News @ M-Media

Blog

  • တစ်လအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ အသတ်ခံရဟု MSF အဖွဲ့ပြော

    တစ်လအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ အသတ်ခံရဟု MSF အဖွဲ့ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – သြဂုတ်လနှောင်းပိုင်း ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးမှာ တစ်လအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာပေါင်း ၆ သိန်း ၂ သောင်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုအတွင်း သေဆုံးမှုစာရင်းတွေကို အဖွဲ့အသီးသီးက ခန့်မှန်းဖော်ပြရမှာ ဒီအရေအတွက်ဟာ အများဆုံး ဖြစ်နေပါတယ်။

    ကုလနဲ့ အမေရိကန်တို့ကတော့ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်နေတယ်လို့ ကြေငြာထားပေမယ့် သေဆုံးမှုစာရင်းကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    “လျော့လျော့ပေါ့ပေါ့ တွက်ချက်မှုမှာတောင်မှ အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရတယ်လို့ တွက်လို့ရပြီး၊ အသက် ၅ နှစ်အောက် ကလေးငယ် ၇၃၀ လောက် ပါဝင်ပါတယ်” လို့ MSF က ပြောပါတယ်။

    ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာအိမ်ထောင်စုပေါင်း ၂၄၃၄ စုကို တစ်လတာကြာမြင့်တဲ့ လေ့လာဆန်းစစ်မှု ၆ ခုကို အခြေခံကာ ဒါကို ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံက အကြမ်းဖက်မှုကနေ လွတ်မြောက်လာပြီး ဘင်္ဂလားဒေ့ရှ်က ကြပ်ညပ်နေပြီး၊ သန့်ရှင်းမှုမရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေနဲ့ ကျွန်မတို့ တွေ့ဆုံစကားပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုရလဒ်ကြောင့် ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ မိသားစုတွေဝင်တွေရဲ့ အရေအတွက်တွေ၊ သူတို့ သတ်ဖြတ်၊ တိုက်ခိုက်ခံခဲ့
    ရတဲ့ ကြောက်စရာနည်းလမ်းတွေကို ကြားရတာဟာ တော်တော်လေး တုန်လှုပ်စရာပါ” လို့ MSF ရဲ့ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဆစ်ဒနီ ၀ွန်က ပြောကြားခဲ့ပါတယ်။

    အဲဒီသေဆုံးမှုတွေထဲမှာ သေနတ်ဒဏ်ရာကြောင့် နောက်ပိုင်းမှ သေဆုံးခဲ့တဲ့အရေအတွက်ဟာ ၆၉ ရာခိုင်နှုန်းလောက်ရှိတယ်လို့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ၉ ရာခိုင်နှုန်းက အိမ်ထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ခံရပြီး ၅ ရာခိုင်နှုန်းက ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။

    အသက် ၅ နှစ်အောက် ကလေးငယ်တွေထဲမှာ ၆၀ ရာခိုင်နှုန်းက ပစ်သတ်ခံရတာဖြစ်တယ်လို့ MSF ရဲ့ စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    မြန်မာစစ်တပ်ကတော့ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး စစ်ဆင်ရေးစတင်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ ‘အကြမ်းဖက်သမား’ ဆိုသူ ၃၇၆ ဦး အပါအ၀င် ၄၀၀ လောက် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ဒီလို အများအပြား သေဆုံးမှုမှာ စစ်တပ်ကထုတ်ပြန်တဲ့ ကာလအတိုင်းအတာနဲ့ သူတို့ရဲ့ စစ်တမ်းမှာ သတ်မှတ်ထားတဲ့ ကာလအတိုင်းအတာတွေ သွားတူနေတာဟာ စစ်တပ်နဲ၊ ဒေသခံလက်နက်ကိုင်တွေက ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတယ်ဆိုတဲ့ အထောက်အထားဖြစ်ကြောင်း MSF က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှု ပြင်သစ်လက်ချက်မကင်းဟု အစီရင်ခံစာတစ်ခု ဖော်ပြ

    ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှု ပြင်သစ်လက်ချက်မကင်းဟု အစီရင်ခံစာတစ်ခု ဖော်ပြ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – ၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပြင်သစ်စစ်ဖက်တာဝန်ရှိသူတွေဟာ ကျူးလွန်သူတွေကို လက်နက်တွေပေးတာ၊ အရေးယူဆောင်ရွက်မှုတွေကို နှောက်ယှက်ဟန့်တားတာတွေ လုပ်ခဲ့တယ်လို့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အစီရင်ခံစာသစ်တစ်ခုမှာ တွေ့ရပါတယ်။

