ်မှာ မအောင်မြင်သလို၊ နောက်ထပ်လည်း အောင်မြင်မှာမဟုတ်ဘူး ဆိုတာပါပဲ”

    ဆန္ဒပြမှုအတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ၃၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

    အီရန်အာဏာပိုင်များက အဆိုပါ ဆန္ဒပြမှုကို အမေရိကန် စီအိုင်အေနှင့် အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့တို့က စီစဉ်ကာ ဆော်ဒီက ငွေကြေးထောက်ပံ့ပေးသည်ဟု စွပ်စွဲထားသည်။

    ထရမ့်က အီရန်ကို အုပ်စိုးသူများမှာ အမေရိကန်၏ပါဝါကို ကြောက်ရွံ့နေသည်ဟု ပြောကြားခဲ့ပြီး ခါမေနီကလည်း ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ကျုပ်တို့က ခင်ဗျားတို့ကို တော်တော်ကြီး ကြောက်နေမယ်ဆိုရင် ၁၉၇၀ ပြည့်နှစ်တွေက ခင်ဗျားတို့ကို ရန်က ကန်ထုတ်ပြီး ၂၀၁၀ ပြည့်နှစ်တွေမှာ ဒေသတွင်းကနေ ခင်ဗျားတို့ အထုပ်ထမ်းပြန်ရအောင် ဘာဖြစ်လို့ လုပ်မလဲ” ဟု ခါမေနီက ရေးသားခဲ့သည်။

    Ref: Aljazeera

  • ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။

    – တရုတ် ဗဟိုစစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့် ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးအား ခြစားမှုဖြင့် တရားစွဲဆိုသွားမည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ယနေ့တွင် ဖော်ပြခဲ့သည်။

    အသက် ၆၇ နှစ်အရွယ်ရှိ ဖန်ဖန်းဟွေဆိုသူဖြစ်ပြီး ၎င်းမှာ ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟု Reuters သတင်းဌာနက စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။ Xinhua သတင်းဌာနက ဖန်နှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။ သို့သော်လည်း သြဂုတ်လတွင် ရုတ်တရက် ရာထူးချခံရပြီး အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် ၅ နှစ်တစ်ကြိမ် ကွန်မြူတစ်ပါတီ ကွန်ဂရက်တွင် သြဇာကြီးမားသည့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

    ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေးတွင် ဗဟိုစစ်ကော်မရှင်မှ ဥက္ကဌဟောင်းနှစ်ဦး အပါအ၀င် ဒါဇင်နှင့်ချီသော စစ်ဖက်တာဝန်ရှိသူများမှာ စုံစမ်းစစ်ဆေးခံရကာ ထောင်ဒဏ်ချမှတ်ခံရသူများလည်း ရှိခဲ့သည်။

    ဖန်နှင့်အတူ စစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲ ကျန်းယန်မှာ ခြစားမှုဆိုင်ရာအတွက် စစ်ဆေးခံရသောကြောင့် နိုဝင်ဘာလက မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်။

    Ref: CNA