News @ M-Media

Blog

  • ဆီးရီးယားမှ ရုရှားတပ်များ ပြည်တော်ပြန်ရန် ပူတင်အမိန့်ပေး

    ဆီးရီးယားမှ ရုရှားတပ်များ ပြည်တော်ပြန်ရန် ပူတင်အမိန့်ပေး

    ဒီဇငဘာ ၁၁၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင်မှာ နိုင်ငံအတွင်း ရှိနေသည့် ရုရှားတပ်များ ပြည်တော်ပြန်ရန် အမိန့်ပေးလိုက်သည်ဟု သိရသည်။

    ပူတင်မှာ ဆီးရီးယား အရှေ့တောင်ပိုင်း လက်တာကီယာရှိ ခါမီမင် လေတပ်အခြေစိုက်စခန်းသို့ ကြိုတင်ကြေငြာခြင်းမရှိဘဲ ယနေ့မနက်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်သည်။

    ရုရှားစစ်သားများနှင့် တွေ့ဆုံစဉ် ပူတင်က ဆီးရီးယားတွင် မိမိတို့၏အလုပ်မှာ အကြမ်းဖက်သမားများကို လုံးဝ ဖယ်ရှားနိုင်မှုနှင့်အတူ ပြီးဆုံးသွားပြီဟု ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန Novostic က ဖော်ပြခဲ့သည်။

    အာဆတ်အစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် အဓိကမဟာမိတ်ဖြစ်သော ရုရှားမှာ ၂၀၁၅ ခုနှစ်တွင် ဆီးရီးယားစစ်ပွဲ၌ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့အပါအ၀င် ဆီးရီးယားအစိုးရကို ဆန့်ကျင်သည့် သူပုန်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    ထို့ပြင် ရုရှားမှ စစ်ရေးအကြံပေးများ၊ အထူးတပ်ဖွဲ့ဝင်များကိုလည်း ဆီးရီးယားသို့ စေလွှတ်ခဲ့သည်။ ထိုအရင်က ရုရှားမှာ ဆီးရီးယားစစ်တပ်အား ထောက်ပံ့မှုဖြင့်သာ စစ်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

    ဆီးရီးယားအစိုးရက အကူအညီပေးမှုအတွက် သမ္မတအာဆတ်က ပူတင်အား နိုဝင်ဘာလတွင် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ပူတင်မှာ ဆီးရီးယားမှတစ်ဆင့် ယနေ့နှောင်းပိုင်းတွင် အီဂျစ်သို့သွားရောက်ကာ သမ္မတ အလ်-စီစီနှင့် တွေ့ဆုံမည်ဖြစ်သည်။

    Ref: Aljazeera

  • ဂျေရုစလင်အတွက် လိုအပ်လျှင် စစ်တပ်အဆင်သင့်ဟု မလေးရှားပြော

    ဂျေရုစလင်အတွက် လိုအပ်လျှင် စစ်တပ်အဆင်သင့်ဟု မလေးရှားပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်ကိစ္စနှင့် ပတ်သက်၍ လိုအပ်လာပါက တာဝန်ထမ်းဆောင်ရန် မလေးရှား စစ်တပ်မှာ အဆင်သင့်ရှိနေသည်ဟု ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင် ဟူစိန်က ပြောကြားလိုက်သည်။

    “ဘယ်လိုဖြစ်နိုင်ချေမျိုးအတွက်မဆို ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။ မလေးရှား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမြဲတမ်း အဆင်သင့်ဖြစ်နေပြီး ခေါင်းဆောင်ပိုင်းရဲ့ ညွှန်ကြားချက်ကိုသာ စောင့်နေတာပါ။ ဒီပြဿနာဟာ တိုက်ရခိုက်ရတဲ့အထိ ဖြစ်မလာဖို့ ဆုတောင်းကြပါ” ဟု ဟီရှာမူဒင်၏ ပြောကြားမှုကို မလေးရှား သတင်းဌာန Bernama က ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းမှ ထရမ့်ကို ရှုတ်ချမှုများ၊ ထိုဆုံးဖြတ်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    ဟီရှာမူဒင်က ထရမ့်၏ ထိုလုပ်ရပ်မှာ မွတ်စလင်ကမ္ဘာတစ်ခုလုံးကို စော်ကားခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အမေရိကန်သံရုံးရှေ့တွင် အင်ဒိုနီးရှားပြည်သူ တစ်သောင်းခန့်က ပါလက်စတိုင်းများကို ထောက်ခံကြောင်း ယနေ့တွင် ဆန္ဒပြခဲ့ကြသည်။