    လူပေါင်း ၈ သိန်းကျော်လောက် သေဆုံးခဲ့တဲ့ ဒီသတ်ဖြတ်မှုကြီးမှာ ပြင်သစ်အာဏာပိုင်တွေ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့လဲဆိုတာကို ရ၀မ်ဒါအစိုးရရဲ့ တာဝန်ပေးမှုနဲ့ စုံစမ်းမှုတွေ ပြုလုပ်နေတဲ့ အမေရိကန် ဥပဒေလုပ်ငန်း Cunningham Levy Muse က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ The Muse အစီရင်ခံစာမှာ ဒီလို ဖ်ာပြထားတာပါ။

    မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းမှုတွေအရ ပြင်သစ်အာဏာပိုင်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် သံသယရှိသူတွေကို ကာကွယ်ပေးတာ၊ မြို့တော် ကီဂါလီက ပြင်သစ်သံရုံးမှာ သတ်ဖြတ်မှုဖြစ်ပွားစဉ် အုပ်စိုးခဲ့တဲ့ အစိုးရကို ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ရ၀ပ်ဒါ နိုင်ငံခြားရေးဝန်ကြီး လူစီ မူရှီကီဝါဘိုက ‘၁၉၉၀ ပြည့်နှစ်တွေနဲ့ အဲဒီနောက်ပိုင်း ရ၀မ်ဒါမှာ ပြင်သစ်အာဏာပိုင်တွေ လုပ်ခဲ့တဲ့ ဆိုးဆိုးဝါးဝါး ကိစ္စတွေကို’ ဒီအစီရင်ခံစာက ဖော်ပြလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အများစုကို ပြင်သစ်ကနေရခဲ့တဲ့ အချက်အလက်တွေထဲမှာ ပြင်သစ်အစိုးရနဲ့ ပြင်သစ်အာဏာပိုင်တွေဟာ လူမျိုးတုန်းကျူးလွန်တဲ့ ရ၀မ်ဒါအစိုးရကို သတ်ဖြတ်မှု မဖြစ်ခင်၊ ဖြစ်နေစဉ်နဲ့ ဖြစ်ပြီးနောက်ပိုင်းမှာ ဘယ်လို ပံ့ပိုးကူညီခဲ့လဲဆိုတာကို ပြသနေပါတယ်” လို့ ရ၀မ်ဒါနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ အိုလီဗီယာ နူဟန်ဂီရီဟီက ပြောကြားခဲ့ပါတယ်။

    ဒီအစီရင်ခံစာကို ပြင်သစ်အစိုးရဆီ ပေးပို့သွားမှာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဆက်စပ်တဲ့ လျှို့ဝှက်မှတ်တမ်းအားလုံးကို တောင်းဆိုသွားဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း OIC ကြေငြာ

    အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း OIC ကြေငြာ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ကြေငြာလိုက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ၎င်းတို့ကဲ့သို့ အသိအမှတ်ပြုရန်လည်း တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုလ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ကာ ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ကြေငြာပြီးနောက် ဗုဒ္ဓဟူးနေ့တွင် OIC အဖွဲ့ဝင်နိုင်ငံများက တူရကီ၌ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။

    အစည်းအဝေးပြီး ထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂ နိုင်ငံတည်ရှိရေးကို အခြေခံသည့် ပြည့်ဝသော ငြိမ်းချမ်းရေးဆွးနွေးမှုကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ကာ ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံအဖြစ်၊ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် အရှေ့ဂျေရုစ
    လင်ကို ပါလက်စတိုင်း၏ မြို့တော်အဖြစ် အသိအမှတ်ပြုရန်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့သည်။

    ပါလက်စတိုင်းပိုက်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်နေမှုများကို ရပ်တန့်ရေး ဆောင်ရွက်ရန် ကုလကို OIC က တိုက်တွန်းခဲ့ပြီး ‘တရားမ၀င်ဆုံးဖြတ်ချက်ကို ပြန်လည်မရုပ်သိမ်းပါက ဖြစ်လာမည့် နောက်ဆက်တွဲရလဒ်များအားလုံး’ မှာ ထရမ့်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ကြေငြာခဲ့သည်။

