News @ M-Media

Blog

  • တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှု မြောက်ကိုရီးယားလက်ချက်ဟု ယူဆနေ

    တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှု မြောက်ကိုရီးယားလက်ချက်ဟု ယူဆနေ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများ ဖေဖော်ဝါရီလက ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ မြောက်ကိုရီးယားလက်ချက်ဖြစ်မည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ယုံကြည်နေသည်။

    ကမ္ဘာ့ ပဉ္စမမြောက်အကြီးဆုံး အိတ်ချိန်းဖြစ်သော Bithumb အိတ်ချိန်းရှိ Bitcoin နှင့် Ethereum တို့မှ ကန်ဒေါ်လာ အနည်းဆုံး ၇ သန်းဖိုး ခိုးယူခံလိုက်ရခြင်းဖြစ်ပြီး အသုံးပြုသူ ၃၀၀၀၀ ၏ အချက်အလက်များလည်း ပါသွားခဲ့သည်။

    လက်ရှိတွင် ခိုးယူခံလိုက်ရသည့် ဒစ်ဂျစ်တယ်ငွေကြေးပမာဏမှာ ၈၂.၇ သန်းအထိ တန်ဖိုးတက်နေပြီ ဖြစ်သည်။

    နျူလက်နက်အစီအစဉ်ကြောင့် ပြုလုပ်ထားသည့် ဘဏ္ဍာရေး ပိတ်ဆို့မှုများကို ကျော်လွှားရန်အတွက် မြောက်ကိုရီးယားဟက်ကာများမှာ ဒစ်ဂျစ်တယ်ငွေကြေးများကို ပစ်မှတ်ထားနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆနေကြသည်။

    Bithumb အိတ်ချိန်းမှ ၀န်ထမ်းတစ်ဦး၏ ကွန်ပျူတာကို ပစ်မှတ်ထားကာ ဖေဖော်ဝါရီလက တိုက်ခိုက်မှုကိုဇွန်လကမှ တောင်ကိုရီးယားက သိရှိခဲ့သည်။

    ဟက်ကာများက ၎င်းတို့ ရယူသွားသည့် အသုံးပြုသူများ၏ အချက်အလက်များကို ကန်ဒေါ်လာ ၅.၅ သန်းပေး၍ ရွေးယူရန်နှင့် မရွေးပါက ဖျက်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနက စက်တင်ဘာလအတွင်း Coinis အိတ်ချိန်း ဆိုက်ဘာတိုက်ခိုက်ခံရမှု၏ နောက်ကွယ်တွင်လည်း မြောက်ကိုရီးယား ရှိနေမည်ဟု ယူဆနေသည်။ အောက်တိုဘာလက တိုက်ခိုက်ရန် ကြိုးစားမှုကို ဟန့်တားနိုင်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

    လက်ရှိတွင် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများအတွက် တောင်ကိုရီးယားက ဥပဒေပြဌာန်းမှုမျိုး မရှိသေးသော်လည်း တိုက်ခိုက်ခံရမှုများကြောင့် တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန် အစိုးရက စီစဉ်နေသည်။

    Ref: BBC

  • ဗလီအတွက် မြေလှူတဲ့ အိန္ဒိယက ဟိန္ဒူဘုရားကျောင်းဥက္ကဌ

    ဗလီအတွက် မြေလှူတဲ့ အိန္ဒိယက ဟိန္ဒူဘုရားကျောင်းဥက္ကဌ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး တိုးချဲ့ဖို့အတွက် ဟိန္ဒူဘုရားကျောင်းဥက္ကဌက သူပိုင်မြေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    နိုင်ငံအနောက်တောင်ပိုင်း ကာရ်နာတာကာပြည်နယ်က အိုလီမန်ဒိုဗူရွာမှာဖြစ်ပြီး Vishnumurthy ဟိန္ဒူဘုရားကျောင်းရဲ့ ဥက္ကဖြစ်တဲ့ မိုဟန် ရိုင်းက သူ့ရဲ့ ခြံကို ဘေးက အိုလီမန်ဒိုဗူ ဗလီကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