    Ref: Aljazeera

  • ရိုဟင်ဂျာများကို မူရင်းနေရာများဆီ ပြန်မပို့လျှင် သပိတ်မှောက်မည်ဟု အကူအညီပေးရေးအဖွဲ့များပြော

    ရိုဟင်ဂျာများကို မူရင်းနေရာများဆီ ပြန်မပို့လျှင် သပိတ်မှောက်မည်ဟု အကူအညီပေးရေးအဖွဲ့များပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ကို ပြန်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ အရင်နေထိုင်တဲ့နေရာတွေ မပို့ဘဲ ဒုက္ခည်စခန်းတွေမှာ ထားမယ်ဆိုရင် သပိတ်မှောက်သွားမယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ Care International၊ Save the Children၊ Consortium Dutch NGOs နဲ့ Solidarites International တို့ မနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ရိုဟင်ဂျာတွေ ပြန်လည်လက်မယ့်အစီအစဉ်ကို ၂ လအတွင်းမှာ စတင်မယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ရဲ့ ကြေငြာချက်အပေါ် စိုး
    ရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြန်လည်လက်ခံရေးအစီအစဉ်ကို စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်လို့ ကြေငြာချက်မှာ ဖော်ပြထားပြီး နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ဆောင်ရွက်ဖို့၊ ဒုက္ခသည်တွေအနေနဲ့ သူတို့ အရင်နေထိုင်တဲ့ ဒေသတွေမှာ သူတို့ သဘောဆန္ဒအတိုင်း ပြန်လည်နေထိုင်ခွင့်ကို အလေးထားဖို့၊ ပြန်လည်လက်ခံရေးလုပ်ငန်း မစခင်မှာ
    ပြန်မယ့်သူတွေ အန္တရာယ်ကင်းရေး၊ ကာကွယ်စောင့်ရှောက်ပေးရေးကို အာမခံပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုအတွင်းမှာ ရိုဟင်ဂျာ ၆ သိန်းခွဲနီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ဒီလူတွေကို နေရပ်ပြန်လည် ပို့ဆောင်ဖို့အတွက် နိုဝင်ဘာလအတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရခိုင်ပြည်နယ်ကို ပြန်သွားသူတွေဟာ ယာယီစခန်းတွေမှာပဲ နေထိုင်ရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့ကြောင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ရိုဟင်ဂျာ ၁ သိန်းကျော်လောဟာ အခုအချိန်အထိ ဒုက္ခသည်စခန်းတွေမှာ ဆိုးဆိုးဝါးဝါးအနေအထားနဲ့ နေထိုင်နေရတဲ့ အခြေအနေမျိုး ထပ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    UNHCR ပြောရေးဆိုခွင့်ရှိသူ အက်ဒရင် အဒ်ဝပ် ဒုက္ခသည်တွေကို ပြန်လည်လက်မခံခင် ရှိနေရမယ့် တည်ငြိမ်တဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ မရှိဘူးလို့ ဆိုပါတယ်။

    သြဂုတ်လနှောင်းပိုင်း ပြဿနာတွေ ဖြစ်ပွားကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကူအညီပေးရေးအဖွဲ့တွေကို အာဏာပိုင်တွေက ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ထားပါတယ်။

    မနေ့က အကူအညီပေးရေးအဖွဲ့တွေရဲ့ ဒီထုတ်ပြန်ချက်မှာ သူတို့အနေနဲ့ ရခိုင်ပြည်နယ်ကို ပြန်လာချင်သူတွေအတွက် ကူညီဖို့ အဆင်သင့်ရှိနေပြီး၊ ဒီပြဿနာကြောင့် ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးကို ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

    Ref: VOA