    OIC ၏ အထွေထွေအတွင်းရေးမှူး ယူဆက်ဖ် အလ်-အိုသိုင်မင်က အဖွဲ့အနေဖြင့် သမ္မတထရမ့်၏ ကြေငြာမှုကို လက်မခံဘဲ ရှုတ်ချကြောင်း ယမန်နေ့ အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး မွတ်စလင်ခေါင်းဆောင်များအနေဖြင့် စည်းသည်းလုံးလုံး တုန့်ပြန်သွားရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • ၃ နှစ်အတွင်း လကမ္ဘာကို လဆင်းယာဉ်ရောက်ရန် ဂျပန်စီစဉ်

    ၃ နှစ်အတွင်း လကမ္ဘာကို လဆင်းယာဉ်ရောက်ရန် ဂျပန်စီစဉ်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – စီးပွားဖြစ် အာကာသစူးစမ်းရှာဖွေရေးအတွက် စံချိန်တင် ရန်ပုံငွေကို ရှာဖွေနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံက တက်သစ်စ အာကာသကုမ္ပဏီတစ်ခုဟာ ၂၀၂၀ ခုနှစ်မှာ လကမ္ဘာကို ခြေချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

    ၂၀၁၀ ခုနှစ် စက်တင်ဘာလက တည်ထောင်ခဲ့တဲ့ ispace ကုမ္ပဏီဖြစ်ပြီး လကမ္ဘာကို စူးစမ်းနိုင်ခဲ့တဲ့ စာရင်း ဆိုဗီယက်၊ တရုတ်နဲ့ အမေရိကန်တို့နဲ့အတူ ဂျပန်နိုင်ငံပါဝင်ဖို့ ရည်ရွယ်ထားတာပါ။

    သူတို့ရဲ့ နောက်ဆုံး ရန်ပုံငွေရှာဖွပွဲမှာ ကန်ဒေါ်လာ သန်း ၉၀ ရခဲ့တယ်လို့ ispace က ကြေငြာခဲ့ပြီး SpaceX က စံချိန်တင် ရန်ပုံငွေ ရှာဖွေနိုင်ခဲ့တဲ့ ၁၂.၁ သန်းထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ ispace ကို ရန်ပုံငွေ ထောက်ပံ့ခဲ့တဲ့အထဲမှာ ဂျပန်လုပ်ငန်းတွေ အမြောက်အများ ပါဝင်ပါတယ်။

    ကုမ္ပဏီထူထောင်သူ တာကာရှိ ဟာကာမာဒါက သူတို့အနေနဲ့ လကမ္ဘာကို ပုံမှန်သွားရောက်နိုင်မယ့် စနစ်တစ်ခုကို ဖန်တီးသွားမှာဖြစ်ပြီး၊ micro-robotic စနစ်နဲ့ လမျက်နှာပြင်ပေါ်မှာ စူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

    ispace ရဲ့ ရေရှည်မျှော်မှန်းချက်က နာဆာကို ယှဉ်ပြိုင်ဖို့ဖြစ်ပြီး လာမယ့် ၃ နှစ်အတွင်းမှာ လကမ္ဘာစီမံကိန်း ၂ ခု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ ကနဦး စူးစမ်းလေ့လာမှုတွေ လုပ်ဖို့အတွက် လပတ်လမ်းကြောင်းအတွင်း လဆင်းယာဉ်ပို့ဖို စီစဉ်ထားပြီး ၂၀၂၀ နှစ်ကုန်ပိုင်းမှာ စက်ရုပ်အများအပြား သယ်ဆောင်သွားမယ့် လဆင်းယာဉ်ကို လမျက်နှာပြင်မှာ ဆင်းသက်စေမှာ ဖြစ်ပါတယ်။

    ispace က ဟာကူတိုအဖွဲ့ဟာ လက်ရှိမှာ ဂူးဂဲလ်ရဲ့ ကန်ဒေါ်လာ သန်း ၃၀ ဆုကြေးချီးမြှင့်မယ့် Lunar XPRIZE ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိသူရဲ့ ဂြိုဟ်တုဟာ လမျက်နှာပြင်ပေါ်မှာ ဆင်းသက်ကာ မီတာ ၅၀၀ အထိသွားပြီး အရည်အသွေးမြင့် ပုံရိပ်တွေနဲ့ ဗီဒီယိုတွေကို ကမ္ဘာမြေပြင် ပြန်ပို့ပေးရမှာ ဖြစ်ပါတယ်။