    ဗလီဂေါပကအဖွဲ့က ၀တ်ပြုရာနေရာ တိုးချဲ့ဆောက်လုပ်ဖို့အတွက် မြေနေရာပြန်ရောင်းဖို့ ရိုဟန်ကို ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ရိုဟန်က လှူဖို့သဘောတူခဲ့တာ ဖြစ်ပါတယ်။ ရိုဟန်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ လူမှုဖူလှုံရေးနဲ့  အကူအညီပေးရေး အစီအစဉ်တွေမှာလည်း ပါဝင်နေသူတစ်ယောက် ဖြစ်ပါတယ်။

    “ဗလီဟာ ကျွန်တော်ပိုင်တဲ့ခြံနဲ့ ကပ်လျက်မှာ တည်ရှိပြီး ဂေါပကအဖွဲ့က တိုးချဲ့ဖို့ မြေလိုလာပါတယ်။ ကျွန်တော်တို့ဟာ ဘာသာမတူပေမယ့် ဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာသာတရားတိုင်းကို လေးစားဖို့ လိုပါတယ်။ ဘာသာကိုလိုက်ပြီး ကျွန်တော်တို့ဟာ မခွဲခြားသင့်ပါဘူး။ ဘုရားသခင်က ကျွန်တော့်ကို အပြည့်အစုံပေးထားပြီး အဲဒီအထဲက တစ်စိတ်တစ်ပိုင်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” လို့ ရိုဟန်က ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ ဥက္ကဌ ဟူစိန် ဒါရီမီက အဲဒီလို လှူဒါန်းတဲ့နေ့ဟာ ရွာသားတွေအတွက် မမေ့နိုင်ဖွယ်ရာနေ့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အိန္ဒိယနိုင်ငံသားတိုင်းဟာ ဒီလို ရက်ရောမှုကို ပြသသင့်ပါတယ်။ ဟိန္ဒူ-မွတ်စလင် ညီညွတ်ရေးထက် ကြီးကျယ်တာ ဒီနိုင်ငံမှာ ဘာမှမရှိပါဘူး”

    ကာရ်နာတာကာပြည်နယ်ဟာ ဘာသာရေးအရ အကဲဆတ်တဲ့ ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရပေမယ့် အခု ဒီအဖြစ်အပျက်ဟာ ဘာသာရေးသည်းခံနိုင်စွမ်းရဲ့ ပြယုဂ်တစ်ခုအဖြစ် အိန္ဒိယပြည်သူတွေက ဖော်ပြကြပါတယ်။

    Ref: Times Of India

  • ပါကစ္စတန်ခရစ်ယာန်ဘုရာကျောင်းတွင် အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး

    ပါကစ္စတန်ခရစ်ယာန်ဘုရာကျောင်းတွင် အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြသူများ

    – ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ကွက်တာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ယနေ့နေ့လည်ပိုင်းက အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Bethel Memorial Methodist ဘုရားကျောင်းဖြစ်ပြီး တိုက်ခိုက်ရေးသမားတစ်ဦးမှာ ဘုရားကျောင်း ဂိတ်ပေါက်ဝတွင် အသေခံဗုံးခွဲကာ အခြားတစ်ဦးမှာ ၀တ်ပြုရန်လာသူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    လုံခြုံရေးတပ်ဖွဲ့များမှာ ဒုတိယသေနတ်သမားကို သုတ်သင်နိုင်ခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ မိုအာဇမ် ဂျာဟ် အန်ဆာရီက ပြောကြားခဲ့သည်။

    “ဘုရားကျောင်းရဲ့ ပရ၀ုဏ်အတွင်းကို ကျွန်တော်တို့ ချက်ခြင်း ရှင်းလင်းနိုင်ခဲ့ပြီး လက်ရှိမှာ ပတ်ဝန်းကျင်ကို လိုက်လံရှင်းလင်းနေပါတယ်”

    တိုက်ခိုက်မှုဖြစ်ပွားစဉ်တွင် ဘုရားကျောင်းအတွင်း ၀တ်ပြုသူပေါင်း အနည်းဆုံး ၂၀၀ ကျော်ရှိနေပြီး ဒဏ်ရာရရှိသူများမှာ ၃၃ ဦးရှိသည်ဟု မြို့တွင်းရှိ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ကွက်တာမြို့ရှိရာ ဘာလိုချစ္စတန်ဒေသ၌ လတ်တတောတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး တာလီဘန်နှင့် မဟာမိတ်ပြုထားသည့် အဖွဲ့များ၊ ခွဲထွက်ရေးသမားများက ပြုလုပ်ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်လကလည်း စစ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုတစ်ခု ကွက်တာမြို့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    ယခုလ အစောပိုင်းက အကြီးတန်းရဲအရာရှိတစ်ဦး တိုက်ခိုက်သတ်ဖြတ်ခံရပြီး၊ အောက်တိုဘာလက လမ်းဘေးဗုံးခွဲမှုအတွင် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည်။

    ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကို မသိရှိရသေးပေ။

    Ref: Aljazeera

  • ကမ္ဘာ့အလှဆုံး ဗလီဝတ်ကျောင်းတော်များ

    ကမ္ဘာ့အလှဆုံး ဗလီဝတ်ကျောင်းတော်များ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    ၁။ ပဲရစ်ဂျာမေဗလီ (ပြင်သစ်)

    ၁၉၂၆ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ပဲရစ် ဂျာမေဗလီဝတ်ကျောင်းတော်ကြီးဟာ ပဲရစ်မြို့ရဲ့ ၅ ရပ်ကွက်မှာရှိပါတယ်။ မူးရ်လူမျိုးတွေရဲ့ ဗိသုကာလက်ရာ ထင်ဟပ်တဲ့ ဒီဗလီဝတ်ကျောင်းတော်မှာ စပိန်နဲ့ မြောက်အာဖရိက ရိုးရာ ဗိသုကာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

    ၂။ ရှိုခ် လော့တ်ဖိုလာဗလီ (အီရန်)

    ၁၆၁၉ ခုနှစ်လောက်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး အစပိုင်းတုန်းက တော်ဝင်အသိုင်းအ၀ိုင်း သီးသန့်ဝတ်ပြုဖို့ ရည်ရွယ်တာပါ။ အမိုးခုံးတစ်ခုသာ ပါဝင်ပြီး ဗလီဝတ်ကျောင်းတော် အတွင်းပိုင်းနဲ့ အပြင်ပိုင်းက မျက်နှာကျက် အလှဆင်ထားမှုဟာ အတော့်ကို လက်ရာမြောက်ပါတယ်။

    ၃။ အလ်အက်ဆွာဗလီ (ဂျေရုစလင်)

    အလ်အက်ဆွာဗလီကို ၇ ရာစုနှောင်းပိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်က အရေးပါဆုံး ဗလီဝတ်ကျောင်းတော်တွေထဲမှာ ပါဝင်ကာ အစ္စလာမ်မှာ တတိယ အမြင့်မြတ်ဆုံး ၀တ်ပြုရာနေရာအဖြစ် သတ်မှတ်ပါတယ်။ တမန်တော်မိုဟာမက်သခင် ကောင်းကင်ခရီးစတင်ခဲ့တဲ့လို့ ယုံကြည်တဲ့ နေရာမှာ တည်ဆောက်ထားတာဖြစ်ပြီး ဗလီရဲ့ အတွင်း၊ အပြင်မှာ အပြောက်အမွှမ်းလက်ရာတွေ၊ ကျောက်ထွင်းလက်ရာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ အတွင်းက အမိုးခုံးမှာတော့ ပေပေါင်း ၇၈၀ လောက်ရှည်တဲ့ ကူဖစ် အာရဘီစာပန်းချီလက်ရာတွေကို စက်ဝိုင်းပတ် ရေးသားထားပါတယ်။

    ၄။ ကွာရာဝီယင်ဗလီ (မော်ရိုကို)

    အစပိုင်းက သေးသေးလေးသာဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော်ကို နှစ်ပေါင်း တစ်ထောင်လောက်အတွင်းမှာ မွမ်းမံချဲ့ထွင်တာတွေ လုပ်ခဲ့ပြီး ဗလီပရ၀ုဏ်အလယ်ပိုင်းမှာ ထားရှိထားတဲ့ ခြေသေ့င်္ ၁၂ ကောင် ရေပန်းကို ၁၄ ရာစု ဒုတိယပိုင်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    ၅။ မတ်စ်ဂျစ်ဒီ နာဆီရ် အလ်-မွတ်လ်ဗလီ (အီရန်)