    ၂၀၄၀ ခုနှစ်ရောက်ရင် လကမ္ဘာမှာ လူပေါင်း ၁၀၀၀ လောက် နေထိုင်ပြီး တစ်နှစ်ကို လူပေါင်း ၁၀၀၀၀ လောက် သွားရောက်လည်ပတ်ကြလိမ့်မယ်လို့ ispace က ခန့်မှန်းထားပါတယ်။

    Ref: RT

  • အမျိုးသမီးများ အိမ်ပြင်ထွက် အလုပ်မလုပ်ရဟု ဖသ်ဝါထုတ်သည့် ဗလီဆရာကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    အမျိုးသမီးများ အိမ်ပြင်ထွက် အလုပ်မလုပ်ရဟု ဖသ်ဝါထုတ်သည့် ဗလီဆရာကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – အမျိုးသမီးများ အိမ်ပြင်ထွက်၍ လယ်ယာလုပ်ငန်းများတွင် လုပ်ငန်းကိုင်မှုကို တားမြစ်သော ဖသ်ဝါဓမ္မသတ် ထုတ်ပြန်သည့် ဗလီဆရာနှင့် အပေါင်းအပါများကို ဘင်္ဂလားဒေ့ရှ်က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဖမ်းဆီးခံရသူများမှာ နိုင်ငံအနောက်ပိုင်း ကူမာခါလီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ရှေ့ဆောင်အီမာမ်နှင့် ဗလီဂေါပက ၅ ဦး ဖြစ်သည်။

    “သောကြာနေ့ ၀တ်ပြုဆုတောင်းပြီးတဲ့နောက် သူတို့ဟာ အမျိုးသမီးတွေ အိမ်ပြင်ထွက်အလုပ်မလုပ်ရဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ဗလီက လော်စပီကာတွေသုံးပြီး အဲဒီဆုံးဖြတ်ချက်ကို ညနေပိုင်းမှာ ကြေငြာခဲ့ပါတယ်” ဟု ဒေသတွင်း ရဲတပ်ဖွဲ့အကြီးအကဲ အဘ်ဒူလ် ခါလစ်က ပြောကြားခဲ့သည်။

    မွတ်စလင်အများစုရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးမစွက်သည့်ပုံစံဖြင့် နိုင်ငံကို တည်ထောင်ထားသော်လည်း မွတ်စလင်ဗလီဆရာများမှာ အထူးသဖြင့် ကျေးလက်တောရွာများရှိ ပြည်သူများအပေါ် သြဇာညောင်းလေ့ ရှိသည်။

    ဗလီဆရာများ ဖသ်ဓမ္မသတ်ထုတ်ကာ နိုင်ငံ၏ ဥပဒေရေးရာတွင် ၀င်ရောက်စွက်ဖက်မှုကို ဘင်္ဂလားဒေ့ရှ် ၂၀၀၁ ခုနှစ်တွင် တားမြစ်ပိတ်ပင်ခဲ့သော်လည်း တရားရုံးချုပ်က ပြစ်ဒဏ်မပါသော ပုဂ္ဂိုလ်ရေးရာနှင့် ဘာသာရေးရာ ဓမ္မသတ်များကို ထုတ်ပြန်ခွင့်ရှိသည်ဟု ၂၀၁၁ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များက ဘင်္ဂလားဒေ့ရှ် ကျေးလက်တောရွာများရှိ တရားရုံးများမှာ နိုင်ငံဥပဒေနှင့် ဆန့်ကျင်သည့် ဖသ်ဝါဓမ္မသတ်များကို အခြေခံကာ ဆုံးဖြတ်လေ့ရှိသည်ဟု ဝေဖန်ခဲ့ကြသည်။

    ဘင်္ဂလားဒေ့ရှ်ရှိ ကျေးလက်တောရွာများတွင် အမျိုးသမီးများမှာ များသောအားဖြင့် အလုပ်ထွက်လုပ်လေ့မရှိသော်လည်း နိုင်ငံအတွင်း လုပ်သားပြတ်လတ်မှုကြောင့် ပြီးခဲ့သည့်နှစ်များတွင် သန်းနှင့်ချီသော ဘင်္ဂလားဒေ့ရှ်အမျိုးသမီးများမှာ လယ်ယာလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လာကြသည်။

    Ref: Arab News