    နှင်းဆီအရောင်အသွေးကို ပေါပေါများများ အသုံးပြုထားတဲ့အတွက် ပန်းရောင်ဗလီလို့ ချစ်စနိုးအမည် ရထားပါတယ်။ ၁၉ ရာစုအတွင်းမှာ တည်ဆောက်ထားပေမယ့် လက်ရာက အဲဒီခေတ်ကာလရဲ့ မြင်နေကျလ ဗိသုကာတွေနဲ့ ကျော်လွန်ကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။ မျက်နှာကျက်တွေဟာ ကာလာစုံ မှန်စီရွှေချဖြစ်ြ
    ပီး၊ မင်နာရတ် မျှော်စင်တွေကလည်း ဥရောပက ဘုရားကျောင်းတွေမှာ ရှိတဲ့ ခေါင်းလောင်းထားရာ မျှော်စင်တွေပုံစံ ဖြစ်ပါတယ်။

    ၆။ အဟ်မဒ် ကေဒီရော့ဗ်ဗလီ (ရုရှား)

    ချေချင်းညာဒေသမှာရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ချေချင်းညာဒေသရဲ့ အသည်းနှလုံးလို့ တင်စားခံရပြီး အခြေခံ ဘာသာရေးသင်တန်းကျောင်း၊ စာကြည့်တိုက်နဲ့ အိပ်ဆောင်တွေအပြင် ပန်းခြံတွေ၊ ကမ်းနားလျှောက်လမ်းတွေနဲ့ အင်မတန် ကျယ်ဝန်းပြီး သာယာလှပပါတယ်။ ပင်မအမိုးခုံးကို မင်နာရတ်မျှော်စင် ၄ ခုနဲ့ ၀န်းရံထားပြီး အတွင်းပိုင်းက အနီရောင် ကျောက်ထွင်းနံရံကြီးဟာ ကော်ဒိုဘာက ဂျာမေဗလီကို အတုခိုး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

    ၇။ ရှိခ် ဇာယဒ် ဘင် ဆူလ်တန် အလ် နဟ်ယန် ဗလီ (အဘူဒါဘီ)

    ၂၀၀၇ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စုက အဘူဒါဘီစော်ဘွားဟောင်းရဲ့ အမည်ကို မှည့်ခေါ်ထားတာပါ။ ကမ္ဘာ့ အဌမမြောက် အကြီးဆုံးဗလီအဖြစ် သတ်မှတ်ခံထားရပြီး လူပေါင်း ၄ သောင်းလောက် တစ်ကြိမ်တည်း ၀တ်ပြုနိုင်ပါတယ်။

    ဗလီဝတ်ကျောင်းတော်တဲ့ ဗိသုကာပညာရှင်က ဆီးရီးယားသား ယူဆက်ဖ် အဘ်ဒဲလ်ကီဆိုသူ ဖြစ်ပြီး လခြမ်းပုံစံကို အခြေပြုကာ ဒီဇိုင်းဆွဲထားတာပါ။

    ၈။ တီလာကာရီဗလီ (ဥဇဘက်ကစ္စတန်)

    ဆမာရ်ကန်မြို့လယ်ကောင်အနီးက ဒီဗလီဝတ်ကျောင်းတော်တော်ဟာ အစိမ်းရောင်တောက်နေတဲ့ အမိုးခုံးကြောင့် ကျော်ကြားပြီး ယူနက်စက်ကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ပါတယ်။ ဗလီကို ၁၆၄၆ နဲ့ ၁၆၆၀ ကြားမှာ ဆောက်လုပ်ထားပြီး အတွင်းပိုင်း အမိုးတွေကို ရွှေပိန်းချထားပါတယ်။

    ၉။ ဘီဘီဟေဘတ်ဗလီ (အဇာဘိုင်ဂျန်)

    ၁၂၈၂ ခုနှစ်မှာ ဆောက်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ၁၉၉၇ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်းမှာ ပြန်လည်မွမ်းမံကာ ချဲ့ထွင်ခဲ့ပါတယ်။ ဗလီကို တမန်တော်မုဟမ္မဒ်သခင်ကနေ ဆင်းသက်လာတဲ့ ဆွေတော်မျိုးတော်တစ်ဦးဖြစ်တဲ့ အူကေမာ ခါနွန်ရဲ့ အုတ်ဂူပေါ်မှာ ငုံပြီး တည်ဆောက်ထားတာပါ။ အတွင်းပိုင်းကို ဒေသထွက် ထုံးကျောက်နဲ့ တည်ဆောက်ထားပြီး အရောင်စုံ မျက်နှာကျက်တွေ၊ ရွှေပိန်းချ စာပန်းချီတွေနဲ့ ချယ်မှုန်းထားပါတယ်။

    Ref: Architectural Digest.com

  • ဆဲလ်ဖုန်းနှင့် ထိတွေ့မှုအတွက် ကျန်းမာရေးသတိပေးချက် ကန်ပြည်နယ်တစ်ခု ထုတ်ပြန်

    ဆဲလ်ဖုန်းနှင့် ထိတွေ့မှုအတွက် ကျန်းမာရေးသတိပေးချက် ကန်ပြည်နယ်တစ်ခု ထုတ်ပြန်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ဆဲလ်ဖုန်းတွေ ထိတွေ့ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ထုတ်ပြန်လိုက်ပြီး ဆဲလ်ဖုန်းတွေကို ထိတွေ့မှုကြောင့် ကင်ဆာဖြစ်နိုင်ချေ၊ မျိုးဆက်ပွားနိုင်စွမ်း ဆုံးရှုံးအန္တရာယ် ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    မိုဘိုင်းဖုန်းတွေက ထွက်တဲ့ ရေဒီယိုလှိုင်းတွေကို ကာလရှည် ထိတွေ့မှုနဲ့ ကင်ဆာရောဂါ ဆက်စပ်ပတ်သက်မှုအတွက် လေ့လာမှုရလဒ်ကို ကယ်လီဖိုးနီးယား Berkeley တက္ကသိုလ်က သုတေသနပညာရှင် ဂျိုးလ် မော့စ်ကိုဝစ်ဇ်က ပြီးခဲ့တဲ့နှစ်မှာ တွေ့ခဲ့ပြီးနောက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်လို့ လူတွေကို ထုတ်ပြန်အသိပေးဖို့ ဥပဒေကြောင်းအရ ဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။

    ဒီရလဒ်ဟာ ခိုင်မာတဲ့ ရလဒ်မျိုး မဟုတ်ပေမယ့် ဆဲလ်ဖုန်းအသုံးပြုမှုကြောင့် ကျန်းမာရေးအန္တရာယ် ထိခိုက်နိုင်တယ်ဆိုတဲ့ ကိစ္စအတွက် သိပ္ပံပညာရှင်တွေအကြားမှာ လေ့လာမှုတွေကတော့ ရှိနေတယ်လို့ ကယ်လီဖိုးနီးယား ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကြေငြာချက်မှာ အဓိကတိုက်တွန်းထားတာက ဖုန်းကို တတ်နိုင်သမျှ ကိုယ်နဲ့ဝေးဝေးမှာထားဖို့၊ နားနဲ့ကပ်ပြီး နားထောင်မယ့်အစား စပီကာဖွင့်ပြီး ပြောဖို့၊ ဘောင်းဘီအိတ်၊ အင်္ကျီအိတ်တွေမှာမထည့်ဘဲ ကျောပိုးအိတ်၊ လွယ်အိတ်တွေမှာ ထည့်ထားဖို့တွေ ဖြစ်ပါတယ်။

    ဖုန်းမှာ နှိုးစက်ပေးထားပြီး ဘေးမှာထားအိပ်တာကို ကျန်းမာရေးဌာနက အထူးသတိပေးထားပြီး အိပ်ယာနဲ့ ပေအနည်းငယ်ဝေးမှာထားဖို့လည်း တိုက်တွန်းထားပါတယ်။

    ကလေးတွေဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့အခြေအနေ ဖြစ်တာကြောင့် ဖုန်းတွေကို သူတို့နဲ့ နီးနီးကပ်ကပ်ထားတာဟာ ပိုပြီး အန္တရာယ်ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    Ref: RT